Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၅.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်

(CNN Money မှ 24 April 2012 ရက်စွဲပါ Steve Hargreaves ရေးသားသော Tensions heat up over oil, gas in South China Sea ကို ဘာသာ ပြန်ဆိုသည်)

  1. ပိတ်ဆို့မှုများ ဖြည်းဖြည်းသာ ရုတ်သိမ်းရန် ပြည်ပရောက်အုပ်စုများ တိုက်တွန်း

(Associated Press မှ 23 April 2012 ရက်စွဲပါ Go slow on lifting sanctions: Myanmar activists ကို ဘာသာ ပြန်ဆိုသည်)

************************************

တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်

(CNN Money မှ 24 April 2012 ရက်စွဲပါ Steve Hargreaves ရေးသားသော Tensions heat up over oil, gas in South China Sea ကို ဘာသာ ပြန်ဆိုသည်)

တောင်တရုတ် ပင်လယ်ပြင်တွင် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နှင့် အခြားတိုင်းပြည်များအကြား တင်းမာမှုသည် ပိုမိုမြင့်တက်လျက် ရှိရာ ရေအောက်ရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အရင်းအမြစ်များက ပြဿနာ၏ ဗဟို ဖြစ်လျက်ရှိသည်။

အမေရိကန် ပြည်ထောင်စု ဘူမိဗေဒ တိုင်းတာရေး အဆိုအရ တောင်တရုတ် ပင်လယ်ပြင်တွင် ရေနံစိမ်း စည်ပေါင်း ၄.၈ ဘီလျံနှင့် သဘာဝ ဓာတ်ငွေ့ ၆၄ ထရီလီယံ ကုဗပေ ရှိမည်ဟု ခန့်မှန်းထားသည်။ အဆိုပါ ပမာဏသည် အလက်စကားမှ ရှာဖွေ တွေ့ရှိထားသော ရေနံသိုက်နှင့် တူညီပြီး မက္ကစီကို ပင်လယ်ကွေ့တွင် ရှာဖွေ တွေ့ရှိထားသော ဓာတ်ငွေ့သိုက်ထက် များပြားနေသည်။

တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့သည် အဆိုပါ သယံဇာတများအပေါ် စီမံခန့်ခွဲနိုင်ရေး အတွက် အငြင်းပွားနေသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သည်။ အငြင်းပွားမှုတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သာမက ငါးဖမ်းခြင်းနှင့် သတ္တုဆိုင်ရာ ရပိုင်ခွင့်များလည်း ပါဝင်သည်။

တရုတ်က ပင်လယ်ပြင် သယံဇာတများကို စီမံခန့်ခွဲခွင့် ရှိသည်ဟု ဆိုခဲ့ရာ အိမ်နီးချင်းများက ယင်းမှာ ရန်လိုသော သဘောထား ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ "တရုတ်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ စီးပွားရေးအရ အင်အားကြီးမားခဲ့ပါပြီ။ ဒီတော့ သူက ဩဇာ လွှမ်းမိုးမှု ရှိနေပြီလို့ ယုံကြည်တဲ့အတွက် ဒါကို စမ်းသပ်နေတာ ဖြစ်ပါတယ်" ဟု မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး ဗဟိုဌာနမှ အရှေ့တောင်အာရှ အစီအစဉ် ဒါရိုက်တာာ အားနက်စ် ဘောင်ဝါ (Ernest Bower)က ပြောကြားခဲ့သည်။

ဘောင်ဝါက လွန်ခဲ့သော ၃ နှစ်အတွင်း ထိုဒေသတွင်းတွင် ထိပ်တိုက် ရင်ဆိုင်မှု ၂၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။ နောက်ဆုံး အဖြစ်အပျက်မှာ ယခု အစောပိုင်းက ဖိလစ်ပိုင်၏ အကြီးဆုံး သင်္ဘောကြီးသည် တရုတ် ငါးဖမ်းသင်္ဘောများနှင့် ရင်ဆိုင် တွေ့ခဲ့ပြီးနောက် တရုတ် ကင်းလှည့်ရေယာဉ် နှစ်စီးနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နွေဦးက ဖိလစ်ပိုင် ကမ်းရိုးတန်းတွင် Forum Energy အတွက် တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသော ဗြိတိသျှ သင်္ဘောကို တရုတ်၏ လက်နက်တပ်ဆင်ထားသော သင်္ဘောငယ်များက နောက်မှ လိုက်ပါခဲ့သည်။ များမကြာမီတွင် ဗီယက်နမ် နိုင်ငံပိုင် ရေနံကုမ္ပဏီပိုင် သင်္ဘောမှ ပိုင်ဆိုင်သော ရေအောက် ကေဘယ်ကြိုးများကို တရုတ်ကင်းလှည့်သင်္ဘောက ဖြတ်ပစ်ခဲ့သည်ဟု ဗီယက်နမ်က ဆိုသည်။

ပြီးခဲ့သည့်နှစ်ကလည်း Exxon Mobil အနေဖြင့် ဗီယက်နမ် ကမ်းရိုးတန်းတွင် ရေနံ ရှာဖွေရေး ဆက်လက် လုပ်နေမည် ဆိုပါက တရုတ် ဈေးကွက်တွင် ပိတ်ပစ်မည်ဟု တရုတ်အစိုးရက Exxon Mobil အား ခြိမ်းခြောက်ခဲ့သည်ဟု သုံးသပ်သူများက ပြောသည်။

Exxon မှ ပြောခွင့်ရပုဂ္ဂိုလ်က တရုတ်နှင့် ဆွေးနွေးမှုများအပေါ် မှတ်ချက် မပြုသော်လည်း ဗီယက်နမ်တွင် ဆက်လက် တူးဖော်မည့် အစီအစဉ်များကို ပြောကြားခဲ့သည်။

သို့သော် BP ကမူ ဗီယက်နမ်တွင် ရေနံရှာဖွေရေးကို ရပ်ဆိုင်းခဲ့သည်။ BP ပြောခွင့်ရပုဂ္ဂိုလ်က ကုမ္ပဏီသည် မက္ကစီကိုပင်လယ်ကွေ့ ရေနံ ယိုဖိတ်မှုတွင် သုံးစွဲရန် ယင်း၏ ပိုင်ဆိုင်မှုကို ရောင်းချခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း သုံးသပ်သူများကမူ တရုတ်၏ ခြိမ်းခြောက်မှုက တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်ကြောင်း ဆိုကြသည်။

နိုင်ငံတကာ ရေနံ ကုမ္ပဏီကြီး အများစုသည် အဆိုပါဒေသတွင် လုပ်ကိုင်လျက် ရှိရာ Shell အပြင် Chevron သည်လည်း ထိုင်းပင်လယ်ကွေ့ အနီးတွင် လုပ်ကိုင်လျက် ရှိသည်။ အမေရိကန် အခြေစိုက် Murphy နှင့် Exxon တို့သည် မလေးရှားတွင် လုပ်ကိုင်နေသော ရေနံ ကုမ္ပဏီများ ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုမှ ဟီလာရီကလင်တန် ဆိုခဲ့သည့် အာရှဒေသကို ဗဟိုပြု၍ ဦးတည်မည် ဆိုခြင်းကို စတင်နေပြီ ဖြစ်သောကြောင့်လည်း တင်းမာမှုများမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။ အဆိုပါ မဟာဗျူဟာမှာ ဒေသတွင်း အမေရိကန် ပြည်ထောင်စုက ပိုမို ပါဝင်လာရန် ရည်ရွယ်ပြီး တရုတ်၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရာတွင် အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။ အမေရိကန်၏ ဒေသတွင်း ပင်မ အကျိုးစီးပွားမှာ သင်္ဘောများ လွတ်လပ်စွာ သွားလာနိုင်ရန် အာမခံချက် ရရှိရေး ဖြစ်သည်။ တစ်ကမ္ဘာလုံး၏ ကုန်သွယ်မှု သင်္ဘောများ၏ သုံးပုံတစ်ပုံသည် တောင်တရုတ်ပင်လယ်တွင် သွားလာလျက် ရှိသည်။

ယခုလ အစောပိုင်းက ဩစတြေးလျ မြောက်ပိုင်းတွင် အမေရိကန် မရိန်းတပ် အင်အား ၂၅ဝဝ ချထားခဲ့ရာ အမေရိကန်တို့၏ ပါဝင်မှု တိုးတက်လာခြင်းကို သိသာစွာ သတိပြုမိလာသည်။

စစ်ရေးအရ ပဋိပက္ခ ဖြစ်နိုင်သည့် အန္တရာယ် တိုးတက်လာကြောင်း Euroasia Group မှ အာရှသုံးသပ်သူ မစ်ချယ်မိုင်ဒန် (Michal Meidan) က ပြောကြားခဲ့သည်။ သို့သော် ယခုထိမူ စိုးရိမ်ရသည့် အနေအထားတွင် မရှိသေးပေ။ လူတိုင်းအကျိုးအတွက် နိုင်ငံအားလုံး အတူတကွ ပင်လယ်ပြင်၏ သယံဇာတများကို ထုတ်လုပ်ကြရန် ဖြစ်နိုင်ကြောင်းလည်း ဘောင်ဝါက ပြောသည်။

****************************************

ပိတ်ဆို့မှုများ ဖြည်းဖြည်းသာ ရုတ်သိမ်းရန် ပြည်ပရောက်အုပ်စုများ တိုက်တွန်း

(Associated Press မှ 23 April 2012 ရက်စွဲပါ Go slow on lifting sanctions: Myanmar activists ကို ဘာသာ ပြန်ဆိုသည်)

အီးယူက မြန်မာအပေါ် ချမှတ်ထားသော စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုများကို ရပ်ဆိုင်းထားလိုက်ခြင်းသည် အမေရိကန် ပြည်ထောင်စုက ထိုလမ်း အတိုင်း မလိုက်မီ တပ်မတော်အစိုးရ ပိုမိုပြောင်းလဲလာအောင် ဖိအားပေးရန် တိုက်တွန်းနေသော ပြည်ပရောက် မြန်မာနိုင်ငံရေး လှုပ်ရှားသူများကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

ပြည်ပရောက် နိုင်ငံရေးသမားတို့၏ ကန့်ကွက်မှုသည် ပိတ်ဆို့မှုများ ရှေ့တန်း ရောက်လာစေခဲ့သော နှစ်ပေါင်း ၂ဝ အတွင်း ယင်းတို့ ထောက်ခံ အားပေးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမြင်ကွဲလွဲမှုများကိုလည်း ထင်ဟပ် ပြသနေသည်။

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း၏ ယခုလ မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က အီးယူ၏ လုပ်ဆောင်မှုကို အားပေး ထောက်ခံခဲ့သော်လည်း ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူများကမူ အကယ်၍သာ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများ နောက်ပြန် ဆုတ်သွားပါက ပိတ်ဆို့ အရေးယူမှုများ ပြန်လည် ချမှတ်ဖွယ် ရှိသည်ဟု သံသယ ရှိနေသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိသွားသကဲ့သို့ အစိုးရကလည်း တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများစွာနှင့် အပစ်ရပ် သဘောတူညီမှုများ ရရှိထားသော်လည်း ထိုအပြောင်းအလဲများက မြန်မာနိုင်ငံသားတို့၏ ခက်ခဲသော ဘဝများနှင့် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက် ညှင်းပန်းမှုများ ဆက်လက် ဖြစ်ပွားနေခြင်းတို့အပေါ် ယခုတိုင် အကျိုးသက်ရောက်မှု မရှိသေးပါဟု ယင်းတို့က ဆိုသည်။

"အီးယူဟာ သူတို့ရဲ့ 'မှန်းချက်'ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးနဲ့ တိုင်းရင်းသား အုပ်စုများအပေါ် တိုက်ခိုက်မှု ရပ်ဆိုင်းရေး ကိစ္စတွေမှာ 'နှမ်းထွက်' မကိုက်သေးဘူးဆိုတာ သိရက်နဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရပ်ဆိုင်းလိုက်တာပါ" ဟု ထိုင်းအခြေစိုက် Forum for Democracy in Burma မှ ဦးစိုးအောင်က ပြောကြားခဲ့သည်။ မြန်မာအစိုးရ၏ "ဝါးတားတား ပြုပြင် ပြောင်းလဲမှု" ကို အီးယူက အပြေးအလွှား ချီးမြှောက် တုန့်ပြန်နေသည်လည်း ဦးစိုးအောင်က ဝေဖန် ပြောဆိုလိုက်သည်။ "ဒါဟာ ကျိုးကြောင်း မဆီလျှော်ဘဲ နည်းနည်လေး အကဲပိုနေတယ်" ဟု ယင်းက မှတ်ချက်ပေးသည်။

၁၉၈၈ အရေးတော်ပုံအပြီး မြန်မာနိုင်ငံမှ ထွက်ပြေးလွတ်မြောက်လာသော ပြည်ပရောက် မြန်မာနိုင်ငံရေး သမားများ၏ ဩဇာလွှမ်းမိုးမှုသည် နေပြည်တော်က တံခါးဖွင့်လိုက်ခြင်းကြောင့် ယခင်ကထက် မှေးမှိန် ကျဆင်းသွားသော်လည်း အငြင်းအခုန်ကိစ္စများတွင် ပါဝင်သူများ ဖြစ်နေဆဲ ဖြစ်သည်။ ပြီးခဲ့သော သီတင်းပတ်အတွင်း အမေရိကန် နိုင်ငံခြားရေးဌာနနှင့် ကမ္ဘာ့ဘဏ် အပါအဝင် ဝါရှင်တန်မှ မူဝါဒ သုံးသပ်သူများကို ယင်းတို့ အုပ်စုက ဆွေးနွေး ပြောဆိုမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

ဆင်းရဲမွဲတေသော နိုင်ငံတွင် တရားသော ဥပဒေ မစိုးမိုးမီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများ၍ အမြတ်အစွန်း များသော သယံဇာတများကို လက်ဝါးကြီး အုပ်ထားကြသည့် တပ်မတော်နှင့် အပေါင်းပါ စီးပွားရေးသမားများကိုသာ အကျိုး ဖြစ်ထွန်း စေလိမ့်မည်ဟု ယင်းတို့က ပြောဆိုထားသည်။ အထူးသဖြင့် ယင်းသယံဇာတများသည် စစ်ပွဲနှင့် တပ်မတော်၏ ညှင်းပန်း နှိပ်စက်မှုများကြောင့် ဒေသခံ ပြည်သူများ စွန့်ခွာ ထွက်ပြေးနေရသော စစ်ဘေးသင့် နယ်မြေများမှ ထုတ်ယူကာ ဖြတ်သန်း သယ်ဆောင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ပြဿနာကို စိုးရိမ်ပူပန်နေသော အိုဘားမား အစိုးရက အရေးယူမှုများ ရုတ်သိမ်းရေး ကိစ္စကို အီးယူထက် နှေးကွေးစွာ ဆောင်ရွက်လျက် ရှိရာ မြန်မာနှင့် သံတမန် ဆက်ဆံရေးကို အဆင့်မြှင့်ကာ အချို့ကဏ္ဍများတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုနေသော်လည်း ပြည်သူ အများစု အကျိုးရှိမည့် ကဏ္ဍများကိုသာ ဆုံးဖြတ်ခွင့် ပြုထားခြင်း ဖြစ်သည်။

အာရှရေးရာ မူဝါဒကို ကြီးကြပ်သော လွှတ်တော် ကော်မတီများက ယခု သီတင်းပတ်တွင် နိုင်ငံခြားရေးဌာန၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန၊ ဘဏ္ဍာရေး ဌာန တို့မှ အကြီးတန်းအရာရှိများ၏ ထွက်ဆိုမှုကို ကြားနာ စစ်ဆေးမည် ဖြစ်သည်။

အာရှနိုင်ငံများစွာတွင် အခြေစိုက်ထားသော Burma Partnership မှ ညှိနှိုင်းရေး တာဝန်ခံ ဒေါ်ခင်ဥမ္မာက မြန်မာနိုင်ငံတွင် မီဒီယာဆင်ဆာ လျှော့ပေါ့ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ပြုထားသော်လည်း တပ်မတော်အနေဖြင့် ဘေးကင်း ရန်ကင်း ထင်တိုင်းကြဲနိုင်ဆဲ ဖြစ်သည်ဟု မှတ်ချက် ပေးသည်။

"လူတွေက ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးသမားလို့ ပြောတာဟာ မှန်ကန်ပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ တစ်ဦးချင်း အခြေခံ ပြောင်းလဲမှု တွေထက် အခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုတွေကို ပိုမိုလိုအပ်ပါတယ်" ဟု ဒေါ်ခင်ဥမ္မာက ဝါရှင်တန်တွင် ပြောသည်။

လွှတ်တော်အပေါ် တပ်မတော် ထိန်းချုပ်မှုကို စိန်ခေါ်မည့် ၂ဝ၁၅ ရွေးကောက်ပွဲသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို အကဲဖြတ် စမ်းသပ်လိမ့်မည် ဟုလည်း သူမက ဆိုသည်။

အနောက်နိုင်ငံ အစိုးရများအနေဖြင့် အပြောင်းအလဲကို ဆန့်ကျင် နောက်ပြန်ဆွဲလိုသူများ အားနည်းသွားစေရန် ဦးသိန်းစိန်အစိုးရကို အားပေးခြင်းဖြင့် ယင်းတို့၏ အရေးပါမှုကို ထိန်းသိမ်းလျက် ရှိသည်။ အီးယူက အကဲဖြတ်ကာလ တစ်နှစ်အတွင်း လက်နက် ရောင်းဝယ်မှု တားမြစ်ချက် မှအပ အခြားပိတ်ဆို့မှုများကို ဆိုင်းငံ့ထားမည်ဟု တနင်္လာနေ့တွင် ထုတ်ပြန် ကြေညာသည်။ ဂျပန်ကလည်း ကြွေးမြီဒေါ်လာ ၃.၇ ဘီလျံ လျှော့ပေါ့ပေးကာ ဖွံ့ဖြိုးရေး အကူအညီ အပြည့်အဝ ပြန်ပေးတော့မည်ဟု ကြေညာခဲ့သည်။

ယခုတစ်ပတ် ကွန်ဂရက် ကြားနာပွဲသို့ တက်ရောက် နားထောင်မည့် US Campaign for Burma မှ ဦးအောင်ဒင်က "အနောက်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ပိတ်ဆို့မှုများ ပြန်လည် ချမှတ်ရန် ခက်ခဲသွားမည် ဖြစ်ပြီး ဒီမိုကရေစီ လိုလားသူများ အနေဖြင့် တပ်မတော် အစိုးရ အပေါ် ဖိအားပေးနိုင်တော့မည် မဟုတ်" ဟု သုံးသပ် ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် အီးယူ၏ ဆောင်ရွက်ချက်ကို မထောက်ခံမီ အန္တရာယ်များကို တိကျစွာ သိရှိထားပါရဲ့လားဟုလည်း ဦးအောင်ဒင်က မေးခွန်းထုတ်သည်။

ရန်ကုန်မြို့ အမေရိကန်သံရုံး ယာယီ တာဝန်ခံ ဖြစ်ခဲ့ဖူးသူ ပရီဆိုင်လာ ကလပ် (Priseilla Clapp) က "ဒီအချိန်ဟာ မြန်မာနိုင်ငံ အပြင်ဖက်က အကဲခတ်သမား အများစုအတွက် ပြည်တွင်းက အသွင်ပြောင်းလဲမှုနဲ့ စေ့စပ် ညှိနှိုင်းရမယ့် အချိန်ကောင်းပါပဲ။ မညှိဘူးဆိုပြီး ခေါင်းမာနေဖို့ မဖြစ်နိုင်တော့ပါဘူး" ဟု သုံးသပ် ပြောကြားသွားသည်။

***************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment