Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၄.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. ရွေးကောက်ပွဲနိုင်ခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည် မည်သည်တို့ကို လုပ်ဆောင်မည်နည်း

(The Wall Street Journal မှ 13 Mar 2012 ရက်စွဲပါ “What will Suu Kyi do if she wins?” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည် )

  1. မြန်မာစစ်သားများက တရုတ်နယ်စပ်မှ လယ်သမားတစ်ဦးအား ပစ်သတ်မှု ဘေဂျင်းကန့်ကွက်

(The Peninsula မှ 14 March 2012 ရက်စွဲပါ Beijing says Myanmar soldiers shot dead farmer in China ကို ဘာသာ ပြန်ဆိုသည်)

  1. အင်ဒိုနီးရှားနိုင်ငံပိုင်လုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်

(The Jakarta Post မှ 13 March 2012 ရက်စွဲပါ Indonesian SOES to invest in Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. ဖိလစ်ပိုင် သတ္တုတူးဖော်ရေးလုပ်ငန်းက မြန်မာကို စိတ်ဝင်စား

(GMA News မှ 13 March 2012 ရက်စွဲပါ Philex Mining eyeing mining opportunities in Burma ကို ဘာသာ ပြန်ဆိုသည်)

********************************************************************************

ရွေးကောက်ပွဲနိုင်ခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည် မည်သည်တို့ကို လုပ်ဆောင်မည်နည်း

(The Wall Street Journal မှ 13 Mar 2012 ရက်စွဲပါ “What will Suu Kyi do if she wins?” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည် )

ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန်အတွက် မြန်မာနိုင်ငံ တစ်ဝှမ်း မဲဆွယ်စည်းရုံးမှုများကို ဆက်တိုက် အရှိန်မြှင့် ပြုလုပ်နေသောကြောင့် အကယ်၍ သူမအနေဖြင့် လွှတ်တော်တွင် နေရာရလာပါက မည်သည်တို့ကို ဆောင်ရွက်မည် ဆိုသည့်အချက်ကို ပို၍ စိတ်ဝင်စားလာကြသည်။

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် မျှော်မှန်းထားကြသည့်အတိုင်း သူမ အနိုင်ရပါက ကျန်းမာရေး (သို့) ပညာရေးဝန်ကြီးရာထူး ကဲ့သို့သော အစိုးရအဖွဲ့တွင်း အကြီးတန်းရာထူးနေရာ တစ်ခုကို ခန့်အပ်ခြင်းခံရလိမ့်မည် ဟူသော မှန်းဆမှုများလည်း ယခုသီတင်းပတ်များအတွင်း ပေါ်ထွက်လာခဲ့သည်။ နှစ်ပေါင်း ၂၀ နီးပါး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မကြာသေးမှီ လအနည်းငယ်အထိ ယင်းရာထူး နေရာမျိုးကို တွေးတောစရာ အကြောင်းပင် မရှိခဲ့ပေ။ ယခုအခါတွင်မူ လူထုကျန်းမာရေး၊ ပညာရေး ကဲ့သို့သော သူမအာရုံစိုက်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရအဖွဲ့အတွင်း ထိထိရောက်ရောက် ပြောရေးဆိုခွင့်ရှိလာတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ ပြီးခဲ့သောနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို တရားဝင်ခွင့်ပြုခြင်း၊ နိုင်ငံရေး အကျဉ်းသား အများအပြား လွှတ်ပေးခြင်းတို့ အပါအဝင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီးနောက် သမ္မတဦးသိန်းစိန် အတွက် လက်ခုပ်သံများ ဆက်လက်ရရှိအောင် ကြိုးစားနေသော မြန်မာ ခေါင်းဆောင်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်၏ အနိုင်ရလဒ်က ကြီးကြီးမားမား အထောက်အကူ ပြုပါလိမ့်မည်။ တပြန်တလှည့်အားဖြင့်လည်း အနောက်နိုင်ငံ များ၏ Sanctions ရုတ်သိမ်းရေးဆောင်ရွက်မှုများကိုပါ တွန်းအားပေးနိုင်လိမ့်မည်ဟု အကဲခတ် လေ့လာသူများက ဆိုသည်။

သို့သော်လည်း လက်ရှိသတင်းပတ်များအတွင်း NLD ပါတီ၏ စည်းရုံးမဲဆွယ်ပွဲများတွင် ပြည်သူများအရေအတွက် သောင်းနှင့် သိန်းနှင့်ချီ၍ တက်ရောက်လာအောင် ဆွဲဆောင်လျက်ရှိသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရအဖွဲ့ အကြီးတန်းရာထူး တစ်နေရာ ရပါမည်လားဟု အကဲခတ် လေ့လာသူများက မေးခွန်းစထုတ်နေကြပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှာလည်း ဤကိစ္စနှင့် ပတ်သက်၍ ဝေခွဲမရ ဖြစ်နေပုံရသည်။

သူမအနေဖြင့် အစိုးရဝန်ကြီးရာထူးကို စိတ်ဝင်စားဖွယ်ရှိပြီး အခြေအနေအရပ်ရပ်ပေါ်တွင် မူတည်နေသည်ဟု အချို့ သတင်းများက ဆိုသည်။ သို့သော်လည်း ယခင်လက အော့တဝါ Carleton University ကျောင်းသားများအား ဗီဒိယို ဆက်ကြောင်းဖြင့် စကားပြောဆိုရာတွင် ယခုအချိန်၌ အစိုးရအဖွဲ့ ရာထူးကို မှန်းဆနေခြင်းမှာ အလွန်အကျွံ မျှော်မှန်းမှုသာ ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း Reuter သတင်းဌာနက ဖော်ပြခဲ့သည်။

“လောလောဆယ် ကျွန်မ ပြောနိုင်တာ တစ်ခုရှိပါတယ်။ လက်ရှိအခြေခံဥပဒေအရ အစိုးရအဖွဲ့ရာထူးကို လက်ခံလိုက်ရင် လွှတ်တော် ကိုယ်စားလှယ် နေရာမှာ လစ်လပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်မက ကျွန်မရဲ့လွှတ်တော်အမတ် နေရာကို စွန့်လွှတ်ပေးဖို့ အတွက်နဲ့တော့ လွှတ်တော်ထဲ ရောက်အောင် ဒီလောက်ခက်ခက်ခဲခဲ ကြိုးစားမှာ မဟုတ်ပါဘူး” ဟု သူမက ထိုစဉ်က ပြောဆိုခဲ့ဖူးသည်။

တနင်္လာနေ့ညပိုင်းက တယ်လီဖုန်းဖြင့်ပြုလုပ်သော အင်တာဗျူးတွင် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “အဆိုပါ အစိုးရဝန်ကြီး ရာထူးကိစ္စကို သဘောတူပါသလားဟု ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ကြောင်း၊ ယင်းသို့ ကမ်းလှမ်းခြင်း မရှိဟု သူမက ပြောကြားကြောင်း” ရှင်းလင်း ပြောကြားခဲ့သည်။ ထို့အပြင် သူမအနေဖြင့် အစိုးရဝန်ကြီး ရာထူးကို လက်ခံရန်သဘောတူလိုက်မည်ဆိုပါက သူမအပေါ် NLD ဥက္ကဌ နေရာကဏ္ဍ၊ လွှတ်တော် ကိုယ်စားလှယ်ကဏ္ဍ တို့ကို ကာကွယ်ရန် ဖိအားများ ကျရောက်လာမည်ကို သူမစိုးရိမ်ပူပန်နေသည်ဟုလည်း ဦးဉာဏ်ဝင်းက ထပ်မံ ပြောကြားခဲ့သည်။

ယင်းကိစ္စအပေါ် မှတ်ချက်ပေးရန် မြန်မာအစိုးရထံ ချဉ်းကပ်မေးမြန်းရန် ကြိုးပမ်းမှုများမှာမူ အောင်မြင်မှု မရခဲ့ပေ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က အောင်မြင်စွာ စည်းရုံးသိမ်းသွင်းနိုင်ခဲ့မည် ဆိုပါက အမှန်တကယ်ပင် အရာရာ ပြောင်းလဲသွားနိုင်သည်။

သို့သော်လည်း အခြေခံဥပဒေတွင် အဓိကကျသော ပြောင်းလဲမှုများမရှိဘဲ အစိုးရ ရာထူးနေရာကို လက်ခံခြင်းသည် သူမအတွက် မဟာဗျူဟာမြောက် မှားယွင်းမှု ဖြစ်လာလိမ့်မည်ဟု အချို့ အကဲခတ် လေ့လာသူများက စတင် သုံးသပ်နေကြပြီ ဖြစ်ရာ ယင်းအချက်များက လွှတ်တော်တွင်း၌သာ သူမအနေဖြင့် ရပ်တည်ရန် တွန်းအားပေးလျက် ရှိသည်။ ထိုကဲ့သို့ အစိုးရ အကြီးတန်းရာထူး တစ်နေရာကို လက်ခံလိုက်ပါက မနှစ်က ပြုပြင် ပြောင်းလဲမှုများ လုပ်ပြခဲ့သော်လည်း လူ့အခွင့်အရေး ချိုးဖောက်နေဆဲဟု စွပ်စွဲခံနေရသော တပ်မတော် နောက်ခံ အစိုးရသစ်နှင့် ပူးပေါင်းလွန်း အားကြီးသည်ဟု အတိုက်အခံ အင်အားစုများက သူမအပေါ် ဝေဖန်ရန် လမ်းဖွင့်သွားမည် ဖြစ်သည်။

ထို့အပြင် ပိုမိုကြီးမားသော ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ လွှတ်တော်တွင်း သူမ၏ နိုင်ငံရေး အခြေခံအင်အား စုစည်းမှုကိုလည်း အားနည်းသွားစေမည် ဖြစ်သည်။ လက်ရှိဝန်ကြီးများကြောင့် လစ်လပ်သွားသော အမတ် ၄၈ နေရာအတွက် ကျင်းပမည့် ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD အမတ်လောင်း အားလုံး အနိုင်ရရှိသည့် တိုင်အောင် အမတ်နေရာ စုစုပေါင်း ၆ဝဝ ကျော်သော လွှတ်တော်၏ ဖွဲ့စည်းမှုကို လွှမ်းမိုး သက်ရောက်နိုင်မည် မဟုတ်ပါ။ အကယ်၍ ၂ဝ၁၅ ရွေးကောက်ပွဲကို ပွင့်လင်း၊ လွတ်လပ်၊ မျှတစွာ ကျင်းပပေးလျှင်မူ အစိုးရအဖွဲ့တွင်း အရေးပါသော အာဏာကို အတိုက်အခံများ ရရှိရန် စစ်မှန်သော အခွင့်အလမ်းများ ထွက်ပေါ်လာလိမ့်မည် ဖြစ်သည်။

အစိုးရ ရာထူး လက်ခံရန် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိနိုင်သလားဟု မေးခွန်းထုတ်သူ ထိုင်းနိုင်ငံ Human Rights Watch အုပ်စုမှ မြန်မာ့ရေးရာ ကျွမ်းကျင်သူ David Mathieson က "ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၆၆ နှစ် ရှိနေပေမဲ့ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် စဉ်းစားနေပါတယ်။ ရေရှည်ကစားပွဲကို နွှဲဖို့ သူမက စဉ်းစားနေတာပါ" ဟု ပြောကြားသည်။

ယခု လတ်တလောတွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် နေပြည်တော် အာဏာပိုင်များနှင့် အပေးအယူ မျှလွန်းနေသည်ဟူသော အမြင်များကို ရှောင်ရှားရန်အတွက် ပါတီ၏ရုပ်သံ ဟောပြောဆွေးနွေးခန်း အစီအစဉ်မှ စာပိုဒ်အချို့ကို အာဏာပိုင်များက ဖြတ်တောက်ခဲ့ခြင်း အပါအဝင် အစိုးရ၏ လုပ်ရပ်များကို ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။

တရားဝင် မဲပေးခွင့်ရှိသူ စာရင်းများတွင် ကွယ်လွန်သူတို့၏ အမည်များ ပါဝင်နေသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ယခင်အပတ်က ကန့်ကွက် ပြောကြားခဲ့သည်။ မြန်မာအာဏာပိုင်များက နိုင်ငံတကာမှ ရွေးကောက်ပွဲ အကဲခတ် လေ့လာစောင့်ကြည့်သူများကို ခွင့်ပြုရန် စဉ်းစားနေသည်ဟု ပြောဆိုထားသော်လည်း အစစ်အမှန်ခွင့်ပြုမည်လား ဆိုသည်ကို အတိအကျ သဲသဲကွဲကွဲ မထုတ်ပြန်သေးပေ။

*****************************************************************

မြန်မာစစ်သားများက တရုတ်နယ်စပ်မှ လယ်သမားတစ်ဦးအား ပစ်သတ်မှု ဘေဂျင်းကန့်ကွက်

(The Peninsula မှ 14 March 2012 ရက်စွဲပါ Beijing says Myanmar soldiers shot dead farmer in China ကို ဘာသာ ပြန်ဆိုသည်)

ယခုနှစ်အစောပိုင်းက တရုတ်အနောက်တောင်ပိုင်း နယ်စပ်ကို မြန်မာစစ်သားနှစ်ဦးက တရားမဝင် ဖြတ်ကျော် ဝင်ရောက်၍  တရုတ်ဒေသခံ လယ်သမား တစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် မြန်မာအစိုးရထံ တရားဝင် ကန့်ကွက်လွှာပေးပို့ထားသည်ဟု တရုတ်တို့က မနေ့က ပြောကြားသည်။

ယင်းကန့်ကွက်မှုသည် ယူနန်ပြည်နယ်ရှိ တရုတ်-မြန်မာ နယ်စပ်မှ ဇန်နဝါရီ ၁၂ ရက်နေ့ ဖြစ်ရပ်နှင့် ပတ်သက်၍ ဘေဂျင်းက ပထမဆုံးအကြိမ် မှတ်ချက်ပေး ပြောကြားခြင်း ဖြစ်သည်။ အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်ကို တရုတ်နိုင်ငံပိုင် သတင်းဌာနက ယခင်က ဖော်ပြခဲ့ဖူးခြင်း မရှိသည့်အပြင် မြန်မာအစိုးရနှင့် ပုလင်းတူဘူးဆို့ မဟာမိတ် ဖွဲ့ထားသော တရုတ်နိုင်ငံအနေဖြင့် ယင်းဖြစ်ရပ်ကို ယခုအချိန်ထိ အဘယ်ကြောင့် နှုတ်ဆိတ်နေခဲ့သနည်း ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးပါ။

"ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အကြောင်းရင်းမှန်ကို စစ်ဆေးဖော်ထုတ်ဖို့၊ တရားခံတွေကို အရေးယူဖို့၊ နစ်နာခဲ့တဲ့ မိသားစုတွေကို လျော်ကြေးပေးဖို့ မြန်မာဖက်ကို တရုတ်က တရားဝင် တောင်းဆိုထားပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ လူဝေမင်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။ "ဒီ တောင်းဆိုမှုကို မြန်မာတွေဖက်က ဂရုတစိုက် တုံ့ပြန်ပြီး စုံစမ်းစစ်ဆေးမှုကို အရှိန်မြှင့်နေတယ်လို့ ပြောပါတယ်" ဟု လူဝေမင်က ဆက်လက် ပြောသည်။

ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် နီးနီးစပ်စပ် အဆက်အသွယ်ရှိပြီး နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် သတင်းများကို ဖော်ပြနေသော ထိုင်းနိုင်ငံအခြေစိုက် Kachin News သတင်းဌာနက တရုတ်နိုင်ငံ ဘက်ခြမ်းတွင် ကချင်လူမျိုး လယ်သမားတစ်ဦး ပစ်သတ်ခံရသည်ဟု ဇန်နဝါရီ အတွင်းက သတင်းထုတ်ပြန်ခဲ့ဖူးသည်။

အသက် ၅၃ နှစ်အရွယ်ရှိ လဖိုင်ဇော်လွန်းသည် ဝမ်းဗိုက်တွင် တစ်ချက်၊ ဦးခေါင်းတွင် နှစ်ချက် အနီးကပ် ပစ်သတ်ခြင်းခံခဲ့ရသည်ဟု တရုတ် ဘက်ခြမ်းမှ ရွာတွင် နေထိုင်သော သေဆုံးသူ၏ ဆွေမျိုးများကို ကိုးကား၍ သတင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလအတွင်း မြန်မာစစ်သားနှစ်ဦး စားစရာ ရှာရန် တရုတ်ဘက်ခြမ်းသို့ ဖြတ်ကူးဝင်လာစဉ် ဒေသခံ ရွာသားများက ဝိုင်းဝန်းဖမ်းဆီးကာ တရုတ်အာဏာပိုင်များထံ အပ်နှံခဲ့ပြီးနောက် ယခုကဲ့သို့ လက်စားချေ တုံ့ပြန်ခဲ့ပုံ ရသည်ဟု အဆိုပါ သတင်းက ဆိုသည်။

မြန်မာနိုင်ငံက ရပ်ဆိုင်းထားသော အငြင်းပွားဖွယ် မြစ်ဆုံတမံကို လုပ်ငန်းပြန်စရန် တရုတ်နိုင်ငံပိုင် China Power Investment Corp က တောင်းဆိုထားခြင်းကို တရုတ်အစိုးရ အာဘော် China Daily သတင်းစာက အင်္ဂါနေ့က ဖော်ပြခဲ့ပြီးနောက် အထက်ပါပစ်ခတ်မှု ဖြစ်ရပ်အပေါ် ဘေဂျင်း အာဏာပိုင်များ၏ တရားဝင် မှတ်ချက်ပေးမှု ပေါ်ထွက်လာခြင်းဖြစ်သည်။

တရုတ်က ယခင်မြန်မာအစိုးရဟောင်းနှင့် လက်ဝါးချင်းရိုက်ကာ ကချင်ပြည်နယ် ဧရာဝတီမြစ်ဖျားတွင် တည်ဆောက်နေသော အငြင်းပွားဖွယ် မြစ်ဆုံ ရေလှောင်တမံကို မြန်မာပြည်သူလူထုက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပြီးနောက် ပြီးခဲ့သော စက်တင်ဘာလတွင် သမ္မတသစ် ဦးသိန်းစိန်က စီမံကိန်း ရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် တရုတ်ဖက်က အဓိက စိုးရိမ်ပူပန်သော အချက်မှာ ကျောက်ဖြူ-ရွှေလီ၊ ရေနံ၊ ဓာတ်ငွေ့ အမြွှာပိုက်လိုင်းနှင့် ကားလမ်း ရထားလမ်း စီမံကိန်း ရပ်တန့်မသွားရေး ဖြစ်ပြီး ယခုတမံကိစ္စ၊ နယ်စပ်ပြဿနာကိစ္စ တောင်းဆိုမှုများသည် ကစားကွက် မဟာဗျူဟာအရ ဖိအားပေးခြင်းသာ ဖြစ်သည်ဟု မြန်မာ့အရေး လေ့လာသူ တစ်ဦးက မှတ်ချက်ပေးသည်။

*****************************************************************

အင်ဒိုနီးရှားနိုင်ငံပိုင်လုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်

(The Jakarta Post မှ 13 March 2012 ရက်စွဲပါ Indonesian SOES to invest in Myanmar ကို ဘာသာ ပြန်ဆိုသည်)

အင်ဒိုနီးရှား နိုင်ငံပိုင်လုပ်ငန်းများ (State-Owned Enterprises – SOES) ဝန်ကြီး Dahlan Iskan က အင်ဒိုနီးရှားသည် မကြာသော အနာဂတ်၌ SOE ကုမ္ပဏီစု တည်ထောင်ပြီး မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေက အင်ဒိုနီးရှားရဲ့ ၁၉၇ဝ ခုနှစ်များဆီက အခြေအနေနဲ့ တူနေပါတယ်။ ကျွန်တော်တို့ တိုင်းပြည် စပြီးဖွံ့ဖြိုး တိုးတက်အောင် စလုပ်တဲ့အချိန်ပေါ့။ အင်ဒိုနီးရှားအနေနဲ့ ဒီအခွင့်အရေးကို အရယူသင့်ပါတယ်" ဟု Dohlan က ပြောသည်။

နိုင်ငံပိုင်ငွေချေးသူ Bank Negara Indonesia (BNI)၊ အများပိုင် ဆောက်လုပ်ရေးကုမ္ပဏီ Wijaya Karya နှင့် နိုင်ငံပိုင် ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီ PT Pertamina တို့သည် အဆိုပါ စီးပွားရေးတိုးချဲ့မှု အစုအဖွဲ့တွင် ပါဝင်ကြမည် ဖြစ်ကြောင်း ယင်းက ဆိုသည်။

"လွန်ခဲ့တဲ့ ခြောက်လကတည်းက BN၊ Wijaya Karya နှင့် Pertamina တို့က အမှုဆောင်တွေကို မြန်မာနိုင်ငံက အခြေအနေကို လေ့လာဖို့ လွှတ်ခဲ့ပြီးပါပြီ" ဟုလည်း ပြောသည်။

အဆိုပါအမှုဆောင်များကို မြန်မာနိုင်ငံတွင် မည်သို့ စီးပွားရေး လုပ်ဆောင်ရမည်ကို သတင်း အချက်အလက်များ စုဆောင်းရန် တာဝန်ပေးခဲ့ပြီး သို့မှသာ ဈေးကွက် ထိုးဖောက်ရန် မဟာဗျူဟာ ချမှတ်နိုင်မည် ဖြစ်သည်။ "မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုမှာ အင်ဒိုနီးရှားက ပါဝင်သင့်ပါတယ်။ ကျွန်တော်တို့က အာဆီယံနိုင်ငံတွေ ဖြစ်လို့ပါ" ဟု ဆိုသည်။

အင်ဒိုနီးရှားသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ စင်ကာပူထက်စာလျှင် နောက်ကျကျန်နေလျက် ရှိသည်။ စင်ကာပူ၏ နိုင်ငံပိုင် Temasek Holdings သည်မြန်မာနိုင်ငံတွင် ဒေါ်လာ ၃ သန်းခန့် ရင်းနှီးမြှုပ်နှံထားသည်ဟု ယူဆရသည်။

************************************************************

ဖိလစ်ပိုင်မှ သတ္တုတူးဖော်ရေးလုပ်ငန်းက မြန်မာကို စိတ်ဝင်စား

(GMA News မှ 13 March 2012 ရက်စွဲပါ Philex Mining eyeing mining opportunities in Burma ကို ဘာသာ ပြန်ဆိုသည်)

ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံးသတ္တု ရှာဖွေ ထုတ်လုပ်သူ ဖြစ်သော Philex Mining သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် မျက်စိကျလျက် ရှိသည်။

"ဥပဒေ ဘယ်လိုရှိတယ် ဆိုတာ ကျွန်တော်တို့ အတိအကျ မသိပါဘူး။ ဒါပေမဲ့ ကုမ္ပဏီတွေအားလုံးက မြန်မာနိုင်ငံကို အပြေးအလွှားသွားနေကြတော့ Philex လည်း နောက်ကျကျန်ခဲ့လို့ မဖြစ်ပါဘူး။ မြန်မာနိုင်ငံက တံခါးဖွင့်နေပြီ ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိနေချင်ပါတယ်" ဟု ပြောခွင့်ရပုဂ္ဂိုလ် Mike Toledo က ပြောသည်။

"မြန်မာနိုင်ငံမှာ တံခါးဖွင့်ပြီး နိုင်ငံရေး၊ အချို့စီးပွားရေး မူဝါဒတွေ ဖြေလျော့ပေးနေတာဟာ ကုမ္ပဏီတွေ သွားရောက် ရင်းနှီးမြှုပ်နှံဖို့ လုံလောက်တဲ့ အချက်ပေးမှုတွေပါပဲ။ မြန်မာ ဒေသခံ ကုမ္ပဏီတွေကို ရှာဖွေပြီး ပါတနာလုပ်မယ်။ သတ္တုရှာဖွေရေးတွေ လုပ်သွားပါမယ်" ဟု Toledo က ဆိုသည်။

Philex သည် မြန်မာနိုင်ငံတွင် ရွှေနှင့် အဖိုးတန်ကျောက်မျက် ရတနာများကို စိတ်ဝင်စားသူ ဖြစ်သည်။ မြန်မာအစိုးရက အာဆီယံအဖွဲ့ ပြင်ပမှ နိုင်ငံများနှင့်လည်း သမိုင်းဝင် သံတမန်ရေးအရ ဆက်ဆံမှုများ လုပ်ဆောင်လျက် ရှိသည်။

မြန်မာနိုင်ငံသည် တစ်နေ့တစ်ချိန်တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကို ဆွဲဆောင်ရာ၌ ဖိလစ်ပိုင်နှင့် ပြိုင်ဆိုင်မှုများ ဖြစ်လာနိုင်ကြောင်းလည်း ယင်းက ထည့်သွင်းပြောကြားသည်။

"ဖိလစ်ပိုင်ဟာ သတ္တုသယံဇာတ ကြွယ်ဝပါတယ်။ စက်မှုလုပ်ငန်းတွေကို အထောက်အကူ မပြုတဲ့ ဥပဒေတွေကို ပြန်စဉ်းစားနေပါတယ်ဆိုပြီး ကျေနပ်မနေသင့်ပါဘူး။ ရင်းနှီးမြှုပ်နှံသူတွေကို လက်ယပ်ခေါ်နေတဲ့ နိုင်ငံတွေ ပေါ်လာပါပြီ။ ဒီထဲမှာ မြန်မာနိုင်ငံလည်း ပါပါတယ်" ဟု ဆက်လက် ပြောသွားသည်။

**************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment