Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၃.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မလိုအပ်သည့် နိုင်ငံရေးကစားပွဲ

***************************************

ဆောင်းပါးကဏ္ဍ

မလိုအပ်သည့် နိုင်ငံရေးကစားပွဲ

မိုးမြင့်ငြိမ်း

ယနေ့အချိန်အခါသည် မြန်မာနိုင်ငံအနေဖြင့် ဘာမှမဟုတ်သည့် နိုင်ငံရေးကစားပွဲတစ်ခုနှင့် ကြုံတွေ့နေရသည်။ “ကာကွယ်စောင့်ရှောက်ပါမည်” နှင့် “လေးစားလိုက်နာပါမည်” ဆိုသည်ဟူသော စကားလုံးနှစ်လုံးဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာ သူကိုယ်တိုင် နိုင်ငံရေးအကျဉ်းအကျပ်ထဲသို့ ရောက်ရှိနေသည်။ ယင်းဖြစ်ရပ်မှာ အံသြလောက်စရာ ကိစ္စတစ်ရပ်တော့မဟုတ်ပါ။ NLD၏ ယခင်နိုင်ငံရေးကစားပွဲများကိုကြည့်လျှင် အဆိုပြုချက် (proposal) ဆိုသည်ထက် တောင်းဆိုချက် (demand) သည်သာ မူတစ်ခုအနေဖြင့် လုပ်ဆောင်ခဲ့ခြင်းမျိုးကို တွေ့နိုင်ပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်းတွင် ကျက်သရေမင်္ဂလာတိုးပွားနေသည့် မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရသည့် အခြေအနေကို တကယ့်နိုင်ငံရေး အကျပ်အတည်းတစ်ခုအနေဖြင့် နိုင်ငံတကာ မြင်သွားနိုင်သွားသည်။ စကားလုံး အငြင်းပွားမှုမှာ နိုင်ငံတိုးတက်ရေးအတွက် မည်သို့မျှ အရေးမပါပေ။ NLDပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် လွှတ်တော်တွင်းရှိ အခြားသော နိုင်ငံရေးအင်အားစုများနှင့် ပူးပေါင်းညှိနှိုင်း၍ နိုင်ငံဖွံ့ဖြိုးရေး အတွက် ဥပဒေပြုရေးတာဝန်များကို ပြည်သူအကျိုးအလို့ဌာ ကျေပွန်အောင် ဆောင်ရွက်ရဦးမည်ဖြစ်သည်။

နောက်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံရေးအပြောင်းအလဲအပေါ် ပုဂ္ဂိုလ်ရေးချဉ်းကပ်သည့် ပုံစံမျိုးနှင့်ချည်းသွား၍ သင့်တော် မည်မဟုတ်ပါ။နိုင်ငံရေးတွင် ပါဝင်သည့် Key players များမှာ နည်းပါးသည့်အားလျှော်စွာ အာဏာရပြုပြင်ပြောင်းလဲလိုသူများနှင့် လူထုထောက်ခံသည် အတိုက်အခံများ တွေ့ဆုံ ပေးလိုက်နိုင်ခြင်းသည်လွယ်သည်ဟု မဆိုသာသော်လည်း အလွန်တရာခက်ခဲသည် ကိစ္စမဟုတ်ပါ။ သို့သော် တွေ့ကြုံသမျှ နိုင်ငံရေးကစားပွဲတိုင်းကို ဤသို့သော လူပုဂ္ဂိုလ်အခြေခံချဉ်းကပ်မှုမျိုးဖြင့် ချည်းကပ်သွားလို့တော့ မရပါ။ သန်း ၅၀ ကျော်သော ပြည်သူအများ လိုလားမျှော် လင့်နေသည်မှာ ကောင်းမွန်သည့်အုပ်ချုပ်ရေး (good governance) နှင့် တရားဥပဒေစိုးမိုးရေး (rule of law) သာလျှင် ဖြစ်သည်။

NLD အနေဖြင့် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများအတိုင်း သူတို့၏ လိုလားသော စကားလုံးအသုံးအနှုန်း ပြောင်းလဲမှုကို လုပ်ဆောင်သင့်ပါသည်။ လွှတ်တော်အတွင်း လုပ်ဆောင်သင့်သည်ကိစ္စကို အုပ်ချုပ်အပေါ် ဖိအားပေးတောင်းဆိုနေခြင်းအားဖြင့် မလိုအပ်သည့် အကျပ်အတည်းထဲသို့ ကိုယ့်ကို ကိုယ် တွန်းပို့လိုက်ရာရောက်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း ရွေးကောက်ပွဲဥပဒေ ပြင်ဆင်သည့်အခါတုန်းက ဖွဲ့စည်းပုံကိုပါ တစ်ပါတည်း ပြင်ဆင်ဖို့ သတိမပြုလိုက်ခြင်းအတွက် ကြောင့်လည်းဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဆိုရာ၌လည်း ၂၀ ရာခိုင်နှုန်းသော လွှတ်တော်အမတ်များ၏ အဆိုပြုမှုဖြင့် ၇၅ ရာခိုင်နှုန်းသော ပြည်သူများ အနိုင်ရမှသာ ပြုပြင်နိုင်သည့် ကိစ္စရပ်မျိုးဖြစ်သည်။

ထိုသို့ စကားလုံးအသုံးအနှုန်းအငြင်းပွားမှုမှာ မြန်မာနိုင်ငံရေးအတွင်း တပ်မတော်၏ လွှမ်းမိုးနေမှုကို လက်သင့်ခံဖို့ မဖြစ်နိုင်ဟု ပါးပါးလေး ဖော်ပြနေရာလည်းရောက်ပါသည်။ တပ်မတော်အစိုးရမှ အသွင်ပြောင်းလဲလာသည့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်တွင် တပ်မတော်၏ အခန်းကဏ္ဍကို မည် သည့်နည်းနှင့်မျှ ပစ်ပယ်ထား၍ မရနိုင်ပါ။ နိုင်ငံတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ကလည်း ဖွဲ့စည်းပုံကို ကာကွယ် စောင့်ရှောက်ပါမည်ဟု မြန်မာပြည်သူများကို ကတိပေးထားသည့်အပြင် တိုက်တိုက်ဆိုင်ဆိုင်ပင် လွှတ်တော်တွင်း ရာထူးမြင့် တပ်မတော်သား ကိုယ် စားလှယ်များ အစားထိုးပြောင်းလဲခြင်းများပြုလုပ်ခဲ့သည်။

NLD အနေဖြင့် သူတို့ အဓိကကိုင်စွဲထားသော မူဝါဒသုံးရပ်တွင် တစ်ရပ်ဖြစ်သော ဖွဲ့စည်းအခြေခံဥပဒေတွင် ဒီမို ကရေစီစံနှုန်းနှင့် မကိုက်ညီ သည့် တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေမှုကို ပြင်ဆင်ပြောင်းလဲရန်ပင်ဖြစ်သည်။ ဤသည်ကြောင့် ကာကွယ်စောင့်ရှောက်မှုကို ကျမ်းသစ္စာ ကျိန်ဆိုဖို့ ဝန်လေးနေရခြင်းဖြစ်သည်။

လွှတ်တော်တွင်းရှိ လွှတ်တော်အမတ်များကလည်း မြန်မာနိုင်ငံရေး ရှေ့ခရီးအတွက် ထိုကိစ္စကို လွှတ်တော်တွင်း အလေးစား အဆိုတင်သွင်းမည် ဟု ကြားသိရသည်။ ထိုသို့ နိုင်ငံရေးအင်အားစုများ ဝိုင်းဝန်းကြမှသာလျှင် အန္တရာယ်များ သည့် အနေအထားမှ သွေဖယ်နိုင်မည်။ နိုင်ငံရေးမတည်ငြိမ်မှုမှာ စီးပွားရေးအပြောင်းအလဲ၏ အရေးကြီးသည့် ဖက်တာတစ်ခုဖြစ်သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလို ကိစ္စရပ်မျိုးအပေါ် သက်ရောက်မှုကြီးသည်။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူများက အခြားစွန့်စားရမှုထက် နိုင်ငံရေးစွန့်စားရပ်မှုအပေါ် စိုးရိမ်မှုပိုသည်။ ယခု ကြုံတွေ့နေရသည့် အကျပ်အတည်းမှာ NLD ပါတီ တလျှောက်လုံးစွဲကိုင်လာခဲ့သည့် နိုင်ငံရေးမူ ဖြစ်သော တကယ့်အရှိတရားမှ မစတတ်သည့် နိုင်ငံရေးအမူ အကျင့်ကြောင့်သာလျှင် ဖြစ်ပါကြောင်း….။

*****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment