Transparency Myanmar

transparency.myanmar@gmail.com

၂၃.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ့ငွေကြေးစနစ် ပြုပြင်မှု IMF အကြီးအကဲချီးကျူး

(AFP သတင်းမှ 22 April 2012 ရက်စွဲပါ IMF Chief louds Myanmar's currency reform ကို ဘာသာပြန်ဆိုသည်)

  1. အရေးယူမှုများသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် ကဏ္ဍတစ်ခုမှပါဝင်ခဲ့သလော

(22 April 2012 ရက်စွဲပါ BBC News မှ Jonah fisher ရေးသားသော Did economic sanctions Play a role in Burma’s reform? ကို ဘာသာ ပြန်ဆိုသည်)

*****************************************

မြန်မာ့ငွေကြေးစနစ် ပြုပြင်မှု IMF အကြီးအကဲချီးကျူး

(AFP သတင်းမှ 22 April 2012 ရက်စွဲပါ IMF Chief louds Myanmar's currency reform ကို ဘာသာပြန်ဆိုသည်)

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်အတွက် မြန်မာအစိုးရသစ်၏ အခြေခံအကျဆုံး စီးပွားရေး ပြုပြင်ပြောင်းလဲမှု တစ်ခုဖြစ်သော ရှုပ်ရှုပ်ထွေးထွေး ငွေလဲနှုန်းစနစ်အား ပြင်ဆင်နေခြင်းကို ကမ္ဘာ့ငွေကြေး ရံပုံငွေအဖွဲ့ IMF အကြီးအကဲဖြစ်သူ ခရစ်စတင်းလာဂတ် (Christine Lagarde) က စနေနေ့တွင် ချီးကျူး ပြောကြားလိုက်သည်။

IMF သည် လက်ရှိ ငွေလဲနှုန်းစနစ် ပြောင်းလဲမှု ကိစ္စနှင့် ပတ်သက်ပြီး မြန်မာငွေကြေး တာဝန်ရှိသူများနှင့် ဂရုတစိုက် သတိထား လုပ်ဆောင်လျက် ရှိသည်ဟု လာဂတ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

သတင်းထောက်တစ်ဦး၏ မေးခွန်းကို တုံ့ပြန်သည့် လာဂတ်က "ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်နဲ့ ကျွန်မတို့ အရမ်းကို တက်တက်ကြွကြွ လုပ်ဆောင်နေကြပါတယ်။ ဒီအပြောင်းအလဲကို သူတို့ လုပ်ခဲ့ကြတယ်။ သူတို့ အောင်မြင်မှု ရခဲ့တယ်လို့ ချီးကျူးစကား ပြောရမှာပါ" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ယင်း၏ကျပ်ငွေ နှုန်းရှင်ထားခြင်းကို ဧပြီ ၂ ရက်တွင် စတင်ခဲ့သည်။ ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ၈၁၈ ကျပ်ငွေလဲနှုန်းကို အခြေခံရန် သတ်မှတ်ခဲ့ပြီး ပြင်ပမှောင်ခိုဈေးကွက်ရှိ တန်ဖိုးနှင့် ကိုက်ညီအောင် တရားဝင် ငွေလဲနှုန်းကို ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ နှုန်းရှင်ထားခြင်းဖြင့် ကျပ်ငွေတန်ဖိုးကို ဈေးကွက်က ဆုံးဖြတ်ပေးခြင်းကို ခွင့်ပြုသွားမည် ဖြစ်သည်ဟု ဗဟိုဘဏ်က ပြောကြားသည်။ မြန်မာနိုင်ငံ အနေနှင့် တံခါးဖွင့်လာသည်နှင့်အမျှ ကြီးထွားလာမည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူ ချောမွေ့အောင် ရိုးရှင်းသော ငွေလဲနှုန်း စနစ်က အထောက်အကူ ပြုလိမ့်မည်ဟု အကဲခတ် လေ့လာသူများက ဆိုသည်။

လာဂတ်က "သူတို့ လိုအပ်တဲ့ နည်းပညာ အကူအညီ မှန်သမျှ ကျွန်မတို့ ဆက်လက် ဖြည့်ဆည်းပေးရမှာပါ။ ရှင်တို့ သိတဲ့အတိုင်း ဒါက တစ်ရက်ချင်း အပေါ် အခြေခံပြီး ဖြစ်ပေါ်နေတာပါ။" ဟု ပြောသည်။ ယခုကဲ့သို့ ငွေကြေးစနစ် ပြုပြင်မှုသည် နှစ်ပေါင်းများစွာ အထီးကျန် စစ်အုပ်ချုပ်ရေးကြောင့် ခေတ်ဟောင်းတွင် ကျန်ခဲ့သော စီးပွားရေးကဏ္ဍ ခေတ်မီအောင် မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲခြင်း၏ အစီအစဉ် တစ်စိတ် တစ်ပိုင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် မနှစ်က အစိုးရသစ်တင်မြှောက်ပြီး နောက်ပိုင်း ကမ္ဘာ့အပယ်ခံ ဘဝမှ မြန်ဆန်စွာ ရုန်းထ နာလံထူလာခဲ့ခြင်း ဖြစ်သည်။

ယခင် တပ်မတော်အစိုးရ လက်ထက်က နှစ်ပေါင်းများစွာ အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည်လည်းး ယခုလ အစောပိုင်းတွင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက် ခံရပြီး ဖြစ်သည်။

မြန်မာနိုင်ငံ၏ မကြုံစဖူး ပြုပြင်ပြောင်းလဲမှုများကို အားပေး ထောက်ခံ ကူညီရန်အတွက် အနောက်နိုင်ငံများ ကလည်း ယခင် အရေးယူ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းပေးရေးကို စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။

"အရေးယူမှုအချို့က ရုတ်သိမ်းထားပြီးသားပါ။ မြန်မာတွေရဲ့ စတင်မှုဟာ အခုဆို အရှိန်ရနေပါပြီ။ ကျွန်မရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ကတော့ အရှိန် မရပ်ဘဲ ဆက်သွားနိုင်ဖို့ပါပဲ" ဟု လာဂတ်က ဆက်လက် ပြောဆိုသွားသည်။

******************************************

အရေးယူမှုများသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် ကဏ္ဍတစ်ခုမှပါဝင်ခဲ့သလော

(22 April 2012 ရက်စွဲပါ BBC News မှ Jonah fisher ရေးသားသော Did economic sanctions Play a role in Burma’s reform? ကို ဘာသာ ပြန်ဆိုသည်)

လွန်ခဲ့သော နှစ်ကမြန်မာနိုင်ငံသည် ကြီးစွာသော ပြောင်းလဲမှုများကို ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် အဆိုပါ ပြုပြင်ပြောင်းလဲမှုများကို ဆုလာဘ်ပေးသည့် အနေဖြင့် လည်းကောင်း၊ ပြုပြင်ပြောင်းလဲရေးများ ထပ်မံလုပ်ဆောင်ရန် အားပေးသည့်အနေဖြင့် လည်းကောင်း ဥရောပသမဂ္ဂမှ နိုင်ငံခြားရေး ဝန်ကြီးများသည် မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသော စီးပွားရေးအရ အရေးယူမှုများကို ယာယီရပ်ဆိုင်း(surpend) ထားမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က အရေးယူမှုများရှိနေသော်လည်း မြန်မာနိုင်ငံသည် စီးပွားရေးအရ ယခင်နှစ်ကထက် 5.5% တိုးတက်ခဲ့သည်။ ပို၍ ကျယ်ကျယ် ပြန့်ပြန့် ဆိုရလျှင် ထိုသို့တိုးတက်လာရခြင်းမှာ အိမ်နီးချင်းတရုတ်နှင့် ထိုင်းနိုင်ငံတို့မှ အဆက်မပြတ်ရင်းနှီးမြှုပ်နှံမှုများကို ကျေးဇူးတင်ရမည် ဖြစ်ပြီး၊ ကမ္ဘာလှည့် ခရီးသည်များ တိုးပွားလာခြင်းကလည်း တစ်ကြောင်း ဖြစ်သည်။

ဥရောပ၏ အရေးယူ ကန့်သတ်ချက်များမှာ အပြင်းထန်ဆုံး မဟုတ်ခဲ့ပါ။ အမေရိကန်သည် ကုန်သွယ်ရေး နှင့် ငွေကြေးဆိုင်ရာ အရေးယူမှုများ အလုံးစုံ ပါဝင်သော ကန့်သတ်မှုများ ပြုလုပ်ခဲ့ချိန်တွင်၊ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ငန်းများ အားလုံးမပြုလုပ်ပိတ်ပင်ခြင်းကိုပင် အပြည့်အဝ မပြုလုပ်ခဲ့ပေ။

ထိုအစား ဥရောပသမဂ္ဂသည် မြန်မာအစိုးရခေါင်းဆောင်များနှင့် စစ်တပ်မှ ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားခြင်းနှင့် ဗီဇာ ပိတ်ပင်ထားခြင်းများ ပါဝင်သော ပစ်မှတ်ထားသည့် အရေးယူမှုများကို ပြုလုပ်ခဲ့ပါ သည်။ မြန်မာအစိုးရပုဂ္ဂိုလ်များနှင့် ပတ်သက်သော ကုမ္ပဏီများတွင် ရင်းနှီး မြှုပ်နှံခြင်းကိုလည်း တားမြစ်ထားပါ သည်။ အီးယူ၏ စာရင်းတွင် ဆပ်ပြာနှင့် အချိုရည်စက်ရုံများမှစ၍ ဇိမ်ခံဂေါက်ကွင်းအထိ ရင်းနှီးမြှုပ်နှံမှုတားမြစ် ထားသည်။ သို့သော် ငွေကိုမြင်သောအခါ၊ မူဝါဒကို ဘေးချိတ်ထားရသည့်အဖြစ်လည်း ရှိခဲ့သည်။

ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီးဖြစ်သော Total သည် 1992 ကတည်းက မြန်မာ့ကမ်းလွန်တွင် Chevron နှင့် ပေါင်း၍ ဘီလီယံဒေါ်လာချီ၍ ရင်းနှီး မြှုပ်နှံခဲ့သည်။ နိုင်ငံရေးလှုပ်ရှားသူများက ပြောကြားရာတွင် စွမ်းအင်မှရသော ဝင်ငွေများ၏ အများစုမှာ စစ်တပ်၏ အိတ်ထဲသို့သာ  တိုက်ရိုက် ရောက်ရှိသွားသည်ဟု ဆိုသည်။

၂၀၀၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေး အပြီးတွင် မြန်မာအာဏာပိုင်များအပေါ် ချမှတ်ထားသော အီးယူ၏ အရေးယူမှုများကို တိုးချဲ့ခဲ့သည်။ ထိုအချိန်တွင် သစ်၊ ကျောက်မျက်နှင့် အဖိုးတန်သတ္ထု ကဏ္ဍများတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမပြုလုပ်ရန် ကန့်သတ်မှုများ ပြုလုပ်ခဲ့သော်လည်း စွမ်းအင် ကဏ္ဍကိုမူ ချန်လှပ်ထားခဲ့ပြန်သည်။

Burma Campaign UK မှ ဒါရိုက်တာ Mark Formaner က ဥရောပ၏ လုပ်ဆောင်မှုမှ အားနည်းချက် များကို ဖော်ပြခဲ့သည်။ ၎င်းအနေဖြင့် အာမခံကဲ့သို့သော ငွေကြေးဝန်ဆောင်မှုများအပေါ် ကန့်သတ်မှုများပြုလုပ်သည်ကို မြင် တွေ့လိုခဲ့ခြင်းဖြစ်ပါသည်။ အာမခံကဏ္ဍမှာ အာရှကုမ္ပဏီများ ရင်းနှီးမြှုပ်နှံလိုသော ကဏ္ဍဖြစ်၍ ကန့်သတ်မှုများ ပြုလုပ်ပြီး အတားအဆီးပြုလိုပေသည်။ ထို့အပြင်၎င်းက အရေးယူမှုများသည် အမှန်တကယ် သက်ရောက်မှု ရှိသည်ဟု ယုံကြည်နေဆဲဖြစ်ပြီး၊ အလျင်အမြန်ရုပ်သိမ်းမည့် ကိစ္စကို ငြင်းချက်ထုတ်လျက် ရှိသည်။ “အစိုးရတာဝန်ရှိသူတွေက အရေးယူမှုကိုပဲ စောဒက တက်နေတာဆိုတော့၊ သူတို့ကို ထိခိုက်စေတယ် ဆိုတာ ထင်ရှားပါတယ်” ဟု ဆိုသည်။ “သူတို့မှာ စီးပွားရေးအရပြဿနာတွေ ရှိနေပြီး၊ သတို့နောက်ကျကျန်ခဲ့ပြီးဆိုတာ သဘောပေါက်လာပါ တယ်။ အာရှတစ်ခုလုံးရှေ့ကို ရောက်နေချိန်မှာ သူတို့မပါခဲ့ပါဘူး”ဟု ၎င်းကပင် ပြောသည်။

အရေးယူမှုများသည် ပြုပြင်ပြောင်းလဲမှုများအတွက် တွန်းအားပေးရာတွင် အရေးကြီးသော ကဏ္ဍမှပါဝင်ခဲ့သည်ဆိုသည်ကို လူတိုင်းက ယုံကြည်ခဲ့သည် မဟုတ်ပေ။

International Crisis Group မှ အရှေ့တောင်အာရှစီမံကိန်း ဒါရိုက်တာ Jim Della-Glacomo ကမူ အရေးယူမှုများသည် သံတမန်ရေးအရ အရှုံးအနိုင် မရှိသော အခြေအနေကို ဖန်တီးသည်ဟု ထင်မြင်ကြောင်းပြောသည်။

“အရေးယူမှုများသည် ဆန့်ကျင်ဘက်ရလဒ်များကိုသာ ရစေပြီး အနောက်နိုင်ငံတွေကို သံသယတွေ ပိုမိုတိုးပွားစေပါတယ်”ဟု ၎င်းက ပြောသည်။ “အရေးယူမှုတွေက သူတို့ကို စစ်တပ်က ဆက်အုပ်ချုပ်ဖို့ကိုသာ ဖြစ်စေပါတယ်” ဟုဆိုသည်။

၎င်းက ပြောင်းလဲမှုများသည် သူ့သဘောသူဆောင်၍ တဖြည်းဖြည်းတိုးတက်ဖြစ်ပေါ်လာသည် (organic) ဟု မြင်ကြောင်း၊ ဦးသန်းရွှေအငြိမ်းစား ယူသွားပြီး၊ နိုင်ငံရေးခေါင်းဆောင်ပြောင်းသွားပြီး ပြုပြင်ပြောင်း လဲရေးအရှိန်မြင့်လာစေသည်ဟု ဆိုသည်။

Mr Della-Glacmo က ပြောကြားရာတွင် အရေးယူမှုများသည် မြန်မာနိုင်ငံ၏ ဆင်းရဲသော ပြည်သူများ ကို အများဆုံးထိခိုက်ကြောင်း ဆိုသည်။ “ဗိုလ်ချုပ်တွေက အရေးယူမှုတွေကြားထဲမှာ ဘယ်လိုရှင်သန်အောင် လုပ်ရမလဲဆိုတာ သိသွားကြပြီး၊ ဆင်းရဲသားတွေကတော့ စင်္ကာပူကို ဈေးဝယ် မထွက်နိုင်ကြပါဘူး”ဟု ၎င်းကပင် ပြောသည်။

ဘရပ်ဆဲက မည်သည့်ဆုံးဖြတ်ချက်ပဲချချ၊ ဝါရှင်တန်ကလည်း မည်သို့ ဆုံးဖြတ်သည်ဖြစ်စေ မြန်မာနိုင်ငံတွင်းတွင် ရင်းနှီးမြှုပ်နှံမှုအတွက် ကြီးမားသော အတားအဆီးများ ရှိနေဦးမည် ဖြစ်သည်။

ဖြစ်လာနိုင်သည့် အန္တရာယ်များကို သရုပ်ခွဲသည့် အုပ်စုဖြစ်သည့် Maplecroft ၏ မကြာခင်က အစီရင်ခံစာတွင် နိဂုံးချုပ်တင်ပြထားရာတွင်၊ တိုင်းပြည်တွင် အလားအလာကြီးမားစွာရှိကြောင်း၊ သို့သော် အကျင့်ပျက် ခြစားမှုများ၊ တရားစီရင်ရေးစနစ်၏ အားနည်းမှုများနှင့် ရင်းနှီးမြှုပ်နှံသူများအပေါ် ကာကွယ်ပေးမှု အားနည်းခြင်းများက နောက်ပြန်ဆွဲနိုင်ကြောင်း ပြောသည်။

ယခုအခါ ငွေကြေးစနစ်ကို စီမံထားသော နှုန်းရှင်ပြုလုပ်ခြင်းကဲ့သို့ ခြေလှမ်းများ စတင်ခဲ့ပြီဖြစ်သည်။ အကယ်၍ အရေးယူမှုများကို တစ်နှစ်တာ ရုတ်သိမ်းထားခဲ့၍ ဥရောပရင်းနှီးမြှုပ်နှံမှုများ ဝင်ခဲ့လျှင်လည်း တရုတ် မှ ဒေါ်လာဘီလီယံချီ၍ ရင်းနှီးမြှုပ်နှံထားမှုကို မှီဦးမည် မဟုတ်ပေ။

*************************************************

Document Attached: yangonchronicle 2011 - (2)
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment