Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၃.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မျှော်လင့်ခြင်းတွေ ပြန်ရှင်သန်လာဖို့

*****************************************

ဆောင်းပါးကဏ္ဍ

မျှော်လင့်ခြင်းတွေ ပြန်ရှင်သန်လာဖို့

ခိုင်ဝင်း

(ဇန်နဝါရီ ၁၂ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၇၇) မှ ထုတ်ယူဖော်ပြသည်)

နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ Dominique Moisi က ပထဝီနိုင်ငံရေးမှာ စိတ်ခံစားမှုများ၏ အရေးပါပုံကိုသူ၏ The Geopolitics of Emotion စာအုပ်တွင် ရေးသားခဲ့သည်။ ဒေသတွင်းနေထိုင်ကြသူများ၏ စိတ်အခြေအနေများနှင့် ပထဝီနိုင်ငံရေးဆက်စပ်ပုံကို သူက ရှင်းလင်းတင်ပြခဲ့သည်။ ယခင်က စိတ်ခံစားမှုများသည် နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်ဆိုသည့် အယူအဆကိုသူက ငြင်းချက်ထုတ်ခဲ့သည်။

Dominique Moisi က hope မျှော်လင့်ချက်တွေ ပြည့်ဝနေသည့် ခံစားမှု၊ humiliation အရှက်တကွဲနဲ့ ဂုဏ်သိက္ခာမဲ့နေသည်ဟု ခံစားနေရသည့် စိတ်အခြေအနေနဲ့ fear ကြောက်စိတ်ခံစားမှု ၃ မျိုးဖြင့် ဒေသ ၃ခု၏ ပထဝီ နိုင်ငံရေးကို တင်ပြခဲ့သည်။ သူက ထိုစိတ်အခြေအနေ ၃ မျိုးကို ရွေးချယ်ရခြင်းမှာ ယင်းတို့သည် ယုံကြည်မှု (confidence) ဆိုသည့် အယူအဆဖြင့် နီးနီးကပ်ကပ် ဆက်စပ်နေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ ယုံ ကြည်မှုသည် နိုင်ငံများနှင့် ယင်းတို့သည် အယူအဆဖြင့် နီးနီးကပ်ကပ် ဆက်စပ်နေသောကြောင့် ဖြစ်သည်ဟုဆိုသည်။ ယုံကြည်မှုသည် နိုင်ငံများနှင့် ယင်းတို့၏ ပြည်သူများ ကြုံတွေ့ရသည့် စိန်ခေါ်မှုများကိုဖြေရှင်းရာတွင်နှင့် အပြန်အလှန်ဆက်ဆံမှုများတွင် အဓိကကျသည်ဟုဆိုသည်။

မျှော်လင့်ချက်တွေ ပြည့်နှက်နေသည့် အာရှတိုက်၊ ညှိုးငယ်ပြီးဂုဏ်သိက္ခာမဲ့နေသည်ဟု ခံစားနေရသည့် အရှေ့အလယ်ပိုင်းက အာရပ်ကမ္ဘာနှင့် ကြောက်စိတ်ခံစားနေရသည့် အနောက်အုပ်စု (ဥရောပနှင့် အမေရိကန်) ဟုဒေသ ၃ ခုကို သုံးသပ်ပြခဲ့သည်။ အာရှတိုက်တွင် နေထိုင်သူအများစုတွင် တောက်ပ သည့်အနာဂတ် ကိုပိုင်ဆိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်ဟုMoisi က ရေးသားခဲ့သော်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်ပြီးသူ၏ သုံးသပ်ချက်မှာတော့ မျှော်လင့်ချက်ရောင်ခြည်ဟာ မြန်မာပြည်သူများအပေါ် မကျရောက်သေးသည့် သဘောဖြစ်သည်။ သို့သော် သူ၏စာအုပ်မှာ ၂၀၁၀ ဇွန်လတွင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည့်အတွက်  မြန်မာနိုင်ငံတွင် အပြောင်းအလဲများ မစတင်မီဖြစ်သည်။

မျှော်လင့်ချက်ရှိသည်ဆိုသည့် ခံစားမှုမှာယနေ့သည် မနေ့ကထက် ကောင်းသည်။ မနက်ဖြန်သည် ခံစားရမှုမျိုး ဖြစ်သည်ဟု Moisiကဆိုသည်။ ထိုသို့ ခံစားရမှလည်း ယုံကြည်မှုများ တစ်နေ့တခြား တိုးပွားလာမည် ဖြစ်လေသည်။ သူက အရှက်ရပြီး ဂုဏ်သိက္ခမဲ့နေသည်ဟု ခံစားရမှုသည်  ဒဏ်ရာအနာတရ ရထားသည့်  ယုံကြည်မှုဖြစ်သည်ဟု ဆိုသည်။ ယင်းစိတ်ခံစားနေရသူသည် အနာဂတ်သည် သူတို့နှင့် မသက်ဆိုင်ဟုလည်းခံစားနေရသည်။ ကြောက်စိတ် ကတော့ ယုံကြည်မှုမဲ့နေသည့်  စိတ်ဟုသူကဆိုသည်။ လက်ရှိအခြေအနေကို စိုးထိတ်သလို အနာဂတ်သည်လည်း ပိုမိုကြောက်ရွံ့စရာ ကောင်းလိမ့်မည်ဟု ထင်နေသည့် စိတ်ခံစားမှုဖြစ်သည်ဟု သူကဆိုသည်။

Moisi ၏ သုံးသပ်ချက်အရဆိုလျှင် မျှော်လင့်ချက် ရှင်သန်ဖို့ရာသည် နိုင်ငံတိုင်းအတွက်၊ လူမျိုးတိုင်းအတွက်၊ နိုင်ငံသားတိုင်းအတွက် အင်မတန် အရေးကြီးလေသည်။ အထူးသဖြင့် အများစုမျှော်လင့်ချက်တွေ ရင်မှာအပြည့်နဲ့ဖြစ်နေသည့် အာရှတိုက်အတွင်းတည်ရှိသည့် မြန်မာနိုင်ငံအတွက်ဆိုလျှင် ပိုလို့ အရေးကြီးလေသည်။ မြန်မာနိုင်ငံလို့ဆိုရာတွင် မြန်မာနိုင်ငံအတွင်းနေထိုင်သည့် နိုင်ငံသားတိုင်းမှာ မျှော်လင့်ချက်တွေ ပြည့်နှက်နေဖို့ လိုအပ်လေသည်။ မြန်မာလူမျိုးများသာမက၊ တိုင်းရင်းသားအသီးသီး၏  ရင်ထဲတွင်လည်းမျှော် လင့်ချက်တွေ ပြည့်လျှံနေဖို့ လိုအပ်လေသည်။

အဘယ်ကြောင့်ဆိုသော် အာရှတိုက်သည် ဖွံ့ဖြိုးတိုးတက်မှု အဖြစ်ထွန်းဆုံး ဖြစ်သောကြောင့် ဖြစ်သည်။ အာရှကျားလေးကောင်လို့ ခေါ်သည့် တောင်ကိုရီးယား၊ တရုတ် (တိုင်ပေ)၊ ဟောင်ကောင်၊ စင်ကာပူတို့သည် အံ့မခန်း စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုရရှိခဲ့သလို၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့သည်လည်း ကျားပေါက်လေးများ ဖြစ်လာနေသည်။ အိမ်နီချင်းနိုင်ငံများတွင် နေထိုင်သူများက ယုံကြည်မှုအပြည့်ဖြင့် တက်ကြွပြီး မျှော်လင့်ချက်များဖြင့် အလုပ်လုပ်နေစဉ်တွင် မိမိတို့ မြန်မာနိုင်ငံသားများက မျှော်လင့်ချက်မဲ့သည့်စိတ် ခံစားနေရပါက အရှက်ပိုရလာမည် ဖြစ်လေသည်။ မိမိနှင့် နီးနီးစပ်စပ်ရှိသူများက တိုးတက်ကြီးပွားနေချိန်တွင် မိမိကဘာလို့ မဖြစ်ရသနည်းဟူသော စိတ်ခံစားလာရပြီး၊ မိမိကိုယ်မိမိ ပိုမိုအရှက်ရလေမည်။ ညှိုးငယ်စိတ်ပိုဝင် လာမည် ဖြစ်လေသည်။ ထိုအခါ ထင်ရာစိုင်းနိုင်လေကြောင်း စာရေးသူသတိပြုမိသည်။ အထူးသဖြင့် ၂၀၁၁ မတိုင်ခင်က ဖြစ်လေသည်။ သိမ်ငယ်စိတ်နှင့်အတူ အတိတ်ကိုတမ်းတကြသည်။ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လောနိုင်ငံတို့သည် ဖွံ့ဖြိုးတိုးတက်မှုတွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ နောက်အများကြီး ရောက်ခဲ့ ကြောင်းကို အမြဲတစေ အမှတ်ရနေကြသည်။ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများ၊ ဗီယက်နမ် ပို့ကုန်များကို ပြည်တွင်းတွင် တွေ့မြင်ရတိုင်းမကြာသေးခင် ကာလအထိ ငါတို့နောက်မှာရှိခဲ့သည့် ဗီယက်နမ်သည် ငါတို့ကို ကျော်တက်သွားပြီ၊ ဖြစ်မှဖြစ်ရလေဆိုသော ဝမ်းနည်းစိတ်နှင့်အတူ သိမ်ငယ်စိတ်၊ အနာဂတ်ကို ကြောက်သည့် စိတ်တို့လည်း ဝင်လာလေတော့သည်။

သို့သော်ငြားလည်း ၂၀၁၁ ခုနှစ် အစိုးရသစ် တက်လာသည့် နောက်ပိုင်းအပြောင်းအလဲများ ဖြစ်ပေါ်လာသည့်အချိန်ကစပြီး မြန်မာနိုင်ငံသား အချို့တွင် မျှော်လင့်ခြင်းများ ပြန်ရှင်သန်လာသည်ကိုတွေ့ရသည်။ အထူးသဖြင့် ခေတ်ပညာတတ်များနှင့် အလယ်အလတ် အထက်ပိုင်းဖြစ်လေသည်။ အပြောင်းအလဲများနဲ့ အတူပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအခွင့်အလမ်းများ ပေါ်ထွန်းလာမည်။ အနာဂတ်သည် လှပလာလိမ့်မည်ဟု ယုံကြည်လက်ခံလာသည်ကို တွေ့ရသည်။ စိတ်မကောင်းစရာမှာ အောက်ခြေလူတန်းစားနှင့် တိုင်းရင်းသားအများစုတွင်တော့ မျှော်လင့်ခြင်းများရှင်သန် ဖြစ်ပေါ်နေသည်ကို သိပ်မတွေ့ရခြင်း ဖြစ်သည်။

ထိုအခါမှာ နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံသားများအားလုံးတွင် မျှော်လင့်ချက်များ၊ မိမိကိုယ်ကိုယုံကြည်မှုများဖြင့် ပြည့်လျှံလာစေရန် အထူးစီမံကိန်း အနေဖြင့် ဆောက်ရွက်ရသင့်လေသည်။ မြန်မာနိုင်ငံကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရန် ရုပ်ဝတ္ထုပစ္စည်းများအများကြီး လိုအပ်နေသးသည် ဆိုသော်လည်း၊ နိုင်ငံသားများ၏ စိတ်ဓာတ်နှင့် နိုင်ငံသားများတွင် မျှော်လင့်ချက်များ ပြည့်လျှံပြီး အနာဂတ်အပေါ်ယုံကြည်မှု အပြည့်အဝရှိနေသည့် စိတ်နေစိတ်ထားထက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမိုအရေးကြီးသည့် အရာမရှိတော့ပြီ။ နိုင်ငံသားတစ်ဦးချင်းမှသည် နိုင်ငံသားအားလုံးတွင် မျှော်လင့်ချက်များ၊ ယုံကြည်မှုများရှင်သန် ဖြစ်ထွန်းလာရန် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးက ဝိုင်းဝန်ကြိုးပမ်းကြရမည် ဖြစ်သည်။ ကြိုးလည်း ကြိုးပမ်းနေသည်ကိုတွေ့ရသည်။ သို့သော် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးက ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်သည်။ ကြိုးလည်းကြိုးပမ်းနေသည်ကို တွေ့ရသည်။ သို့သော် နိုင်ငံတော်၏ အခန်းကဏ္ဍက အထူးအရေးကြီး လေသည်။ ပိုမိုကြိုးပမ်းရမည်ဖြစ်လေသည်။

Moisiပြောခဲ့သလိုမျှော်လင့်ခြင်းနှင့် ယုံကြည်မှု (Confidence) သည် ဆက်စပ်နေသည်ဟုဆိုလျှင် စာရေးသူ ထင်မြင်သည်မှာ နိုင်ငံသားများတွင် မျှော်လင့်ခြင်းများ၊ ယုံကြည်မှုများရှိလာရန် နိုင်ငံတော်နှင့် နိုင်ငံသားများ အကြားယုံကြည်မှု (Trust) ရှိရန်လည်းအလွန်လိုအပ်လေသည်။ ထိုအတွက်ကြောင့်လည်း နိုင်ငံတော်၏ အခန်းကဏ္ဍသည် အထူးအရေးပါသည်ဟု ဆိုခြင်းဖြစ်လေသည်။ လက်ရှိဖြစ်ပေါ်နေသည့် အပြောင်းအလဲများအပေါ် ပြည်သူအများစုသည် မယုံမရဲ ဖြစ်နေသေးလေသည်။ ဆက်စပ်ပြီး ယင်းတို့၏ အနာဂတ်အပေါ် တွင်လည်းမျှော်လင့်ချက်မထားရဲ၊ အပြည့်အဝမယုံကြည်ရဲသေးပေ။

                                                                    Ref: The Geopolitics of Emotion, Dominique Moisi, 2010

*****************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment