Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၄.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စနစ်တကျ အလုပ်လုပ်တတ်ကြစေဖို့

*****************************************

ဆောင်းပါးကဏ္ဍ

စနစ်တကျ အလုပ်လုပ်တတ်ကြစေဖို့

အောင်မောင်း

ယခင်တစ်ပတ်က သမ္မတ အုပ်ချုပ်ရေးစနစ်အကြောင်းကို အကျဉ်းမျှ ရေးသားခဲ့ပါသည်။ ဤသည်မှ မိမိနိုင်ငံ သွားနေသည့် လမ်းကြောင်းနှင့် မိမိနိုင်ငံရွေးချယ်ထားသည့် နိုင်ငံရေးစနစ်တို့အကြောင်းကို တင်ပြလို၍ဖြစ်သည်။ စာရေးသူတို့ လူ့အဖွဲ့အစည်းသည် စည်းစနစ်များနှင့် ယဉ်ပါးမှု မရှိခဲ့ သည်မှာ သမိုင်းကြောင်းနှင့်ချီခဲ့သည့် ပြဿနာသာ ဖြစ်ပါသည်။ အကြောင်းသင့်၍ သမိုင်းမှတ်တမ်းတစ်ခုကို တင်ပြရလျှင် ပုဂံရာဇဝင်၌ တောင်သူကြီးမင်း အကြောင်းကို စာရှုသူများ သိရှိပြီးဖြစ်ပါလိမ့်မည်။ တောင်သူကြီးမင်းမှာ မိမိခြံအတွင်း သခွားမွှေးများ ခူးယူစားနေသော  သိန်းခိုမင်းကို ရိုက်သတ်၍ ဘုရင် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သိန်းခိုမင်းမှာ မိမိ၏ ပိုင်နက်အကျယ်အဝန်းကို မသိသလို တောင်သူကြီးမင်းမှာ မိမိကို အုပ်ချုပ်နေသော မင်းအစိုးရမှာ မည်သူ မည်ဝါဖြစ်သည်ကို မသိရှိ၍  ဘုရင်ကို သူခိုးထင်ကာ ရိုက်သတ်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အစိုးရနှင့်ပြည်သူအကြား  သမိုင်းနှင့်ချီ၍ စနစ်တကျ မရှိခဲ့မှုကို အထင်အရှားတွေ့မြင်ရခြင်းသာ ဖြစ်သည်။

မြန်မာနိုင်ငံတွင် Public Administration မှာ အင်္ဂလိပ်လက်ထက်ကျမှသာ အခြေတကျ ဖြစ်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ယခင် ရှင်ဘုရင် များလက်ထက်က နယ်စား၊ မြို့စား၊ ရွာစားများဖြင့် ခန့်ထားအုပ်ချုပ်ခဲ့သော်လည်း လူဦးရေစာရင်း အတိအကျ မရှိခဲ့သလို အခွန်စနစ်မှာလည်း သတ်သတ် မှတ်မှတ်မရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာမင်းများ နယ်ချဲ့ခြင်းမှာလည်း အင်အားကြီးမှုကိုသာပြလို၍ဖြစ်ပြီး ၎င်းတို့ စစ်အောင်နိုင်ရာ နယ်များတွင် ဒေသခံကိုသာ ပြန်လည်မင်းမြှောက်ပြီး သတ်သတ်မှတ်မှတ်မရှိသော ပဏ္ဍာဆက်သမှုကိုသာ ခံယူခြင်းဖြစ်သည်။ အနီးစပ်ဆုံးဆိုရလျှင် မင်းတုန်းမင်း လက်ထက်၌ စက်ရုံ၊ လက်နက်ရုံများ တည်ထောင်ခဲ့သော်လည်း အခွန်အခစနစ်မရှိခဲ့၍ ကနောင်မင်းသားကြီး မသေခဲ့လျှင်ပင် ထိုစက်ရုံများမှာ ရေရှည် လည်ပတ်နိုင်လိမ့်မည်မဟုတ်ချေ။ တစ်အိမ်ထောင်လျှင် ဆယ်ဖို့တစ်ဖို့သာ ကောက်ခံသော ဒဿမေဓ အခွန်တော်စနစ်မှာလည်း သာမန်ပြည်သူမခံသာ၍ အင်္ဂလိပ်ပိုင် အောက်မြန်မာပြည်သို့ အုပ်စုလိုက် ပြောင်းရွှေ့သွားခြင်းမျိုးကို ကြုံခဲ့ရသည်။ ရတနာပုံခေတ် ဒေါင်းဒင်္ဂါးများမှာလည်း  ဘုရင်၏ အသုံးစရိတ် အတွက် ငွေသားစစ်စစ်မဟုတ်သော ခဲရောသော ဒင်္ဂါးများကို အများပြည်သူထံ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် တိုင်တား မင်းကြီးက ဘုရင်သည် မိန်းမယူရန် ပြည်သူများအပေါ် အမြတ်ထုတ်နေခြင်းဖြစ်ပြီး အကယ်၍ အကျိုးအမြတ် ရလိုပါက ဘုရင်မလုပ်ပဲ ကုန်သည်လုပ်စားသင့်သည်ဟု ဝေဖန်သော အခါမှ မင်းတုန်းမင်းကြီးက အလျော့ပေးခဲ့ရခြင်း ဖြစ်သည်။

စာရေးသူအနေဖြင့် ထိုမျှ နိဒါန်းပျိုးနေရခြင်းမှာ ယနေ့လက်ရှိ မြန်မာနိုင်ငံတွင်လည်း အစိုးရအဆက်ဆက်က မူဝါဒပေါင်းစုံချမှတ် အကောင် အထည် ဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့သည်ကများသော  စီမံခန့်ခွဲမှုများအကြောင်းပင် ဖြစ်ပါသည်။  သမိုင်းကြောင်းအရ အုပ်ချုပ်သူ အစိုးရနှင့် ပြည်သူ လူထုမှာ တတ်နိုင်သမျှ ကင်းကင်းရှင်းရှင်းနေခဲ့သည့် အကျိုးဆက်များက ပြည်သူလူထုကိုယ်တိုင် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု နည်းပါးသွားသလို အစိုးရ အနေဖြင့်လည်း ပြည်သူလူထု၏ အသံကို နားထောင်မှု မရှိတော့ခြင်းပင်ဖြစ်သည်။ ထိုသို့ဖြင့် ကောင်းမည်ထင်သည့် မူဝါဒများကို ချမှတ်ဖော်ဆောင်းရင်း ဖြင့်သာ တိုင်းပြည်မှာ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်ဖြစ်ခဲ့ရခြင်းဖြစ်သည်။ တစ်ပါတီစနစ်ပြိုလဲအပြီးတွင် ဦးနေဝင်းက ၎င်းအနေဖြင့် တိုင်းပြည် ဖရိုဖရဲ ဖြစ်နေသည်ကို လုံးဝမသိရှိခဲ့ရပါကြောင်း ထုတ်ဖော်ပြောကြားခဲ့ရသည်မှာ စနစ်ကို ပီပြင်စွာ မကျင့်သုံးနိုင်ခဲ့ခြင်း၏ အကျိုးဆက်သာဖြစ်ပါသည်။ တပ်မတော် အစိုးရလက်ထက်တွင် ထင်ရှားသည့် စီမံခန့်ခွဲမှုအလွဲများအဖြစ် နေပြည်တော်စီမံကိန်း၊ နွေစပါး စီမံကိန်း၊ မြစ်ရေတင်စီမံကိန်း၊ ပို့ကုန်ဦးစားပေး စီမံကိန်း၊ FEC ၊ အခွန်စနစ် စသည်ဖြင့်  တရာထက်မနည်းသော မူဝါဒ အလွဲများစွာကို တွေ့မြင်ရလိမ့်မည်ဖြစ်သည်။ စစ်အာဏာရှင်အောက်တွင် ပြောခွင့်မသာ၍၊ လုပ်ခွင့်မသာ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နည်းခဲ့ရသည်ဟု အကြောင်းပြချက်ပေးနိုင်သော် လည်း တိုင်းပြည်၏ စီးပွားရေးလုပ်ငန်းစုအတော်များများသည်  ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှု မကွဲပြားဘဲ ဖြစ်သလို လည်ပတ်နေခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ကုမ္ပဏီကြီး အတော်များများတွင်ပင် ကျွမ်းကျင်ဝန်ထမ်း နည်းပါးပြီး မိသားစုဆန်ဆန် လည်ပတ်နေသည့် ပုံစံမျိုးကို တွေ့ရမည်ဖြစ်သည်။ ဆိုရလျှင် ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သည့် ကုမ္ပဏီမျိုး မြန်မာနိုင်ငံ တွင် မရှိသေးဟုသာ ဆိုရမည်ဖြစ်သည်။ ဤသည်မှာ စနစ်တစ်ခုအောင်မြင်ရန်အတွက် အစိုးရသာမကဘဲ ပြည်သူကပါ ပါဝင်ပတ်သက်နိုင်ရမည် ဆိုသည့် အချက်ကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် အများညီ စနစ်တစ်ခုအတွင်း လျှောက်လှမ်းရသည်မှာ မှန်သော်လည်း မိမိတို့လူမျိုး၏ စိတ်ဓာတ်အခံနှင့်၊ ရေမြေသဘာဝကိုလည်း ထည့်သွင်းတွက်ချက်ရပေလိမ့်မည်။ လောဘကြီးခြင်းကို အနုတ်လက္ခဏာအဖြစ် ရှုမြင်ကြသော မြန်မာ့လူ့အဖွဲ့အစည်းတွင် အလုပ်လောဘအတွက်၊ အောင်မြင်မှုလောဘအတွက် ယှဉ်ပြိုင်နေကြရသော ဂလိုဘယ်လိုက်ဇေးရှင်းကြီးမှာ ယှဉ်ပြိုင်မှု တစ်ခုအဖြစ် မည်သို့မျှ မရှုမြင်နိုင်အောင် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ယခု စာရေးသူတို့ မြန်မာနိုင်ငံသည် ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်ကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့နေရပြီဖြစ်သလို ယင်းနှင့်ကပ်လျှက်ပါလာသော လစ်ဘရယ်လိုက်ဇေးရှင်းကြောင့် ဂလိုဘယ်လိုက်ဇေးရှင်းကိုလည်း မဖြစ်မနေရင်ဆိုင် ရတော့မည်ဖြစ်သည်။ ထို့ကြောင့် မိမိတို့ရွေးချယ်ထားသော စနစ် အတိုင်းလိုက်ရန် လိုအပ်လိမ့်မည်ဖြစ်သည်။ ဥပမာ နိုင်ငံရေးကို နှလုံးသားနှင့်လုပ်ခြင်း၊ မင်းလောင်းမျှော်ခြင်းများကို ရပ်တန့်ရန် အချိန်ကျပြီဖြစ်သည်။ ယနေ့ပါဝါနိုင်ငံရေးမှာ ပြည်သူအပေါ် စိတ်ကောင်းနှလုံးကောင်းမွေးရုံမျှဖြင့် မရနိုင်ပေ။ သခင်စိုးပြောခဲ့သည့် စကားကို ကိုးကားရလျှင် နိုင်ငံရေးသမား စစ်စစ် တစ်ဦးသည် နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်ကို နှံ့စပ်စွာ သိရမည်ဖြစ်ပြီး အကယ်၍ မသိရှိလျှင် မိမိကိုယ် မိမိ လိမ်ညာနေခြင်းသာဖြစ်မည် သို့မဟုတ်ပါက ပြည်သူလူထုကို လိမ်ညာနေခြင်းသာဖြစ်မည်ဟူ၍ ပင်ဖြစ်သည်။ နိုင်ငံ တည်ဆောက်ခြင်းဆိုသည်မှာ ထိုနိုင်ငံ၏ စီးပွားရေးစနစ်ကို စီမံခန့်ခွဲရခြင်းပင်ဖြစ်ရာ တိုင်းပြည်ကို ဦးဆောင်မည့်သူသည် စီးပွားရေး အမြင်ရှိရန်လိုပါသည်။ အခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်လိုပါက အခြားနိုင်ငံများ မည်ကဲ့သို့ စီမံခန့်ခွဲသည်၊ မည်သို့စဉ်းစားသည်ကိုသိရန် ကမ္ဘာ့အမြင်လည်းရှိရန်လိုအပ်ပါလိမ့်မည်။ လွှတ်တော်အမတ်တစ်ဦးသည် အနည်းဆုံး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မိမိနိုင်ငံ၏ တည်ဆဲဥပဒေများအကြောင်းများကို ကမ္ဘာ့ရေးရာများနှင့်ယှဉ်၍ မိမိနိုင်ငံတွင် မည်ကဲ့သို့ ကျင့်သုံးနိုင်ရမည်ကိုလည်း တွေးခေါ်နိုင်ရန် လိုအပ်ပါသည်။

ပြည်သူတို့အတွက်မူ ၂၀၁၅တွင် ရောက်လာတော့မည့် လွတ်လပ်သော အာဆီယံကုန်သွယ်မှုဇုန်က အဆုံးအ ဖြတ်ပေးသွားလိမ့်မည်ဖြစ်သည်။ သူကောင်းပြုမှုဖြင့် ချမ်းသာကြီးပွားပြီး ကမ္ဘာ့အမြင်မရှိသော ခရိုနီများ၏ ကုမ္ပဏီများမှာ နိုင်ငံတကာ ဈေးကွက်တွင် အဆင့်အတန်းရှိရှိ ဝင်ရောက်ယှဉ်ပြိုင် နေပြီဖြစ်သည့် ဒေသတွင်းနှင့် နိုင်ငံတကာ ကုမ္ပဏီကြီးများ၏ အလဲထိုးမှုကို မရှုမလှခံကြရမည်ဖြစ်သည်။ ကိုယ်ပိုင်လုပ်ငန်းငယ်များနှင့် အလုပ်သမား ဝန်ထမ်းများမှာ မိမိတို့၏ Capacity ကို ဖြည့်တင်းမထားနိုင်ပါက အောက်ခြေသိမ်းအလုပ်ပင် လုပ်ကိုင်စားရန် ခက်ခဲလိမ့်မည်ဖြစ်သည်။ ထိုသို့ ဆိုလျှင် မိမိတို့ မျှော်မှန်းနေသည့် ဒီမိုကရေစီစနစ်အောက်တွင် တိုင်းတပါး၏ အောက်ခြေသိမ်းဘဝများဖြင့်ပျော်မွေ့ကြရပေ လိမ့်မည်သာဖြစ်သည်။ လူထု၏ ဒေါသများသည် အစိုးရဆီသို့ ကူးစက်တတ်သည့်သဘောရှိရာ ပြည်သူဒုက္ခရောက်၍ ဆူပူအုံကြွမှုများဖြစ်လာလျှင် စီမံခန့်ခွဲမှုညံ့ဖျင်းသော အစိုးရမျိုးအတွက် လည်း နေရာရှိတော့မည်မဟုတ်ပေ။

နိဂုံးချုပ်ဆိုရလျှင် စာရေးသူတို့နိုင်ငံသားအားလုံး စနစ်တကျ အလုပ်လုပ်တတ်ကြရန် လိုအပ်ပါသည်ဟုသာ.................။

 *****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment