Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၅.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အကွက်ရွှေ့မှားခဲ့သော NLD နှင့် အမြတ်မထွက်ခဲ့သော နိုင်ငံရေး ကုန်ရှုံးမှု

****************************************

ဆောင်းပါးကဏ္ဍ

အကွက်ရွှေ့မှားခဲ့သော NLD နှင့် အမြတ်မထွက်ခဲ့သော နိုင်ငံရေး ကုန်ရှုံးမှု

အောင်မောင်း

NLD လွှတ်တော်မတက်နိုင်သည့် ကိစ္စသည် နိုင်ငံရေးအကျပ်အတည်း တစ်ခုအဖြစ်သို့ ရောက်ရှိမသွားနိုင်ပါဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သော်လည်း ထိုကိစ္စသည် သမ္မတနှင့်သူမအကြား ရရှိထားသော ဆက်ဆံရေးကောင်းကိုမူ သက်ရောက်မှု တစုံတရာ ရှိကောင်းရှိနိုင်ပါသည်။ သို့ရာတွင် သမ္မတနှင့်သူမ နှစ်ကြိမ်တိုင်တွေ့ဆုံဆွေးနွေးမှု၏ နောက်ကွယ်တွင် မည်ကဲ့သို့သောနားလည်မှုများ ရရှိထားသည်ဆိုသည့်အချက်ကို မသိရခြင်း ကလည်း NLD အနေဖြင့် ယခုကဲ့သို့ လွှတ်တော်တွင်း မဝင်ရောက်မီပင် အစိုးရကို အားပြိုင်ဝံ့သည့် အကြောင်းအရင်းကို စဉ်းစားရကျပ်စေသည်။ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည့်  အဖွဲ့အစည်းနှစ်ခု၊ နိုင်ငံ့ဥသျှောင်သမ္မတနှင့် လူထုခေါင်းဆောင် စသည့် အခြေအနေများဖြင့် အပြန်အလှန် ယုံကြည်မှု ပြန်လည်တည်ဆောက်နေရသည့် အချိန်မျိုးတွင် ထိပ်တိုက်ရင်ဆိုင်လာသော NLD ၏ လုပ်ရပ်မှာ စဉ်းစားဖွယ်ရှိသည်။ နှုန်းစံသတ်မှတ်ချက်များ အရ အစိုးရနှင့် အတိုက်အခံဖြစ်၍ ပုဂ္ဂိုလ်ရေး မည်မျှရင်းနှီးသည်ဖြစ်စေကာမူ နိုင်ငံရေးတွင် အလျော့မပေးနိုင်ဟု ဆိုနိုင်သော်လည်း ယဉ်ကျေးမှုအရမူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမအပေါ် စေတနာမှန်သော၊ သူမ၏ အကူအညီကိုမျှော်လင့်နေသော၊ သူမထက် အသက်အရွယ်အရ ကြီးသော သမ္မတ ကို အားနာသမှုတော့ ရှိတန်ကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် သမ္မတနှင့်သူမအကြား မည်မျှအထိ နားလည်မှုရှိနေ၍ ယခုကဲ့သို့ သူမ၏ ထိပ် တိုက်ရင်ဆိုင်မှုကို သမ္မတက အပြစ်မဆိုဘဲ ရှိနေသနည်း၊ သူမကလည်း ထိုကိစ္စကို သိသိကြီးနှင့် အဘယ့်ကြောင့် သမ္မတကို အားမနာဘဲ ထိပ်တိုက်ရင် ဆိုင်သနည်း။ ထိုအဖြေကို သမ္မတနှင့် သူမသာ သိပေလိမ့်မည်။ နောက်ကွယ်တွင် တစုံတရာ ရှိပါစေဟုသာ မျှော်လင့်မိ ပါသည်။ သမ္မတ နှင့် သူမ စည်းဝါး ရိုက်ထားပြီး ကြိုတင်ဇာတ်တိုက်ထားသော ကိစ္စမဟုတ်ခဲ့လျှင် အသွင်ကူးပြောင်းစ နိုင်ငံအတွက် ၊ ပြည်သူများအတွက်သာမက NLD ကိုယ်တိုင်အတွက်ပါ ထိခိုက်လာစရာရှိပါသည်။

                လက်ရှိအခြေအနေအရင် NLD လွှတ်တော်မတက်ခြင်းနှင့် ပတ်သက်၍ နိုင်ငံရေး အမြတ်ထုတ်မှုဟု ရှုမြင်ခြင်းခံလာနေရသည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အမေရိကန်နှင့် ဗြိတိန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့သည် ယခင်က ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို အလေး ပေးပြောဆိုခဲ့သော်လည်း ယခုအချိန်တွင် မြန်မာအစိုးရကို ဒီမိုကရေစီအပြောင်းအလဲအတွက် အကူအညီပေးခြင်းဖြင့် မြန်မာ့ဒီမိုကရက်တိုက်ဇေးရှင်း ပိုမိုမြန်ဆန်စေသည်ကို မြင်လာကြသည်က တကြောင်း၊ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်ဒေသအတွင်း တရုတ်၏ သြဇာချဲ့ထွင်လာမှုကို အင်အားထိန်းညှိ လိုကြ သည်က တကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုခဲ့သလို အစိုးရသစ်ကိုလည်း အသိအမှတ်မပြုခဲ့သော ၎င်းတို့အနေဖြင့် မြန်မာအစိုးရ၏ ဒီမို ကရက်တိုက်ဇေးရှင်း အောင်မြင်သွားလျှင် တချိန်ချိန်၌ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို အားပေးကူညီခဲ့သည့်စာရင်းတွင် အမေရိကန်၊ ဗြိတိန်နှင့် သဘောထားတင်းမာသည့် ဥရောပနိုင်ငံအချို့တို့ မပါခဲ့ဟု မဖြစ်စေလိုသည်ကတကြောင်းတို့ကြောင့် ယခင်က NLD နှင့်ဒေါ်အောင်ဆန်းစုကြည် ရှုထောင့်မှ ပြောဆိုနေရာမှ ယခုအခါ မြန်မာအစိုးရကို အကူအညီပေးရေးရှုထောင့်ကပါ ပြောဆိုလာကြသည့်အတွက် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အရေး ပါမှု၊ အဆုံးအဖြတ်ပေးနိုင်မှုတို့ကို မြန်မအာအစိုးရနှင့် အခြားဒီမိုကရက်တစ်ပါတီများ၊ တိုင်းရင်းသားများကို ခွဲဝေပေးလိုက်ရသကဲ့သို့ ရှိစေသည်။ အထူး သဖြင့် မြန်မာနိုင်ငံကို ပြန်လည်ထိတွေ့ဆက်ဆံလိုနေသည့် ၎င်းတို့အနေဖြင့် မြန်မာအစိုးရမှာ အပြောင်းအလဲကို ဖော်ဆောင်နေသည့် အချက်ကို သံသယ မရှိဘဲ အကူအညီပေးခြင်း၊ ပိတ်ဆို့ဒဏ်ခတ်မှုများကို ရုပ်သိမ်းပေးခြင်းများ ပြုလုပ်လိုကြသော်လည်း ဒီမိုကရေစီနှုန်းစံများကို အလေးထားသော ၎င်းတို့ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါဝင်သော အပြောင်းအလဲသာရလျှင် မြန်မာနိုင်ငံကို ပိတ်ဆို့ဒဏ်ခတ်မှုများကို ဖယ်ရှားပေး နိုင်မည်ဟု မြန်မာ အစိုးကို နောက်ဆုံးအနေဖြင့် ဈေးဆစ်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဤအချက်သည် ဒီမိုကရေစီအပြောင်းအလဲကို ဖော်ဆောင်နေ သော မြန်မာအစိုးရ အတွက်ရော၊ မြန်မာ့နိုင်ငံရေးတွင် တရားဝင်လမ်းကြောင်းတစ်ခုရရန် လိုအပ်နေသော NLD အတွက်ရော၊ မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံ လိုနေသော အနောက်နိုင်ငံများအတွက်ရော သုံးဦးသုံးဖလှယ်အကျိုးရှိစေမည့် ကိစ္စလည်းဖြစ်ရာ ၎င်းတို့အနေဖြင့် NLD ကို ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်နိုင်စေရန် မြန်မာအစိုးရနှင့် အောင်သွယ်လုပ်ပေးခဲ့ပြီး လွှတ်တော်အတွင်း မည်သို့မျှ အာဏာချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်စေနိုင်မည် မဟုတ်သည့် ကြားဖြတ်ရွေးကောက်ပွဲကို တခမ်းတနား ပုံကြီးချဲ့၍ လွတ်လပ်၊ သန့်ရှင်း တရားမျှတသော ရွေးကောက်ပွဲများဖြစ်စေရန် ဆော်သြခဲ့ သည်။ ၎င်းတို့ပြောဆို သည့် လွတ်လပ်၊ သန့်ရှင်းတရားမျှတသော ရွေးကောက်ပွဲဆိုသည်မှာ NLD က ထိုကြားဖြတ်ရွေးကောက်ပွဲများတွင် သန့်ရှင်းစွာ အနိုင်ရခြင်း ဖြစ်သည်ဟု သဘောပေါက်ထားသော မြန်မာအစိုးရကလည်း သန့်ရှင်းရုံသာမက လက်ရှိအာဏာရပါတီ ပြည်ခိုင်ဖြိုး အနိုင်ရနိုင်ခြေရှိသော နေပြည်တော်ရှိ မဲဆန္ဒနယ် များတွင်ပါ NLD အနိုင်ရရှိစေရန် တမင်တကာ ဖန်တီးပေးခဲ့သလား ထင်ရလောက်အောင်ပင် မည်သည့် ဖိအားပေးမှုမျိုးမှ မပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲရလဒ်များသည် အံ့သြဖွယ်ကောင်းလောက်အောင် တရားမျှတမှုရှိသည်၊ ထို့ကြောင့် မြန်မာအစိုးရကို ဒဏ်ပေးသည့် အချိန်ကျော်၍ ဆုပေးသည့်အချိန်ရောက်ပြီဟူသော ကြိုတင်အကွက်ချရေးသားထားသည့် ဇာတ်ညွှန်းကြီးအရ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုများကို ပြန် လည်ရုပ်သိမ်းပြီး အကူအညီပေးခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်သွားမည်ဟု အမေရိကန်နှင့် ဗြိတိန်တို့အပါအဝင် မြန်မာ နိုင်ငံကို နှစ်ပေါင်းများစွာ ပိတ်ဆို့ ထားခဲ့သည့် နိုင်ငံများက ကြေညာခဲ့ကြသည်။

မြန်မာအစိုးရအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD  အပြတ်အသတ်အနိုင်ရရှိသွားသော်လည်း လွှတ်တော်တွင်း ရှိ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ခြင်း၊ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းသွား၍ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာ အကူအညီများ စီးဝင်လာခြင်းများအပြင် နှစ်ပေါင်း များစွာ အနောက်နိုင်ငံများက ပုံဖော်ခဲ့ကြသည့် အတ္တကြီးပြီး ရက်စက်သော အာဏာရှင်များဟူသည့် ပုံရိပ်ဆိုးကိုလည်း ခွာချပြီးဖြစ်စေခြင်း၊ အထူးသဖြင့် ယခင်က မြန်မာအစိုးရ ခေါင်းဆောင်များကို  ပုဂ္ဂိုလ်ရေးအရ ပိတ်ဆို့ဝိုင်းကြဉ်ထားသည့် အနေအထားမှ တန်းတူရည်တူ လေးစားဆက်ဆံလာခြင်း စသည့် နိုင်ငံရေး အမြတ်ထွက်မှုများကို တနင့်တပိုး ရရှိသွားသည်ဟု ဆိုရမည်ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် NLD အတွက် လွှတ်တော်တွင်း ၄၃နေရာ ရရှိခြင်းသည် အလွန်နည်းပါးသည့် နိုင်ငံရေးအမြတ်ဟု တွေးထင်၍ ယခုကဲ့သို့ လွှတ်တော်မတက်နိုင်ဟူသော နိုင်ငံရေး စတန့်ဖြင့် နိုင်ငံရေး အမြတ်ထုတ်ရန် ကြံစည်လာခြင်းလည်းဖြစ်နိုင်သည်။ ပြည်သူလူထုက တစ်ခဲနက်ထောက်ခံသောပါတီ၊ နိုင်ငံတကာအသိုင်းအဝိုင်းက အထူးအရေးပေးသော လူထုခေါင်း ဆောင်တို့သည် စစ်အစိုးရနှင့်ပူးပေါင်းပြီး အမတ်နေရာအနည်းငယ်ဖြင့် တင်းတိမ်လိုက်သည်ဆိုသည့် ပြောဆိုမှုမျိုး မခံရစေရန်နှင့် လွှတ်တော်တွင်း၌ မိမိတို့ပါတီ အင်အားနည်းပါးသော်လည်း မိမိတို့နောက်တွင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်သူလူထု တစ်ရပ်လုံးရှိသည်ဟု လက်ရှိအစိုးရကို အင်အားပြ လိုခြင်းတို့ကြောင့် ယခုကဲ့သို့ နိုင်ငံရေး စတန့်ထွင်၍ အမြတ်ထုတ်လိုက် ခြင်းလည်းဖြစ်သည်။

သို့ရာတွင် NLD ၏ နိုင်ငံရေး ကစားမှုမှာ ထင်သလိုမဖြစ်ခဲ့ဘဲ ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက NLD လွှတ်တော်မတက်သည့် ကိစ္စကို နှုတ်ဆိက်နေကြသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့၏ နိုင်ငံရေးဈေးဆစ်မှု ကုန်ဆုံးသွားပြီဖြစ်သလို NLD ပါလာလျှင် လွှတ်တော် တွင်း အပြောင်းအလဲဖြစ်တန်ကောင်းသည်ဟူသည့် မျှော် လင့်ချက်ဖြင့် NLD ကို ရဲရဲဝံ့ဝံ့ ရွေးချယ်လိုက်ကြသည့်  ပြည်သူတွေကလည်း NLD ၏ ယခုလုပ်ရပ် ကြောင့် မိမိတို့မျှော်လင့်သလို NLD လွှတ်တော်မတက်၍ အောင့်သီးအောင့်သက် စိတ်အနှောက်အယှက် ဖြစ်ခဲ့ရသည်ဖြစ်ရာ NLD သည် နိုင်ငံရေး အမြတ် မထွက်ရုံမျှမက အနည်းငယ်ပင် ရှုံးသွားသည်ဟု ဆိုရမည်ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် သမ္မတ ဦးသိန်းစိန်က ဂျပန်နိုင်ငံရောက်ရှိနေခိုက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NLD လွှတ်တော်မတက်ခြင်းမှာ ၎င်းတို့၏ဆန္ဒသာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်က ကြိုဆို လျက်ရှိကြောင်း၊ ပြည်သူအကျိုးရှိမည့် ကိစ္စရပ်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပေဒကို ပြင်ပေးနိုင်ကြောင်း ပြောကြားရင်းဖြင့် မြန်မာအစိုးရ သဘောထား ကြီး ပါပေသည်ဟူသော နိုင်ငံရေးအမြတ်ထွက်မှုကို ထပ်မံရရှိလိုက်ပြန်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် NLD ထက် မြန်မာအစိုးရဘက်သို့ ယိုင်လာ ခြင်းမှာ NLDအတွက် အကြီးမားဆုံးသော နိုင်ငံရေးဝေစုကြီး ဆုံးရှုံးလိုက်ရခြင်းပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပြည်ခိုင်ဖြိုးပါတီမှ ထိပ်တန်းခေါင်းဆောင် များကလျှင် NLD လွှတ်တော်မတက်သည့် ကိစ္စကို ဝေဖန်ခြင်း၊ ရှုံချခြင်းမပြုဘဲ NLD၏ဆန္ဒကို လေးစားကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝိုင်းဝန်းပြင် ဆင်နိုင်ကြောင်း စသည်ဖြင့် သဘောထားကြီးကြောင်းပြသ၍ ခရီးသွားဟန်လွှဲ ဝင်ရောက်၍ နိုင်ငံရေးအမြတ်ထုတ်သွားခြင်းကို ခံလိုက်ရ ပြန်သည်။

ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနှင့် ပြည်ပအခြေစိုက် မီဒီယာတစ်ခုတို့ တွေ့ဆုံမေးမြန်းခန်းတွင် NLD ပြင်ဆင်လိုသည့် ကျမ်း ကျိန်လွှာသည် ပြည်သူလူထုအတွက် မည်သို့အကျိုးရှိမည်ဆိုသည့်ကိစ္စတစ်ခု ဟုတ်မဟုတ် စဉ်းစားရန်လိုကြောင်း ဖြေကြားခဲ့ရာ NLD ကို ပညာသားပါပါ နှိပ်ကွပ်သွားခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။ အလွန်တော်သော ရှေ့နေအမြောက်အများရှိသည့် NLD သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောမပေါက် စရာမရှိသလို ကျမ်းကျိန်စာသားသည်လည်း ယခုကဲ့သို့ ချဲ့ကားပြောဆိုရလောက်အောင် ပြောပလောက်သည့် ကိစ္စမဟုတ်ကြောင်းကိုလည်း ကောင်းစွာ နားလည်ပြီးဖြစ်ပေလိမ့်မည်။ ထိုသို့ ကောင်းစွာနားလည်သဘောပေါက်ပြီး ဖြစ်သည့်တိုင် နိုင်ငံရေးအမြတ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ယခု တစ်ကြိမ် နိုင်ငံရေး အကွက်ရွှေ့မှားမှုသည် NLD အတွက် ကြီးမားသော နိုင်ငံရေးသိက္ခာ ရှုံးနိမ့်မှုကို ရရှိလိုက်ခြင်းပင် ဖြစ်တော့သည်။ နိုင်ငံရေးအမြတ် မရရုံမျှမက နိုင်ငံရေး လှေမှောက်သည့်၊ နိုင်ငံရေးကုန်ရှုံးသည့် NLD ၏ နိုင်ငံရေးအကွက်ရွှေ့မှားမှုဟုသာ ဆိုရတော့မည်ဖြစ်သည်

****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment