Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၆.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. သမိုင်းထဲကဒီမိုကရေစီ ဒီဘိတ်

      ***************************************

ဆောင်းပါးကဏ္ဍ

သမိုင်းထဲကဒီမိုကရေစီ ဒီဘိတ်

လွန်ခဲ့သောနှစ်ပေါင်း ၇၆ နှစ်ခန့် ၁၉၃၅ ဧပြီလထုတ် ဂန္တလောကမဂ္ဂဇင်းတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားကိုသန့်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းတွင်တူညီဝတ်စုံဝတ်သင့်သည်ဟူသော အချက်နှင့်ပတ်သက်၍ "ကျောင်းတွေမှာ လွတ်လပ်စွာ ဝတ်စားဆင်ယင်မှုသည် အလွန်တရာ အရေးကြီးကြောင်း ကျွန်တော်ယုံကြည်သည်။ လွတ်လပ်သောပတ်ဝန်းကျင်၏ အမှတ်အသား ဖြစ်သည်။ ကျွန်တော်တို့ကျောင်းများ၌ ခက်ခဲစွာ ဆန့်ကျင်တိုက်ခိုက်နေရသောအချက်မှာ လူ့ဘဝတွင် ပုံစံကိုက်ပြုလုပ်မှုပင်ဖြစ်သည်။ ယင်းပုံစံကိုက် ပြုလုပ်မှုကို ကြီးထွားခွင့်ပြုလိုက်သည်နှင့် တစ်ပြိုင်တည်း ၊ ၎င်းသည် လူ့ဘောင်ကြီးကို ဖျက်ဆီးချေတော့မည်"  ဟူ၍ ရေးသားခဲ့လေသည်။

ကိုသန့်၏ ရေးသားချက်ကို ပြန်လည်ချေပ ရေးသားသည့်ဆောင်းပါးမှာ နောက်လထုတ် ဂန္တလောကမဂ္ဂဇင်းတွင် ပါလာသည်။ ရေးသူကား ကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်း။ "ကျွန်တော်တို့၏ အမိနိုင်ငံအတွက် ညီရင်းအကိုကဲ့သို့ တစ်စိတ်တစ်သဘောတည်း၊ တညီတညွတ်တည်း ပူးတွဲသစ္စာရှိမှုကို ကျွန်တော်တို့နှစ်သက်သည်။ အထူးသဖြင့် ပြည်တွင်းဖြစ် အထည်တွေကိုဝတ်ရမည်။ အရေးပါအရာရောက်အောင် လုပ်ရမည်။ ဤနည်းဖြင့် လွတ်လပ်ရေးဟူသည်၊ အမျိုးသားပန်းတိုင် အဖြစ် ကျွန်တော်တို့နှင့် ရင်အုပ်မကွာရှိလာမည်။ လွတ်လပ်စွာ ဝတ်စားဆင်ယင်ရေးဟူသည်မှာ လွတ်လပ်သောပတ်ဝန်းကျင် အရသာထက်၊ ဝါကြွားမှု၊ ပလွှားမှုများအတွက် အလိုလိုက်မှု စည်းစိမ်ခံစားမှုများအတွက်သာ အထောက်အကူပြုချိမ့်မည်၊ လူ့ဘဝ၏ ပုံစံကိုက် ပြုလုပ်သူများသည်၊ အမျိုးသားလွတ်မြောက်ရေးအတွက် အကြွင်းမဲ့ လိုအပ်သောအရာများ ဖြစ်သည်ဟု ကျွန်တော်နားလည်သည်၊ ပင်နီအကျီထူလပြစ်ကြီးများသည်၊ သက်တောင့်သက်သာမရှိဟု ဦးသန့်က စောဒကတက်မည်လော။ ကျွန်တော်မထင်ပါ။ ကျွန်တော်သိရသလောက် ဦးသန့်သည်လည်း အမျိုးသားရေးဝါဒသမားပင်ဖြစ်သည်" ဟူ၍ဆိုလေသည်။

သို့နှင့် ကိုသန့်၏ ဖြေဆိုချက်သည် နောက်လမှာ ပါလာပြန်လေသည်။ ပညာရေးလောကနှင့် ပတ်သက်ပြီး သခင်အောင်ဆန်းကို မေးခွန်းထုတ်သည်။ "ကိုအောင်ဆန်းသည် လူပြိန်းအမြင်ကို တင်ပြလာသည်။ ကျွန်တော်အနေဖြင့် ပြဿနာတစ်ရပ်ကို လူတွေပညာတတ်အောင် သင်ပေးနေသူ တယောက်၏ ရှုထောင့်မှ ကြည့်မြင်သုံးသပ်သည်" ဟူ၍ ပြန်လည်ရေးသားခဲ့လေသည်။ ဤကဲ့သို့ အပြန်အလှန်ရေးသား ငြင်းခုံခဲ့သူနှစ်ဦးမှာ နောင်ကမ္ဘာသိ မြန်မာ့သားကောင်းများ ဖြစ်လာကြသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဦးသန့်တို့ဖြစ်ကြသည်ကို စာဖတ်သူအများသိနှင့်ပြီးသား ဖြစ်လေသည်။

နှစ်ဦးစလုံး၏ ပြေဆိုချေပချက်များကို သရုပ်ခွဲစိစစ်ကြည့်ပါက ဒီမိုကရေစီ၏ အဓိကစံတစ်မျိုး ဖြစ်သည့် စုစည်းခြင်းနှင့် ကွဲပြားခြားနားခြင်း(Unity and Diversity) သဘောတရားကိုရောင်ပြန်ဟပ် လေသည်။ဗိုလ်ချုပ်အောင်ဆန်း၏ အဓိကဆိုလိုရင်းမှာ စုစည်းညီညွတ်မှု(Unity) ဖြစ်သည်။ တူညီဝတ်စုံဝတ်ခြင်းသည် စိတ်ပညာသဘောအရ ညီညွတ်မှုရှိခြင်းနှင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်းကမ်းချက်များကို တစ်ညီတစ်ညွတ်တည်း လိုက်နာခြင်းကို ရည်ရွယ်ပါသည်။ ဦးသန့် ဆိုလိုသည်မှာကား လွတ်လွတ်လပ်လပ် စဉ်းစားတွေးခေါ်မှုကို အဓိကအသားပေး ဖော်ပြဟန်ရှိပြီး တစ်ခြားသူများ၏ အယူအဆ အတွေးအခေါ်များကိုလည်း နှလုံးသွင်းဆင်ခြေကာ သဘောကျနှစ်ခြိုက်ဖြစ်ပေါ်မှု မရှိသည့်တိုင် အပြိုင်တည်ရှိခွင့် ပေးခြင်းဖြစ်သည်။

အမှန်စင်စစ် လွတ်လပ်မှုဟူသည်မှာ စည်းကမ်းရှိမှသာပို၍ ပီပြင်မည်ဖြစ်သည်။ တစ်ဦးချင်း လွတ်လပ်မှုကိုပြောတိုင်း ၎င်းတာဝန်ယူရမည့် စည်းကမ်းလည်းတစ်ပါတည်းရှိနေမည်သာဖြစ်သည်။ ယင်းစုစည်းခြင်းနှင့် ကွဲပြားခြားနားမှု သဘောတရားကို လက်ရှိမြန်မာနိုင်ငံရေးအပေါ် တင်ကြည့်ပါက ထူးခြားနှစ်ချက်ပေါ်ထွန်းလာပါသည်။ ပထမတစ်ခုမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်သည်။ လက်ရှိအာဏာရအစိုးရရော၊ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော နိုင်ငံရေးအင်အားစုများရော အဓိကလိုချင်သည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်သည်။ ယင်းကိုမကြာမီက ပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အားသုံးအားမှ နိုင်ငံရေးအင်အားတွင် အကျယ်တဝန့် ဖော်ပြထားလေသည်။ မိန့်ခွန်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ယခုလို ရုပ်ပိုင်းဆိုင်ရာသာမက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရဲ့ အခြေခံဖြစ်တဲ့စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်ဖြစ်သော ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားအောင်လည်း ဆောင်ရွက်သွားမှာဖြစ်သည်ဟု ပြောကြားချက် ကြည့်ခြင်းအားဖြင့် စုစည်းညီညွတ်မှု သဘောကို အဓိကဖော်ပြလို ခြင်းဖြစ်လေသည်။

ဒုတိယတစ်ခုမှာ နိုင်ငံရေးတွင် မတူညီသောသဘောထားများကို လက်ခံနားလည်နိုင်သည့် လွတ်လပ်သည့် စိတ်ဓာတ်(liberal- mind set) ဖြစ်သည်။ နည်းလမ်းများမတူညီသည့်တိုင် ပန်းတိုင် တူညီမည်ဆိုပါက ရန်သူအဖြစ်သဘောမသက်ရောက်သွားစေဘဲ ပြိုင်ဘက်အဖြစ်သာ သဘောထားမည်ဖြစ်သည်။ အထက်၌ဆိုခဲ့သည့်အတိုင်း ကွဲပြားခြားနားမှုသည် လွတ်လပ်မှုရှိခြင်းကို ဆိုလိုသည်ဖြစ်ရာ လွတ်လပ်မှုနှင့် အတူ တာဝန်ယူရမည် စည်းကမ်းလည်းပါဝင်မည်ဖြစ်သည်။ ယင်းသဘောကို သမ္မတမိန့်ခွန်း၌ "မတူညီတဲ့ သဘောထားအမြင်တွေရှိကြမှာ ဖြစ်သော်လည်း တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် တူညီတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ကြမယ်၊ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြပြီး လုပ်ပိုင်ခွင့်အာဏာကို တရားနည်းလမ်းကျနစွာဖြင့် ရယူကြမယ်ဆိုရင် လူသာဓုခေါ်၊ နတ်သာဓုခေါ်ကြမှာဖြစ်တဲ့အတွက် ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတံခါးဖွင့်ထားပြီး လက်ကမ်းကြိုဆိုနေမှာဖြစ်ကြောင်း အသိပေးပြောကြားအပ်ပါသည်" ဟူပြောကြားခဲ့လေသည်။ သို့ဆိုပါ၍ မြန်မာနိုင်ငံရေး အပေါ် သြဇာသက်ရောက်နေသော နိုင်ငံရေးအင်အားစုအားလုံးမှ  စုစည်းညီညွတ်မှုနှင့် ကွဲပြားခြားနားမှုကို သေချာနားလည် သဘောပေါက်ကာ လက်တွေ့ကျကျ ကျင့်သုံးအကောင်အထည်ဖော်ပါက အားလုံးမျှော်လင့်ထားကြသော ဖွံ့ဖြိုးရေးပန်းတိုင်သို့ ငြိမ့်ငြိမ့်ညောင်းညောင်း ရောက်ရှိ သွားနိုင်ဖြစ်ပါကြောင်း....။

************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment