yangonchronicle2011 |
၂၅. ၄.၂၀၁၂
ပြည်တွင်းသတင်းများ
- ကျပ်နှစ်သိန်းတန်ဖုန်းများ သုံးသိန်းနီးပါးဈေးတက်
- သုံးခွမှ သောက်သုံးရေ အခက်အခဲ အစိုးရမှ ပါဝင်ဖြေရှင်းမှု မရှိသေး
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- လိုအပ်ပါက အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရန် ဂျပန်သတင်းစာရှင်းလင်းပွဲ၌ သမ္မတ ဦးသိန်းစိန် ပြောကြား
- NLD ပါတီသို့ လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏ ဝင်ရောက်ခွင့်လျှောက်ထားလွှာအား စိစစ်ဆဲဖြစ်
- ၈၈မျိုးဆက်များ တာဝန်ခွဲဝမှုများ ပြုလုပ်
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
*****************************************
ပြည်တွင်းသတင်းများ
ကျပ်နှစ်သိန်းတန်ဖုန်းများ သုံးသိန်းနီးပါးဈေးတက်
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်ပုဂ္ဂလိက ကုမ္ပဏီများ အကျိုးတူရောင်းချပေးနေသည့် ကျပ်နှစ်သိန်းတန် GSM ဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ ကျပ်သုံးသိန်းနီးပါး ဖြစ်နေကြောင်း ဖုန်းလက်လီလက်ကား အရောင်းဆိုင်များမှ ဆိုကြသည်။
Asia Mega Link Co.Ltd, Elite Tech Co.Ltdနှင့် ရတနာပုံ တယ်လီပို့ကုမ္ပဏီလီမိတက်တို့မှ GSM ဖုန်းများအား တရားဝင်ပေါက်ဈေး ကျပ် နှစ်သိန်းဖြင့် ရောင်းချပေးနေသော်လည်း ရောင်းလိုအားထက်၊ ဝယ်လိုအားမှာ မြင့်တက်နေခြင်းကြောင့် ပြင်ပဈေးကွက်တွင် ဈေးကစားသူများ ပေါ်လာ ခြင်းဖြစ်ကြောင်း အနော်ရထာလမ်းမပေါ်ရှိ KKA ဖုန်းဆိုင်ပိုင်ရှင်က ပြောကြားသည်။
ဧပြီ ၂၅ ရက်နေ့တွင် ထပ်မံရောင်းချမည့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများ ပေါ်ထွက်လာပါက ကျပ်နှစ်သိန်းတန် ဖုန်းဈေးနှုန်းမှာ ကျဆင်း သွားနိုင်ကြောင်း ယင်းကဆက်လက်သုံးသပ်သည်။
"အမှန်မှန်က ဖုန်းဆိုတာ လိုအပ်မှသုံးရတဲ့အရာပါ၊ ဒါကို ဇိမ်ခံပစ္စည်းလို သုံးနေကြတာတော့ မကောင်းဘူး"ဟု ယင်းဖုန်းဆိုင်ပိုင်ရှင်က ဆိုသည်။
ကျပ်နှစ်သိန်းတန် GSM ဖုန်းများကို ပုံမှန်ဈေးနှုန်းတိုင်း ဝယ်ယူလိုပါက ပုဂ္ဂလိကကုမ္ပဏီ အရောင်းစင်တာများတွင် တန်းစီဝယ်သူမှသာ ရရှိ ကြောင်း ဧပြီ ၂၄ ရက်နေ့က မြောက်ဥက္ကလာပရှိ Elite ဖုန်းဆိုင်တွင် GSM ဖုန်းဝယ်ခဲ့သူတစ်ဦးက ပြောကြားသည်။
ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွင်း GSM ဖုန်းသန်းနှင့်ချီရောင်းချပေးရန်ရှသည့်အပြင် လက်ရှိ ပေါက်ဈေးထက်နိမ့်သည့် ဈေးနှုန်းဖြင့် GSM၊CDMA ဖုန်းများကိုလည်း ရောင်းချရန် အစီအစဉ်ရှိကြောင်း သိရသည်။
KP
-----------------------------------------------------------------------------------------------------------------------------------
သုံးခွမှ သောက်သုံးရေ အခက်အခဲ အစိုးရမှ ပါဝင်ဖြေရှင်းမှု မရှိသေး
သုံးခွမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖြစ်ပေါ်လျက်ရှိသည့် သောက်သုံးရေ အခက်အခဲအား ကူညီဖြေရှင်းပေးသည့် အဖွဲ့အစည်းများ ရှိနေ သော်လည်း နိုင်ငံတော်အစိုးရမှ ပါဝင်ဖြေရှင်းမှု မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
" အန်အယ်ဒီပါတီလို အဖွဲ့ အစည်းတွေနဲ့ တခြားအန်ဂျီအိုတွေက သောက်သုံးရေလိုအပ်တဲ့ ရွာတွေကို သောက်သုံးရေ ဖြန့်ဝေပေးတာတွေ လုပ် တယ်။ အစိုးရကတော့ ဘာမှမလုပ်ပေးသေးဘူး "ဟု သုံးခွမြို့ခံတစ်ဦးဖြစ်သူ ဦးနေမျိုးမှ ဆိုသည်။
သုံးခွမြို့နယ်တွင် မိုးရွာသွန်းမှု နောက်ကျသည့်နှစ်များ၌ သောက်သုံးရေအခက်အခဲ ရှိတတ်ကြောင်း သုံးခွမြို့တွင် ရွာပေါင်း ၆၀ ကျော် ရှိသည့် အနက် ထက်ဝက်ဝန်းကျင်သည် သောက်သုံးရေ အခက်အခဲကို ကြုံတွေ့ နေရကြောင်း သိရသည်။
"ကျွန်တော်တို့ကတော့ သင်္ကြန်မတိုင်ခင်ထဲက သောက်ရေမရတဲ့ ရွာတွေကို ကားတွေနဲ့ရေလှူတာတွေ လုပ်ပေးတယ်။ ရေရှိတဲ့ ရွာကနေ ရေ အကူအညီတောင်းပြီး ရေမရှိတဲ့ ရွာတွေကို ပို့ပေးတာတွေ လုပ်ပေးတယ် " ဟု သုံးခွမြိုနယ် အန်အယ်ဒီပါတီဝင် တစ်ဦးက ဆိုသည်။
သုံးခွမြို့နယ်သည် မြစ်ချောင်း၊ ပင်လယ်နှင့် နီးတာကြောင့် ရေတွင်းတူးတဲ့အခါ ရေငန်နှင့် ရေပျက်အမျိုးအစားကိုသာ အများဆုံးရရှိပါတယ်။ ထို့အပြင် မြေကလည်း သဲမြေပါဝင်မှု များပြားတာကြောင့် နေပြင်းတဲ့အခါ ရေချိုကန်များမှာ ရေမရှိဘဲ ရေခန်းခြောက်နေကြောင့် သောက်သုံးရေ ရှားပါးခြင်း ဖြစ်ကြောင်း သိရသည်။
" တချို့နေရာတွေမှာ တွင်းတူးလို့ ရပေမယ့် ရေက ကျိုသောက်လို့တောင် အဆင်မပြေဘူး။ ထမင်းဟင်းလည်း ချက်လို့မရဘူး။ ရေလှူတဲ့သူသာ မရှိရင် ဘယ်လောက်ဒုက္ခရောက်လိုက်မလဲ မသိဘူး " ဟု သုံးခွမြို့မှ ရွာသားတစ်ဦးဖြစ်သူ ဦးဇော်ဝင်းက ဆိုသည်။
အလှူရှင်တွေ လှူဒါန်းတဲ့သောက်သုံးရေက ခဏတာအတွက် အဆင်ပြေသော်လည်း ရေရှည်အတွက်မှာတော့ ရေချိုရနိုင်သည့် အဝီစိတွင်း တူးနိုင်ဖို့ လိုအပ်ကြောင်း သိရသည်။
" အ၀ီစိတွင်းတူးပြီးလှူမယ့် အလှူရှင်လည်း ရှိပါတယ်။ ဒါပေမယ့် ရေချိုရနိုင်မယ့် မြေနေရာမတွေ့သေးလို့ စမ်းသပ်နေတုန်း ရှိသေးတယ်" ဟု အန် အယ်ဒီပါတီဝင်မှ ဆက်လက်ပြောကြားသည်။
သုံးခွမြို့နယ်ဝန်းကျင်ရှိ ကျေးရွာများတွင် သောက်သုံးရေ ရရှိရန်အတွက် ရေရှည်စီမံကိန်းတစ်ခု ရေးဆွဲပြီး အစိုးရမှ ဖြေရှင်းပေးရန် မျှော်လင့်နေ ကြောင်း ဒေသခံများရဲ့ ပြောကြားချက်အရ သိရသည်။
အလင်းရောင်
*****************************************
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
လိုအပ်ပါက အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရန် ဂျပန်သတင်းစာရှင်းလင်းပွဲ၌ သမ္မတ ဦးသိန်းစိန် ပြောကြား
မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၏ အကျိုးနှင့် တိုင်းပြည်အကျိုးအတွက် အမှန်တကယ် လိုအပ်သည့်အချိန်မှသာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၂၃ ရက်နေ့၌ ဂျပန်နိုင်ငံတိုကျိုမြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မီဒီယာ တစ်ခု၏ မေးမြန်းချက်အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြန်လည်ဖြေကြားခဲ့သည်။
“ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြန်လည်ပြင်ဆင်နိုင်မယ့်အချက်တွေကို ဥပဒေတစ်ရပ်အဖြစ် ထည့်သွင်းပေးထားပါတယ်။ ဒီတော့ တိုင်းရင်းသားတွေအကျိုးအတွက် ကျွန်တော်တို့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မယ့် နိုင်ငံတော်အကျိုးအတွက် လိုအပ်တာတွေကို ဒီဥပဒေအရ ကျွန်တော်တို့ ပြင်လို့ရပါတယ်။ အများရဲ့ဆန္ဒနဲ့အညီ ပြင်ပိုင်ခွင့် ပေးထားပါတယ်”ပာု သမ္မတဦးသိန်းစိန်က ပြောကြားသည်။
၂၀၁၂ ဧပြီလ ၁၉ ရက်နေ့တွင် စတုတ္ထအကြိမ်မြောက် ဂျပန်-မဲခေါင်ထိပ်သီးအစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည်။
ထို့ပြင် လက်ရှိ ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်နှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦးက “လက်ရှိ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေပာာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီသွားရာလမ်းကြောင်းမှာ အပာန့်အတားဖြစ်စေတယ်ဆိုရင် စုပေါင်းပြီး ပြန် လည်ပြင်သွားမှာပါ”ပာု ပြောကြား ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်ပြင်ဆင်ရန် ရည်ရွယ်ချက်ဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်ပါမည်ဆိုသော စာသား အစား လေးစားလိုက်နာပါမည်ပာူသော စာသားဖြင့် ပြောင်းလဲပေးရန် တင်ပြထားသော်လည်း သက်ဆိုင်ရာမှ ပြောင်းလဲပေးခြင်းမရှိသည့်အတွက် ဧပြီ ၂၃ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
YC
-----------------------------------------------------------------------------------------------------------------------------------
NLD ပါတီသို့ လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏ ဝင်ရောက်ခွင့်လျှောက်ထားလွှာအား စိစစ်ဆဲဖြစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နှုတ်ထွက်ကာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေသူ သုံးဦး၏ ပါတီပြန်ဝင်ခွင့် လျှောက်ထားမှုအား စိစစ်ဆဲ ဖြစ်ကြောင်း ယင်းပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။
မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်ဝင်းနှင့် လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်တို့သည် ယင်းတို့၏ မူလပါတီများမှ နှုတ်ထွက်၍ NLD ပါတီသို့ ပြန်လည်ဝင် ရောက်ရန် ပြင်ဆင်ခဲ့ကြသည်။
"ကျွန်တော်တို့ကတော့ သဘောမတူဘူး။ သာရာကူးတွေဖြစ်နေတော့ ကျွန်တော်တို့ရဲ့ဆန္ဒမဲက အကျိုးယုတ်တယ်" ဟု လမ်းမတော်မြို့နယ်ရှိ NLD ပါတီဝင်တစ်ဦးက ဆိုသည်။
လမ်းမတော်မြို့နယ်မှ NLD ပါတီဝင်များအနေဖြင့် ဦးခင်မောင်ဝင်း NLD သို့ ပြန်လည်ဝင်ရောက်မည်ကို လုံးဝ လက်သင့်ခံနိုင်ခြင်း မရှိကြောင်း ထုတ်ဖော်ပြောကြားသည်။
ယင်းသို့သော ဖြစ်ရပ်များကြောင့် NLDပါတီဝင်အနေဖြင့် အခြားသောပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၏ ဝင်ရောက်ခွင့်လျှောက်လွှာများ ကို သေချာစိစစ်နေရကြောင်း ယင်းပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးက ဆိုသည်။
NDF ပါတီကိုယ်စားပြု၍ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၄ တွင် ဝင်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ရသူ ဒေါက်တာမြတ်ဉာဏစိုးသည် ၂ဝ၁၁ ခုနှစ် ဒီဇင်လာလအတွင်း ပါတီမှနုတ်ထွက်၍ NLD သို့ ဝင်ရောက်ခဲ့ရာ NLD ပါတီက အသိအမှတ်ပြု လက်ခံပြီး ဖြစ်သည်။
KP
-----------------------------------------------------------------------------------------------------------------------------------
၈၈မျိုးဆက်များ တာဝန်ခွဲဝမှုများ ပြုလုပ်
၈၈ မျိုးဆက်ကျောင်းသားများ အနေဖြင့် နိုင်ငံတည်ဆောက်ရေးကဏ္ဍတွင် ဘက်စုံပါဝင်စေရန် သုံးရက်ကြာ အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး တာဝန်ခွဲဝေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တာဝန်ခွဲဝေမှုအရ ကဏ္ဍ၁၂ခုကျော်တွင် ၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် တက်ကြွထိရောက်စွာ ပါဝင်နိုင်မည်ဖြစ်ကာ အလုပ် သမား၊ လယ်သမား၊ ဖွံဖြိုးရေး၊ သင်ကြားရေးနှင့်အခြား ဆက်စပ်ကဏ္ဍများပါဝင်ကြောင်း သိရသည်။
သုံးရက်ကြာအစည်းအဝေးအပြီးတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမင်းကိုနိုင်သည် ယင်းတို့နှင့်ဆက်စပ်သည့် ကဏ္ဍ များတွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ အလုပ်တွေ ဒီထက်မက ပိုလုပ်နိုင်ဖို့အတွက် ဒီလိုပြောင်းလဲ ဖွဲ့စည်းလိုက်ရတာပါ။ ကျွန်တော်တို့တတွေဟာ ဖြစ်ပေါ်နေတဲ့ နိုင်ငံ ရေး အခြေအနေတွေနဲ့အညီ လှုပ်ရှားတတ်ဖို့ လိုပါတယ်"ဟု ကိုမင်းကိုနိုင်က ပြောကြားသည်။
၂၀၁၂ခုနှစ်၊ ဇွန်လမှစတင်ကာ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရုံးတွင် ကျွမ်းကျင်သူပညာရှင်များ ငှားရမ်းကာ သင်တန်းများ ဖွင့်လှစ်ရန် ရှိကြောင်း သိရသည်။
KP
****************************************
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
မေး - သမ္မတကြီးပြောတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ စကားအပေါ်ကော ဘယ်လိုမြင်လဲ။
ဖြေ - သမ္မတကြီးပြောတာ ကောင်းပါတယ်။ အားလုံး လက်မခံလို့မရတော့ တစ်ခုမှမရှိဘူး။ တစ်ခုပဲ နည်းနည်းထပ်ပြီးတော့ ဖြည့်ပြောချင်တာာက သမ္မတ ကြီးက သူစဉ်းစားစရာတွေ အများကြီးရှိတယ်လေ။ ကေအင်န်ယူစစ်သားတွေအတွက်ကို သေနတ်နဲ့ လက်တော့ပ်လည်း ကိုင်ရမယ်လို့ ပြောတယ်။ ပြောချင် တာက အစိုးရစစ်တပ်ထဲမှာ အတွေ့အကြုံအရဆိုရင် အသက်ငယ်ငယ်ရဲဘော်တွေ အများကြီးရှိတယ်။ သူတို့အတွက်ပါ ထည့်စဉ်းစားစေချင်တယ်။ သူတို့ အရွယ်ငယ်ငယ်လေးတွေ ပညာသင်ရမယ့် အရွယ်လေးတွေပဲ ရှိသေးတယ်။ အရွယ်ကောင်းလေးတွေပဲ ရှိသေးတယ်။ အစိုးရတပ်က ရဲဘော်တွေ လည်း သူတို့နဲ့လည်း ထိုက်တန်ပါတယ်။
ဧပြီ ၂၆ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၉၁) တွင်ပါသည့် ‘ကေအင်န်ယူအဖွဲ့ ငြိမ်းချမ်းရေး အထောက်အကူပြု ဒေါ်နော်မေဦးနှင့် အင်တာဗျူး” ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
မေး- လွှတ်တော်ပြင်ပနိုင်ငံရေးလှုပ်ရှားမှုနဲ့ လွှတ်တော်အတွင်း နိုင်ငံရေးလှုပ်ရှားမှု ပြည်သူတွေအပေါ် အကျိုးရလဒ် ဘယ်လို ကွာခြားသလဲ။
ဖြေ- လွှတ်တော်ထဲ နိုင်ငံရေးလှုပ်ရှားမှုကို အင်န်အယ်လ်ဒီက အခုမှ လုပ်ရမှာ၊ လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုကို အင်န်အယ်လ်ဒီက လုပ်ခဲ့တာ ကြာပြီ။ လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုဟာ အားသာချက်တွေလည်း ရှိတယ်။ အဲဒါနဲ့ပဲ အင်န်အယ်လ်ဒီက လူထုအကျိုးပြုလုပ်ငန်းတွေ လုပ်နေနိုင်ခဲ့ တာပါ။ ဥပမာ- အင်န်အယ်ဒီက ရေဘေးကိစ္စ သွားကူညီတယ်။ အစိုးရဆီက ဘတ်ဂျက်တောင်းပြီး အစိုးရဆီက အခွန်တော်ငွေတွေ တောင်းပြီးတော့ သွား ကူတာ မဟုတ်ဘူး။ လူတွေရဲ့စေတနာတွေနဲ့ လှူတာတွေကို သွားပြီးတော့မှ လူတွေကို အစားအသောက်ပေးတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို သွား ပေးတယ်။ ကလေးတွေ အခု ကျောင်းမတက်နိုင်ဘူး။ အင်န်လယ်ဒီက ကိုယ့်ဘာသာ စေတနာရှင်တွေနဲ့ ပေါင်းပြီး ကျောင်းတွေထောင်ပေးတယ်။ ဆရာတွေ ရှာပေးတယ်။ ဒါတွေက လွှတ်တော်ပြင်နိုင်ငံရေးတွေပဲ။ အဲဒါတွေလည်း အောင်မြင်သလောက် အောင်မြင်တယ်။ လွှတ်တော်တွင်း နိုင်ငံရေးဆိုတာ အင်န် အယ်လ်ဒီက အခုမှ စလုပ်မှာပါ။ အဲဒီနှစ်ခု ဘယ်လောက်အထိ ထိရောက်မလဲဆိုတာ ကျွန်တော်ချိန်ညှိပြီး မပြောနိုင်သေးဘူး။
ဧပြီ ၂၆ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၉၁) တွင်ပါသည့် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအုန်းကြိုင်နှင့်အင်တာဗျူး” ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
ရန်ကုန်တိုင်းမ်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လွှတ်တော်ထဲရောက်လာတဲ့အခါမှာ ပိုပြီးလှုပ်ရှားသက်ဝင်လာမယ်လို့ ဆိုကြတယ်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကတင်တဲ့ ဘယ်လိုကိစ္စတွေမှာလဲ ဘာပဲပြောပြော လွှတ်တော်ထဲမှာ နေရာအများဆုံးအနိုင်ရထားတဲ့ ပြည်ခိုင်ဖြိုးအနေနဲ့ ပယ်ချလိုက်မှာပဲ ဆိုတဲ့အမြင်တွေရှိပါတယ်။ အဲဒီအပေါ်မှာရော ပြည်ခိုင်ဖြိုး ပါတီအထွေထွေအတွင်းရေးမှူးအနေနဲ့ ဘယ်လိုသဘောထားများရှိပါသလဲ။၏
ဦးဌေးဦး- တင်လာတဲ့ဥစ္စာပေါ်မှာလဲ မူတည်ပါတယ်။ ဘာပဲတင်တင် ကန့်ကွက်မယ်ဆိုတဲ့အယူအဆကတော့ ကျွန်တော် ထင်ပါတယ်။ လုံးဝမရှိနိုင်ပါဘူး။ အကျိုးမရှိဘူးဆိုတဲ့ဟာတွေကိုတော့ ကန့်ကွတ်မှာပဲ။ ဘယ်သူတင်တင်ပါ။ ကျွန်တော်တို့ ပါတီဝင်ထဲကပဲ တင်တဲ့ဟာတွေကိုလဲ ကျွန်တော်ပါတီဝင်ထဲကပဲ ကန့်ကွတ်ကြတာပဲ။ ဘယ်သူမဆို တင်ခွင့်ရှိပါတယ်။ ပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်လာမယ်ဆိုတာကတော့ ခေါင်းဆောင်ဖြစ်တဲ့သူက နိုင်ငံတကာက သိတယ်။ မီဒီယာတွေမှာလဲ သိတယ်။ ကျွန်တော့်အနေနဲ့ပြောရရင် တင်ပြတဲ့လုပ်ငန်းတွေ ဘာလဲဆိုတာပဲ အရေးကြီးပါတယ်။ အကျိုးရှိမယ့်အရာတွေ တင်ပြတာလား ဆိုတာပဲ အရေးကြီးပါတယ်။ အကြောင်းအရာပဲ လိုပါတယ်။ ဒီအကြောင်းအရာပေါ်မူတည်ပြီးမှ လွှတ်တော်တစ်ရပ်လုံးက လက်ခံလားဆိုတဲ့တင်ပြတဲ့အပေါ် မူတည်ပြီး လွှတ်တော်က လက်ခံအောင် တင်ပြနိုင်ဖို့ပဲ လိုပါတယ်။
ဧပြီ ၂၆ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁၅) တွင်ပါသည့် “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနှင့် အင်တာဗျူး” ကောက်နှုတ်ချက်
**************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.