Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၆.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ကရင် အုပ်စုများက ငြိမ်းချမ်းရေး ကြိုးပမ်းမှုများအပေါ် သတိကြီးစွာထား

(IRIN မှ 5 March 2012 ရက်စွဲပါ Karen groups eautious on peace initiative ကိုဘာသာပြန်သည်)

  1. တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် ဆွေးနွေးပွဲ ဝမ်ကျားပေါင်ဖွင့်လှစ်

(BBC သတင်းဌာနမှ 5 March 2012 ရက်စွဲပါ China's premier Wen opens National People's Congress ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာကဲ့သို့ ကျင့်ကြံကြရန် ရန်ဘက်နိုင်ငံများကို အိုဘားမားတိုက်တွန်း

(Global Post မှ 5 Mar 2012 ရက်စွဲပါ Obama to rival states: be like Burma ကို ဘာသာပြန်ဆိုသည်)

*****************************************************************************

ကရင် အုပ်စုများက ငြိမ်းချမ်းရေး ကြိုးပမ်းမှုများအပေါ် သတိကြီးစွာထား

(IRIN မှ 5 March 2012 ရက်စွဲပါ Karen groups eautious on peace initiative ကိုဘာသာပြန်သည်)

ကရင်ကိုယ်စားလှယ်များနှင့် နိုင်ငံတကာအုပ်စုများသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း အားထုတ်မှုများ အပေါ် သတိထားလျက် ရှိကြောင်း ဖော်ပြခဲ့ပြီး၊ ဥရောပသမဂ္ဂနှင့် အမေရိကန် တို့ကဲ့သို့သော နိုင်ငံတကာ အသိုင်းအဝိုင်းအား မြန်မာနိုင်ငံအပေါ်ဆက်လက် ဖိအားပေးရန် တင်ပြခဲ့ကြသည်။

“KNU နဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်လာတာတွေကို ကျွန်မတို့ ကြိုဆိုပါတယ်။ ဒါပေမယ့် အစိုးရရဲ့ ကတိတွေအပေါ် ကျွန်မတို့ သတိထားရပါဦးမယ်” ဟု ဥရောပကရင်ကွန်ရက် ဥက္ကဋ္ဌနှင့် ကရင်အသိုင်းအဝိုင်း အဖွဲ့အစည်း၏ အကြံပေးဖြစ်သူ ZoyaPhan က မတ်လ (၅) ရက်နေ့က ဘန်ကောက်တွင် IRIN သို့ ပြောကြားခဲ့သည်။

“ကျွန်မတို့အားလုံးအနေနဲ့ မြန်မာအစိုးရကို KNU နဲ့ အပစ်အခတ်ရပ်စဲရေး အစစ်အမှန် ကတိပေးဖို့၊ ကရင်ဒေသမှာ စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့၊ နိုင်ငံရေးအရ ညှိနှိုင်းမှု စတင်ဖို့၊ ကရင်လူမျိုးတွေရယ် မြန်မာလူထုအပေါ်မှာရောတိုင်းရင်းသားရပိုင်ခွင့်တွေ အာမခံဖို့ တောင်းဆိုပါတယ်”ဟု ကရင်အမျိုးသမီး အဖွဲ့၏ အမှုဆောင်အဖွဲ့ဝင် K’nyaw Paw က ပြောကြားခဲ့သည်။

အဆိုပါ မှတ်ချက်များမှာကော်သူးလေတွင် KNU မှ ကြီးမှူးကျင်းပသော လေးရက်ကြာ ကွန်ဖရင့်အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ကွန့်ဖရင့်သို့ ကရင်အသိုင်းအဝိုင်း၊ ဘာသာရေးခေါင်းဆောင်များ၊ မြန်မာနိုင်ငံမှ အမျိုးသမီး၊ လူငယ်နှင့် ကရင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (167) ဦး တက်ရောက်ခဲ့ကြသည်။

“ကမ္ဘာတစ်ဝှမ်းကကရင်လူမျိုးတွေဟာညီညွတ်စွာလုပ်ကိုင်ကြဖို့ စီစဉ်နေပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းကလည်း မြန်မာအစိုးရအပေါ် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်ပေါင်းစည်းရေးမှာ ရိုးသားစွာလုပ်ကိုင်ဖို့ ဖိအားပေးပြီး ကျွန်တော်တို့နဲ့အတူရပ်တည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ကိုရီးယားနိုင်ငံ၏ ကရင်အမျိုးသားဖဲလိုးရှစ် ဒုဥက္ကဌစောကက်နက်မိုးကပြောသည်။

ယခုကွန့်ဖရင့်မှာဇန်နဝါရီလ (12) ရက်နေ့ကအဖွဲ့ဝင် (19) ဦးပါဝင်သော KNU ကိုယ်စားလှယ်အဖွဲ့နှင့် ဦးအောင်မင်းခေါင်းဆောင်သော မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ ဖားအံတွင် အဆင့်လေးဆင့် ပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး တစ်လကျော်အကြာတွင် ကျင်းပခြင်းဖြစ်သည်။ KNU ၏ စစ်တပ်ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးအတွက် 1949 မှ စတင်ကာ မြန်မာအစိုးရနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ကရင်တိုင်းရင်းသားထောင်ပေါင်း များစွာအိုးမဲ့အိမ်မဲ့ ဖြစ်ကြရပြီး၊ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံးသူပုန်ထမှုတစ်ခု ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။

1800 ကီလိုမီတာရှည်သောနယ်စပ်တစ်လျှောက် လုပ်ဆောင်နေသော NGO များ၏ အစုအဖွဲ့ဖြစ်သောထိုင်း-မြန်မာနယ်စပ် အစုအဖွဲ့(TBBC) ၏ အဆိုအရ ကရင်များအပါအဝင် တိုင်းရင်းသား (450000) ခန့်သည် အိုးမဲ့အိမ်မဲ့ဖြစ်ကြရကြောင်း သိရှိရသည်။ နောက်ထပ်(140000) ခန့်သည် ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း (10) ခုတွင် နေထိုင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် မကြာမီက ပြုပြင်ပြောင်းလဲရေးများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှိသော်လည်း ကရင်များအတွက်မူ များစွာ မပြောင်းလဲသေးကြောင်း ကရင်အသိုင်းအဝိုင်း ခေါင်းဆောင်များကပြောသည်။ “ကရင်ဒေသမှာ အခြေအနေတွေက တိုးတက်မလာသေးပါဘူး။ ကရင်တွေရဲ့ ရပိုင်ခွင့်နဲ့ ကာကွယ်ပေးမှုတွေ အာမခံချက် မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာအရေးပါတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအတွက်နဲ့ ကျွန်မတို့ အသိုင်းအဝိုင်းနဲ့ ထာဝရငြိမ်းချမ်းရေးရဖို့ဆိုရင် ကိုင်တွယ်ဖြေရှင်းရမယ့် အရေးကြီးတဲ့ ကိစ္စတွေ ရှိပါတယ်” ဟုZoyaPhan က ပြောသည်။

ကရင်နိုင်ငံရေးအကျဉ်းသား (160) ကျော်သည် ထောင်ထဲတွင် ရှိနေဆဲ ဖြစ်သည်။ “အခု မြန်မာနိုင်ငံမှာတွေ့ရတာကတော့ pause ခလုတ် နှိပ်ထားတာပါ။ stop ခလုတ်နှိပ်တဲ့အဆင့် မဟုတ်ပါဘူး” ဟု မြန်မာနိုင်ငံတွင်းရှိ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများနှင့် ပတ်သက်၍ သူမက ပြောကြားခဲ့သည်။ “ဖိနှိမ့်တဲ့ ဥပဒေတွေကရှိနေသေးတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံးလည်း မလွှတ်သေးပါဘူး။ တိုင်းရင်းသား ပဋိပက္ခတွေလည်း အဆုံးမသတ်နိုင်သေးပါဘူး” ဟုသူမကကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကို ရည်ညွန်း၍ ပြောသည်။

“ကျွန်မတို့ ဒါတွေ ရပ်သွားတာကို မြင်လိုပါတယ်။ တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်တာ မြင်လိုပါတယ်။ ကရင်ပြည် တစ်ခုတည်း မဟုတ်ပါဘူး” ဟု သူမကပြောသည်။ မြန်မာအစိုးရတာဝန်ရှိသူများဘက်မှ မှတ်ချက်ကိုမူတောင်းခံ၍ မရခဲ့ပါ။

**************************************************************

တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် ဆွေးနွေးပွဲ ဝမ်ကျားပေါင်ဖွင့်လှစ်

(BBC သတင်းဌာနမှ 5 March 2012 ရက်စွဲပါ China's premier Wen opens National People's Congress ကို ဘာသာ ပြန်ဆိုသည်)

လက်ရှိတရုတ်အစိုးရ ခေါင်းဆောင်မှု လက်ထက်တွင် နောက်ဆုံးအကြိမ်အဖြစ်ကျင်းပသော ပါလီမန်ဆွေးနွေးပွဲအခမ်းအနားကို ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ဖွင့်လှစ်ပေးလိုက်ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ဘေဂျင်းမြို့တော်ရှိ Great Hall of People တွင် မတ်လ ၅ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပြီး ကိုယ်စားလှယ်ပေါင်း ၃၀၀၀ ခန့်ကို ဝမ်ကျားပေါင်ကမိန့်ခွန်းပြောဆိုရာတွင် မြေယာပိုင်ဆိုင်ခွင့်၊ စစ်ရေးအသုံးစရိတ်၊ ငွေကြေးဖောင်းပွမှုနှင့် အလုပ်အကိုင်ဖန်တီးမှု အစရှိသည်တို့ကို ၎င်းက မိန့်ခွန်းထဲတွင် ထည့်သွင်းပြောဆိုသွားသည်။ ယင်းပါလီမန်ဆွေးနွေးပွဲသည် ယခုနှစ်ကုန်ပိုင်း ခေါင်းဆောင်အပြောင်းအလဲ မပြုလုပ်မီ နောက်ဆုံးကျင်းပသော ဆွေးနွေးပွဲလည်းဖြစ်သည်။

ဆယ်စုနှစ်တစ်ခုတွင်း တစ်ကြိမ်သာပြုလုပ်သည့် အာဏာအပြောင်းအလဲဖြစ်စဉ်ကို လာမည့်အောက်တိုဘာလတွင် လုပ်ဆောင်သွားရန် စီစဉ်ထားပြီး ဖြစ်သည်။ ထိုအချိန်တွင် လက်ရှိ ဒုတိယသမ္မတ Xi Jinping က တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် နေရာကို သမ္မတဟူဂျင်တောင်ထံမှ လွှဲပြောင်းရယူလိမ့်မည်ဟု ယုံကြည်ရသည်။ သတင်းထောက်များ၏ အဆိုအရ ယခု ပါလီမန်ဆွေးနွေးပွဲနောက်ကွယ်တွင် စီနီယာအရာရှိကြီးများ၏ အာဏာလုပွဲများ ရှိနေမည်ဖြစ်ကြောင်း၊ သို့သော် ကွန်မြူနစ်ပါတီအနေဖြင့် အာဏာရှိပုဂ္ဂိုလ်များအကြား အကွဲအပြဲဖြစ်မှုများကို ဖုံးအုပ် ထိန်းသိမ်းထားမည်သာ ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံအတွက် 'နိုင်ငံတော်အခြေပြမိန့်ခွန်း' ပြောဆိုရာတွင် မစ္စတာဝမ်ကျားပေါင်က "တရုတ်ပြည်သည် ယခုနှစ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်း ၇ ဒဿမ ၅ ရာခိုင်နှုန်းရှိရန် ရည်မှန်းထားသည်" ဟု ဆိုသည်။ အဆိုပါနှုန်းထားသည် လွန်ခဲ့သည့် ၈ ရှစ်တာကာလအတွင်းရှိခဲ့သော ၈ ရာခိုင်နှုန်းထက်လျော့နည်းသည်။ ယခုလိုပြုလုပ်ရခြင်းမှာ တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးမှုလမ်းကြောင်းတွင် အပြောင်းအလဲများ ပြုလုပ်နိုင်ရန် ဦးတည်ခြင်းဖြစ်ကြောင်း၊ သို့မှသာ ရည်ရှည်တည်တံ့မှုနှင့် ကျန်းခံ့သာမှုပိုမိုရရှိမည်ဖြစ်ကြောင်း ဝမ်ကျားပေါင်ကပြောဆိုသည်။

တရုတ်ပြည်သည် ငွေကြေးဖောင်းပွမှုနှုန်းကိုလည်း ၄ ရာခိုင်နှုန်းခန့်ရှိမည်ဟု မျှော်မှန်းထားပြီး မြို့ပြဒေသများတွင် အလုပ်အကိုင်သစ် ၉ သန်းခန့်ဖန်တီးပေးမည်ဟု ကတိပြုထားသည်။ ထို့ပြင် ပြည်တွင်းစားသုံးမှုမြှင့်တင်ရေး၊ လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးစရိတ်တိုးမြှင့်ရေး၊ လူလတ်တန်းစားနှင့် အောက်ခြေလူတန်းစားများ ဝင်ငွေတိုးမြှင့်ရေးအစရှိသည်တို့ကိုလည်း ပြောဆိုသည်။

"ပုံမှန်နဲ့ အင်အားကောင်းမွန်မှုရှိတဲ့ စီးပွားရေးဖွံ့ဖြိုးမှုမျိုးကိုဖော်ဆောင်ဖို့ ကျွန်တော်တို့ရည်မှန်းထားပါတယ်။ ဈေးနှုန်းတွေ ပုံမှန်ဖြစ်အောင် ထိန်းထားမယ်၊ ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်မျိုးတွေ မပေါ်ပေါက်စေရေးအတွက် သင့်တင့်လျောက်ပတ်တဲ့ အဆင့်တစ်ခုကနေ ချေးငွေထောက်ပံ့မှုမျိုးတွေ ပြုလုပ်မယ်။ တိုးသာဆုတ်သာရှိတဲ့ ချဉ်းကပ်မှုမျိုးနဲ့ သတိရှိရှိလုပ်ဆောင်သွားမှာဖြစ်ပါတယ်" ဟု ဝန်ကြီးချုပ်ဝမ်ကျားပေါင်ကဆိုသည်။

"လယ်သမားတွေအနေနဲ့ သူတို့စာချုပ်ထားတဲ့လယ်ယာမြေမှာ အလုပ်လုပ်ခွင့်ရရှိဖို့၊ လယ်ယာမြေထဲမှာရှိတဲ့ သူတို့ရဲ့နေအိမ်မှာနေထိုင်ခွင့်ရဖို့၊ စတဲ့အရေးကိစ္စတွေကို ဥပဒေအရသတ်မှတ်ပြဌာန်းထားတဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်အတိုင်း လုပ်ကိုင်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အဲဒီအခွင့်အရေးတွေကို မည်သူတစ်ဦးတစ်ယောက်ကမျှ ဖျက်ဆီးလို့မရပါဘူး" ဟု လယ်ယာမြေအခွင့်အရေးနှင့် ပတ်သက်၍ ၎င်းကဆိုသည်။ တရုတ်နိုင်ငံ၊ ဝူကန်ပြည်နယ်၊ ဂွမ်ဒေါင်းကျေးရွာတွင် ဖွံ့ဖြိုးရေးစီမံကိန်းအတွက် လယ်ယာမြေအသိမ်းခံရမှုများ မကြာသေးခင်က ဖြစ်ပွားခဲ့ရာ အဆိုပါကိစ္စအပေါ် ကန့်ကွက် ဆန္ဒပြမှုများလည်း ထွက်ပေါ်ခဲ့သည်။ သို့အတွက်ကြောင့် လယ်ယာမြေအခွင့်အရေးကိစ္စသည် လတ်တလောတရုတ်ပြည်အတွက် အလွန် အရေးကြီးကြောင်း သတင်းထောက်များက ဆိုသည်။

အဆိုပါ ပါလီမန်ဆွေးနွေးပွဲတွင် တရုတ်ပြည်လုံခြုံရေး ကိစ္စသည်လည်း အရေးကြီးသည့်နေရာမှ ပါဝင်ခဲ့သည်။ ယခုနှစ်အတွက် စစ်ရေး အသုံးစရိတ်ကို ၁၁ ဒဿမ ၂ ရာခိုင်နှုန်းတိုးမြှင့်မည်ဖြစ်သည်ဟု ပါလီမန်ကကြေညာသည်။ ယင်းသို့တိုးမြှင့်ခြင်းကြောင့် တရုတ်စစ်အသုံးစရိတ်မှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက်သို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိသွားမည်ဖြစ်သည်။

"တပ်မတော်ရဲ့စွမ်းရည်ကို ကျွန်တော်တို့တတွေ ဘက်ပေါင်းစုံကနေမြှင့်တင်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် သတင်း အင်ဖော်မေးရှင်း ခေတ်ကြီးမှာ ဖြစ်တဲ့ တိုက်ပွဲတွေကိုအနိုင်ရရှိအောင်လုပ်ဆောင်သွားရမှာပါ" ဟု မစ္စတာဝမ်ကျားပေါင်ကဆိုသည်။ လတ်တလောကာလများအတွင်း တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင်တွင်း ရေပိုင်နက်ကိစ္စနှင့်ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများနှင့် အချင်းများလျက်ရှိသည်။

အများပြည်သူဆိုင်ရာဝန်ဆောင်မှု အသုံးစရိတ်ကိုမူ ယခုနှစ်အတွင်း ၁၁ ဒဿမ ၅ ရာခိုင်နှုန်းမြှင့်တင်သွားမည်ဟု ပါလီမန်ဆွေနွေးပွဲတွင် ကြေညာသည်။ တစ်နှစ်တာအတွက် အများပြည်သူဆိုင်ရာဝန်ဆောင်မှုအသုံးစရိတ် စုစုပေါင်းပမာဏမှာ ဒေါ်လာ ၁၁၁ ဘီလီယံခန့်ရှိမည်ဖြစ်သည်။

*****************************************************************

မြန်မာကဲ့သို့ ကျင့်ကြံကြရန် ရန်ဘက်နိုင်ငံများကို အိုဘားမားတိုက်တွန်း

(Global Post မှ 5 Mar 2012 ရက်စွဲပါ Obama to rival states: be like Burma ကို ဘာသာပြန်ဆိုသည်)

၂၀၁၂ အမေရိကန်သမ္မတရွေးပွဲ နီးကပ်လာသည်နှင့်အမျှ သမ္မတဘားရက်အိုဘားမားက အရှေ့တောင် အာရှတွင် ပြင်ဆင်ပြောင်းလဲနေသော မြန်မာနိုင်ငံကို အမေရိကန်တို့၏ ပြောင်မြောက်သော ကျင့်ဝတ် စောင့်စည်း အားပေးမှုဖြင့် အမှောင်ထဲမှ ထွက်လာသည့် နိုင်ငံအဖြစ် အကောင်းဆုံး ဥပမာပေး တင်ပြလိုက်ပြီဖြစ်သည်။

“အမေရိကားဟာ ပစိဖိတ်ရဲ့ အင်အားဖြစ်တယ်ဆိုတာကို ကျွန်တော်တို့သဲသဲကွဲကွဲပြနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံလိုဒီမိုကရေစီလမ်းကြောင်းအတိုင်း ပြုပြင် ပြောင်းလဲကြမယ့် နိုင်ငံတွေဟာအမေရိကန်ပြည်ထောင် စုနဲ့ နွေးထွေးတဲ့ ဆက်ဆံမှုအသစ်ကိုရရှိလိမ့်မယ်ဆိုတာကိုလည်း ကျွန်တော်တို့ ပြသခဲ့ပါတယ်” ဟု MSNBC က ရိုက်ကူးထုတ်လွှင့်သောစည်းရုံးမဲဆွယ်ပွဲတွင် အိုဘားမားကပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာကျင့်ဝတ်သိက္ခာစောင့်စည်းမှုကိုစံနမူနာထားတဲ့ အင်အားပါဝါနဲ့ နောက်တစ်ကြိမ် ဦးဆောင်နေပါပြီ။ ဒါဟာဘယ်လောက်တောင် ပြောင်းလဲသွားသလဲ ဆိုတာကို ပြသနေပါတယ်”ဟု အိုဘားမားက ဆိုသည်။

Myanmar ဟု တရားဝင်နာမည်ပေး ကင်ပွန်းတပ်ထားသော Burma သည် ယခုအခါ အိုဘားမားအစိုးရ နှင့် အမှန်တကယ်ပင် သစ်လွင်နွေးထွေးသော ဆက်ဆံရေးကို ရရှိနေပြီဖြစ်သည်။ သို့သော် အမေရိကန်တို့သည် မြန်မာနိုင်ငံ၏ အပြင်ဥခွံကိုစတင်ခွဲရုံသာ ရှိပါသေးသည်။ ကြီးလေးသော အရေးယူပိတ်ဆို့မှု Sanctions များမှာမူကျန်ရှိနေဆဲဖြစ်ပါသည်။ ထို့ကြောင့် အချို့ကအနောက်နိုင်ငံတို့၏ ရင်း နှီးမြှုပ်နှံမှု ကတိကဝဏ်နှင့် အတူ တရုတ်လွှမ်းမိုးမှု အန္တရာယ်တို့ကအမေရိကန်တို့၏ ကျင့်ဝတ်စောင့်စည်းအားပေးမှုထက် မြန်မာရီဖော်မာခေါင်းဆောင်များကို ပိုမိုဆွဲဆောင်နိုင်ကြောင်း သိသာ ထင်ရှားနေသည်ဟု မှတ်ချက် ပေးကြသည်။ ယခုအချိန်ထိမူအိုဘားမားအနေဖြင့် မြန်မာနိုင်ငံကို အကောင်းဆုံးဥပမာပေးပြောကြားကာ အဆင်ပြေနေပုံ ရသည်။

ယင်းအနေဖြင့် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုကိုအမေရိကန်နိုင်ငံရေးပါတီနှစ်ခုစလုံး၏ အားထုတ်မှုဟုပင် တင်စားပြောဆို၍ ရနိုင်သည်။ ဒီမိုကရက် ဟီလာရီကလင်တန်နှင့် ရီပတ်ဘလစ်ကန်ဆီနိတ် တာ ဂျွန်မက်ကိန်းတို့နှစ်ဦးစလုံး မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးရန် နေပြည်တော်သို့ အသီးသီး သွားရောက် ခဲ့ကြပြီဖြစ်ပေသည်။ သို့သော် မြန်မာတို့၏ နေသစ်သည် အမေရိကန်မဲဆန္ဒရှင်များစွာကို လှုံ့ဆော်နိုင်ပါ့မလားဟု မေးခွန်းထုတ်ပါက မဖြစ်နိုင်ဟု ဖြေရပါမည်။

အိုဘားမားအနေဖြင့် အီရန်နှင့် ပတ်သက်၍ ဘတစ်ပြန်ကျားတစ်ပြန်ပြစ်တင်ပြောဆိုခြင်းမပြုမှီ မြန်မာနိုင်ငံအကြောင်းကို ရှေ့တန်းတင် ပြောဆိုခြင်း မပြုပါက ဤလှုံ့ဆော်မှုသည် သိသိသာသာ ဂရုစိုက်မိကြခြင်းမရှိပဲ လွင့်ပျယ်သွားဖွယ် ရှိနေသည်ဟု သုံးသပ်တင်ပြလိုက်ရပါသည်။

*********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment