Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၃ဝ.၁.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. သမ္မတဦးသိန်းစိန် စင်ကာပူသို့ အလည်အပတ်ရောက်

(Channel News Asia မှ 29 January 2012 ရက်စွဲပါ S Ramesh ရေးသားသော Myanmar’s President Thein Sein visits Singapore ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ ပြောင်းလဲခြင်းမပြီးဆုံးသေး၊ ပြုပြင်ပြောင်းလဲရေးများ ရှိသေးသည်ဟု ဝန်ကြီးပြော

(Reuters မှ 28 January 2012 ရက်စွဲပါ Tomasz Kanowski and Michele Sani တို့ရေးသားသော Myanmar shift to democracy not over, more reforms ahead: minister ကို ဘာသာ ပြန်ဆိုသည်)

  1. နော်ဝေက မြန်မာနှင့်ကုန်သွယ်ရာတွင် နောက်ထပ်ဖြေလျှော့

(The Foreigner မှ 28 January 2012 ရက်စွဲပါ Norway eases Burma trade further ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားတို့၏ နာမည်ကျော်နေရာဖြစ်လာတော့မည်

(CheapOair(blog) မှ 28 January 2012 ရက်စွဲပါ Nick Papa ရေးသားသော Myanmar to become popular tourist destination ကို ဘာသာ ပြန်ဆိုသည်)

****************************************************************************************************

သမ္မတဦးသိန်းစိန် စင်ကာပူသို့ အလည်အပတ်ရောက်

(Channel News Asia မှ 29 January 2012 ရက်စွဲပါ S Ramesh ရေးသားသော Myanmar’s President Thein Sein visits Singapore ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် စင်ကာပူနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် တနင်္ဂနွေနေ့မှ ဖေဖော်ဝါရီလ (၁)ရက်နေ့ထိ သွားရောက် လည်ပတ်ပြီ ဖြစ်သည်။ သမ္မတဦးသိန်းစိန်နှင့်အတူ ဇနီးဖြစ်သူဒေါ်ခင်ခင်ဝင်း၊ ဝန်ကြီးအချို့၊ အကြီးတန်းတာဝန်ရှိသူများနှင့် စီးပွားရေး ကိုယ်စားလှယ်များ ပါဝင်သည်ဟု စင်ကာပူနိုင်ငံခြားရေးဌာနက ပြောကြားသည်။ Istana တွင် တရားဝင်ကြိုဆိုပွဲအခမ်းအနားအပြီးတွင် ဦးသိန်းစိန်သည် သမ္မတ Tony Tan Keng Yam နှင့် တွေ့ဆုံမည်ဖြစ်သည်။ ဝန်ကြီးချုပ်လီရှန်လွန်းကလည်း သမ္မတနှင့်တွေ့ဆုံမည်ဖြစ်ပြီး စင်ကာပူ-မြန်မာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး MOU လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်မည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်သည် စင်ကာပူတွင် ရှိစဉ်အတွင်း ဝါရင့်ဝန်ကြီး ဂိုချောက်တောင်နှင့်လည်း နံနက်စာ စားသုံးရင်း တွေ့ဆုံမည်ဖြစ်ပြီး HDB Hub သို့လည်း သွားရောက်လည်ပတ်မည် ဖြစ်သည်။ သမ္မတအနေဖြင့် ၂ဝဝ၉ ခုနှစ် ဝန်ကြီးချုပ်ဘဝက စင်ကာပူသို့ နောက်ဆုံး လာရောက်ခဲ့ဖူးသည်။

*****************************************************************************

မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ ပြောင်းလဲခြင်းမပြီးဆုံးသေး၊ ပြုပြင်ပြောင်းလဲရေးများ ရှိသေးသည်ဟု ဝန်ကြီးပြော

(Reuters မှ 28 January 2012 ရက်စွဲပါ Tomasz Kanowski and Michele Sani တို့ရေးသားသော Myanmar shift to democracy not over, more reforms ahead: minister ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြန်လည်ချိတ်ဆက်ရေးအတွက် များစွာလုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများလည်း ရရှိခဲ့ကြောင်း၊ သို့သော်ဒီမိုကရေစီသို့ ပြန်သွားခြင်းမှာ မပြည့်စုံသေးကြောင်း၊ နောက်ထပ် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လိုအပ် နေသေးကြောင်း မြန်မာနိုင်ငံ၏ ဝန်ကြီးတစ်ဦးက စနေနေ့က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ပြီးခဲ့သည့်မတ်လ အရပ်သားအစိုးရ တာဝန် ယူပြီးကတည်းက ပြင်ပကမ္ဘာသို့ ဖွင့်ပေးခဲ့ရာ အံ့ဩဖွယ် လျင်မြန်သောအရှိန်ဖြင့် ဖွင့်ပေးခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများ လုပ်ဆောင်ခြင်းတို့လည်း ပါဝင်ခဲ့သည်။

အနောက်နိုင်ငံများက ချမှတ်ထားသောအရေးယူမှုများ ရုတ်သိမ်းမည့်အလားအလာများလည်း တွေ့လာရခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံအား အာရှ၏နောက်ဆုံးထွက်ပေါ်လာသည့် ရှေ့မှဦးဆောင်မည့် ဈေးကွက်တစ်ခုဟု ရှုမြင်လာကြပြီး စိတ်ဝင်စားမှုများ ရုတ်တရက် မြင့်တက်လာခဲ့သည်။

အမေရိကန်၏ အရေးယူမှုများ ရုတ်သိမ်းရေးအတွက် မြန်မာနိုင်ငံဘက်မှ လုပ်ဆောင်မှုများ လုံလောက်မှုရှိမရှိ ယင်း၏ အမြင်အား မေးမြန်းရာ ဝန်ကြီးဦးစိုးသိန်းက Reuters ရုပ်မြင်သံကြားသို့ပြောကြားရာတွင် “ကျွန်တော်တို့ အတော်များများ လုပ်ခဲ့ပြီးပါပြီ။ လာမယ့်မဝေးတဲ့အနာဂတ်မှာလည်း လုပ်စရာတွေရှိနေပါသေးတယ်။ ဒီမိုကရေစီ လုပ်ငန်းစဉ်ကတော့ မပြီးသေးပါဘူး” ဟု ဆိုသည်။

“ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးတွေ အများကြီးလုပ်ရဦးမှာပါ။ ပြောင်းစရာတွေရှိပါသေးတယ်။ ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ နိုင်ငံရေး ကဏ္ဍမှာတင် မဟုတ်ပါဘူး။ စီးပွားရေးကဏ္ဍမှာပါ ပြောင်းရမှာပါ။ အရေးယူမှု ရုတ်သိမ်းရေးဟာ အဲဒီအချက်တွေအပေါ်မှာ မူတည်မှာပါ” ဟု ယင်းက ပြောသည်။

ဦးစိုးသိန်းသည် ဆယ်စုနှစ်ငါးခုခန့် အထီးကျန်ဖြစ်နေရာမှ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ပထမဆုံးတက်ရောက်သော တရားဝင်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ရောက်ရှိလာခြင်းဖြစ်သည်။ ယင်းက ဖိုရမ်တွင် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် တွေ့ဆုံခြင်းများအတွက် အားတက်မိကြောင်း ပြောသည်။

“ကျွန်တော် ဝန်ကြီးတွေ၊ CEO တွေ နှစ်ဆယ်ကျော်လောက် တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်တာတွေ ဆွေးနွေးကြပါတယ်” ဟု ဆက်လက်ပြောသည်။ “ကျွန်တော်တို့ရဲ့ တည်နေရာ၊ ကျွန်တော်တို့ရဲ့ ဈေးကွက်နဲ့ သယံဇာတအလားအလာကောင်းမျာဟာ သူတို့အတွက် အရေးကြီးပါတယ်။ ဒါကြောင့် သူတို့ဟာ ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်နေပါတယ်” ဟုလည်း ဆိုသည်။

အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ယခုအပတ်တွင် အဆိုပါဖိုရမ်သို့ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားရာတွင် မြန်မာဝန်ကြီး၏ ပြောကြားချက် များသည် မြန်မာနိုင်ငံတွင် အပေါင်းလက္ခဏာဆောင်သော ပြောင်းလဲမှုလက္ခဏာများဖြစ်သည်ဟု ပါဝင်သည်။ မြန်မာနိုင်ငံသည် ကြီးမားသော အသွင်ပြောင်းမှုကို မရောက်သေးကြောင်း၊ သို့သော် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲသည် ထိုသို့အသွင်ပြောင်းမှုအတွက် ပိုမို နီးစပ်သွားနိုင်ကြောင်းနှင့် ထိုရွေးကောက်ပွဲအတွက် ပြင်ဆင်နေရမှုကြောင့် ဖိုရမ်သို့ မတက်ရောက်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံ၏ ဓာတ်ငွေ့တည်ရှိမှု ကြွယ်ဝခြင်း၊ အခြား သယံဇာတများ ကြွယ်ဝခြင်း၊ ငယ်ရွယ်၍ များပြားသော လုပ်သားအင်အားရှိခြင်း၊ တိုင်းပြည်မှာ သဘာဝအတိုင်းမပျက်မစီးရှိနေခြင်းတို့ကြောင့် ခရီးသွားများအား ဆွဲဆောင်လျက် ရှိခြင်းတို့ကြောင့် ကုမ္ပဏီများကို လာရောက် ရင်းနှီးမြှုပ်နှံလိုစိတ် ဖြစ်အောင် ဆွဲဆောင်လျက်ရှိသည်။

ယခုနှစ်စတွင် ဂျပန်ကုန်သွယ်ရေးဝန်ကြီးက အမှုဆောင်များအုပ်စုကို ဦးဆောင်လာရောက်ခဲ့ပြီး လာမည့်လတွင် အမေရိကန်စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ လာရောက်မည်ဟု မျှော်လင့်ရသည်။ မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီးက ယခုအပတ် အစောပိုင်းက Reuters သို့ ပြောကြားရာတွင် နော်ဝေ၊ ဘရာဇီး၊ ရုရှားနှင့် ဂျပန်တို့မှ စွမ်းအင်ကုမ္ပဏီများသည် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိသည်ဟု ပြောကြားခဲ့သည်။

ဒါးဗို့စ်တွင် Westin, Sheraton နှင့် Le Meridien စသည့် ဟိုတယ်များဖွင့်လှစ်ထားသော Starwood Hotels and Resorts နှင့် Marriott International တို့သည် မြန်မာနိုင်ငံတွင် ဟိုတယ်ဖွင့်လှစ်နိုင်ရေး စိတ်ဝင်စားလျက်ရှိနေသည်။

***************************************************************************

နော်ဝေက မြန်မာနှင့်ကုန်သွယ်ရာတွင် နောက်ထပ်ဖြေလျှော့

(The Foreigner မှ 28 January 2012 ရက်စွဲပါ Norway eases Burma trade further ကို ဘာသာ ပြန်ဆိုသည်)

ပြီးခဲ့သည့်အပတ်က နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများကို ရုတ်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုအခါ ကုန်သွယ်ရေးပိုမိုလွယ်ကူစေရန် ပြုလုပ်ပေးခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်မှာ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီမြှင့်တင်ရေးအတွက် ပြုပြင် ပြောင်းလဲရေး အတွက် ကြိုးစားမှုများကြောင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ကုန်သွယ်ရေးကို လွယ်ကူအောင် ပြုလုပ်ပေးခြင်းဖြင့် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်သော မြန်မာနိုင်ငံမှ တင်ပို့သော ပစ္စည်းများ Generalised System of Preferences (GSP) အရ နော်ဝေတွင် အခွန်ဆောင်စရာမလိုဘဲ တင်ပို့နိုင်မည် ဖြစ်သည်။ နော်ဝေအစိုးရသည် သောကြာနေ့က အဆိုပါကြေညာချက်ကို နော်ဝေနိုင်ငံခြားရေးဝန်ကြီး Jonas Gahr Store ၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ဆက်စပ်၍ ထုတ်ပြန်ကြေညာခဲ့သည်။ အခြားသောနိုင်ငံများကလည်း ထိုသို့သော ဆုံးဖြတ်ချက်များ  ပြုလုပ်လိမ့်မည်ဟု နိုင်ငံခြားရေးဝန်ကြီးက မျှော်လင့်လျက်ရှိသည်။

နော်ဝေနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်ရေးသည် အနည်းငယ်သာ ရှိသည်။ စီးပွားရေးတွင် ကုန်သွယ်မှုအသစ်၏ သက်ရောက်မှုများရှိရန် အချိန် အနည်းငယ်စောင့်ရနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Store က ပြောသည်။ မကြာသေးခင်က အရေးယူမှုများ ပယ်ဖျက်ပြီးနောက် နော်ဝေကုမ္ပဏီများအား မြန်မာနိုင်ငံတွင် သွားရောက် ရင်းနှီးမြှုပ်နှံရန် ပြောခဲ့သည်။ “မြန်မာနိုင်ငံအနေနဲ့လည်း ကျွန်တော်တို့နဲ့ ကူးသန်းရောင်းဝယ်နိုင်တဲ့ အခြေအနေတွေ အတူတူ ရှိရပါမယ်။ ဒါမှသာ နော်ဝေကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်” ဟု နော်ဝေနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

*****************************************************************************

မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားတို့၏ နာမည်ကျော်နေရာဖြစ်လာတော့မည်

(CheapOair(blog) မှ 28 January 2012 ရက်စွဲပါ Nick Papa ရေးသားသော Myanmar to become popular tourist destination ကို ဘာသာ ပြန်ဆိုသည်)

ထူးထူးခြားခြားလှပသော မြန်မာနိုင်ငံသည် အထွေထွေရွေးကောက်ပွဲနှင့် အရပ်သားအစိုးရထွက်ပေါ်လာပြီး ပြီးခဲ့သည့်နှစ်က စစ်တပ် အုပ်ချုပ်ရေးမှ ရုန်းထွက်လာနိုင်ခဲ့သည်။ ထိုသို့လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ပြင်ပကမ္ဘာကို တံခါးဖွင့်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွက် အလွန်ကောင်းမွန်သော သတင်းများကို သယ်ဆောင်လာသည်။ မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသည်များထံမှ ရသောဝင်ငွေများဖြင့် အကျိုးဖြစ်ထွန်းနိုင်ပါသည်။ သို့သော် ကမ္ဘာလှည့်ခရီးသည်များသည် လုံးဝမထိမတို့ရသေးသော သဘာဝအလှများကို ရှာဖွေလိုကြသည်။ ကမ္ဘာပေါ်မှ ရှုတ်ထွေးနေသော ဗိသုကာဟန်များကလည်း အကျိုးဖြစ်ထွန်းနိုင်မည် ဖြစ်သည်။

Yahoo သတင်းဆောင်းပါးတစ်ပုဒ်တွင် ရွှေတိဂုံဘုရား၏ တောက်ပနေသော အလင်းရောင်ကို ကြည့်လိုသော Kipling ၏ Road to Mandalay မှ ဘုရားစေတီများ အရောင်လက်သော ခေါင်းလောင်းသံလေးများကို နားထောင်လိုသော ခရီးသွားများသည် တစ်နေ့တွင် Westin သို့မဟုတ် Marriott ဟိုတယ်များတွင် တည်းခိုရင်း သွားရောက်နိုင်မည်ဟု မျှော်လင့်နေကြောင်း ရေးသားထားသည်။

မြန်မာနိုင်ငံတွင် မကြာသေးမီက တံခါးဖွင့်ခဲ့သောအခါ အဆိုပါနာမည်ကျော်ဟိုတယ်ကြီးများသည် မြန်မာနိုင်ငံတွင် ဟိုတယ်တည်ဆောက်နိုင်ရန် အပြိုင်အဆိုင်ကြိုးစားမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သို့သော် အစပိုင်းတွင် ယင်းတို့မှ တုံ့ဆိုင်းနေနိုင်သည်။

“Marriott အနေနဲ့ အခြေအနေတွေကောင်းရင် မြန်မာနိုင်ငံကို သွားလိုပါတယ်။ မြန်မာနိုင်ငံဟာ ခရီးသွားတွေရဲ့ စိတ်ကို ဆွဲဆောင်ထားနိုင်တာ ဆယ်စုနှစ်များစွာ ရှိနေပါပြီ” ဟု Marriott International ဥက္ကဋ္ဌ Arbe Sorenson က ပြောကြားသည်။ မြန်မာနိုင်ငံသည် ဆယ်စုနှစ်နှစ်ခုကျော် အားလုံးက ပစ်ပယ်ထားသော အပယ်ခံနိုင်ငံ ဖြစ်ခဲ့ပြီးနောက် ပုံမှန် ပတ်ဝန်းကျင်သို့ ပြန်လည်ဝင်ရောက်ရမည် ဆိုသည်ကို တဖြည်းဖြည်းသဘောပေါက်လာမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူသူမရှိသေးသော ကျွန်းများ၊ ရွှေရောင်အဆင်းရှိဘုရားများနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် မထိတွေ့ရသေးဘဲ သဘာဝအတိုင်း ရှိနေသေးရာ မြန်မာနိုင်ငံသည် ၂၀၁၂ နှင့် နောက်ပိုင်းတွင် နာမည်ကျော်ကမ္ဘာလှည့်ခရီးသွားများ လာရောက်မည့် နေရာ ဖြစ်လာတော့မည် ဖြစ်သည်။

****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment