Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၃.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. UNDP က မြန်မာနိုင်ငံတွင် အစီအစဉ်များ အပြည့်အဝ ပေးနိုင်ရေး ကြိုးပမ်း

(Channel News Asia မှ 13 March 2012 ရက်စွဲပါ UN pledges to establish full country programme in Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. ဘီဘီစီ စင်တာသစ်မှ မြန်မာဘာသာဖြင့် ပထမဆုံးထုတ်လွှင့်

(AFP သတင်းဌာနမှ 11 March 2012 ရက်စွဲပါ BBC makes first broadcast from new centre - in Burmese ကို ဘာသာ ပြန်ဆိုသည်)

*****************************************************************************

UNDP က မြန်မာနိုင်ငံတွင် အစီအစဉ်များ အပြည့်အဝ ပေးနိုင်ရေး ကြိုးပမ်း

(Channel News Asia မှ 13 March 2012 ရက်စွဲပါ UN pledges to establish full country programme in Myanmar ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၌ တိုးတက်ရေးလုပ်ဆောင်ရာတွင် အစိုးရအဖွဲ့အစည်းများ တည်ဆောက်ရေးနှင့် အကျင့်ပျက် ခြစားမှု ကဲ့သို့သော ကိစ္စများ ကိုင်တွယ်ရေးကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အကြီးအကဲ ဟယ်လင်ကလာ့ခ် (Helen Clark) က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်သစ်တစ်ခုသို့ ရောက်ရှိမည့် လက္ခဏာများ ပြသလျက် ရှိသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) မှ အုပ်ချုပ်သူတစ်ဦးဖြစ်သူ မစ္စကလာ့ခ်က "မြန်မာနိုင်ငံမှာ ခေတ်မီနိုင်ငံတော်ကို အလုပ်အကျွေးပြုမယ့် အဖွဲ့အစည်းတွေ တည်ဆောက်ဖို့ အကူအညီတွေ လိုအပ်နေပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် စိတ်အားထက်သန်ပြီး ခက်ခက်ခဲခဲ ကြိုးစားနေရပါတယ်။ ကမ္ဘာကို တံခါးဖွင့် ပေးနေတာတွေနဲ့ တိုင်းပြည်ထဲက ထွက်ပေါ်လာတဲ့ လက္ခဏာတွေက အားတက်စရာပါ။" ဟု ဆိုသည်။

သို့သော် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးမှာ နိုင်ငံတည်ဆောက်ရေးအတွက် အဓိက သော့ချက်ဖြစ်ကြောင်း စောင့်ကြည့် လေ့လာသူများက ညွှန်ပြကြသည်။ "UNDP ဟာ မြန်မာမှာ အပြည့်အဝ အကူအညီပေးနိုင်တဲ့ အဖြစ်မျိုး ရောက်ချင်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒါကို ဖြစ်အောင် လုပ်ရင် ဖြစ်လာမယ့် သက်ရောက်မှုတွေကို မျှော်လင့်နေပါတယ်။ ကျွန်မတို့အနေနဲ့ အစိုးရအဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အကျင့်ပျက် ခြစားမှုလို အရေးကိစ္စတွေကို ကိုင်တွယ်ဖို့ အကူအညီ ပေးနိုင်တဲ့ နေရာ ရလာလိမ့်မယ်လို့ ထင်ပါတယ်။ ဖွံ့ဖြိုး တိုးတက်မှုကို ကောင်းစွာ လုပ်ဆောင်နိုင်ဖို့ဟာ အရေးကြီးလှပါတယ်။ အစိုးရမှာ ဗဟိုကနေ အောက်ခြေထိ တာဝန်ရှိသူတွေ စွမ်းရည်မြှင့်တင်ရေးနဲ့ ကျွမ်းကျင်မှု ရှိအောင် လုပ်ဆောင်ပေးဖို့ လိုပါတယ်။ ဒါမှသာ ဉာဏ်ကြီးကြီးနဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာ ဖြစ်ပါတယ်" ဟု မစ္စကလာ့ခ်က ပြောသည်။

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် ကွဲပြားနေသော တိုင်းရင်းသားအမျိုးမျိုးကြား၊ စည်းလုံးညီညွတ်မှုကို ပြင်းပြစွာ လိုလားနေပြီး အစိုးရတပ်များနှင့် ကချင်သူပုန်များကြား ပဋိပက္ခကို အမြန်ဆုံး ရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် လူတစ်ဦးစီ၌ အမြင်တစ်မျိုးစီ ရှိနေကြပေသည်။ ဖြစ်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုများတွင် အော်ဂဲနစ် စိုက်ပျိုးရေးလုပ်ငန်း (Organic farming)နှင့် ပတ်ဝန်းကျင် အခြေပြု ခရီးသွားလုပ်ငန်း (Ecotourism) တို့ကို ဖွံ့ဖြိုးအောင် ပြုလုပ်ပေးရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်သူများအနေဖြင့် ရှေ့တွင် လုပ်ဆောင်ဖွယ်ရာများအတွက် စဉ်းစားစရာများစွာ ရှိသော်လည်း ယနေ့ အများဆုံး လိုအပ်ချက်မှာ ပြည်သူလူထု လုပ်ဆောင်လိုသော ပြောင်းလဲမှုများ အရှိန်မြှင့်လာအောင် ကူညီနိုင်မည့် မှန်ကန်သော ကူညီထောက်ပံ့မှုများ ပေးနိုင်ရေးပင် ဖြစ်ပါသည်။

*******************************************************

ဘီဘီစီ စင်တာသစ်မှ မြန်မာဘာသာဖြင့် ပထမဆုံးထုတ်လွှင့်

(AFP သတင်းဌာနမှ 11 March 2012 ရက်စွဲပါ BBC makes first broadcast from new centre - in Burmese ကို ဘာသာ ပြန်ဆိုသည်)

လန်ဒန်အခြေစိုက် နာမည်ကျော်သတင်းဌာနဖြစ်သော ဘီဘီစီ-BBC အသံလွှင့်ဌာနက လန်ဒန်ရှိ Broadcasting House ရုံးခွဲသစ်မှ BBC World Service ၏ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်ကို ပထမဆုံး သမိုင်းဝင် ထုတ်လွှင့်ချက်အဖြစ် မတ်လ ၁၁ ရက်နေ့က စတင်ထုတ်လွှင့်နိုင်ခဲ့ကြောင်း သိရသည်။

ဘီဘီစီကို စတင်တည်ထောင်သည်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက နှစ်ပေါင်း ၈၀ ပြည့်သွားပြီဖြစ်ပြီး ကမ္ဘာတစ်ဝန်း၌ BBC World Service ကို နားဆင်သည့် သောတရှင်ပေါင်း ၂၂၅ သန်းခန့်ရှိသည်။ ဘီဘီစီ World Service သည် အခြား ဘီဘီစီကော်ပိုရေးရှင်း၏ လုပ်ငန်းများနှင့်ပူးပေါင်းနိုင်ရန် လန်ဒန်မြို့လယ်ရှိ New Broadcasting House သို့ ရွှေ့ပြောင်းသွားပြီဖြစ်သည်။

အဆိုပါ အဆောက်အအုံသစ်မှ ထုတ်လွှင့်မှုအစီအစဉ်ကို တင်ဆက်ရာတွင် မြန်မာနိုင်ငံမှ သောတရှင်များနှင့် Live တယ်လီဖုန်း ဆက်သွယ် မေးမြန်းမှုများလည်း ပါဝင်သလို နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း အင်တာဗျူး ပြုလုပ်ခဲ့သည်။

"ဒါဟာ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်နဲ့ World Service အတွက် မှတ်တိုင်တစ်ခုပါပဲ" ဟု ဘီဘီစီ အထွေထွေ ညွှန်ကြားရေးမှူး Mark Thompson က ထုတ်လွှင့်မှုအစီအစဉ် ပြီးဆုံးသွားသည့်နောက် သုံးသပ်ပြောကြားသည်။ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်၏ အကြီးအကဲ ဒေါ်တင်ထားဆွေက ဤနေ့သည့် ကြည်နူး ဆွတ်ပျံ့ဖွယ် ကောင်းသောနေ့ ဖြစ်ကြောင်း AFP သတင်းဌာနသို့ ပြောကြားသည်။

"မြန်မာနိုင်ငံမှာ ကျွန်မတို့ရဲ့ ဘီဘီစီမြန်မာပိုင်း အစီအစဉ်ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေတုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ မြန်မာအစိုးရက ဆင်ဆာ တည်းဖြတ်မှုတွေ ပြုလုပ်နေဆဲဖြစ်လို့ပါ" ဟု ၎င်းကဆိုသည်။

ဒေါ်တင်ထားဆွေအဆိုအရ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည်ပင် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ကာလအတွင်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို ပုံမှန် ဖမ်းယူ နားဆင်ခဲ့ပြီး သူမသည် ယနေ့အထိလည်း ဘီဘီစီ၏ သောတရှင်တစ်ဦး ဖြစ်နေဆဲဟု သိရသည်။ ဘီဘီစီ World Service သည် လန်ဒန်မြို့လယ်ရှိ Bush House တွင် ငှားရမ်းစာချုပ် ပြည့်သွားသောကြောင့် ရွှေ့ပြောင်းသွားခြင်း ဖြစ်သည်။ ဗြိတိန်အစိုးရ၏ ဘတ်ဂျက်လိုငွေပြ၍ BBC နှင့် World Service တို့အနေဖြင့် ရန်ပုံငွေ ဖြတ်တောက်ခြင်း ခံရသောကြောင့် အဆောက်အအုံသစ်တွင် ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်ခြင်းဖြစ်သည်။

Mark Thompson က World Service မှာ လွန်စွာအရေးကြီးသည့် အစီအစဉ်တစ်ခု ဖြစ်ကြောင်း၊ အကြောင်းမှာ မြန်မာ၊ ပါရှားနှင့် အာရပ် ကဲ့သို့သော အစီအစဉ်များကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

"ဘက်မလိုက်တဲ့၊ ယုံကြည်စိတ်ချရတဲ့ သတင်းထုတ်လွှင့်ပေးတဲ့ အလေ့အထကို ကျွန်တော်တို့ ဆက်လက် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။ မကြာသေးခင် ကာလအတွင်း အီရန်အစိုးရက ပါရှားဘာသာစကားဖြင့် ထုတ်လွှင့်သော ဘီဘီစီပါရှားအစီအစဉ်အတွက်လုပ်ကိုင်သူ ဂျာနယ်လစ်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြောကြားသည်။ ဗြိတိန်အစိုးရသည် ဘီဘီစီ World Service အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ထောက်ပံ့ပေးသော ရန်ပုံငွေ ၁၆ရာခိုင်နှုန်း (ပေါင် သန်း ၂၇၀) ကို ဖြတ်တောက် လျှော့ချခဲ့သည်။

BBC World Service သည် ဘာသာစကားပေါင်း ၆၈ ခုဖြင့် ထုတ်လွှင့်တင်ဆက်ခဲ့သည်မှာ ဆယ်စုနှစ် ရှစ်ခု ရှိသွားပြီ ဖြစ်သည်။ သို့သော် အဆိုပါ ဘာသာစကား များအနက် ၂၈ ခုမှာ ယခုအခါ အင်တာနက် အွန်လိုင်းတွင်သာ ဖတ်ရှုနိုင်တော့သည်။

*************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment