Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၃.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာအပေါ် Sanctions များရုတ်သိမ်းရန် အခွင့်အလမ်းများ

(Global Post မှ 12 January 2012 ရက်စွဲပါ Burma goes to great length to shake sanctions ကို ဘာသာ ပြန်ဆိုသည်)

  1. ဒေသတွင်းဒီမိုကရေစီရေးတွင် "အာဆီယံနည်းလမ်း"အတိုင်းသာ လုပ်ခွင့်ပေးစေလို

(The Jakarta Post မှ 12 January 2012 ရက်စွဲပါ Eruida Maulia ရေးသားသော Let "The ASEAN Way" take reins in region's democratizations ကို ဘာသာ ပြန်ဆိုသည်)

************************************************************************************************

မြန်မာအပေါ် Sanctions များရုတ်သိမ်းရန် အခွင့်အလမ်းများ

(Global Post မှ 12 January 2012 ရက်စွဲပါ Burma goes to great length to shake sanctions ကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲအဆုံးသတ်ရေးနှင့် ပတ်သက်၍ သေချာပေါက် ပြောနိုင်သည့် အချက်မှာ အလွန်အမင်းခက်ခဲခြင်း ဖြစ်သည်။ ဤကိစ္စသည် ငြိမ်းချမ်းရေးတာရှည်ခံခြင်း၊ လူတိုင်းက ကိုယ့်စကားကိုယ်တာဝန်ယူခြင်း တို့နှင့်လည်း သက်ဆိုင်သေးသည်။

မကြာသေးမီက ဗမာလူဦးရေ၏ ၇ % မျှသာရှိသော ကရင်ခရစ်ယာန် တိုင်းရင်းသားများအုပ်စုနှင့် အပစ်ရပ် သဘောတူမှု ရရှိကြောင်း အစိုးရက ကြေညာလိုက်ပြီဖြစ်သည်။ ကရင်တိုင်းရင်းသား လက်နက်ကိုင်အုပ်စုသည် မြန်မာအစိုးရထံမှ ယင်းတို့ပြည်နယ်လွတ်လပ်ရေးအတွက် ၁၉၄၉ မှစတင်၍ တော်လှန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နောက်ခံ သမိုင်းကြောင်းကို အနည်းငယ်ပြန်လေ့လာလျှင် ဒုတိယကမ္ဘာစစ်အတွင်း ကရင်လူမျိုးများစွာသည် ဗြိတိသျှတို့ဘက်မှ ရပ်တည်ကာ ကျူးကျော်သူ ဂျပန်များကို တိုက်ခိုက်ခဲ့သည်ကို တွေ့ရပေမည်။ ကရင်လူဦးရေ ၇ သန်းသည် ကိုယ်ပိုင်ပြည်နယ်ရရှိရန် ဗြိတိသျှတို့ထံမှ ကတိကဝတ် ရခဲ့သော်လည်း ၁၉၄၈ လွတ်လပ်ရေးရချိန်တွင် ယင်းကတိပျက်ပြယ်သွားခဲ့သည်။ ထိုမှ တစ်နှစ်အကြာ ၁၉၄၉ ဇန်နဝါရီလတွင် ကရင်လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့ပြီး ယခုအချိန်ထိအောင် ရှည်ကြာလာခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ယခုကဲ့သို့ အပစ်ရပ်သဘောတူညီမှုများ ရရှိနေသော်ငြားလည်း သံသယဖြစ်စရာ အကောင်းဆုံး အကြောင်းရင်းတစ်ရပ်အဖြစ် အလေး ဂရုပြုရန် အရေးကြီးသောအချက်မှာ ထိုးစစ်ရပ်ဆိုင်း၊ အပစ်ရပ်စဲမည့် သဘောတူညီ ချက်တွင် ကရင်လူမျိုးတို့၏အခွင့်အရေးများကို ကာကွယ်ပေးမည့် စည်းမျဉ်းဥပဒေများ မပါဝင်သေးခြင်းပင် ဖြစ်သည်။ တိုင်းရင်းသားအုပ်စုနောက်တစ်ဖွဲ့ဖြစ်သော KIA သည်လည်း အစိုးရနှင့် သဘောတူညီမှုအချို့ ရရှိနေသည့် ကြားမှပင် ဆက်လက် တိုက်ခိုက်နေသည်ကို တွေ့မြင်နေရသည်။

သို့သော်အနည်းဆုံးအားဖြင့် အပေါ်ယံအရှိန်ရနေသော ဆောင်ရွက်ချက်ဖြစ်နေဆဲဟု ဆိုရမည်။ ဤအနေအထားတွင် မြန်မာအစိုးရလိုချင်တာ ဘာလဲ ဆိုသည်ကို အတိအကျ စဉ်းစားရပေလိမ့်မည်။ မြန်မာအစိုးရက ယခုလပိုင်းများအတွင်း ကိစ္စရပ်အတော်များများကို တစ်စုတစ်စည်း အရှိန်တင်လာခဲ့ခြင်းမှာ ယင်းအပေါ် အရေးယူချမှတ် ထားသော Sanctions များ ရုတ်သိမ်းသွားစေရန် ဖြစ်ပေသည်။

ကမ္ဘာ့အကြာဆုံးပြည်တွင်းစစ်ပွဲကို အတွင်းကျကျ သုံးသပ်ကြည့်ပါက ၁၉၉၀ ခုနှစ်များအတွင်း အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးခဲ့ကြသူ အများစု ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်ပေါ်ရေးကိစ္စသည် အနောက်နိုင်ငံများနှင့် ကမ္ဘာ့အသိုင်းအဝိုင်းက မြန်မာနိုင်ငံကို လူရာသွင်းဆက်ဆံရာတွင် ကြိုတင် သတ်မှတ်ထားသော စည်းကမ်းတစ်ခုဖြစ်သည်ကို တွေ့ရသည်။ သို့ဖြစ်၍ လာမည့်ရွေးကောက်ပွဲများကို အကဲခတ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုတို့ကို စောင့်ကြည့်ရန်သာ ရှိပေသည်။ ယခု မြန်မာ့ရုပ်သံက အကျဉ်းသား အကျဉ်းသူ ၆၅၁ ဦးကို သောကြာနေ့ (ယနေ့)တွင် လွှတ်ပေးတော့မည်ဟု ကြေညာပြီး လွှတ်ပေးလိုက်ပြီလည်း ဖြစ်သည်။

ထို့အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီတို့က ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီ ဖြစ်ကြောင်း ယခုလအစောပိုင်းတွင် အာဏာပိုင်များက ကြေညာထားပြီး ဖြစ်သည်။ ယခင်တစ်နှစ်ကျော်က ရွေးကောက်ပွဲများတွင် အစိုးရက မရိုးမသား ပြုလုပ်ခဲ့ကြောင်း ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲမှုများ ရှိခဲ့သော်လည်း ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် သူမကိုယ်တိုင် လွှတ်တော်အမတ် နေရာအတွက် ပါဝင်ယှဉ်ပြိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပြောဆိုထားသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများမှာ ပီပီသသရုပ်လုံးပေါ်သည့် အဆင့်တွင် ရောက်လျက်ရှိပြီး ဆေးရောင်စုံ ပုံရိပ်များကို လုံလုံလောက်လောက် ရေးခြယ်ပြခဲ့ပြီဟု ဆိုနိုင်ပါသည်။ သို့ဆိုလျှင် အရေးယူဒဏ်ခတ်မှု Sanctions များ မည်သို့ မည်ပုံ တုန့်ပြန် ခရီးဆက်မည်ဆိုသည်ကို ဧပြီလအထိ စောင့်ကြည့်ကြရန်သာ ရှိတော့သည်။ ထိုအချိန်တွင် အီးယူ နိုင်ငံခြားရေးကောင်စီက ယင်းတို့၏ ဆုံးဖြတ်ချက်ကို ပြန်လည် စဉ်းစားသုံးသပ်ကြလိမ့်မည် ဖြစ် သည်။

**************************************************************************

ဒေသတွင်းဒီမိုကရေစီရေးတွင် "အာဆီယံနည်းလမ်း"အတိုင်းသာ လုပ်ခွင့်ပေးစေလို

(The Jakarta Post မှ 12 January 2012 ရက်စွဲပါ Eruida Maulia ရေးသားသော Let "The ASEAN Way" take reins in region's democratizations ကို ဘာသာ ပြန်ဆိုသည်)

အာဆီယံသည် ယခုအပတ် သတင်းကောင်းများကြောင့် ပျော်ရွှင်နေရသည်ဖြစ်ရာ မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါလီမန်အတွက် ပါဝင်ယှဉ်ပြိုင်ရန် အတည်ပြုခဲ့ပြီး မလေးရှား တရားရုံးကလည်း Anwar Ibrahim အား အပြစ်မရှိကြောင်း ပြောခဲ့သည်။

စောင့်ကြည့်လေ့လာသူများက အာဆီယံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများမှာ နှေးကွေးနေဦးမည်ဟု သဘောတူကြပြီး အဖွဲ့ဝင်နိုင်ငံများသည် ယင်းတို့ကိုယ်ပိုင် အာဆီယံနည်းလမ်းများ ရှိကြပြီး အာရပ်နွေဦးတော်လှန်ရေး ပုံစံမျိုးကို ဒေသတွင်းတွင် ဖြစ်မလာအောင် ကာကွယ်ထားနိုင်ကြသည်။

"မြန်မာနိုင်ငံနဲ့ မလေးရှားနိုင်ငံက သတင်းတွေဟာ အာဆီယံအတွက် လတ်ဆတ်တဲ့ လေညင်းကို သယ်ဆောင်လာတာ အသေအချာပါပဲ။ ဒီနှစ်နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေဟာ ဆက်လက် ဖြစ်ပေါ်နေတယ် ဆိုတာလည်း အသေအချာပါပဲ။" ဟု Parahyangan တက္ကသိုလ်မှ အာဆီယံ ကျွမ်းကျင်သူ Mira Permatasari က ဗုဒဟူးနေ့က ပြောကြားလိုက်သည်။

"ဒါပေမဲ့လည်း ဒီအာရပ်နွေဦးက ဒေသတွင်းအပေါ် သက်ရောက်မှုတွေ ဘယ်လိုရှိမလဲဆိုတာနဲ့ ပတ်သက်ပြီး သိပ်တော့ အကောင်းမြင်လို့ မရနိုင်သေးပါဘူး။ နောက်ဆုံးတော့ ဝင်ရောက်မစွက်ဖက်ရေး ဆိုတဲ့ အာဆီယံမူက ရှိနေပါတယ်" ဟု သူမက ဆက်လက်ပြောသည်။

နိုင်ငံရေးလုပ်ငန်းစဉ်များ ဖြည်းဖြည်းချင်း လုပ်ဆောင်မှုကို ခွင့်ပြုထားရသော်လည်း မူဝါဒသည် အာဆီယံနှင့် ကိုက်ညီပြီး ၁၉၆၇ ခုနှစ် အာဆီယံကို တည်ထောင်ပြီးကတည်းက အဖွဲ့ကြီး တည်မြဲနေခြင်းမှာ ထိုအကြောင်းပြချက်ကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်သည်။

သူမက ထပ်လောင်းပြောကြားရာတွင် အခြားအာဆီယံအဖွဲ့ဝင်များအနေဖြင့် မြန်မာ သို့မဟုတ် မလေးရှားကို ယင်းတို့၏ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်တင်ရန် ဖိအားမပေးသင့်ကြောင်း၊ ထိုသို့ လုပ်ဆောင်မှုများကြောင့် ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်နိုင်ကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံမှ Center for Democracy, Diplomacy and Defence မှ သုတေသနပြုသူ Teuku Rezasyah က ဒေသတွင်း ပြင်ပမှ နိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုများကို ဆန့်ကျင်ခဲ့ပြီး ထိုသို့ လုပ်ဆောင်မှုများသည် ဆန့်ကျင်ဘက် ရလဒ်များ ထွက်ပေါ်လာနိုင်ကြောင်း ပြောခဲ့သည်။

ယင်းသည် အင်ဒိုနီးရှားအစိုးရက မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် စစ်တပ်နောက်ခံပြုအစိုးရနှင့် အတိုက်အခံများကြား ကောင်းမွန်သော ဆက်ဆံရေး ထူထောင်မှုများအတွက် လေးစားမှုအပေါ် အထူးချီးကျူးစကား ဆိုခဲ့သည်။

အင်ဒိုနီးရှားက ဒီလုပ်ငန်းစဉ်ကို သေချာစောင့်ကြည့်နေပါတယ်။ အနောက်နိုင်ငံတွေကတော့ လုပ်ငန်းစဉ်ကို မကြည့်ဘဲ ရလဒ်ကိုသာ စောင့်ကြည့်နေကြတာပါ" ဟု Rezasyah က ဆက်လက်ပြောသည်။ အင်ဒိုနီးရှားတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေး လေ့လာစောင့်ကြည့်သူ Makmur Keliat က ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးများသည် ယေဘုယျအားဖြင့် အာဆီယံအတွင်း နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှုများကို အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ရပြီး အတိအကျဆိုရလျှင် လူ့အခွင့်အရေးကိစ္စ ကိုင်တွယ်မှုကို အထောက်အကူပြုလိမ့်မည်ဟု ဆိုခဲ့သည်။ "ဒီပြုပြင်ပြောင်းလဲမှုတွေဟာ တိုက်ရိုက်သက်ရောက်မှုတော့ မရှိနိုင်ပေမဲ့ နောက် ၂ နှစ်ခန့်အတွင်း အာဆီယံ ချာတာ အထူးသဖြင့် အာဆီယံ လူ့အခွင့်အရေးကောင်စီနဲ့ ပတ်သက်တဲ့ အပိုဒ်ကို ပြန်လည် သုံးသပ်ဖို့ ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်" ဟု ယင်းက ပြောသည်။

လွန်ခဲ့သော ၂ နှစ်က တည်ထောင်ခဲ့သော အာဆီယံလူ့အခွင့်အရေးကောင်စီသည် စွမ်းရည်မရှိဟု ယူဆခဲ့ကြပြီး ဒေသတွင်း လူ့အခွင့်အရေး ကိစ္စများကို လုပ်ဆောင်ရန် ခဲယဉ်းခဲ့သည်။ အာဆီယံအတွင်း နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများမှာ အမေရိကန်နှင့် ဩစတြေးလျ အပါအဝင် အနောက်နိုင်ငံများ၏ အနီးကပ်စောင့်ကြည့်မှုများ၏ သက်ရောက်မှုများကလည်း ရှိနေသည်။

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Kevin Rudd က ယင်း၏ တနင်္လာနေ့က အင်ဒိုနီးရှားခရီးစဉ်တွင် ဩစတြေးလျ အစိုးရ၏ မြန်မာနိုင်ငံ ပြည်တွင်းရေးတွင် စိတ်ပါဝင်စားမှုကို ထပ်မံဖော်ပြခဲ့ပြီး ၂ဝ၁၄ တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမည့် မြန်မာနိုင်ငံအပေါ် အင်ဒိုနီးရှားနိုင်ငံ၏ ပျော့ပြောင်းစွာ ချဉ်းကပ်နိုင်မှုကို ချီးကျူးခဲ့သည်။ "ကျွန်တော့်အနေနဲ့ အာဆီယံကတစ်ဆင့် အင်ဒိုနီးရှားကို ချီးကျူးလိုတာကတော့ သူ့ရဲ့ မြန်မာနိုင်ငံအပေါ် ကောင်းမွန်စွာ ဆက်ဆံနိုင်ခဲ့ခြင်းကိုပါ။ အာဆီယံမိတ်ဆွေများရဲ့ လုပ်ရပ်ကောင်းတစ်ခု ဖြစ်သလို အတိအကျဆိုရရင် နိုင်ငံခြားရေးဝန်ကြီး Natalegawa ရဲ့ ချီးမွမ်းဖွယ် လုပ်ဆောင်မှုတစ်ခုပါ။" ဟု Rudd က ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa သည် မကြာသေးမီ ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ ဦးဝဏမောင်လွင်နှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။ အဆိုပါခရီးစဉ်တွင် Marty က အင်ဒိုနီးရှားအနေဖြင့် မြန်မာနိုင်ငံနှင့် ဒီမိုကရေစီနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု များတွင် အထူးသဖြင့် လူ့စွမ်းရည်တည်ဆောက်ရေး အစီအစဉ်များမှတဆင့် နီးကပ်စွာ အတူ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

**********************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment