Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၇.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီနိုင်ငံတော် မြန်မာလူမျိုးများနှင့် အနာဂတ်ခရီး

*****************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီနိုင်ငံတော် မြန်မာလူမျိုးများနှင့် အနာဂတ်ခရီး

ကလျာ(စီးပွားရေးတက္ကသိုလ်)

(Myanmar Times အတွဲ (၂၈) အမှတ် (၅၅၈)မှ ထုတ်ယူဖော်ပြသည်)

မြန်မာနိုင်ငံသည် စတုရန်းမိုင်ပေါင်း ၂၆၁,၂၂၈ မိုင် ကျယ်ဝန်းပြီး လူဦးရေစုစု ပေါင်း ၅၅ သန်းကျော်ရှိကာ အိမ်နီးချင်းနိုင်ငံများ ဖြစ်သော အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ဝန်းရံလျက်တည်ရှိပြီး တရုတ်နှင့် အိန္ဒိယပြီးလျှင် တတိယအကြီးဆုံးနိုင်ငံ ဖြစ်သည်။ ပင်လယ်ထွက်ပေါက် အဖြစ် ဘင်္ဂလားပင်လယ်အော် (Bay of Bangal)နှင့် အန်ဒမန်ပင်လယ် (Adman Sea) တို့ရှိသည်။

မြန်မာနိုင်ငံသည် မိမိတို့ဘိုးဘွားဘီဘင် ရှေးယခင်နှစ်ပေါင်းများစွာကပင် မြေပေါ်၊မြေအောက်၊ သယံဇာတများ ပေါကြွယ်ဝသဖြင့် ကမ္ဘာ့အလယ် တွင် ထင်ရှားခဲ့ကြောင်းလည်း မှတ်သားရပါသည်။ သယံဇာတ ပေါကြွယ်ဝခြင်းသည် လောကတွင် ကောင်းကျိုးနှင့်ဆိုးကျိုး နှစ်ဖြာသောရလဒ်များ ခံစားရမြဲ ဖြစ်သည့်အားလျော်စွာ ထိုအချက်များကြောင့် မြန်မာနိုင်ငံသည် ကိုလိုနီလက်အောက်ခံနိုင်ငံအဖြစ် နှစ်ပေါင်း ၁၀၀ ကျော် ကျရောက်ခဲ့ဖူးလေပြီ။ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ကိုယ့် လူမျိုး၊ ကိုယ့်ဓလေ့နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရနိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်လျက် ရှိပေသည်။

မြေပေါ်သယံဇာတများမှာ နှစ်ပေါင်းများစွာဖြတ်သန်းခဲ့ပြီးနောက် စာရေးသူတို့လက်ထက်တွင် အကန့်အသတ်ဖြင့်သာ ကျန်ရှိတော့၏။ မြေအောက် သယံဇာတများမှာလည်း ထိုနည်းနှင်နှင် ရှိချေတော့မည်သာ၊ စာရေးသူသတိပြုမိသော မြန်မာနိုင်ငံမှ နိုင်ငံသားများ၏ ကုန်ထုတ်လုပ်မှုနှင့် ကုန်ဝယ်ယူမှု အခြေအနေတချို့ကို နှိုင်းယှဉ်တင်ပြလိုပါသည်။

ယနေ့အချိန်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုသည် များသောအားဖြင့် ကုန်ကြမ်းကို ထုတ်လုပ်ရောင်းချနိုင်သေးသည့် အနေအထားတွင်သာ ရပ်တည် လျက်ရှိသည်။ သစ်၊ ရာဘာ၊ ရေနံ၊ သဘာဝဓါတ်ငွေ့မှအစ အခြားတွင်းထွက်သယံဇာတများအားလုံးသည် လည်းကောင်း၊ စိုက်ပျိုးရေး နိုင်ငံဖြစ်သည့် အားလျော်စွာ ထွက်ရှိလာသော ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငရုတ်နှင့် အခြားလယ်ယာထွက် သီးနှံများသည် လည်းကောင်း၊ ရေထွက်ကုန် ပစ္စည်းများဖြစ်သည့် သား၊ ငါး၊ ပုဇွန် နှင့် အခြား ရေထွက်ကုန်ပစ္စည်းများကိုသော်လည်းကောင်း၊ ကုန်ကြမ်းအဖြစ်သာ ထုတ်လုပ်ရောင်းချလျက် ရှိပေသည်။

စာရေးသူသုံးနှုန်းလိုက်သော ကုန်ကြမ်းဟုဆိုရာ၌ ဆန် နှင့် ပဲအမျိုးမျိုးကို မည်သို့မည်ပုံကုန်ချော လုပ်ဆောင်ရန် လိုအပ်ပါမည်နည်းဟု အငြင်းမပွား စေလိုပါ။ ကုန်ချောဟူသော ခေါင်းစဉ်အောက်၌ ထုတ်လုပ်သောကုန်ပစ္စည်း၏ ထုပ်ပိုးနည်းစနစ် မှန်ကန်မှု၊ ဈေးကွက်၌ ဆွဲဆောင်မှုရှိစေရန် ဖန်တီး တင်ပြနိုင်မှု၊ ထုပ်ပိုးထားသော ပစ္စည်းများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းကို အာမခံနိုင်မှု၊ စားသုံးသူများ အလွယ်တကူဝယ်ယူ စားသုံးနိုင်သည်အထိ အချောသတ်ထုတ်လုပ်မှုနှင့် ဈေးကွက်၌ မိမိကုန် ပစ္စည်း၏ မူပိုင်တံဆိပ်နှင့် ပုံမှန်ဈေးကွက် (Standard Price) ရရှိနိုင်မှုတို့ကို လုပ်ဆောင်နိုင်ပါမှ မြန်မာ့ထုတ် ကုန်ပစ္စည်းများကို ကမ္ဘာမှ သိပေရော့မည်။ယခု အချိန်တွင်မူ ကမ္ဘာ့အလယ်တွင် မဆိုထားဘိ၊ အရှေ့တောင်အာရှ တစ်လွှားတွင်ပင် မြန်မာ့ထုတ်ကုန်များကို စားသုံးသူသို့ မိမိကုန် ပစ္စည်းမူပိုင် တံဆိပ်နှင့် တိုက်ရိုက်ရောင်းချ မိတ်ဆက်နိုင်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံသည် ဆန်ရေ စပါးနှင့် အခြားကောက်ပဲသီးနှံများ ပေါများလှကြောင်း၊ ရေထွက်ကုန်ပစ္စည်းများ ပေါ ကြွယ်ဝသဖြင့် မိမိနိုင်ငံအတွက် ရိက္ခာ ဖူလုံရုံသာမက ပို့ကုန်အဖြစ်ပင် ပြန်လည် ရောင်းချရကြောင်း ရေးသားဖော်ပြကြသည်ကို စာရေးသူ စာဖတ်တတ်စ ကလေးဘဝအရွယ်ကပင် ဖတ်ရှု လေ့လာရပါ၏။ သို့သော်ယနေ့ ပြယုဂ်ကို ကြည့်ပါ။ မြန်မာလူမျိုးများသည် သွားကြားထိုးတံ၊ ၀ါးတူနှင့် အိမ်သာသုံးစက္ကူမှအစရှိသော အိမ်သုံး ပစ္စည်းအမျိုးမျိုး တို့ကိုသော်လည်းကောင်း၊ အိမ်သုံးနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးမျိုးစုံတို့ကိုသော်လည်းကောင်း၊ စက်ရုံအလုပ်ရုံ သုံးစက်ပစ္စည်းများနှင့် အပိုပစ္စည်းမျိုး စုံတို့ကိုသော်လည်းကောင်း၊ များသောအားဖြင့် အိမ်နီးချင်း တိုင်းပြည်များမှ ဝယ်ယူသုံးစွဲနေကြ၏။ အ၀တ်အထည်၊ အလှကုန်ပစ္စည်းနှင့် တစ်နိုင်ငံလုံး သုံးစွဲလျက်ရှိသော ပစ္စည်းပေါင်းများစွာတို့ကို အိမ်နီးချင်းနိုင်ငံများမှ ကုန်ချော တန်ဖိုးဖြင့် အမြတ်ပေး ၀ယ်ယူသုံးစွဲလျက်ရှိပြီး မိမိတို့နိုင်ငံ ထွက်ပစ္စည်းများကိုမူ အနိမ့်ဆုံးဈေးဖြင့်သာ နီးစပ်ရာအိမ်နီးချင်းနိုင်ငံများသို့ ရသမျှဈေးဖြင့် ထိုးရောင်းခြင်းဖြင့် ပြည်ပ၀င်ငွေရှာမှီးနေကြ၏။အဆုံး၌မူကား အိတ်ပေါက်နှင့် ဖားကောက်ဟူသော မြန်မာစကားပုံဖြင့်သာ ဥပမာတင် စားရပေတော့မည်။

ဤသည်မှာ တစ်နိုင်ငံလုံး၏အရေးဖြစ်၏။ အဘယ်အကြောင်းကြောင့် မြန်မာတစ်နိုင်ငံလုံး ဤအခြေအနေကို လက်ခံကျင့်သုံးနေကြပါသနည်း။ နိုင်ငံရေးအကြောင်းတစ်ခုတည်းကြောင့်ဟု အပြစ်ပုံချလျှင်တော့ အဖြေမှန်မထွက်နိုင်ပါ။ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပေါ်လစီသည် နိုင်ငံအတွက် အရေးပါသကဲ့သို့

(က) မိမိတို့ပြည်သူပြည်သားများ၏ ကိုယ်ပိုင်ခံယူချက်

(ခ) အသိပညာ၊ အတတ်ပညာနှင့် နည်းပညာအသုံးချနိုင်မှု

(ဂ) ကောင်းကျိုး၊ ဆိုးကျိုးထောက်ချင့်နိုင်မှုနှင့် ပညာရေးကဏ္ဍတို့သည်လည်း တိုင်းပြည်တစ်ပြည်၏ တိုးတက်ဖွံ့ဖြိုးမှုတွင် အရေးပါသော အခြေခံ အချက်များ အဖြစ် သက်ရောက်မှုရှိကြောင်းကိုလည်း သတိမူသင့်လှပေသည်။

အာရှနိုင်ငံများထဲမှ ဂျပန်နိုင်ငံကို ကောက်နှုတ်တင်ပြလိုပါသည်။  ဧရိယာ အကျယ်အ၀န်းအားဖြင့် ၁၄၅,၉၀၂ စတုရန်းမိုင်ခန့်ရှိပြီး ဥပမာ အားဖြင့် ကယ်လီဖိုးနီးယား ပြည်နယ်သာသာခန့်သာ ကျယ်ဝန်းသော အရှေ့အာရှနိုင်ငံ တစ်နိုင်ငံလည်းဖြစ်၏။ ဂျပန်နိုင်ငံသည် ၂၀၀၈ ခုနှစ်စာရင်းအရ လူဦးရေ ၁၂၇ ဒသမ ၇ သန်းခန့် နေထိုင်လျက်ရှိသော ကျွန်း နိုင်ငံလေးဖြစ်၏။ ဒုတိယကမ္ဘာစစ်အပြီးတွင် စစ်ရှုံးနိုင်ငံအဖြစ် စစ်လျော်ကြေးများ ပေးလျော်ခဲ့ရသည့်အပြင် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များမှာလည်း နျူကလီးယားလက်နက်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ၍ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ ပထဝီအနေအထား ကြောင့် မီးတောင်ပေါက်ကွဲမှုများနှင့် ငလျင်ဒဏ်ကို မကြာခဏ ရင်ဆိုင်ဖြေရှင်းနေရသော နိုင်ငံလည်း ဖြစ်၏။ ကမ္ဘာ့ငလျင်လှုပ်ခတ်မှုများ၏ ၁၂ ရာခိုင်နှုန်း သည် ဂျပန်တွင်ဖြစ်ပေါ်လျက်ရှိ၏။ သို့သော် ဂျပန်နိုင်ငံသည် ၂၀၁၁ ခုနှစ်၊ မတ်လ ဆူနာမီသဘာဝဘေးဒဏ် မခံစားရခင်အချိန်အထိ အမေရိကန်နှင့် တရုတ်တို့ ပြီးလျှင် ကမ္ဘာ့တတိယမြောက် စီးပွားရေး အတောင့်တင်းဆုံး နိုင်ငံအဆင့်၌ ရပ်တည်ခဲ့ပြီး ဟွန်ရှူးကျွန်း၏ အရှေ့မြောက်တွင်ရှိသည့် ဖူကူရှီးမားဒိုင် အိချိ နျူကလီးယားစက်ရုံမှ ဆူနာမီ ဘေးနှင့် ၉ ဒသမ သုည ရစ်ခ်ျတာစကေး ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ရင်ဆိုင်ရသော နျူကလီးယား ဓာတ်ရောင်ခြည်ယိုစိမ့်မှုများအား ထပ်မံရင်ဆိုင်ရသဖြင့်သာ ယနေ့အချိန်တွင် ထိုအဆင့် မှ လျှောကျ ရပ်တည်နေရခြင်းဖြစ်သည်။

အဘယ်ကြောင့် ဂျပန်နိုင်ငံချမ်းသာကြွယ်ဝ၍ အောင်မြင်သောနိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် တင့်တယ်ခဲ့ပါသနည်း။ မြေပေါ်မြေအောက် သယံဇာတများ ပေါကြွယ်ဝသော နိုင်ငံဖြစ်ခြင်းကြောင့်နှင့် ထိုသယံဇာတများကို ထုတ်လုပ်ရောင်းချနိုင်ခြင်းကြောင့် စီးပွားရေး တောင့်တင်းခိုင်မာသော နိုင်ငံအဖြစ် ရောက်ရှိ ခဲ့ခြင်းမဟုတ်ဘဲ ဂျပန်နိုင်ငံ၏ တစ်ခုတည်းသော သယံဇာတအဖြစ် ပညာတတ် လူသားအရင်းအမြစ် ဂျပန်လူမျိုးများကို နိုင်ငံအတွက် ပြုစုပျိုးထောင်နိုင်ခဲ့ခြင်းကြောင့်သာ ထိုလူသားအရင်းအမြစ်ကို အခြေပြု၍ တိုင်းပြည်နှင့်လူမျိုး တိုးတက်ကြီးပွားကြောင်းကို ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းကို စာရေးသူတင်ပြလိုပါသည်။ ထို့ပြင် ဂျပန်လူမျိုးများ၏ မျိုးချစ်စိတ်နှင့် မိမိနိုင်ငံအပေါ် အကျိုးပြုလိုစိတ်ကိုလည်း ဤနေရာတွင် မှတ်မှတ် ထင်ထင် ဂုဏ်ပြုချီးကျူး လိုပါသည်။ စစ်ပြီးကာလအတွင်း အခြားနိုင်ငံများ၌ သွားရောက် နေထိုင်နေကြသော ဂျပန်နိုင်ငံသားများသည် မိမိတို့တွေ့မြင် သင်ကြားလေ့လာခဲ့ကြသော အခြားတိုးတက်သည့် နိုင်ငံကြီးများမှ နည်းပညာများကို မိမိနိုင်ငံအတွက် အင်တိုက်အားတိုက်အသုံးချကာ မိမိတို့နိုင်ငံ၏ဂုဏ်ကို မိမိတို့ ကာယ၊ ဉာဏအားဖြင့် ပူးပေါင်း မြှင့်တင်ခဲ့ကြခြင်းပင် ဖြစ်ပေသည်။

ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းသို့ ဦးတည်လျက်ရှိသည်။ အုပ်ချုပ်သူ အစိုးရအပြင် မြန်မာနိုင်ငံ သားတစ်ဦးချင်း၌လည်း မိမိနို&