Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၅.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မြန်မာအပေါ် အရေးယူမှုများကို ပြောင်းလဲပေးခြင်းကိစ္စ ဝီလျံဟေ့ဂ် သတိပေး

(The Independent မှ 23 April 2012 ရက်စွဲပါ Geoff Meade ရေးသားသော William Hague warning over change to sanctions in Burma ကို ဘာသာ ပြန်ဆိုသည်)

  1. ကနေဒါ၏ မြန်မာအပေါ် အရေးယူမှုများ ယာယီ ရုတ်သိမ်းမည်ဟု ဂျွန်ဘိတ် ပြော

(www.dose.ca မှ 24 April 2012 ရက်စွဲပါ Lee Berthiaume ရေးသားသော Canada to to drop Myanmar sanctions: Baird ကို ဘာသာ ပြန်ဆိုသည်)

  1. မလေးရှား ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာမည်

(Bernama News မှ 24 April 2012 ရက်စွဲပါ Trade Mission to Myanmar for promotion of ICT, Biotechnology, renewable energy ကို ဘာသာ ပြန်ဆိုသည်)

***************************************

မြန်မာအပေါ် အရေးယူမှုများကို ပြောင်းလဲပေးခြင်းကိစ္စ ဝီလျံဟေ့ဂ် သတိပေး

(The Independent မှ 23 April 2012 ရက်စွဲပါ Geoff Meade ရေးသားသော William Hague warning over change to sanctions in Burma ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အလွန်အရေးပါသော ပြောင်းလဲရေး လုပ်ငန်းစဉ်များ ရှိနေလင့်ကစား ချမှတ်ထားသော အရေးယူမှုများကို လျင်မြန်စွာ ဖယ်ရှားရေး လုပ်ဆောင်မှုများအပေါ် ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟေ့ဂ် (William Hague) က သတိပေးလိုက်သည်။

ဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်သည် ပါလီမန်တက်ရောက်ရေး သပိတ်မှောက်ခြင်းသည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းမှ အခက်အခဲများကို မီးမောင်းထိုးပြနေသည့်သဖွယ် ဖြစ်ကြောင်းလည်း ဆိုသည်။

ထို့ကြောင့်ပင် အီးယူ ပိတ်ဆို့မှုများကို ဖယ်ရှားခြင်းထက် ယာယီရုတ်သိမ်းရေးသည်သာ မှန်ကန်သော လုပ်ဆောင်မှု ဖြစ်မည်ဟု မစ္စတာဟေ့ဂ်က ပြောကြားခဲ့သည်။

"ဗြိတိန်အနေနဲ့ အရေးယူမှုတွေ အပြီး ရုတ်သိမ်းခြင်းထက် ယာယီ ရုတ်သိမ်းရေးကိုသာ လူသိရှင်ကြား ထောက်ခံခဲ့ပါတယ်။ ဒါဟာ မှန်ကန်တဲ့ လုပ်ရပ်ပါ။ ဒါပေမဲ့ တိုင်းရင်းသား ပဋိပက္ခ၊ နိုင်ငံရေး အကျဉ်းသားတွေ၊ အတိုက်အခံတွေ လွှတ်တော်တွင်း ကတိကဝတ်တွေကို အကောင်အထည်ဖော်ရေး ကိစ္စတွေမှာ စိုးရိမ်စရာတွေ ရှိနေပါသေးတယ်" ဟု ယင်းက ဆိုသည်။

အစောပိုင်းက NLD မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အရွေးချယ်ခံ ကိုယ်စားလှယ်များသည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဟူသော ကျမ်းသစ္စာ ကျိန်ဆိုခြင်းအား ပြင်ဆင်ပေးရန် တောင်းဆိုပြီး လွှတ်တော် အစည်းအဝေး တက်ရောက်ခြင်း မပြုကြပေ။

မစ္စတာဟေ့ဂ်က ထပ်မံပြောင်းလဲမှု ဖြစ်စဉ်များအတွက် ယုံကြည်မှု လွန်ကဲရေးမှာ စောလွန်းသေးကြောင်းလည်း ပြောသည်။ "အီးယူအနေနဲ့ မြန်မာနိုင်ငံဟာ လမ်းကြောင်းမှားတာနဲ့ အရေးယူမှုတွေ ပြန်လည် ချမှတ်နိုင်ပါတယ်" ဟုလည်း ပါဝင်သည်။

သဘာပတိအဖြစ် ဆောင်ရွက်သူ အီးယူ နိုင်ငံခြားရေးရာ မူဝါဒ အကြီးအကဲ ဘာရွန်နက် အက်ရှ်တန် (Baroness Ashton) ကလည်း အရေးယူမှုများကို ယာယီရုတ်သိမ်းခြင်းသည် သတိထား၍ ရှေ့တိုးလုပ်ဆောင်ချက် တစ်ခု ဖြစ်သည်ဟု သဘောတူညီခဲ့သည်။

NLD က လွှတ်တော်မတက်ရန် ဆန္ဒပြခြင်းသည် ပြောင်းလဲမှုများကို နှောင့်နှေးစေမည်လားဟု ဝန်ကြီးများက စိုးရွံ့ခဲ့ကြသော်လည်း အရေးယူမှုများ ယာယီ ရုတ်သိမ်းခြင်းကို ရွှေ့ဆိုင်းခဲ့ပါက မလိုလားအပ်သော ရလဒ်များ ထွက်ပေါ်လာနိုင်ကြောင်း ငြင်းချက်ထုတ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကို သပိတ်မှောက်ခြင်း မဟုတ်ဘဲ စစ်တပ်ကို အခြေခံသော အခြေခံ ဥပဒေ၏ နိုင်ငံရေးစနစ်ကို အသားပေးခြင်းအား မထောက်ခံကြောင်း အကန့်အသတ်ဖြင့် ဆန္ဒပြခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

အီးယူနိုင်ငံခြားရေးဝန်ကြီးများသည် ဆီးရီးယားတွင် အစိုးရက လုပ်ဆောင်နေသော အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပေါ်နေခြင်းအပေါ်လည်း ဆွေးနွေးကြမည် ဖြစ်သည်။

*************************************

ကနေဒါ၏ မြန်မာအပေါ် အရေးယူမှုများ ယာယီ ရုတ်သိမ်းမည်ဟု ဂျွန်ဘိတ် ပြော

(www.dose.ca မှ 24 April 2012 ရက်စွဲပါ Lee Berthiaume ရေးသားသော Canada to to drop Myanmar sanctions: Baird ကို ဘာသာ ပြန်ဆိုသည်)

ကနေဒါနိုင်ငံက လက်နက်ရောင်းဝယ်မှု ပိတ်ပင်ထားခြင်းမှအပ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများ အားလုံးကို ယာယီ ရုတ်သိမ်းသွားမည်ဟု ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ဘိတ် (John Baird) က အင်္ဂါနေ့က ကြေညာခဲ့သည်။

ယင်းသို့ လုပ်ဆောင်မှုသည် မြန်မာအစိုးရက ဒီမိုကရေစီ ပြောင်းလဲမှုများ စတင် လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ပြီး နှစ်နိုင်ငံကြား မရှိခဲ့သော စီးပွားရေးအရ ဆက်ဆံရေးအတွက် ကြီးစွာသော အမှတ်အသားတစ်ခု ဖြစ်သည်။

သို့သော် တိုးတက်မှုများ နောက်ပြန်လှည့်သွားပါက အရေးယူမှုများ ပြန်လည် ချမှတ်မည် ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက် ပြောသည်။

ပြီးခဲ့သော လများအတွက်း အနောက်နိုင်ငံ အများစုသည် မြန်မာနှင့် ဆက်ဆံရေး ပိုမို အားကောင်းရန် ကြိုးစားလာခဲ့သော်လည်း ကနေဒါကမူ ကြားဖြတ် ရွေးကောက်ပွဲ ပြီးသည်အထိ စောင့်ကြည့် နေခဲ့သည်။

ဘိတ်က လက်ရှိအစိုးရသည် ယခု လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲရေးများ နောက်ပြန် လှည့်မသွားရေးအတွက် အာမခံချက် မရှိသေးသော်လည်း အကောင်းမြင်လိုပါကြောင်း ပြောကြားခဲ့သည်။

ကနေဒါအနေဖြင့် မြန်မာ၏ သက်တမ်းနုလွှတ်တော်ကို အကူအညီပေးရန် စဉ်းစားမည် ဖြစ်ကြောင်းလည်း ပြောကြားသွားသည်။

*******************************************

မလေးရှား ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာမည်

(Bernama News မှ 24 April 2012 ရက်စွဲပါ Trade Mission to Myanmar for promotion of ICT, Biotechnology, renewable energy ကို ဘာသာ ပြန်ဆိုသည်)

မလေးရှားနိုင်ငံ၏ သတင်း ဆက်သွယ်ရေး နည်းပညာ အိုင်စီတီ၊ ဇီဝ နည်းပညာနှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် လုပ်ငန်းများကို မြှင့်တင်ရန်အတွက် မလေးရှားသိပ္ပံ၊ နည်းပညာနှင့် တီထွင်မှု ဝန်ကြီး ဒေါက်တာ မက်ဆီမတ် အွန်ကီလီသည် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဧပြီ ၂၅ မှ ၂၈ ထိ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။

အိုင်စီတီ၊ ဇီဝ နည်းပညာနှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် လုပ်ငန်းများ ဒေသတွင်း ဈေးကွက်တွင် နေရာရအောင် ပုဂ္ဂလိက ကဏ္ဍကို ကူညီရန် ဝန်ကြီးဌာနက ဦးဆောင်ကြိုးပမ်းနေသော အစီအစဉ်တစ်ရပ် အဖြစ် ယခု ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာအစိုးရသည် ကုန်သွယ်ရေး လွတ်လပ်ခွင့်များကို အားကြိုးမာန်တက် ပေးလျက်ရှိပြီး ထိတွေ့ဆက်ဆံမှုများ မြှင့်တင်နေသောကြောင့် မလေးရှားအပါအဝင် ဒေသတွင်း စီးပွားရေး အရှိန်ရနေသော နိုင်ငံများအတွက် အခွင့်အလမ်းများ တံခါးပွင့်စေသည်ဟုလည်း ဝန်ကြီးက ဆိုသည်။

မြန်မာတို့၏ ပြည်တွင်းရေး လိုအပ်ချက်အရ ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးနှင့် ဒီမိုကရေစီ အရေး ပြုပြင် ပြောင်းလဲမှုများ၏ နောက်တွင် လိုက်ပါလာသော စီးပွားရေး တံခါးဖွင့် ကြိုးပမ်းမှုများက နိုင်ငံတကာ ပရိသတ်များကို ဆွဲဆောင်လျက် ရှိသည်ဟု အင်္ဂါနေ့ သတင်းထုတ်ပြန်ချက်တွင် ဝန်ကြီးက ဖော်ပြထားသည်။

******************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment