Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နောက်တစ်လှမ်း

*****************************************

ဆောင်းပါးကဏ္ဍ

နောက်တစ်လှမ်း

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တစ်ခန်းရပ်ပြဇာတ်များ တစ်ခန်းပြီးတစ်ခန်း ကပြသလို ရင်သပ်ရှုမောဖွယ်ကောင်းသည့် ဖြစ်စဉ်ပင်ဖြစ်သည်။ ယင်းဖြစ်စဉ်များ ဖြစ်ပျက်သွားပုံမှာလည်း အိမ်မက်သဖွယ်ပင် ဖြစ်သည်။ နိုင်ငံရေးလွတ်လပ်ခွင့် ပိုမိုပွင့်လင်းလာခဲ့မှုနှင့်အတူ အရပ် ဖက်လူ့အဖွဲ့အစည်း အားကောင်းမှု၊ နိုင်ငံရေးအသိ နှိုးကြားမှုတို့မှာ မြန်မာလူ့အဖွဲ့အစည်းတွင်း တရိပ်ရိပ် ဖွံ့ဖြိုးတိုးတက်လာသည့် လက္ခဏာရပ်များပင် ဖြစ်သည်။ သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကို မြန်မာပြည်သူများအပါအဝင်၊ နိုင်ငံတကာအသိုင်းအဝိုင်းက လေးစားအသိအမှတ်ပြု သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီမိုကရေစီသူရဲကောင်း ကြီးတစ်ဦးကဲ့သို့ တလေးတစားဆက်ဆံခဲ့သည်ကို သူ၏ အနောက်နိုင်ငံခရီးစဉ်တွင် တွေ့မြင်ကြားသိရသည်။

သို့သော် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သောအပြောင်းအလဲများမှာ မြန်မာပြည်သူအများ၏ မျှော်လင့်ချက် အနည်းငယ်သာ ပြည့်ဝပါသည်။ လူ လတ်တန်းစား အားနည်းသေးသော မြန်မာနိုင်ငံတွင် နိုင်ငံရေးလွတ်လပ်ခွင့်ကို နိုင်ငံသားအခွင့်အရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိထိရောက် ရောက် အသုံးချနိုင်ဖို့ ခဲယဉ်းနေသေးသည်ဟု ဆိုနိုင်သည်။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်နေသည့် မြန်မာနိုင်ငံ၏ ပြည်သူအများစုအဖို့ နိုင်ငံရေး လွတ်လပ်မှုကို သိမြင်နားလည်သဘောပေါက်ဖို့  ခဲယဉ်းမည်မှာ အမှန်ပင်ဖြစ်သလို နေ့စဉ် စားဝတ်နေရေး ဖူလုံဖို့အရေးသာ အဓိကဖြစ်နေပေမည်။

သို့နှင့် နိုင်ငံရေးစီးပွားရေးအခြေအနေ မည်သို့ရှိလေသနည်း။ မြန်မာ့စီးပွားရေး ကံကောင်းမည်လော။ မေးစရာ၊ မေးစရာမေးခွန်းများ တန်းစီနေ ပြီဖြစ်သည်။ မြန်မာနိုင်ငံမှာ ကြီးမားသည့် စီးပွားရေးအခွင့်အလမ်း အမှန်တကယ်ပင် ရှိနေသည်။ မဟာဗျူဟာမှန်မှန်ဖြင့် အကောင်အထည်ဖော်နိုင်ခဲ့ လျှင် ရှေ့ကသွားနှင့်ပြီးသော စီးပွားရေးအာရှကျားနိုင်ငံများကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာရန် အလားအလာအကောင်းဆုံး နိုင်ငံတစ်ခု ဖြစ်သည်။ ယခင်က လည်း မြန်မာနိုင်ငံသည် ထိုကဲ့သို့ အာရှတိုက်၏ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာအကောင်းဆုံး နိုင်ငံတစ်ခု ဖြစ်ခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပါ။ ယင်း အတိတ်မှ အမှားများကို လွမ်းဆွတ်တမ်းတမြည်တွန်းနေရင် အပိုပင်ဖြစ်မည်ဖြစ်သော်လည်း အမှားထဲမှ သင်ခန်းစာများကိုတော့ ယူရမည်ဖြစ်သည်။ ပေး ဆပ်လိုက်ရသည့်တန်ဖိုးမှာလည်း နည်းနည်းနောနောတော့မဟုတ်။ မျိုးဆက်နှင့်ချီ၍ ဖြစ်သည်။ နောင်မကြဉ်လျှင် မြန်မာတွေ ညံ့ရာကျတော့မည်။

သမ္မတကြီးကတော့ နိုင်ငံရေးအပြောင်းအလဲများကို တစ်ဟုန်ထိုးဆောင်ရွက်အပြီး စီးပွားရေးအပြောင်းအလဲကိုလည်း ထိုသို့ ဆောင်ရွက်လျက် ရှိနေသည်။ ခက်နေသည်မှာ သမ္မတဆောင်ရွက်မှုများကို အကောင်အထည်ဖော်နေသော ဗျူရိုကရေစီ၏ စွမ်းဆောင်ရည်နှင့် သမ္မတ၏ ခေါင်းဆောင် မှုကြား အကျပ်အတည်းဖြစ်သည်။ တနည်းဆိုရလျှင် သမ္မတ၏ ခေါင်းဆောင်မှုကို ဗျူရိုကရေစီကမလိုက်နိုင်။ သို့နှင့် သမ္မတ၏ မိန့်ခွန်းများမှာ ပြည်သူများ ၏အမြင်တွင် အလိမ်အညာလို ဖြစ်နေသည်။ အစိုးရအဖွဲ့၏ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။ လက်တွေ့တွင်လည်း စီးပွားရေး အပြောင်းအလဲများမှာ နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ လိုက်မလာဘဲ နောက်ကျန်ရစ်နေသည်။ စီးပွားရေးအခွင့်အလမ်းများ ပွင့်လင်းလာဖို့အတွက် အချိန်ယူရမည်။ မှန်သည်။ သို့သော် နိုင်ငံရေးအပြောင်းအလဲများနှင့် သိပ်ကွာဟသွားလို့တော့ မဖြစ်။ ပြည်သူအများ မျှော်လင့်နေသည်မှာလည်း လူမှုစီး ပွားရေးဘဝ တည်ငြိမ်လာမှု၊ အလုပ်အကိုင်လုံခြုံမှုရှိမှုတို့ပင် မဟုတ်ပါလော။

သမ္မတဦးသိန်းစိန်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ စပ်လျဉ်း၍ အစိုးရအ ဖွဲ့ဝင် အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံစဉ်က လက်ရှိအစိုးရမှ ယင်းတို့၏ သက်တမ်းအတွင်း နိုင်ငံ၏ GDP ကို ၃ဆအထိတိုးရန် ဆောင်ရွက်ဖို့ ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။ အမှန်စင်စစ် GDP တက်တိုင်း နိုင်ငံစီးပွားရေးတက်သည်ဟု ယတိပြတ်ပြော၍ မရနိုင်ပါ။ ငွေကြေး ဖောင်းပွမှုကိုလည်း ထည့်တွက်ရမှာဖြစ်သလို၊ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် အတိုးနှုန်းလည်း ဖြစ်ဖို့လိုပါသေးသည်။ စာရေးသူအနေ ဖြင့် စီးပွားရေးတိုးတက်မှုအတွက် ပို့ကုန်အမြောက်အမြား တင်ပို့မှုနှင့်သာ အဓိက တိုင်းတာချင်ပါသည်။ အရှေ့အာရှကျားများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို လေ့လာဆန်းစစ်ကြည့်လျှင် ပို့ကုန်တင်ပို့မှုကို အဓိက စီးပွားရေးဖွံ့ဖြိုးမှုဗျူဟာအဖြစ် ကျင့်သုံးခဲ့ကြောင်း တွေ့ရသည်။

လက်ရှိအစိုးရအနေဖြင့် အမျိုးသားဖွံ့ဖြိုးရေး ရည်မှန်းချက်များကို ပြည့်မှီအောင်ဆောင်ရွက်ရင်း ကမ္ဘာ့ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက် (Millennium Development Goal) ကိုပါ ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သမ္မတဦးသိန်းစိန်မှ ဆိုပါသည်။ ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်ပြည့်မီဖို့ နှစ်များစွာ မလိုအပ်တော့ပေ။ သို့သော်  ကမ္ဘာပေါ်တွင် ဆင်းရဲတွင်းမှ ထွက်နိုင်သည့် လူဦးရေမှာ ထောင်စုနှစ်ရည်မှန်းချက် မျှော် မှန်းထားသလောက် မရှိပေ။ (တရုတ်ပြည်မှအပ) မြန်မာနိုင်ငံအနေဖြင့် ထောင်စုနှစ်ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးအပြင် ရေနံ၊ သဘာဝဓာတ်ငွေ့များ ရောင်းရသည့်ငွေများကို Sovereign Wealth Fund အဖြစ်ထူထောင်၍ ဆောင်ရွက်နိုင်ပါသည်။ ဘောဂဗေဒပညာရှင် ဂျိုးဇက်စတင်းဂလစ်ကလည်း မြန်မာနိုင်ငံတွင် ရေနံ၊ သဘာဝဓာတ်ငွေ့ ရောင်းရငွေများကို Sovereign Wealth Fund ထူထောင် ရန် ပြောကြားဖူးသည်။

ယခုလောလောဆယ် မြေယာပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်နှင့် ဆောင်ရွက်လာသည်နှင့်အညီ မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများလည်း မြန်မာနိုင်ငံနေရာ အနှံအပြား၌ ဖြစ်ပေါ်လျက်ရှိနေသည်။ လယ်ယာသီးနှံအထွက်နှုန်း မြင့်မားရေးမှာ ယခုအချိန်တွင် မြန်မာနိုင်ငံ စီးပွားရေး တိုးတက်ဖို့အတွက် အလွန်အရေးကြီးသည့် နိုင်ငံ၏ ကုန်ထုတ်လုပ်မှုပင် ဖြစ်သည်။ ဤနေရာတွင် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု သမိုင်းကို လေ့လာကြည့်လျှင်  မြေယာပြုပြင်ပြောင်းလဲမှုကို မည်သို့၊ မည်ပုံ စနစ်တကျ ဆောင်ရွက်သွား နိုင်ခဲ့သည်ကို အတုယူသင့်ပါသည်။ စာရေးသူ တို့ နိုင်ငံအခြေအနေနှင့် အလုံးစုံကိုက်ညီချင်မှ ကိုက်ညီမည်ဖြစ်သော်လည်း သူတို့ဆောင်ရွက်ခဲ့မှုများကို တစ်စုံတစ်ရာ အတိုင်းအတာထိ အတုယူ ဆောင်ရွက်နိုင်ပါသည်။ မြေယာပြုပြင်ပြောင်းလဲမှုကို အောင်မြင်အောင် ဆောင်ရွက်နိုင်လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကုန်ထုတ်လုပ်မှု ဖြစ်သော စက်မှုလုပ်ငန်းများဖြစ်ထွန်းလာဖို့ အရှိန်အဟုန်လည်း ရသွားပြီဖြစ်သည်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment