Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၄.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တာဝန်ကိုယ်စီ ကျေခဲ့ကြသည်၊ ကျေကြဦးမည်

***********************************

ဆောင်းပါးကဏ္ဍ  

တာဝန်ကိုယ်စီ ကျေခဲ့ကြသည်၊ ကျေကြဦးမည်

နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးက ယခုတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကိစ္စကို ရှင်းလင်းပြောကြားခဲ့သည်။ ယခုလွှတ်ပေးလိုက်သည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများ၏ အမည်စာရင်းကို NLD က ပေးပို့သောစာရင်းကို အခြေခံ၍ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့မှာ နိုင်ငံတော်တည်ငြိမ်ရေးနှင့် အများပြည်သူ အတွက် အန္တရာယ်ပြုနိုင်ခြင်းမရှိဟု ယူဆ၍ ပြန်လည်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်းကိုလည်း ဆက်လက်ရှင်းပြခဲ့သည်။ ကျန်ရှိနေသူများမှာ နိုင်ငံတော်လုံခြုံရေး အတွက် အန္တရာယ်ရှိပုံရကြောင်း ဆိုလိုချင်ပုံရသည်။ ဥပမာ တောင်ကြီးထောင်တွင် ကျန်ရှိနေခဲ့သော ဦးရွှေထူးကဲ့သို့ ပုဂ္ဂိုလ်မျိုးကို ဖောက်ခွဲမှုနှင့် ဆက်နွယ်နေ၍ ယခု လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည့်အထဲတွင် ပါဝင်ခြင်းမရှိခဲ့ပေ။

မည်သို့ပင် ဆိုစေကာမူ ယခုကဲ့သို့ ယုံကြည်ချက်ဖြင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်လာသည့်သတင်းမှာ နိုင်ငံရေး အင်အားစုများနှင့် အများပြည်သူအတွက်မူ ကျေနပ်ဝမ်းသာနိုင်မည့် သတင်းကောင်းတစ်ပုဒ်ပင် ဖြစ်ခဲ့ပါသည်။ ဤနေရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူမျာ လွတ်မြောက်ခွင့်ရရှိရန် အစွမ်းကုန်ကြိုးပမ်းခဲ့ကြသည့် နိုင်ငံရေးအင်အားစုများနှင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် သမ္မတကြီး၊ ပြန်လည်လွတ်မြောက်လာကြသော ပုဂ္ဂိုလ်များဟူ၍ အခြမ်းကြီးသုံးခြမ်းဖြစ်လာသည်။ ထိုအခြမ်းကြီးသုံးခြမ်းအပေါ်တွင် အစိုးရအဖွဲ့နှင့် ပြည်သူတို့၏ အမြင်များကို သုံးသပ်ရန်လည်း လိုပေမည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဆိုသည့် ခေါင်းစဉ်ဖြင့် တပ်မတော်အစိုးရ အာဏာသိမ်းချိန်မှစ၍ တလျှောက်လုံး ကြွေးကြော်လာခဲ့သမျှ ယခုတစ်ကြိမ်တွင်မှ အကောင်အထည်ပေါ်လာခဲ့သည်။ အကျဉ်းကျခံ နိုင်ငံရေးသမားများအတွက် မည်သို့ပင်  လှုပ်ရှားမှုတွေ၊ ဖိအားပေးမှုတွေ ရှိခဲ့စေကာမူ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ အဖြေမထွက်ခဲ့။ စစ်အုပ်ချုပ်ရေးရပ်စဲ၍ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမည်ဟု လမ်းပြမြေပုံ ၇ ရပ်ကို ကြေညာပြီးချိန်တွင်မူ အားလုံး ပါဝင်သော နိုင်ငံရေးဖြစ်စေရန်အတွက် ဒေါ်အောင်ဆန်းဆုကြည်အပါအဝင် အကျဉ်းကျခံနိုင်ငံရေးသမားများ ပြန်လည်လွတ်မြောက်လာရန် ဆန္ဒတွေ ရှိခဲ့သော်လည်း စနစ်တကျ အကွက်ချလုပ်တတ်သော စစ်တပ်ကြောင့် ရွေးကောက်ပွဲကိုထောက်ခံသူ နိုင်ငံရေးအကျဉ်းသားအချို့သာ လွတ်မြောက်ခဲ့သည်။ ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ယူစတွင်လည်း နိုင်ငံရေးအကျဉ်းသားနှင့်ပတ်သက်သည့် အဆိုတင်သွင်းခဲ့စေကာမူ လွှတ်တော်တွင် အထမြောက်ခြင်း မရှိခဲ့ပေ။  ပထမအကြိမ် လွှတ်တော်ခေါ်ယူခြင်းမှာ စစ်အစိုးရက ဦးဆောင်ကျင်းပခြင်းဖြစ်၍ ထိုကိစ္စမအောင်မြင်ခဲ့ဟု သုံးသပ်ခဲ့ကြသည်။ သို့သော်လည်း လွှတ်တော် နိုင်ငံရေးအင်အားစုများအနေဖြင့် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အမျိုးသားဒီမိုကရေစီပါတီမှ ဦးသိန်းညွန့်က ဦးဆောင်၍ နိုင်ငံရေး အကျဉ်းသားများ ကိစ္စကို စတင်တင်သွင်းဆွေးနွေးခဲ့သည်။  အပြန်အလှန် ညှိနှိုင်းကြရင်းဖြင့် နိုင်ငံရေးအကျဉ်းသားများဟူသည့် စကားရပ်အစား ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများဟူ၍ ပြောင်းလဲတင်သွင်းခဲ့ရသည်။ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏  ပါးနပ်မှု၊ စိတ်ကောင်းစေတနာရှိမှုနှင့် ဝါယမ စိုက်ထုတ်မှုတို့ကြောင့် ထိုအဆိုမှာ လမ်းစပေါ်လာခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ဦးဇာဂနာ၊ မစုစုနွေးတို့ကဲ့သို့သော နာမည်ကြီးများ လွတ်မြောက်လာခဲ့သည်။ စစ်တပ်ပုံစံဖြင့် အသားကျ လာခဲ့သော အစိုးရအနေဖြင့်လည်း တဆင့်ချင်းသာ ဖြေးဖြေးချင်း အကောင်အထည်ဖော်ခဲ့ရသည်။ ယခုအချိန်တွင်မူ အားလုံးကလက်ခံနိုင်မည့် အတိုင်းအတာ တစ်ခုအထိ ဖြစ်လာခဲ့ပြီဟု ဆိုရမည်ဖြစ်ပါသည်။ နိုင်ငံရေးအရ ဖမ်းချိန်တန်၍ ဖမ်းခြင်းဖြစ်သလို လွှတ်ချိန်တန်၍ လွှတ်ခြင်းဖြစ်သည်၊ ကျေးဇူးတင်ရန် မလိုအပ်ဟု ဆိုကြသည့် စကားရပ်များကိုမူ ကန့်ကွက်စရာရှိပါသည်။ ယခင်က အာဏာကိုဆုပ်ကိုင်ထားသူ ဗိုလ်ချုပ်မှူးကြီး၏အမိန့်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ နိုင်ငံရေးသမားများကို ဖမ်းဆီးရာတွင် အဓိကတာဝန်ရှိခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သည်ပင်လျှင် အထက်အမိန့်အရ ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။ ၎င်းကိုယ်တိုင်ပင်လျှင် နိုင်ငံရေး အရ ထိန်းသိမ်းခံခဲ့ရသည်။

ထို့ကြောင့် ယခုလွတ်မြောက်လာသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ဖမ်းဆီးထိန်းသိမ်းရန် အဓိကအမိန့်ပေးခဲ့သူမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်ပြီး လက်ရှိ သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ထိုစဉ်အခါက အနှီကိစ္စရပ်များတွင် တစုံတရာ အာဏာမရှိခဲ့ဟု ဆိုရမည်ဖြစ်ပါသည်။ ထို့ပြင် ဖမ်းဆီးရာတွင် တာဝန်လုံးလုံးလျားလျားခံရန် မလိုဟု မဆိုနိုင်သည့်တိုင် ယင်းတို့ ပြန်လည်လွတ်မြောက်ရေးအတွက် ထိုစဉ်အခါက အာဏာမရှိခဲ့သည့် သမ္မတကြီး ဦးသိန်းစိန်မှာ မည်သို့မျှ မလုပ်ဆောင်နိုင်ခဲ့သည့်အချက်ကိုလည်း နားလည်ပေးရန်လိုပါလိမ့်မည်။ သမ္မတကြီးအနေဖြင့် ၎င်း၏လုပ်ပိုင်ခွင့် ပီပီပြင်ပြင် ရှိလာသည့် အချိန်တွင်မူ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ပြန်လည်လွတ်မြောက်လာရေးအတွက် စေတနာထား ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိဟုပင် ဆိုရမည်ဖြစ်ပါသည်။  ယခင်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက် ပြန်လည်ထိန်းသိမ်းလိုက်နှင့် သံသရာလည်နေခဲ့ သော ကိစ္စရပ်များလည်း ယခုကဲ့သို့ ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေကြောင့် ထပ်မံဖြစ်ပွားရန် မရှိတော့ဟုလည်း ယူဆကောင်း ယူဆနိုင်ပါသည်။ ဤသည်မှာ သမ္မတကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ အမျိုးသားဒီမိုကရေစီ ပါတီဥက္ကဌ ဦးသိန်းညွန့်၊ ယုံကြည်ချက်ကြောင့် အကျဉ်းသားများ လွတ်မြောက်ရေးအဆိုကို ထောက်ခံခဲ့သည့် တပ်မတော်ကိုယ်စားလှယ်များနှင့် အကျဉ်းကျခံ နိုင်ငံရေးသမားများ လွတ်မြောက်ရန် စိတ်ရင်းစေတနာမှန်ခဲ့သူ အစိုးရအရာရှိကြီးအချို့တို့မှာ အစိုးရနှင့် လွှတ်တော်ကဏ္ဍများမှ အစွမ်းကုန်ကြိုးပမ်းခဲ့ပြီး ကျေးဇူးတင်ထိုက်သည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း အသိအမှတ်ပြုနိုင်ပါလိမ့်မည်။ ထို့ပြင် အမှန်တရားအတိုင်း ဖြစ်စေရန်အတွက် ပြည်ပမီဒီယာများ ချဲ့ကားပြောဆိုခဲ့သည့် ယုံကြည်ချက် ကြောင့် အကျဉ်းကျ ခံနေရသူ ၂၀၀၀ကျော် အစား ၆၀၀ ကျော်ဟု စာရင်းအတိအကျဖြစ်အောင် ပြုစုပေးပြီး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် NLD အနေဖြင့် လည်း တာဝန်ကျေခဲ့ကြောင်း  အသိအမှတ်ပြုရပါလိမ့်မည်။

ပြည်သူလူထုအနေဖြင့်မူ ယင်းတို့ချစ်ခင်လေးစားသော၊ တိုင်းပြည်အတွက် အနစ်နာခံခဲ့သော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို လွတ်မြောက်စေလိုသည့် ဆန္ဒမှာ ထာဝရကိန်းအောင်းနေခဲ့သည် ဖြစ်ပါသည်။ ယုံကြည်ချက်ကြောင့် အကျဉ်းသားများ လွတ်မြောက်ရေးအတွက်  ကမ်ပိန်းများ ပြုလုပ်ခြင်း၊ ဆိုရှယ်နက်ဝပ်များမှ လူထုစိတ်ဝင်စားမှု ရရှိလာအောင် ရေးသားလှုံ့ဆော်ခြင်း၊ ပြန်လည်လွတ်မြောက်လာသူများကို အကြောက်အလန့်ကင်းစွာ ကြိုဆိုခဲ့ကြခြင်း တို့ကလည်း ပြည်သူလူထုအနေဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအပေါ်တွင် တာဝန်ကျေခဲ့ကြောင်း အသိအမှတ်ပြုရလိမ့်မည် ဖြစ်ပါသည်။ ထို့ပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ကိစ္စကိုရသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင် ရေးသားလှုံ့ဆော်ပြီး ပြည်သူလူထုနှင့် အစိုးရကို တပ်လှန့်သတိပေးခဲ့သည့် မီဒီယာသည်လည်း စတုတ္ထမဏ္ဍိုင်၏ တာဝန်ကိုကျေပွန်ခဲ့ကြောင်း သက်သေပြခဲ့ပြီ ဖြစ်ပါသည်။

ယခုကဲ့သို့ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက တာဝန်ကျေခဲ့ပြီဖြစ်သလို ပြန်လည် လွတ်မြောက်လာသည့် ပုဂ္ဂိုလ်များအနေဖြင့်လည်း လက်ရှိဖြစ်ထွန်းနေသော နိုင်ငံရေးအခင်းအကျင်းများကို အခြေခံ၍ မိမိတို့အပေါ် တာဝန်ကျေခဲ့ကြသည့် stake holder အသီးသီးအပေါ်တွင် တာဝန်ကျေရန် ကြိုးပမ်းကြလိမ့်မည်ဟုလည်း ယူဆရပါသည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ကဲ့သို့ နိုင်ငံရေး အခင်းအကျင်းကြီး ဖြစ်ပေါ်လာရန် ၎င်းတို့၏ဘဝများကို အကျဉ်းထောင်များတွင် မြုပ်နှံပေးဆပ်ထားခဲ့ကြသည့်တာဝန်ကို ကျေပွန်ပြီးခဲ့သည်ဖြစ်ရာ လက်ရှိအချိန်ကဲ့သို့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်နေသည့် ကာလတွင်လည်း အစိုးရ၊ လွှတ်တော်၊ ပြည်သူတို့နှင့်လက်တွဲ၍ ဖြစ်ပေါ်လာသည့် အခြေအနေနှင့်အညီ နိုင်ငံအတွက် ပြည်သူအတွက် တာဝန်ကျေရန် ကြိုးပမ်းကြမည်ဟု ယုံမှား သံသယဖြစ်ဖွယ်မရှိသောကြောင့်ဖြစ်ပါသည်။

***************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment