Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (3)
yangonchronicle 2011- (3)

၂၆.၁.၂ဝ၁၂

ဘာသာပြန်သတင်းများအပိုင်း(၃)

  1. အီးယူက မြန်မာနိုင်ငံအတွက် ယူရိုသန်း(၁၅၀) အကူအညီပေးရန် စဉ်းစားလျက်ရှိ

(25 Jan 2012 ရက်စွဲပါ Radio Netherland Worldwide ၏ EU mulling 150- min- euro aid package for Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်က Sanctions များရုတ်သိမ်းတော့မည်ဖြစ်သော်လည်း နှေးကွေးဖွယ်ရှိ

(Reuters မှ 24 Jan 2012 ရက်စွဲပါ “US Hopeful on Myanmar Sanctions but action may be slow” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

အီးယူက မြန်မာနိုင်ငံအတွက် ယူရိုသန်း(၁၅၀) အကူအညီပေးရန် စဉ်းစားလျက်ရှိ

( 25 Jan 2012 ရက်စွဲပါ Radio Netherland Worldwide ၏ EU mulling 150- min- euro aid package for Myanmar ကို ဘာသာပြန်သည်)

ဥရောပသမဂ္ဂသည် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနေသော မြန်မာနိုင်ငံ၏ စစ်တပ်နောက်ခံပြု အစိုးရသစ်အား ယူရိုသန်း ၁၅၀ ပါဝင်သော အကူအညီပေးရေး အစီအစဉ်ကို စဉ်းစားလျက်ရှိသည်ဟု ဥရောပသမဂ္ဂသံတမန်များက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။

အဆိုပါအကူအညီပေးရေးတွင် ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် လူ့စွမ်းရည်မြှင့်တင်ရေး အဖွဲ့အစည်းဆိုင်ရာများ ပါဝင်မည်ဖြစ်ပြီး ၎င်းကိစ္စများအား အီးယူနိုင်ငံခြားရေးဝန်ကြီးများက ဘရပ်ဆဲတွင် တနင်္လာနေ့က ဆွေးနွေးခဲ့ကြောင်း၊ နီးစပ်သူအမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ခုက ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် အီးယူဝန်ကြီးများသည် မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ရုတ်သိမ်းရေး ပထမအဆင့် အနေဖြင့် မြန်မာခေါင်းဆောင်များ အပေါ် ခရီးသွားလာမှု ပိတ်ပင်ထားခြင်းအား ပယ်ဖျက်ပေးရန် သဘောတူခဲ့သည်။

နိုင်ငံ ၂၇ နိုင်ငံ ပါဝင်သော ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် အမည်ခံအရပ်သားအစိုးရက လုပ်ဆောင်လျက်ရှိသော အံ့အားသင့်ဖွယ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုခဲ့ပြီး၊ နောက်ထပ်နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများအတွက် အပေါင်းလက္ခဏာ ဆောင်သော နောက်ထပ်ခြေလှမ်းများ အတွက် နောက်ထပ်ဖြေလျှော့မှုများ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းတို့က လာမည့်နှစ် အနည်းငယ်အတွင်း ကျန်ရှိသောနိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိ လွှတ်ပေးရန်နှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမိုင်းဝင်ပါဝင်ယှဉ်ပြိုင်မည့် ဧပြီလ ၁ ရက်နေ့ ရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှတရေးအတွက် တောင်းဆိုခဲ့သည်။

လက်ရှိအားဖြင့် အရေးယူပိတ်ဆို့မှုများတွင် လက်နက်ရောင်းဝယ်ခြင်းများ၊ သစ်လုံးနှင့် သတ္တုပစ္စည်းများ ပိတ်ပင်ထားပြီး၊ ကုမ္ပဏီ ၉၀၀ ကျော်၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားသည်။

*****************************

 အမေရိကန်က Sanctions များရုတ်သိမ်းတော့မည်ဖြစ်သော်လည်း နှေးကွေးဖွယ်ရှိ

( Reuters မှ 24 Jan 2012 ရက်စွဲပါ “US Hopeful on Myanmar Sanctions but action may be slow” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော Sanctions များကိုရုတ်သိမ်းပေးရန် စဉ်းစားနေပြီဖြစ်သော်လည်း နှစ်ပေါင်းများစွာ စီးပွားရေး၊ နိုင်ငံရေးပိတ်ဆို့မှုများကိုစတင် မဖြေလျှော့မှီ ဒီမိုကရေစီကူးပြောင်းမှု ပိုမိုတိုးတက်လာခြင်းကို မြင်တွေ့ရန်လိုအပ်သည်ဟု အမေရိကန်လွှတ်တော်အမတ်များက အင်္ဂါနေ့တွင် ပြောကြားသည်။

အီးယူနှင့် သြစတြေးလျားတို့က ယင်းတို့နှင့် ပတ်သက်သော Sanctions များ စတင်ဖြေလျှော့အောင် စေ့ဆော် ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ရာဂဏန်းမျှ လွှတ်ပေးခြင်းအပါအဝင် ယခုအချိန်ထိ မြန်မာအစိုးရ၏ ပြောင်းလဲပြုပြင်မှုများအပေါ် ကျေနပ်အားရမှုရှိသည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားသည်။

သို့သော် မြန်မာအစိုးရ၏ ဒီမိုကရေစီကူးပြောင်းမှု၊ အရပ်ဖက်ဆိုင်ရာ လွတ်လပ်ခွင့်များကို အားပေးမြှင့်တင်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခကို အဆုံးသတ်မှုတို့သည် အမှန်တကယ်ဟုတ်ရဲ့လားဆိုသည်ကို အိုဘားမားအစိုးရက လေ့လာစောင့်ကြည့်နေသည့်အလျောက်၊ ယခင် ၁၉၈၈ က စတင်ချမှတ်ကာ ဥပဒေ ၅ချက်၊ သမ္မတ၏ ညွှန်ကြားချက် ၄  ချက်တို့ဖြင့် တိုးချဲ့ထားသော Sanctions များ လျင်မြန်စွာဖယ်ရှားရေးခက်ခဲမည ဖြစ်ကြောင်း ပြသနေသည်။

“ကျွန်တော်တို့ ဒီကိစ္စကို လေ့လာနေပါတယ်။ သမ္မတကြီးဘာလုပ်လို့ရနိုင်မလဲ၊ ကွန်ဂရက်က ဘာလုပ်လို့ရနိုင်မလဲ၊ ဘယ်လိုလုပ်ရန် အကောင်းဆုံး ဖြစ်မလဲဆိုတာကို ကျွန်တော်တို့ အခုလောလောဆယ် ပြန်လည် စဉ်းစားသုံးသပ်နေကြပါတယ်”ဟု အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက်တစ် လွှတ်တော်အမတ် John Kerry က ပြောကြားသည်။

“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြောင်းလဲမှုတွေကိုအသိအမှတ်ပြု တုန့်ပြန်ဖို့ ကျွန်တော်တို့ တစ်ခုခုလုပ်ရမယ်လို့ ထင်ပါတယ်။ ဒါပေမယ် ဘာတွေ ဖြစ်နေတာလဲဆိုတာကို အတိအကျ ဆုံးဖြတ်ပေးနိုင်သူရှိတယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု John Kerry က ဆိုသည်။

ယခင်က Burma ဟုခေါ်ဝေါ်ခဲ့ကြသော မြန်မာနိုင်ငံနှင့် မြန်ဆန်သော်လည်း မြေစမ်းခရမ်းပျိုးဆဲ ပြန်လည်ဆက်ဆံမှုတွင် သိသာထင်ရှားသော ဆောင်ရွက်မှုအဖြစ် သံအမတ်ကြီးအဆင့် အပြန်အလှန်ထားရှိသော သံတမန်ဆက်ဆံရေးကို ဝါရှင်တန်က ပြန်လည်ထူထောင်တော့မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ယခုလအတွင်း ကြေညာခဲ့သည်။

မြန်မြန်ဆန်ဆန်ပြောင်းလဲနေ

ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ဝန်ကြီးဟီလာရီကလင်တန်က မြန်မာနိုင်ငံ၏ ဆက်လက် ပြုပြင်ပြောင်းလဲမှုများကို အမေရိကန် ပြည်ထောင်စုက ပိုမိုသိသာစွာ တုန့်ပြန်အသိအမှတ်ပြုမည်ဟု ကတိပြုပြောကြားခဲ့ပြီး စစ်အုပ်ချုပ်ရေးအလွန် အရပ်ဖက် အစိုးရသစ်၏ နိုင်ငံရေး ပြုပြင်မှုများကို အားပေးတိုက်တွန်းရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

လက်ရှိလပိုင်းများအတွင်း အံ့အားသင့်ဖွယ် ရုတ်တရက်ထွက်ပေါ်လာသော ပြုပြင်ပြောင်းလဲမှုများတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် ဒိုင်ယာလော့ဆွေးနွေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် ငြိမ်းချမ်းရေးညှိနှိုင်းခြင်း၊ တင်းကြပ်သော မီဒီယာဆင်ဆာကို ဖြေလျှော့ ပေးခြင်း၊ အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်ပြုခြင်း၊ အိမ်နီးခြင်းတရုတ်နိုင်ငံ၏ အားပြင်းသော စီးပွားရေး၊ နိုင်ငံရေးစက်ကွင်းမှ ရုန်းထွက်ခြင်းစသည်တို့ ပါဝင်သည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ ဗိုလ်ချုပ်ကြီးများ (အမှန်စင်စစ် ယခင်နိုင်ငံအကြီးအကဲ တစ်ဦးတည်းကို ဆိုလိုသည်)သည် နိုင်ငံရေးတွင် တပ်မတော်၏ ကဏ္ဍကိုဦးစားပေးထားသော ၂၀၀၈ အခြေခံဥပဒေကို အဓမ္မအတည်ပြုကာ ၂၀၁၀ ရွေးကောက်ပွဲကို လှည့်ဖြားကျင်းပပြီးနောက် လွှတ်တော်နှင့် အစိုးရအဖွဲ့အတွင်း အာဏာကို ထိထိရောက်ရောက် ဖြန့်ကျက်ထားဆဲပင် ဖြစ်သည်။

ပြည်သူအပေါ်လူမဆန်မှုကို အကြောင်းပြုကာ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားသော Sanctions များတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တားမြစ်ခြင်း၊ မြန်မာအာဏာပိုင် အသိုင်းအဝိုင်း၏ ပိုင်ဆိုင်မှုများကိုထိန်းချုပ်ခြင်း၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများက မြန်မာအစိုးရကိုငွေမချေးအောင် ဝါရှင်တန်က ပိတ်ဆို့ထားခြင်းစသည့် တားမြစ်ချက်များ ပါဝင်သည်။

“ကာလကြာရှည် ဖွဲ့စည်းတည်ဆောက်ထားတဲ့ ရှုပ်ထွေးတဲ့ Sanctions အစီအစဉ်တွေကိုဖျက်သိမ်းဖို့အတွက် အချိန်ယူပြီး လုပ်ဆောင်ရပါ လိမ့်မယ်” ဟု Asia Society မှ ကမ္ဘာလုံးဆိုင်ရာ မူဝါဒအစီအစဉ် ဒုတိယဥက္ကဋ္ဌ Suzanne DiMaggio က ပြောကြားသည်။

ကွန်ဂရက်လွှတ်တော်ထဲမှ ထိပ်သီးလွှတ်တော်အမတ်များကလည်း “အမေရိကန် ပြည်ထောင်စုအနေဖြင့် မကြာမီ အတွင်း Sanctions များစတင် ရုတ်သိမ်းနိုင်ဖွယ် ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်မည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် မဖြစ်နိုင်သေးပါ” ဟုပြောဆိုကြသည်။

“ကျွန်တော်တို့ မကြာမီအတွင်း မျှမျှတတဖြစ်အောင် လုပ်နိုင်မှာပါ၊ နိုင်ငံရေးပါတီ နှစ်ခုစလုံးနဲ့ အိုဘားမားအစိုးရအဖွဲ့တို့ အားလုံး ရှေ့ဆက် လုပ်ရမယ့်အဆင့်တွေကို တိုင်ပင်ညှိနှိုင်းနေကြပါတယ်” ဟုပြောကြားသူမှာ မြန်မာခရီးစဉ်မှ ပြန်ရောက်ကာစ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် John McCaim ဖြစ်သည်။

သမ္မတကြီးက တချို့ကိစ္စတွေ လုပ်နိုင်သလို၊ ကွန်ဂရက်က လုပ်ရမယ့်ကိစ္စတွေလည်း ရှိပါတယ် ဟု John McCaim က Reutersကို ပြောကြားသည်။

အမေရိကန်တာဝန်ရှိသူများက ပြောကြားရာတွင် “၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားများ ကုန်အောင် လွှတ်ပေးခြင်း၊ တိုင်းရင်းသားအုပ်စုများနှင့် ငြိမ်းချမ်းရေး အဆက်မပြတ် ညှိနှိုင်းခြင်း၊ မြောက်ကိုရီးယားနှင့် စစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းခြင်းစသည်တို့ အပါအဝင် အဓိကကဏ္ဍများမှ သိသာခိုင်မာသော ပြောင်းလဲတိုးတက်မှုကို လေ့လာစောင့်ကြည့်နေသည်” ဟုဆိုသည်။

မြန်မာအစိုးရအပေါ် အရေးယူထားသော Sanctionsများ နှစ်စဉ်သက်တမ်းတိုးခြင်းကို ၂၀၀၃ မှစ၍ ပူးတွဲစည်းရုံးဆော်သြခဲ့သူ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် Mitch McConnell က “ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲသည် ပြုပြင်ပြောင်းလဲမှု ရေရှည်ခံခြင်းအပေါ် အရေးကြီးသည့် စမ်းသပ်မှု ဖြစ်လိမ့်မည်” ဟု ပြောကြားသည်။

“ရွေးကောက်ပွဲမှာ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေ ရှိဖို့လိုတယ်လို့ သူတို့ကို ကျွန်တော် အကြံပေးခဲ့ပါတယ်၊ ပထမဆုံး ရွေးကောက်ပွဲ ကျင်းပတဲ့ နိုင်ငံတွေမှာဒီကိစ္စဟာ အထူးအဆန်းမဟုတ်ပါဘူး” ဟု မြန်မာနိုင်ငံသို့ ယခုလအတွင်း ပထမဆုံးလာရောက်ခဲ့သော McConnell က သတင်းထောက်များကို ပြောကြားသည်။

“တကယ်လို့ ရွေးကောက်ပွဲတွင် ချောချောမောမော ပြီးသွားမယ်ဆိုရင် Sanctionsအချို့ (သို့) အကုန်လုံး ရုတ်သိမ်းပေးဖို့အတွက် သူတို့ဘက်က ဘာဆက်လုပ်ဖို့ လိုသလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားကြမှာပါ” ဟု ယင်းက ဆက်လက်ပြောကြားသည်။

ခြွင်းချက်များနှင့် အခြားအဆင့်များ

အကဲခတ်လေ့လာသူများကမူ “အမေရိကန်ပြည်ထောင်စုအနေဖြင့် ယခုသီတင်းပတ်အတွင်း အီးယူက လုပ်ဆောင်ခဲ့သည့်အတိုင်း ထိပ်ပိုင်း တာဝန်ရှိသူများအား ခရီးသွားလာခွင့် ဗီဇာပေးခြင်းအပါအဝင် ချမှတ်ထားပြီး Sanctions များကို ခြွင်းချက်အားဖြင့် မကျင့်သုံးခြင်းကဲ့သို့သော ကနဦး ဆောင်ရွက်ချက်များကို လုပ်ဆောင်နိုင်သည်” ဟု ပြောကြားသည်။

နောက်ထပ် အလားအလာရှိသောဆောင်ရွက်ချက်မှာကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMFတို့က မြန်မာနိုင်ငံနှင့် အပြည့်အဝ ဆက်ဆံခြင်းကို အမေရိကန်ပြည်ထောင်စုအနေဖြင့် ကန့်ကွက်ပိတ်ဆို့ရန် ချမှတ်ထားသော ဥပဒေကို မကျင့်သုံးဘဲထားရန် အိုဘားမား အစိုးရက တောင်းဆိုခြင်းပင် ဖြစ်သည်။

Sanctionsအချို့ကို ပြင်ဆင်ပေးနိုင်ဖွယ်ရှိသော်လည်း မူးယစ်ဆေးဝါးတရားမဝင် ကုန်သွယ်မှု၊ ငွေကြေးခဝါချမှုမှသည် ကလေးစစ်သား အသုံးပြုမှုအထိ ကျယ်ပြန့်သော ပြဿနာကိစ္စရပ်များတွင် ပြောင်းလဲတိုးတက်မှုများရှိလာရန် လိုအပ်နေဆဲပင် ဖြစ်သည်။

Asia Society မှ မြန်မာ့ရေးရာကျွမ်းကျင်သူ Di Maggio က အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၌ အထူးသဖြင့် စီးပွားရေး မျက်နှာစာ၌ ဆက်လက်ပြုပြင်ပြောင်းလဲရေးကို တိုက်တွန်းအားပေးနေစဉ် နားလည်၊ သီးခံ၊ စိတ်ရှည်မှုကို ဆက်၍ထိန်းထားရန် အရေးကြီးသည်ဟု မှတ်ချက် ပေးပြောဆိုသည်။

“အခုလောလောဆယ် လိုအပ်နေတာကတော့ ဘယ်လိုနည်းလမ်းတွေနဲ့ မြန်မြန်ဆန်ဆန် တုန့်ပြန်အသိအမှတ် ပြုကြမလဲဆိုတဲ့ ကိစ္စပါပဲ။ ဘာကြောင့်လဲဆိုရင်အခု မြန်မာနိုင်ငံမှာအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ အများကြီး ချမှတ်နေကြတယ်။ ပြုပြင်ပြောင်းလဲမှုများစွာကို အကောင်အထည် ဖော်နေကြတယ်။ ဒါကြောင့် အကူအညီ၊ အထောက်အပံ့တွေကို သူတို့ အပူတပြင်းလိုအပ်နေပါတယ်” ဟု Di Maggio က သုံးသပ်ပြောကြားသည်။

                            *******************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment