Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၃၁.၅.၂၀၁၂

ဘာသာပြန်သတင်းများ

  1.  ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းလိုက်သော မြန်မာနိုင်ငံသို့ ကမ္ဘာ့ခေါင်းဆောင်များ ရောက်ရှိလာ

(IANS News မှ 28 May 2012 ရက်စွဲပါ "Democratic Myanmar gets world leaders" သတင်းကို ဘာသာပြန်ဆိုသည်)

  1. အိန္ဒိယ နှင့် မြန်မာ ရေနံဓါတ်ငွေ့ ရှာဖွေရေး သဘောတူလက်မှတ်ထိုး

(Busines Standard မှ 28 May 2012 ရက်စွဲပါ “India, Myanmar ink pack.on petroleum exploration”သတင်းကို ဘာသာပြန်ဆိုသည်)

  1. စင်္ကာပူရှိ မြန်မာနိုင်ငံ၏ အခြေပစ္စည်း စတော့ရှယ်ယာ မြင့်တက်

(29 May 2012 ရက်စွဲပါ Forbes မှ Myanmar(Burma) property stock soars in Singapore ကိုဘာသာပြန်သည်)

  1. မြန်မာနိုင်ငံကို ကုန်သွယ်ရေးအခွင့်အလမ်းတစ်ရပ်အဖြစ် အိန္ဒိယစီးပွားရေး လုပ်ငန်းရှင် များရှုမြင်

(ANI သတင်းဌာနမှ 29 May 2012 ရက်စွဲပါ Indian Business Leaders view Myanmar as a growing opportunity for trade ကိုဘာသာပြန်ဆိုသည်)

***************************

ဘာသာပြန်သတင်းများ         

ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းလိုက်သော မြန်မာနိုင်ငံသို့ ကမ္ဘာ့ခေါင်းဆောင်များ ရောက်ရှိလာ

(IANS News မှ 28 May 2012 ရက်စွဲပါ "Democratic Myanmar gets world leaders" သတင်းကို ဘာသာပြန်ဆိုသည်)

ယခုအခါ ဒီမိုကရေစီစနစ်ကို ခွင့်ပြု အားပေးတော့မည့် မြန်မာအာဏာပိုင်များ၏ အထင်ကရ ဆုံးဖြတ်ချက်ကြောင့် ယခင်က တံခါးပိတ် အထီးကျန် သီးခြားနေထိုင်ခဲ့သော မြန်မာနိုင်ငံသို့ ကမ္ဘာတစ်လွှားမှ VVIP အလွန့်အလွန် အရေးကြီးသော ခေါင်းဆောင်ပုဂ္ဂိုလ်များစွာ လာရောက်လျက် ရှိသည်။

အဆိုပါ စာရင်းတွင် နောက်ဆုံးကပ်၍ ပါဝင်လာသူမှာ တနင်္ဂနွေနေ့က နေပြည်တော်သို့ ခြေချခဲ့သော မန်မိုဟန်ဆင်း ဖြစ်သည်။ သူသည် ၂၅ နှစ်အတွင်း မြန်မာနိုင်ငံရောက် ပထမဆုံး အိန္ဒိယဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

မနှစ်က နိုဝင်ဘာလ ၃၀ ရက်တွင် ရောက်ရှိခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ ရောက်လာသော ပထမဆုံး နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ဖော်စတာဒါးလပ်စ်၏ ခရီးစဉ်သည် သူမ မတိုင်မှီ နောက်ဆုံး လာရောက်ခဲ့ခြင်းဖြစ်သည်။

၂၉ နှစ်အတွင်း တောင်ကိုးရီးယားခေါင်းဆောင် တစ်ဦး၏ ပထမဆုံး မြန်မာခရီးစဉ်အဖြစ် သမ္မတလီမြောင်ဘတ်သည်လည်း မေလ ၁၅ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။ သမ္မတ လီမြောင်ဘတ် ခရီးစဉ်၏ ထူးခြားမှုမှာ ဝတ်စုံပြည့် လက်နက်ကိုင် ကိုယ်ရံတော်များကို သင်္ကေတမြောက် ပြသထားခြင်းဖြင့် ပြိုင်ဖက် မြောက်ကိုးရီးယားတို့၏ ကျင့်ဝတ်သိက္ခာမဲ့လွန်းသော ရန်လိုမှုကို မီးမောင်း ထိုးပြလိုက်ခြင်းပင် ဖြစ်သည်။

၂၀၀၈ ခုနှစ်က နာဂစ် ဒုက္ခသည်များကို အကူအညီပေးနိုင်ရန် ရန်ကုန်သို့ အိမ်တိုင်ရာရောက် လာရောက် ညှိနှိုင်းခဲ့ရသော ကုလသမဂ္ဂအကြီးအကဲ ဘန်ကီမွန်းသည်လည်း သိပ်မကြာသေးခင် ဧပြီ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည်လည်း ဧပြီလအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ရာ မြန်မာနိုင်ငံ ၁၉၄၈ ခုနှစ် ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံး လာရောက် လည်ပတ်သော ဗြိတိသျှ ဝန်ကြီးချုပ်အဖြစ် သမိုင်းမှတ်တမ်းဝင်သွားသည်။

ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ယင်လပ်ခ် ရှင်နာဝပ်ထရာ သည် ၂၀၁၁ အောက်တိုဘာလတွင် နေ့ချင်းပြန် ခရီးစဉ် လာရောက် သွားခဲ့သည်။

ယခင်က မြန်မာနိုင်ငံကို တပ်မတော် အာဏာရှင်များက စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ခဲ့သောကြောင့် အနောက်အုပ်စု ဦးဆောင်သော နိုင်ငံတကာ အသိုင်းအဝိုင်းက တပ်မတော် အစိုးရကို အရေးယူဒဏ်ခတ် ပစ်ပယ်ကာ ဝေးဝေးမှ ရှောင်ခဲ့ကြသည်။

သို့သော် ယခုအခါ မြန်မာ စစ်ဖက်အုပ်ချုပ်သူများက လိုလိုလားလား မရှိလှသည့်တိုင်အောင် ဒီမိုကရေစီစနစ်ကို ခွင့်ပြုလက်ခံလိုက်လျောပေးရန် အခြေအနေအရ ဆုံးဖြတ်ခဲ့ကြပြီးနောက်ပိုင်း အရာရာ စတင် ပြောင်းလဲနေပြီဖြစ်၍ နိုင်ငံတကာ ခေါင်းဆောင်များက အားရကျေနပ်စွာ ချီးကျူးထောပနာ ပြုလျက် ရှိသည်။

***************************

အိန္ဒိယ နှင့် မြန်မာ ရေနံဓါတ်ငွေ့ ရှာဖွေရေး သဘောတူလက်မှတ်ထိုး

(Busines Standard မှ 28 May 2012 ရက်စွဲပါ “India, Myanmar ink pack.on petroleum exploration”သတင်းကို ဘာသာပြန်သည်)

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် ရေနံ ဓါတ်ငွေ့ရှာဖွေခြင်းနှင့် ထုတ်လုပ်ခြင်း၊ စက္ကူနှင့် ပျော့ဖတ်စက်ရုံ ငှားရမ်းခြင်းတို့နှင့် သက်ဆိုင်သော သဘောတူစာချုပ်ကို ယနေ့ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆူနီးဘာရ်တီမီယ်လ် ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် ဝန်ကြီးချုပ်မန်မိုဟန်ဆင်း၏ ၃ရက်ကြာ မြန်မာခရီးစဉ်တွင် လိုက်ပါသွားခဲ့ကြခြင်းဖြစ်သည်။

အထက်ပါ နားလည်မှုစာချွန်လွှာ ၃ ခုကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဗွီအက်စ်စီရှာဒရီ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရှိရသည်။

ကုန်းတွင်းရေနံလုပ်ကွက် PSC – 1 တွင် ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို အိန္ဒိယ Jubilant Oil & Gas Private ltd မြန်မာပါရမီ စွမ်းအင်ဖွံ့ဖြိုးရေးကုမ္ပဏီနှင့် မြန်မာအစိုးရပိုင် ရေနံနှင့် ဓါတ်ငွေ့လုပ်ငန်း MOGE တို့အကြား လက်မှတ်ရေးထိုးခဲ့ကြသည်။

သာပေါင်းစက္ကူနှင့် ပျော့ဖတ်စက်ရုံ ငှားရမ်းခြင်းအတွက် နားလည်မှုစာချွန်လွှာကိုမူ အိန္ဒိယ JK Group နှင့် မြန်မာစက်မှုဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့သည်။

အိန္ဒိယစီးပွါးရေးကိုယ်စားလှယ် အဖွဲ့သည် မြန်မာသမ္မတဦးသိန်းစိန် နှင့် အခြား အစိုးရဝန်ကြီးများကိုလည်း သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြသည်။

“မြန်မာနိုင်ငံ၏ ဆေးဝါးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍ၊ အိုင်တီကဏ္ဍ နှင့် ထုတ်လုပ်ရေးကဏ္ဍများတွင် အိန္ဒိယလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် သမ္မတဦးသိန်းစိန်က ဖိတ်ခေါ်လိုက်သည်”ဟု အိန္ဒိယ စီးပွားရေးကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံမှ နည်းပညာ လိုအပ်နေသော အသေးစား၊ အလတ်စား လုပ်ငန်းကဏ္ဍအတွက် SME ကဏ္ဍသည်လည်း အလားအလာကောင်းသည်ဟု သမ္မတက ပြောကြားခဲ့ကြောင်း ကိုယ်စားလှယ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

***************************

စင်္ကာပူရှိ မြန်မာနိုင်ငံ၏ အခြေပစ္စည်း စတော့ရှယ်ယာ မြင့်တက်

(29 May 2012 ရက်စွဲပါ Forbes မှ Myanmar(Burma) property stock soars in Singapore ကိုဘာသာပြန်သည်)

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်မှ စခဲ့သည့် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများသည် ဆယ်စုနှစ်များစွာ စစ်တပ်အုပ်ချုပ်ရေးကြောင့် ပျက်ယွင်းခဲ့ရသော နိုင်ငံရေး၏ ပုံရိပ်ကို အသွင်ပြောင်းလဲပေးခဲ့သည်။ အနောက်အင်အားကြီးနိုင်ငံများက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးယူမှုများကို ဖြေလျော့ပေးခြင်းဖြင့် တုန့်ပြန်ကြရာ စီးပွားရေးအရ တိုးတက်လာရန် မျှော်လင့်ချက်များ မြင့်တက်လာခြင်း၊ အကူအညီများ စတင် စီးဝင်လာရန် မျှော်လင့်ချက်များရှိလာခြင်းနှင့် ဈေးကွက်ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်ရန်ရှိလာသည်။ (ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မှာ ထိုသို့ဖြစ်ရန် အားပေးမည့်ဥပဒေဖြစ်သည်)။ မြန်မာနိုင်ငံသည် ဆင်းရဲသောနိုင်ငံ ဖြစ်သော်လည်း၊ ၁ ရာခိုင်နှုန်းမှာမှာမူ အလွန့်အလွန် ချမ်းသာသည်။ သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ မပြုလုပ်မီ ယခင်နှစ်များကပင် ရန်ကုန်မြို့၏ မြေဈေးများမှာ လျှင်မြန်စွာ တက်လာခဲ့သည်။

မြန်မာနိုင်ငံတွင် တစ်ခုခုလုပ်ကိုင်လိုသော သာမန်ရင်းနှီးမြှုပ်နှံသူများအတွက် ကောင်းမွန်သော ရွေးချယ်စရာ အနည်းငယ်သာ ရှိသည်။ ရင်းနှီးငွေဈေးကွက်နှင့် ကောင်းမွန်သော တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အနည်းငယ်သာရှိသည်။ စတော့စာရင်းဝင် ကုမ္ပဏီတစ်ခုမှာ မြန်မာနိုင်ငံတွင် အတွေ့အကြုံများစွာရှိသော Yoma Strategic Holdings ဖြစ်သည်။ ၄င်းသည် စင်္ကာပူစတော့စာရင်းဝင် ဖြစ်ပြီး မြန်မာပြည်ဖွား လုပ်ငန်းရှင် Serge Pun ကဦးစီးထားသည်။ Pun သည်မကြာသေးမီက Yoma တွင် အမျိုးမျိုးအသုံးပြုနိုင်သော အခြေပစ္စည်း စီမံကိန်းတစ်ခု( mixed-use property project)ကိုထည့်သွင်းခဲ့ရာ၊ မြန်မာနိုင်ငံတွင် အခြေပစ္စည်း ဈေးတက်ဖွယ်ရှိခြင်းကြောင့် စတော့ဈေးနှုန်း မြင့်တက်ခဲ့သည်။ Yoma ၏ စတော့ဈေးနှုန်းမှာ နှစ်စက စတင်သည်ထက် ၈၀% တက်လာခဲ့သည်။ အခြား အာရှဈေးကွက်မှ သုညနီးပါသာရှိသော  တိုးတက်မှုထက်စာလျှင်များစွာ မြင့်တက်မှု ဖြစ်သည်။ မတ်လ(၃၁) အထိကာလအတွင်း ၄င်း၏ အမြတ်ငွေသည် နှစ်ဆဖြစ်ပြီး ဒေါ်လာ(4.7)သန်းရှိလာသည်။

မြန်မာနိုင်ငံတွင် စွန့်စားရမှုများသည် နည်းလမ်းနှစ်ခုစလုံးကို အနှောင့်အယှက် ဖြစ်စေသည်။ နိုင်ငံရေးအရ မသေချာမရေရာမှုများသည် Yoma ၏ အခြေပစ္စည်းတွင် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို အေးတိအေးစက် ဖြစ်စေသည်။ ယခုအပတ် ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောမည့် သတင်းတက်လာမှုကို မျှော်လင့်နေကြသည်။ အချိန်များလည်း ပြောင်းလဲခဲ့သလို၊ နောက်ဆုံးတွင် မြန်မာနိုင်ငံသည်လည်း ပြောင်းလဲခဲ့ပြီဖြစ်သည်။

                                                ***************************

မြန်မာနိုင်ငံကို ကုန်သွယ်ရေးအခွင့်အလမ်းတစ်ရပ်အဖြစ် အိန္ဒိယစီးပွားရေး လုပ်ငန်းရှင် များရှုမြင်

(ANI သတင်းဌာနမှ 29 May 2012 ရက်စွဲပါ Indian Business Leaders view Myanmar as a growing opportunity for trade ကိုဘာသာပြန်ဆိုသည်)

လက်ရှိအချိန်သည် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်ရမည့် အချိန်အခါပင်ဖြစ်သည်ဟု အိန္ဒိယထိပ်တန်း စီးပွားရေး ခေါင်းဆောင်ကြီးများက ပြောကြားသည်။

အိန္ဒိယတယ်လီဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကြီးဖြစ်သော Bharti Airtel ၏ ဥက္ကဌ Sunil Bharti Mittal၊ စတီးလုပ်ငန်းရှင်နှင့် ဥပဒေရေးဆွဲသူ Naveen Jindal အပါအဝင် အခြားသော စီးပွားရေးလုပ်ငန်းရှင်များက လတ်တလော မြန်မာနိုင်ငံ၌ ဖွံ့ဖြိုးတိုးတက်မှုများ ပေါ်ပေါက်နေစဉ် ယင်းသို့ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် ပြောဆိုကြခြင်းဖြစ်သည်။

"မြန်မာနဲ့ ကုန်သွယ်ရေး တိုးမြှင့်နိုင်ဖို့အတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေနဲ့ အလားအလာတွေ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အများကြီး လိုအပ်နေပါသေးတယ်"ဟု Mittal က မီဒီယာများသို့ ပြောကြားသည်။

"ကျွန်တော်ကတော့ နောက်ကျသွားပြီလို့ မထင်မိပါဘူး။ မြန်မာပြည်ဟာ စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ အခုမှ အစပိုင်းမှာပဲ ရှိနေပါသေးတယ်။ လုပ်စရာတွေလည်း အများကြီးပါပဲ။ အခြေခံအဆောက်အဦးတွေလည်း အများကြီး တည်ဆောက်ဖို့ လိုအပ်နေတယ်။ နှစ်နိုင်ငံအကြား နွေးထွေးပြီး သမိုင်းဝင်တဲ့ ဆက်ဆံရေးမျိုး ရှိထားတာကြောင့် နိုင်ငံတကာနဲ့ ယှဉ်ပြိုင်မှုမျိုး ဖြစ်လာတဲ့အချိန်မှာ အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်တွေအတွက် အကူအညီအထောက်အပံ့ ရရှိမှာ ဖြစ်ပါတယ်"ဟု ၎င်းကဆက်လက်ပြောဆိုသည်။

မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် ပတ်သက်သည့် အရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း၊ အိန္ဒိယသည် မြန်မာနိုင်ငံ တိုးတက်ကြီးပွားရေးအတွက် ပါဝင်လုပ်ကိုင်ပေးရန် ဆုံးဖြတ်ထားသည့် နိုင်ငံဖြစ်ကြောင်း Naveen Jindal ကဆိုသည်။

"မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ပါဝင် လုပ်ကိုင်ပေးနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရှိလာပါပြီ။ ဝန်ကြီးချုပ်မန်မိုဟန်ဆင်းကလည်း ကျွန်တော်တို့နဲ့အတူ အိမ်နီးချင်း မြန်မာနိုင်ငံ ကြီးပွားတိုးတက်အောင် အိန္ဒိယ ကုမ္ပဏီတွေအနေနဲ့ အကူအညီ မဖြစ်မနေ ပေးသင့်တယ်လို့ ဆိုပါတယ်" ဟု ၎င်းကဆိုသည်။

ဒေါက်တာမန်မိုဟန်ဆင်းသည် နှစ်ပေါင်း ၂၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်သည့် အိန္ဒိယဝန်ကြီးချုပ် ဖြစ်သည်။ ၎င်းနှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့သည် နှစ်ဖက်နိုင်ငံမှ ကိုယ်စားလှယ်များကို ဦးဆောင်ကာ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများ ပူးပေါင်း ဆောင်ရွက်ရေး အစရှိသည်တို့ကို ခရီးစဉ်အတွင်းဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံသည် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ကာ တရုတ်ပြည်၏ နိုင်ငံရေးနှင့် စီးပွားရေး သြဇာအာဏာအောက်မှ လွတ်မြောက်အောင် ကြိုးပမ်းနေစဉ် ကာလအတွင်း ဝန်ကြီးချုပ်မန်မိုဟန်ဆင်း လာရောက် လည်ပတ်ခြင်းလည်း ဖြစ်သည်။

        ********************************************************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment