Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (4)
yangonchronicle 2011 - (4)

၂၆.၁.၂ဝ၁၂

ဘာသာပြန်သတင်းများအပိုင်း(၄)

  1. မြန်မာအပေါ်ပိတ်ဆို့အရေးယူမှုများ အလောတကြီးမဖယ်ရှားသင့်ဟု မက်ကိန်းပြောကြား

(New Kerala မှ 22 Jan 2012 ရက်စွဲပါ John McCain says US shouldn't rush to lift sanctions against Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. ကင်ဂျုံအီလ်ကွယ်လွန်ပြီးနောက် မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ်စားနပ်ရိက္ခာထောက်ပံ့

(CNN သတင်းဌာနမှ South Korea to allow food aid North for first time since Kim’s death ကို ဘာသာပြန်ဆိုသည်)

  1. အိန္ဒိယစာပေပွဲတော်၌ မြန်မာ့အရေးဟောပြော

(Times of India မှ 23 Jan 2012 ရက်စွဲပါ Burma event at JLF ကို ဘာသာပြန်ဆိုသည်။)

*******************************

ဘာသာပြန်သတင်းများ

မြန်မာအပေါ်ပိတ်ဆို့အရေးယူမှုများ အလောတကြီးမဖယ်ရှားသင့်ဟု မက်ကိန်းပြောကြား

(New Kerala မှ 22 Jan 2012 ရက်စွဲပါ John McCain says US shouldn't rush to lift sanctions against Myanmar ကို ဘာသာပြန်ဆိုသည်)

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များ မတွေ့မြင်ရသေးသရွေ့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသော ပိတ်ဆို့အရေးယူမှုများကို မရုပ်သိမ်းသင့်ကြောင်း ဆီနိတ်တာ ဂျွန်မက်ကိန်းက သုံးသပ်ပြောကြားသည်။

"ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ကိုပြောရရင် ပိတ်ဆို့အရေးယူမှုတွေကို ဧပြီလမတိုင်မီ မဖယ်ရှားသင့်ပါဘူး။ လုံလောက်တဲ့ တိုးတက် ဖြစ်ထွန်းမှုတွေ ဖြစ်မလာသေးသရွေ့ ပိတ်ဆို့မှုဖယ်ရှားမယ့်ကိစ္စဟာ ဖြစ်နိုင်ခြေမရှိပါဘူး" ဟု မစ္စတာ မက်ကိန်း၏ ပြောကြားချက်ကို ကိုးကားပြီး The Wall Street Journal ကဖော်ပြသည်။

"မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့တတွေ ကောင်းချီးသြဘာ ပြုသင့်ပါတယ်။ ဒါပေမဲ့ အတိတ်သမိုင်း ကြောင်းကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ထင်မှတ်ခဲ့တာတွေနဲ့ ကျွန်တော်တို့ လက်တွေ့မြင်တွေ့ရတာနဲ့ တခြားစီဖြစ်ခဲ့တဲ့ ဥပမာတွေ အများကြီး ရှိပါတယ်။ အဲဒီတော့ မြန်မာ့အရေးအပေါ် အလောတကြီး အကဲမဖြတ်မိဖို့လိုပါတယ်။ မဟုတ်ရင် နောင်အနာဂတ်မှာ ကျွန်တော်တို့ နောင်တရသွား နိုင်ပါတယ်" ဟု မစ္စတာ မက်ကိန်းက ပြောသည်။

မြန်မာနိုင်ငံ၌ ရာနှင့်ချီသော နိုင်ငံရေးအကျဉ်းသားများအား အစိုးရကလွှတ်ပေးမှုအပါအဝင် လတ်တလောဖြစ်ရပ်များကြောင့် မိမိအနေဖြင့် များစွာစိတ်အားတက်ကြွမိပါကြောင်း ၎င်းကဆိုသည်။ မြန်မာအစိုးရသည် ယခုအခါ မီဒီယာများအပေါ် တင်းကြပ်မှုများ ဖြေလျှော့ပေးမှု၊ တိုင်းရင်းသား လက်နက်ကိုင်များအား အလျှော့ပေးကာ စေ့စပ်ဆွေးနွေးပွဲများ ပြုလုပ်မှု အပါအဝင်အခြားသော ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေး လုပ်ကိုင်လျက်ရှိရာ အမေရိကန်နှင့် ဥရောပတို့၏ ပိတ်ဆို့အရေးယူမှုများ မကြာမီကာလအတွင်း ရုပ်သိမ်းဖွယ်ရှိသည်ဟူသော ထင်ကြေးပေးပြောဆိုမှုများ ထွက်ပေါ်လျက် ရှိသည်။

The Wall Street Journal အဆိုအရ မြန်မာအစိုးရခေါင်းဆောင်များ ပြုပြင်ပြောင်းလဲမှုများကို အလွန်သွက်လက် လျင်မြန်စွာ လုပ်ကိုင် ဆောင်ရွက်နေသည့် ကိစ္စနှင့်ပတ်သက်၍ ဂျွန်မက်ကိန်းက ပဟေဠိဖြစ်လျက် ရှိသည်။ အစိုးရခေါင်းဆောင်များ ယခုလို ပြုပြင်ပြောင်းလဲမှုများ လုပ်ကိုင် နေရသည့်အကြောင်းမှာ ၎င်းတို့အနေဖြင့် အထီးကျန်ဖြစ်မည်ကို စိုးရိမ်မိသောကြောင့်ဖြစ်ဟန်ရှိသည် ထင်မိကြောင်း ဂျွန်မက်ကိန်းက ပြောကြားသည်။

******************************

ကင်ဂျုံအီလ်ကွယ်လွန်ပြီးနောက် မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ်စားနပ်ရိက္ခာထောက်ပံ့

(CNN သတင်းဌာနမှ South Korea to allow food aid North for first time since Kim’s death ကို ဘာသာ ပြန်ဆိုသည်)

အာဏာရှင်ခေါင်းဆောင် ကင်ဂျုံအီလ် သေဆုံးသွားပြီးနောက် မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် စားနပ်ရိက္ခာ အကူအညီ အထောက်အပံ့များ ပေးအပ်ရန် တောင်ကိုရီးယားအစိုးရက ဇန်နဝါရီလ ၂၀ရက်နေ့တွင် သဘောတူခွင့်ပြုလိုက်ကြောင်း သိရသည်။

ကိုရီးယား ငြိမ်းချမ်းရေးဖောင်ဒေးရှင်းမှ မြောက်ကိုရီးယား စာသင်ကျောင်းများနှင့် စောင့်ရှောက်ရေးစင်တာများသို့ ဂျုံမှုန့်တန်ချိန် ၁၈၀ ပေးအပ် လှူဒါန်းမည့် အစီအစဉ်အား တောင်ကိုရီးယားနိုင်ငံ ပေါင်းစည်းရေးဝန်ကြီးဌာနက ခွင့်ပြုပေးလိုက်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံကလည်း ပေးအပ် လှူဒါန်းမည့် စားနပ်ရိက္ခာများကို လက်သင့်ခံရန်သဘောတူညီ ထားကြောင်း ယင်းဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Kim Hyung-suk ကပြောကြားသည်။

ပြုံယမ်းအစိုးရသည် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ် သေဆုံးကြောင်းပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ကင် သေဆုံးမှုကြောင့် ဖိနှိပ်ချုပ်ခြယ်လွန်းသော မြောက်ကိုရီးယားနိုင်ငံတွင် မတည်မငြိမ်မှုများ ဖြစ်ပေါ်ပြီး နယ်စပ်ဒေသများသို့ ကူးစက်ပျံ့နှံ့ သွားနိုင်သည်ဟု ထင်ကြေးပေးပြောဆိုမှုများထွက်ပေါ်ခဲ့သည်။ ကင်ဂျုံအီလ်၏နေရာကို အငယ်ဆုံးသားဖြစ်သူ ကင်ဂျွန်အန်ကရယူခဲ့ပြီး ပြံယမ်းအစိုးရက “မြင့်မြတ်သော ခေါင်းဆောင်ကြီး”အဖြစ် ၎င်းအား သတ်မှတ်ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ညံ့ဖျင်းသော စီးပွားရေးမူဝါဒများ၊ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကြောင့် တိုင်းပြည်စီးပွားရေးမှာ များစွာ ခြွတ်ချုံကျခဲ့ပြီး ဆယ်စုနှစ် ၂ ခုတာကာလအတွင်း အငတ်ဘေး ဆိုက်ရောက်ခဲ့ကာ အဟာရ မပြည့်ဝမှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ရသည်။ နိုင်ငံတကာ အဖွဲ့အစည်းများက မြောက်ကိုရီးယားနိုင်ငံသို့ စားနပ်ရိက္ခများ ထပ်ခါတလဲလဲ ပေးပို့ထောက်ပံ့ခဲ့သည်။ လတ်တလောကာလများတွင်လည်း နိုင်ငံတွင်းမှ လိုအပ်ချက်ရှိသော နေရာဒေသများသို့ ထောက်ပံ့လျက်ရှိသည်။

ယခု ဇန်နဝါရီလအတွင်း တောင်ကိုရီးယားက ပေးပို့မည့်အကူအညီမှာ ငြိမ်းချမ်းရေးဖောင်ဒေးရှင်မှ ဖြစ်သည်။ တောင်ကိုရီးယားသည် တရားဝင် စားနပ်ရိက္ခာ ထောက်ပံ့ရေးအစီအစဉ်ကို သမ္မတလီမြောင်ဘတ်အစိုးရ တက်ရောက်လာသည့် ၂၀၀၈ ခုနှစ်တွင် စတင်ရပ်ဆိုင်းပစ်ခဲ့သည်။ လီမြောင်ဘတ် အစိုးရသည် ယခင်တောင်ကိုရီးယားအစိုးရများထက် မြောက်ကိုရီးယားနိုင်ငံအပေါ် သဘောထားတင်းမာသည်။

အမေရိကန်ပြည်ထောင်စုသည် ၂၀၀၉ ခုနှစ်အတွင်း ပြုံယမ်းအစိုးရက နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ စမ်းသပ် လုပ်ဆောင်ချက်များ ပြုလုပ်ခြင်း၊ ထောက်ပံ့ပေးပို့သော ရိက္ခာများ အလုံအလောက် မရရှိခြင်း အစရှိသော အကြောင်းပြချက်ဖြင့် ထောက်ပို့မှုများ အားလုံးကို ရပ်ဆိုင်းပစ်လိုက် သည်။ ကင်ဂျုံအီလ်သေဆုံးပြီးနောက် မကြာမီ ရက်သတ္တပတ်အတွင်းမှာပင် အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားသို့ စားနပ်ရိက္ခာ ထောက်ပံ့မည့် ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘေဂျင်းမြို့တော်၌ ပြုံယမ်းအစိုးရမှ အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။

မြောက်ကိုရီးယား ပြည်သူများအတွက် လိုအပ်သောစားနပ်ရိက္ခာများ ထောက်ပံ့ပေးမှုများ မပြုလုပ်မီ လိုအပ်သည့် ထောက်ပို့မှုစနစ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ တောင်ကိုရီးယား ပြန်လည်သင့်မြတ်ရေးဝန်ကြီးဌာန အဆိုအရ ငြိမ်းချမ်းရေးဖောင်ဒေးရှင်းမှ အရာရှိကြီးများ အနေဖြင့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မြောက်ကိုရီးယားသို့ သွားရောက်ကာ စားနပ်ရိက္ခာထောက်ပံ့ပေးပို့မှု အခြေအနေများကို စောင့်ကြည့်လေ့လာ ကြမည် ဖြစ်သည်။

*************************

အိန္ဒိယစာပေပွဲတော်၌ မြန်မာ့အရေးဟောပြော

(Times of India မှ 23 Jan 2012 ရက်စွဲပါ Burma event at JLF ကို ဘာသာပြန်ဆိုသည်။)

အိန္ဒိယနိုင်ငံ Jaipur မြို့တွင် ဇန်နဝါရီလ ၂၀ ရက်နေ့က Jaipur Literature Festival အမည်ရ စာပေပွဲတော်ကြီးကို စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းပွဲတော်သို့ စာရေးဆရာများနှင့် ထင်ရှားကျော်ကြားသူပေါင်း ၂၅၀ ကျော်တက် ရောက်ခဲ့သည်။

Myanmar ဟု အာဏာရှင်ခေါင်းဆောင်များက တရားဝင်သတ်မှတ်ခေါ်ဆိုကြသည့် Burmaခေါ် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၄၀ တာမျှ အခြား ကမ္ဘာ့နိုင်ငံများနှင့် အဆက်ဖြတ် တံခါးပိတ်ခဲ့ပြီးနောက် ယခုအခါ ဖြည်းဖြည်းနှင့် ပုံမှန်သဘောဖြင့် ပြန်လည်ပွင့်လင်းလာနေပြီ ဖြစ်သည်။ မြန်မာ အစိုးရသစ်သည် စစ်ခေါင်းဆောင်များ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အစွမ်းကုန် လုပ်ဆောင် လျက်ရှိသည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ဆက်နွှယ်သည့် လုပ်ရပ်များအနက် ထူးခြားသည့်အချက်မှာ နှစ်ပေါင်း ၁၅ နှစ်တာကြာမျှ နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမှုနှင့် ပါလီမန်လွှတ်တော်တွင် အမတ်နေရာ ရရှိရန် လမ်းဖွင့်ပေးခြင်းတို့ပင် ဖြစ်သည်။

မြန်မာ့သမိုင်းပညာရှင် ဦးသန့်မြင့်ဦး မကြာသေးမီကရေးသားထုတ်ဝေခဲ့သော Where China Meets India စာအုပ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဇာတ်ခုံတွင် များစွာအရေးပါသောနေရာသို့ ရောက်ရှိလာကြောင်း အဆိုပြု ရေးသားထားသည်။

"မြန်မာနိုင်ငံသည် ယခုအခါ စစ်ရေးတွင် ဦးစီးဆောင်ရွက်ရမည့် အနေအထားမျိုးသို့ ရောက်ရှိလာသည့် သဘောတွင် ရှိသည်" ဟု ဦးသန့်မြင့်ဦးက အိန္ဒိယနိုင်ငံ၏ အကြီးဆုံးစာပေပွဲတော်ဖြစ်သည့် Jaipur Literature Festival တွင်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအားလုံးအနက် သိသာထင်ရှားသော အညွှန်းတစ်ခုမှာ စီးပွားရေး ကောင်းမွန်လာမှုပင် ဖြစ်သည်။ "မြန်မာ့ စီးပွားရေးဟာ ယခင်နှစ်များကထက် ပိုပြီးကောင်းမွန်လာပါတယ်။ ဒါပေမဲ့ ခရီးရှည်ကြီးတော့ ဆက်လျှောက်ရဦးမှာပါ" ဟု ဦးသန့်မြင့်ဦးက ဖြည့်စွက်ပြော ဆိုသည်။

မြန်မာ့နိုင်ငံရေးမှာလည်း ထိုနည်းလည်းကောင်းပင် ကောင်းမွန်လာပြီဖြစ်ပြီး လေ့လာဆန်းစစ်သူများကမူ အရပ်သားဟန်ဆောင်ထားသော အစိုးရသစ်အနေဖြင့် လာမည့်နှစ်များအတွင်း ဒီမိုကရေစီသို့ ဦးတည်သွားမည်ဟု ခန့်မှန်းရကြောင်း သုံးသပ်ပြောဆိုကြသည်။

ယင်း စာပေပွဲတော်သို့ တက်ရောက်ဟောပြောခဲ့သူ တစ်ဦးဖြစ်သည့် စာရေးဆရာ၊ သတင်းစာဆရာ Peter Popham က အယူအဆ သဘောထား ကွဲလွဲမှုများအတွက် သည်းခံမှုအတိုင်းအတာများ မြင့်တက်လာပြီဖြစ်သော်လည်း ရှေ့ဆက်ရမည့်ခရီးမှာ ရှည်လျားသေးကြောင်း ပြောဆိုသည်။

"မြန်မာနိုင်ငံသမ္မတ ဖြစ်ချင်သလားလို့ ဒေါ်အောင်ဆန်း စုကြည်ကို မေးတော့ သူမကငြင်းခဲ့ပါတယ်။

နောက်တော့ သူသာဖြစ်ချင်စိတ်ရှိတယ်ဆိုရင် သမ္မတဖြစ်နိုင်မယ့် နိုင်ငံတစ်နိုင်ငံကို နှစ်သက်မိမှာပါလို့ ဖြည့်စွက်ပြောသွားပါတယ်" ဟု Peter Popham ကပြောကြားသည်။ Peter Popham သည် ဒေါ်အောင်ဆန်းစုကြည်၏ အထ္ထုပတ္တိကို မကြာသေးခင်က ရေးသားခဲ့သူဖြစ်သည်။

********************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment