Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၈.၅.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ကမ္ဘာလုံးဆိုင်ရာ ကြော်ငြာကုမ္ပဏီ WPP  မြန်မာပြည်တွင်း စီးပွားရေးလုပ်ရန် လောင်းကြေးထပ်

(Reuters သတင်းဌာနမှ 24 May 2012 ရက်စွဲပါ Global ad group WPP bets onMyanmar as sanctions lifted ကိုဘာသာပြန်ဆိုသည်)

  1. အိန္ဒိယ၀န်ကြီးချုပ်က သမ္မတနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံခရီးစဉ်အကြောင်းဆွေးနွေး

(26 May 2012 ရက်စွဲပါ Calcutta News.net မှ PM meets president, discusses Myanmar Visit ကိုဘာသာပြန်ဆိုသည်။)

  1. ကရင်ဒုက္ခသည်စခန်းသို့ ဒေါ်အောင်ဆန်းစုကြည်သွားမည်

(Bangkok Post မှ 26 May 2012 ရက်စွဲပါ “Suu Kyi to visit Karen Camp” သတင်းကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် မန်မိုဟန်ဆင်းတွေ့ဆုံမည်

(ANI News မှ 26 May 2012 ရက်စွဲပါ “ Manmohan Singh to meet Aung San Suu Kyi during Myanmar visit သတင်းကိုဘာသာပြန်ဆိုသည်။)

***************************

ဘာသာပြန်သတင်းများ         

ကမ္ဘာလုံးဆိုင်ရာ ကြော်ငြာကုမ္ပဏီ WPP  မြန်မာပြည်တွင်း စီးပွားရေးလုပ်ရန် လောင်းကြေးထပ်

(Reuters သတင်းဌာနမှ 24 May 2012 ရက်စွဲပါ Global ad group WPP bets onMyanmar as sanctions lifted ကိုဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားလိုက်ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ ကြော်ငြာလုပ်ငန်းအုပ်စုတစ်ခုဖြစ်သော WPP ကမြန်မာပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ ပထမဆုံးပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံပေါင်းစုံပါဝင်သော ကုမ္ပဏီကြီးများက ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချလိုလျက်ရှိရာ WPP ကလည်းထွက်ပေါ်လာမည့် အခွင့်အလမ်းများကိုရယူရန် ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။

WPP ၏လုပ်ငန်းခွဲဖြစ်သော နယူးယောက်အခြေစိုက် Ogilvy & Mather အဆိုအရ မြန်မာနိုင်ငံမှ ထိပ်တန်းကြော်ငြာအေဂျင်စီတစ်ခုဖြစ်သော Today Advertising တွင်အစုရှယ်ယာဝယ်ယူရန် သဘောတူညီချက် ရရှိထားပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များကို တုံ့ပြန်သည့်အနေဖြင့် ပိတ်ဆို့အရေးယူမှုများကို ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ဆိုင်းငံ့ပေးလိုက်ပြီဖြစ်ရာ အမေရိကန်နှင့် ဥရောပဒေသမှ စီးပွားရေးလုပ်ငန်းများက မြန်မာပြည်တွင်းရင်းနှီးမြှုပ်နှံရန် စိုင်းပြင်းလျက်ရှိသည်။ ဥရောပသမဂ္ဂကလည်း ပြီးခဲ့သည့်လအတွင်း ပိတ်ဆို့အရေးယူမှုများကို ဆိုင်းငံ့ခဲ့သည်။ အကြောင်းမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အတိုက်အခံအင်အားစုများပါဝင်သော နိုင်ငံရေးအခင်းအကျင်းသစ်တစ်ရပ် ပေါ်ပေါက်လာသောကြောင့်ဖြစ်သည်။

Ogilvy & Mather သည်အမေရိကန်ပြည်ထောင်စုက ဗီယက်နမ်နိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုများ ၁၉၉၄ ခုနှစ်တွင် ဖယ်ရှားခဲ့စဉ်ကလည်း ဗီယက်နမ်၌ ပထမဆုံးရင်းနှီးမြှုပ်နှံမှုပြုသည့် ကြော်ငြာအေဂျင်စီဖြစ်ခဲ့သည်။ ဗီယက်နမ်သည် ယခုအခါ WPP ၏ တိုးတက်မှုနှုန်းလျင်မြန်သည့် ဈေးကွက်များအနက် တစ်ခုအပါအဝင် ဖြစ်လာသည်။

"သမိုင်းကြောင်းအရပြောရမယ်ဆိုရင် ဈေးကွက်အရွယ်အစား ကြီးမားလာရုံတင်မကပါဘူး။ အခြေခံအဆောက်အဦးနဲ့ လုပ်ဆောင်နိုင်စွမ်းပါ ပွင့်လင်းပြီး ကြီးမားလာတာပါ။ အင်မတန် စိတ်လှုပ်ရှားစရာကောင်းတယ်လို့ပဲဆိုရမှာပါပဲ"ဟု WPP ၏အမှုဆောင်အရာရှိချုပ် Martin Sorrell က Reuters သတင်းဌာနသို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ခန့်ရှိပြီးပျမ်းမျှအားဖြင့် တစ်ဦးချင်းစီဝင်ငွေမှာ တစ်နေ့လျှင် ၄ ဒေါ်လာ ခန့်ရှိသည်။ မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ ပေါကြွယ်ဝသော်လည်း စီးပွားရေးနှင့် ဘဏ်လုပ်ငန်းများလုပ်ကိုင်နိုင်ရေးအတွက် အခက်အခဲများနှင့် စိန်ခေါ်မှုများစွာရှိနေသည်။ မြန်မာနိုင်ငံ၏ ကြော်ငြာဈေးကွက် တန်ဖိုးမှာ ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ ၃၃ သန်းမျှသာရှိကြောင်း Zenith Optimedia ၏အဆိုအရသိရသည်။ ဗီယက်နမ်၏ ကြော်ငြာတန်ဖိုးမှာ ၂၀၁၁ ခုနှစ်တွင်ဒေါ်လာ သန်း ၆၀၀ ထိရှိခဲ့သည်။

Ogilvy & Mather အတွက် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ပေးနေသူ John Goodman က လတ်တလောကြော်ငြာရှင်များမှာ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများမှ အီလက်ထရွန်နစ် ကုမ္ပဏီများ၊ စားသုံးသူကုန်ပစ္စည်းများနှင့် အမြန်စား အစားအသောက်များ ရောင်းချလျက်ရှိသည့် အိန္ဒိယ၊ တရုတ်နှင့် ဗီယက်နမ်ကုမ္ပဏီများဖြစ်ကြောင်းပြောကြားသည်။

“လက်ရှိဘယ်သူတွေစိတ်ဝင်စားနေသလဲလို့မေးရင် လူတိုင်းစိတ်ဝင်စားနေကြတယ်လို့ပဲပြောရမှာပဲ” ဟု ၎င်းကဆိုသည်။

Today Adversitising Myanmar လုပ်ငန်းသည် ဝန်ထမ်း ၆၀ ခန့်ဖြင့်လည်ပတ်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းကြော်ငြာလုပ်ငန်းကြီး တစ်ခုလည်းဖြစ်ကြောင်း Ogilvy & Mather ၏အဆိုအရ သိရသည်။ စင်ကာပူအခြေစိုက် စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီ တစ်ခုဖြစ်သော Vrien &

Partners ၏သုံးသပ်ချက်အရ မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း နယ်ပယ်များသည် ရင်းနှီးမြှုပ်နှံမှုအတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်းသိရသည်။ အကြောင်းမှာ

မြန်မာ့အလုပ်သမား စရိတ်စခသည် လွန်စွာဈေးနှုန်းချိုသာသောကြောင့် ဖြစ်သည်။ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံတွင် ဟိုတယ်အခန်းပေါင်း ၂၅၀၀၀ ခန့်ရှိသည်။

နိုင်ငံပေါင်းစုံပါကုမ္ပဏီကြီးများနှင့် တွဲဖက်လုပ်ကိုင်လျက်ရှိပြီးမြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ပြင်ဆင်လျက်ရှိသော Partner Hans Vriens အဆိုအရ မြန်မာပြည်သို့ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုရာတွင် နာမည်ကျော်ကြားမှု ကျဆင်းနိုင်သည့် အန္တရာယ်မှာ လျော့နည်းသွားပြီဖြစ်သည်။ သို့သော် လက်တွေ့ကျကျဝင်ရောက်လုပ်ကိုင်ရေးနှင့်ပတ်သက်၍ ပြဿနာများစွာကျန်ရှိနေသေးသည်ဟု ဆိုသည်။

“အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေကို အလိုရှိတယ်လို့ မြန်မာအစိုးရက ကြေညာထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အခုလိုကြေညာရုံနဲ့ သူတို့အနေနဲ့ ကမ္ဘာ့ဈေးကွက်ကြီးနဲ့ ပြန်လည်ချိတ်ဆက်နိုင်ရေးအတွက် ဘာတွေလိုအပ်တယ်ဆိုတဲ့အချက်ကို သူတို့ နားလည်သဘောပေါက်တယ်လို့ မပြောနိုင်ပါဘူး” ဟု ၎င်းကဆက်လက်ပြောဆိုသည်။

သို့သော် ပြင်သစ်ရေနံကုမ္ပဏီကြီးတစ်ခုဖြစ်သော Total သည် မြန်မာနိုင်ငံကို အနောက်နိုင်ငံကြီးများက ပိတ်ဆို့အရေးယူမှုများစွာ ပြုလုပ်ခဲ့သည့် အချိန်ကာလတစ်လျှောက် မြန်မာပြည်တွင်းကောင်းစွာ လုပ်ငန်းလည်ပတ်နိုင်ခဲ့သည်။

                                                ***************************

အိန္ဒိယ၀န်ကြီးချုပ်က သမ္မတနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံခရီးစဉ်အကြောင်းဆွေးနွေး

(26 May 2012 ရက်စွဲပါ Calcutta News.net မှ PM meets president, discusses Myanmar Visit ကိုဘာသာပြန်ဆိုသည်။)

ဝန်ကြီးချုပ်မန်မိုဟန်ဆင်းသည် စနေနေ့က သမ္မတ Pratibha Patil နှင့်တွေ့ဆုံ၍ ကျင်းပပြီးစီးသွားသော ပါလီမန်အစည်းအဝေး နှင့် တနင်္ဂင်္နွေနေ့တွင်စတင်မည့် မြန်မာနိုင်ငံခရီးစဉ် အကြောင်းကို ဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးရာတွင် မိနစ် ၄၀ ကြာခဲ့ကြောင်း Rashtrapati Bhavan ကထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

“ခေါင်းဆောင်နှစ်ဦးသည် ကျင်းပပြီးစီးသွားသော ပါလီမန်အစည်းအဝေး၏ ဘတ်ဂျက်ကိစ္စ၊ စီးပွါးရေး နှင့် နိုင်ငံရေးအခြေအနေတို့ကိုဆွေးနွေးခဲ့သည်“ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဝန်ကြီိးချုပ်သည် Patil အား လာမည့် ၄င်း၏ မြန်မာနိုင်ငံခရီးစဉ်အကြောင်း အစီရင်ခံခဲ့သည်။

မန်မိုဟန်ဆင်းသည် တနင်္ဂနွေနေ့တွင် ၂၅ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည့် အိန္ဒိယ၀န်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။ဝန်ကြီးချုပ်၏ သုံးရက်တာခရီးစဉ်တွင် ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် အရှေ့တောင်အာရှသို့ ထွက်ပေါက်ဖြစ်သည့် မြန်မာနိုင်ငံနှင့် ဆက်သွယ်ရေးတိုးမြှင့်ရန် လုပ်ဆောင်မည်ဖြစ်သည်။

***************************

ကရင်ဒုက္ခသည်စခန်းသို့ ဒေါ်အောင်ဆန်းစုကြည်သွားမည်

(Bangkok Post မှ 26 May 2012 ရက်စွဲပါ “Suu Kyi to visit Karen Camp” သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ထိုင်းနိုင်ငံခရီးစဉ် အတောအတွင်း တပ်ခ်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ကရင်ဒုက္ခသည်စခန်းသို့ ကြာသာပတေးနေ့တွင် သွားရောက်လိမ့်မည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ၏ တောင်းဆိုမှုကြောင့် ၄င်းခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်းမှတိုက်ပွဲများကြောင့် ထွက်ပြေးလာရသော ကရင်ဒုက္ခသည်များ နေထိုင်ရသော အခြေအနေများကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ခေါင်းဆောင် တွေ့မြင်ရအောင် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

ကရင်ဒုက္ခသည်များစွာကလည်း အသက် ၆၆နှစ် အရွယ် ဒီမိုကရေစီခေါင်းဆောင်ကို မြင်တွေ့လိုကြသည်ဟု KNU အကြီးတန်းတာဝန်ရှိသူတစ်ဦးက မဲဆောက်ခရိုင်နှင့် မျက်နှာခြင်းဆိုင် KNU အခြေစိုက်စခန်းတွင် စနေနေ့ ကပြောကြားခဲ့သည်။

ကမ္ဘာကျော် မြန်မာဒီမိုကရေစီခေါင်းဆောင်သည် ယခင်တပ်မတော်အစိုးရလက်ထက် နှစ်ပေါင်းများစွာ အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရ ပြီးနောက် ယခုအခါ သူမ၏ပထမဆုံးပြည်ပခရီးစဉ်ကို ထွက်ခွါရန် စီစဉ်ပြင်ဆင်လျှက် ရှိသည်။

သူမ၏ ထိုင်းနိုင်ငံ ခရီးစဉ်အတောအတွင်း ဘန်ကောက်မြို့တော်တွင် ဗုဒ္ဓဟူးနေ့မှ သောကြာနေ့ အထိ ကျင်းပမည့် အရှေ့အာရှဆိုင်ရာကမ္ဘာ့စီးပွါးရေးဖိုရမ် WEF သို့လည်း တက်ရောက်စကားပြောကြားမည်ဟု သိရသည်။

ယင်း WEF ညီလာခံသို့ သမ္မတဦးသိန်းစိန်လည်း တက်ရောက်မည်ဖြစ်ပြီး နိုင်ငံတော်အနာဂါတ် အစီအစဉ်များနှင့် ပတ်သတ်၍ သောကြာနေ့ တွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်ဟု ဆိုသည်။

သမ္မတဦးသိန်းစိန်သည် မနှစ်က မတ်လတွင် အာဏာရရှိလာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးဒိုင်ယာလော့ ဆွေးနွေးကာ နိုင်ငံရေးပင်မရေစီးကြောင်းထဲသို့ စည်းရုံးခေါ်ယူခြင်း အပါအဝင် နိုင်ငံရေး ၊ စီးပွါးရေး ပြုပြင်ပြောင်းလဲမှုများစွာကို ဆက်တိုက်ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လနှောင်းပိုင်းတွင် ဥရောပတခွင် ပျားပန်းခတ်ခရီးစဉ်ကို စီစဉ်ထားပြီး ဂျီနီဗာတွင်ကျင်းပမည့် ကုလသမဂ္ဂအလုပ်သမားအဖွဲ့ချုပ် ILO နှစ်လည်ညီလာခံသို့ ဇွန်လ ၁၄ ရက်တွင် တက်ရောက်မည် ဖြစ်သည်။

ထို့နောက် နှစ်ရက်အကြာတွင် နော်ဝေးနိုင်ငံ အော့စလိုမြို့၌(ဆုရရှိပြီး ၂၁ နှစ်နောက်ကျသွားသည့်) ငြိမ်းချမ်းရေးနိုဘယ်ဆု လက်ခံစကားပြောကြားရန် စီစဉ်ထားသည်။

ထို့နောက်တွင် ယခင်ကနေထိုင်ခဲ့ဖူးသော ဗြိတိန်နိုင်ငံသို့ ဆက်လက်ထွက်ခွါကာ ဇွန် ၁၉ ရက်တွင် ကျရောက်မည့် မွေးနေ့ကို သူမ၏သားနှစ်ဦးနှင့်အတူ ကျင်းပမည်ဟု သိရသည်။

ဧပြီလက ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံက ပေးရန်ရှိသော ကြွေးဒေါ်လာ 3.7 ဘီလီယံကို လျော်ပစ်ခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့်  စီးပွါးရေး ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံသည့် အနေဖြင့် အကူအညီများပြန်လည် ပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံမှ ငတ်မွတ်ခေါင်းပါးမှုများကို တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂ၏  ကမ္ဘာ့စားနပ်ရိက္ခါ အစီအစဉ်သို့ ဂျပန်နိုင်ငံမှ ဒေါ်လာ ( 10.6 ) သန်း လှူဒါန်းခဲ့ ပါသည်။

***************************

မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် မန်မိုဟန်ဆင်းတွေ့ဆုံမည်

(ANI News မှ 26 May 2012 ရက်စွဲပါ “ Manmohan Singh to meet Aung San Suu Kyi during Myanmar visit သတင်းကိုဘာသာပြန်ဆိုသည်။)

အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းသည် တနင်္ဂနွေနေ့တွင် စတင်မည့် မြန်မာနိုင်ငံခရီးစဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။

“နေပြည်တော်မှာ တရားဝင် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီးရင် ဝန်ကြီးချုပ်ဟာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားထင်ရှားတဲ့ပုဂ္ဂိုလ်တွေကို တွေ့ဆုံဖို့အတွက် ရန်ကုန်ကိုသွားရောက်မှာဖြစ်ပါတယ်”ပာု နိုင်ငံခြားရေးဌာနအတွင်းဝန် ရန်ဂျန်မာထိုင်းက ထုတ်ပြန်ကြေညာသည်။

မေ ၂၇ မှ မေ ၂၉ အထိ မြန်မာနိုင်ငံသို့ သွားရောက်မည့် ဝန်ကြီးချုပ် ဒေါက်တာဆင်းသည် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံ၍ လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှု ၊ အခြေခံအဆောက်အဦးကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နည်းလမ်းများကိုဆွေးနွေးမည်ဟု သိရသည်။

“ဒီခရီးစဉ်ဟာ ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေးမှာ အရည်အသွေးကော၊ ရှုထောင့်အရပါ တိုးတက် ကောင်းမွန်စေမယ့် အခွင့်အလမ်းကိုပေးစွမ်းမှာပါ။ ဒါ့အပြင် လုံခြုံရေး၊ ဆက်သွယ်ရေး၊ အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ စွမ်းရည်တည်ဆောက်မှုနဲ့ လူ့စွမ်းအားရင်းမြစ်ဖွံ့ဖြိုးရေး၊ ယဉ်ကျေးမှုနဲ့ ပညာရေးအပြန်အလှန်ဖလှယ်ရေး အပါအဝင် ကျယ်ပြန့်တဲ့ ကိစ္စရပ်များစွာမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဖို့အတွက် ရေရှည်အကျိုးကို မျှော်မှန်းတဲ့ လမ်းညွှန်မြေပုံကို ရေးဆွဲ နိုင်မှာဖြစ်ပါတယ်” မာထိုင်းကဆိုသည်။

“နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ဆက်လက်ခိုင်မာစေမယ့် နားလည်မှု စာချွန်လွှာတွေ၊ သဘောတူညီချက်တွေ အများကြီး လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် မာထိုင်းက ဆက်လက်ပြောကြားသည်။

ယခုခရီးစဉ်တွင် ဝန်ကြီးချုပ်နှင့်အတူ ပြည်ပရေးရာဝန်ကြီးများ ၊ စီးပွါးရေးဦးဆောင် လုပ်ငန်းရှင်ကြီးများနှင့် တာဝန်ရှိသူများ ပါဝင်သောကိုယ်စားလှယ်အဖွဲ့လည်းလိုက်ပါသွားမည်ဟု သိရသည်။

အိန္ဒိယကုမ္ပ္ပ္ပဏီ CEO များကိုယ်စားလှယ်အဖွဲ့သည် ဝန်ကြီးချုပ်နှင့်တစ်ချိန်ထဲ မြန်မာနိုင်ငံသို့ ရောက်ရှိကြမည်ဟု နယူးဒေလီ သတင်းစာရှင်းလင်းပွဲတွင် မာထိုင်းကပြောကြားသည်။

အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံသို့ မြန်မာသမ္မတဦးသိန်းစိန် ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီးနောက် ၂၅ နှစ်အတွင်း အိန္ဒိယဝန်ကြီးချုပ်တစ်ဦး၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အဖြစ် ဒေါက်တာမန်မိုဟန်ဆင်း၏ နေပြည်တော်-ရန်ကုန် ခရီးစဉ်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

        ********************************************************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment