Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. အင်ဒိုနီးရှား Semen Gresik က မြန်မာနိုင်ငံတွင် ဒေါ်လာသန်း၁၆၀တန် ဘိလပ်မြေစက်ရုံတည်ဆောက်မည်

(Reuter News မှ 26 June 2012ရက်စွဲပါ “ Semen Gresik to build cement factory in Myanmar for $160mln”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာဗပိာုဘဏ် လွတ်လပ်သောအဖွဲ့ဖြစ်ရန် မျှော်မှန်း

(28 June 2012 ရက်စွဲပါ Business Recorder မှ Myanmar Central Bank eyes independent ကို ဘာသာ ပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ဒဲရက်မစ်ချယ်ကိုဆီနိတ်အတည်ပြု

(BBC News မှ 29 June 2012 ရက်စွဲပါ “US Senate confirms Derek Mitchell as Burma embassador” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသို့ အကူအညီပေးရေးတိုးတက်မှုရှိဟု ADB မြင်

(30 June 2012 ရက်စွဲပါ Reuters  မှ Jason Szepရေးသားသော ADB sees progress in resuming aid to Myanmar ကိုဘာသာပြန်သည်)

*****************************************

ဘာသာပြန်သတင်းများ

အင်ဒိုနီးရှား Semen Gresik က မြန်မာနိုင်ငံတွင် ဒေါ်လာသန်း၁၆၀တန် ဘိလပ်မြေစက်ရုံတည်ဆောက်မည်

(Reuter News မှ 26 June 2012ရက်စွဲပါ “ Semen Gresik to build cement factory in Myanmar for $160mln”သတင်းကို ဘာသာပြန်ဆိုသည်)

အင်ဒိုနီးရှား၏ အကြီးဆုံးဘိလပ်မြေထုတ်လုပ်သော PT Semen Gresik က လာမည့်နှစ်အတွင်း မြန်မာနိုင်ငံ၌ ဒေါ်လာ ၁၅၉ သန်း ကုန်ကျမည့် ဘိလပ်မြေစက်ရုံတစ်ရုံ တည်ဆောက်သွားရန်စီစဉ်နေသည်ဟု ကုမ္ပဏီ၏အမှုဆောင်ဥက္ကဋ္ဌ ဝီဆွတ်ဂျစ်ပတိုက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

“တစ်နှစ်ကိုတန်ချိန် ၆ သိန်းကနေ ၁ သန်းအထိထုတ်လုပ်နိုင်မယ့် စက်ရုံတစ်ခုကို မြန်မာပြည်တွင်းကုမ္ပဏီတစ်ခုနဲ့ ဖက်စပ်ပူးပေါင်းလုပ်ကိုင်ဖို့ စီစဉ်မှာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စတင်စီးဝင်နေပြီဖြစ်လို့ လာမယ့်နှစ်ပိုင်းအတွင်း တိုးပွားလာမယ့် ဆောက်လုပ်ရေး လုပ်ငန်းတွေ အတွက် ဘိလပ်မြေလိုအပ်ချက်လည်း များလာမယ်လို့ ယူဆပါတယ်”ဟု PT Semen Gresik ကုမ္ပဏီစီအီးအိုက ပြောကြားသည်။

PT Semen Gresik သည် ယခုနှစ်အတွင်း မလေးရှားဘိလပ်မြေကုမ္ပဏီတစ်ခုအား ဝယ်ယူမည့်အစီအစဉ်ကို ပယ်ဖျက်ပြီးနောက် လာမည့် နှစ်တွင် ဗီယက်နမ်ဘိလပ်မြေကုမ္ပဏီတစ်ခုကိုလည်း ဝယ်ယူရန် စီစဉ်လျက်ရှိသည်။

ကုမ္ပဏီ၏ ပင်လယ်ရပ်ခြား လုပ်ငန်းချဲ့ထွင်မှုများအတွက် ဒေါ်လာသန်း ၅၀၀ အထိသုံးစွဲသွားရန် ပြင်ဆင်ထားသည်ဟုလည်း ဆွတ်ဂျစ်ပတိုက ဆက်လက် ပြောကြားသည်။

                                                                **************************************

မြန်မာဗပိာုဘဏ် လွတ်လပ်သောအဖွဲ့ဖြစ်ရန် မျှော်မှန်း

(28 June 2012 ရက်စွဲပါ Business Recorder မှ Myanmar Central Bank eyes independent ကို ဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ဗဟိုဘဏ်သည် ငွေကြေးမူဝါဒများချမှတ်ရာတွင် လွတ်လပ်သောအဖွဲ့အစည်းတစ်ခုဖြစ်ရေးအတွက် လုပ်ဆောင်နေကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်ရေးအတွက် အစိုးရ၏အဓိကကျသော စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှု တစ်ခုဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ကပြောသည်။

"တကယ်လို့ ကျွန်တော်တို့ငွေကြေးတည်ငြိမ်မှုရှိခဲ့ရင် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ပိုပြီးယုံကြည်မှုရှိရှိနဲ့ဝင်လာဖို့ အားပေးနိုင်ပါမယ်"ဟု ဦးမောင်မောင်ဝင်းက AFP သို့အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

လွတ်လပ်သောဗဟိုဘဏ်ကို ခေတ်သစ်လွတ်လပ်သောဈေးကွက်စီးပွားရေး၏ အသွင်သဏ္ဍာန်တစ်ခုအဖြစ် ရှုမြင်နိုင်သည်။

ထိုသို့လုပ်ဆောင်ရန် နေ့ချင်းညချင်း မျှော်လင့်၍မရနိုင်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ၎င်း၏စွမ်းဆောင်ရည်တိုးချဲ့နိုင်ရန် ဝန်ထမ်းများ ပိုမိုခန့်ထား ရန်လိုအပ်ကြောင်း ဦးမောင်မောင်ဝင်းက ပြောသည်။

ဗဟိုဘဏ်ဥပဒေသစ်သည် ယခုအခါ ရှေ့နေချုပ်ရုံးတွင် လုပ်ဆောင်လျက်ရှိပြီး၊ ပြည်သူ့လွှတ်တော်သို့ တင်ပြရမည်ဖြစ်သည်။ ဥပဒေ အတည်ပြု ပြီးမှသာ ဗဟိုဘဏ်သည် အစိုးရ၏ထိန်းချုပ်မှုမှကင်းလွတ်သော သီးခြားအဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်မည် ဖြစ်သည်။

"ဗဟိုဘဏ်ဥပဒေမှ လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်ဖို့ ကိုက်ညီတဲ့အချက်တွေ ပြင်ဆင်မှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

ဗဟိုဘဏ်သည် ၎င်း၏ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးရေးအတွက် နိုင်ငံခြားအကူအညီရရှိနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ ယခုလအစောပိုင်းက ထိုင်းနိုင်ငံဗဟိုဘဏ်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးအတွက် MOU လက်မှတ်ရေးထိုးခဲ့သည်။

"လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ချက်ခြင်းဖြစ်လာဖို့ မဖြစ်နိုင်သေးပါဘူး၊ အခြေခံအဆောက်အဦး အပါအဝင် လိုအပ်ချက်တွေ ပြည့်မီဖို့ လိုအပ်နေပါသေးတယ်"ဟု ၎င်းကပင်ဆိုသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)က မေလတွင် ထုတ်ဝေသောအစီရင်ခံစာ၌ မြန်မာနိုင်ငံဗဟိုဘဏ်သည် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာ ရှိတဲ့အဖွဲ့တစ်ခုသာဖြစ်ပြီး၊ ငွေကြေးမူဝါဒနှင့်ပတ်သက်သော အခြေခံစည်းမျဉ်းများ မရှိကြောင်းဆိုသည်။

အဆိုပါအစီရင်ခံစာတွင် ဗဟိုဘဏ်သည် ပြည်တွင်းဈေးနှုန်းတည်ငြိမ်ရေး မူလရည်မှန်းချက်ကို ရှင်းလင်းစွာပြဋ္ဌာန်းပြီး၊ တာဝန်ယူစေသော လွတ်လပ်စွာ ပြည့်ပြည့်ဝဝလုပ်ဆောင်ခွင့်ရှိသော အဖွဲ့အစည်းတစ်ခုအဖြစ် ပေးသင့်ကြောင်း ဖော်ပြထားသည်။

ဗဟိုဘဏ်ဝက်ဆိုဒ်အဆိုအရ ငွေကြေးမူဝါဒ၏အဓိကရည်မှန်းချက်မှာ မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းရန်၊ တစ်ချိန်တည်းမှာပင် ပြည်တွင်းစုဆောင်းမှု တိုးတက်လာရေးအတွက် အတိုးနှုန်းကို အဓိကကိရိယာအဖြစ် အသုံးပြုရေး ဖြစ်သည်ဟု သိရှိရသည်။

ဗဟိုဘဏ်၏ လက်ရှိအတိုးနှုန်းမှာ ၁၀% ဖြစ်သည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ၎င်း၏ ပြုပြင်ပြောင်းလဲမှု ဒုတိယအဆင့်တွင် စီးပွားရေးကို ဗဟိုပြုမည်ဟု ကတိပြုခဲ့သည်။

အစိုးရသစ်သည် အခြေခံအကျဆုံး စီးပွားရေးပြုပြင်ပြောင်းလဲမှုအဖြစ် ဧပြီလက ၎င်း၏ငွေကြေးကို ထိန်းကွပ်ပေးမည့် နှုန်းရှင်သို့စတင်ခဲ့ပြီး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်ရန် ရှုပ်ထွေးသော နိုင်ငံခြားငွေလဲလှယ်မှုစနစ်ကို လုံးဝပြောင်းလဲခဲ့ခြင်းဖြစ်သည်။

                                                                    ***********************************

မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ဒဲရက်မစ်ချယ်ကိုဆီနိတ်အတည်ပြု

(BBC News မှ 29 June 2012 ရက်စွဲပါ “US Senate confirms Derek Mitchell as Burma embassador” သတင်းကိုဘာသာပြန်ဆိုသည်)

၂၂နှစ်တာကာလအတွင်း ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဒဲရက်မစ်ချယ်အား ခန့်အပ်မှုကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။

မြန်မာနိုင်ငံမှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြု တုန့်ပြန်သည့်အနေဖြင့် ပြီးခဲ့သောမေလတွင် သမ္မတအိုဘားမားက မစ်ချယ်အား သံအမတ်ကြီးခန့်အပ်ရန် အမည်တင်သွင်းခဲ့ခြင်းဖြစ်သည်။

မစ်ချယ်သည် ဝါရှင်တန်၏ မြန်မာမူဝါဒဆိုင်ရာ အထူးညှိနှိုင်းရေးကိုယ်စားလှယ်အဖြစ်၊ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ အမှောင်ကျကမ္ဘာတွင်းမှ အပြင်အလင်းကမ္ဘာထဲသို့ဆွဲခေါ်သည့် ကြိုးပမ်းမှုများကိုဦးဆောင်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ သံအမတ်ကြီး တာဝန်ပေးအပ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၀ တွင် ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများကို တစ်သုတ်ပြီးတစ်သုတ် လွှတ်ပေးခဲ့သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီသည်လည်း ပြီးခဲ့သောဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ၅၃ နေရာ အနိုင်ရရှိကာ လွှတ်တော်တွင်းသို့ ဝင်ရောက်လာပြီဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၀ ကာလအတွင်း အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရပြီးနောက်တွင် ယခုအခါ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်သည် ၁၉၈၈ နောက်ပိုင်း ပထမဆုံးဥရောပခရီးစဉ်ကိုပင် သွားရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း မြန်မာအရပ်ဖက်အစိုးရကို တပ်မတော်(စစ်တပ်)ကသာ ဆက်လက်လွှမ်းမိုးထားဆဲဖြစ်ပြီး၊ အတိုက်အခံ နိုင်ငံရေးသမားများမှာ လည်း လွှတ်တော်တွင်း၌ အင်အားအနည်းငယ်သာ စုဖွဲ့နိုင်သေးသည်။

ထို့အပြင်နိုင်ငံရေးဖိနှိပ်ချုပ်ချယ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော စိုးရိမ်ပူပန်စရာများမှာလည်း မူလအတိုင်း ကျန်နေဆဲပင် ဖြစ်လေသည်။

ယခုကဲ့သို့ မစ္စတာမစ်ချယ်အားအတည်ပြုခြင်းကို ရီဘက်ပလစ်ကန်အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နယ်လ်က ဂုဏ်ပြုကြိုဆို လိုက်ပြီး“သူ့ရဲ့အတွေ့အကြုံတွေက ဒေသတွင်းအမေရိကန်ရဲ့ ရပ်တည်မှုအတွက် အသုံးတည့်ပါလိမ့်မယ်”ဟု ပြောကြားကြောင်း AP သတင်းဌာနက ဖော်ပြ ထားသည်။

မစ်ချယ်သည် သမ္မတအိုဘားမား၏ အထူးကိုယ်စားလှယ်အဖြစ် တာဝန်မယူမီက၊ အာရှရေးရာနှံ့စပ်သော ကာကွယ်ရေးဌာန အရာရှိတစ်ဦး ဖြစ်ခဲ့သည်။

လတ်တလော ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးကို အငယ်တန်းသံတမန်တစ်ဦးက စီမံကွပ်ကဲလျက်ရှိသည်။ ယခုအခါ မြန်မာနိုင်ငံဖက်ကလည်း ဝါရှင်တန်သို့ သံအမတ်ကြီးတစ်ဦး ပြန်လည်ခန့်အပ်စေလိမ့်မည်ဟု မျှော်လင့်ရသည်။

                                                                *********************************************

မြန်မာနိုင်ငံသို့ အကူအညီပေးရေးတိုးတက်မှုရှိဟု ADB မြင်

(30 June 2012 ရက်စွဲပါ Reuters  မှ Jason Szepရေးသားသော ADB sees progress in resuming aid to Myanmar ကိုဘာသာပြန်သည်)

၁၉၈၈ခုနှစ်တွင် ဒီမိုကရေစီလှုပ်ရှားမှုများကို စစ်တပ်ကချေမှုန်းခဲ့ခြင်းကြောင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)သည် မြန်မာနိုင်ငံသို့ အကူအညီများ ပေးခြင်းကို ရပ်ဆိုင်းခဲ့သည်။

ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ၊ ADB ဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့သည် အကူအညီများအပြည့်အဝပြန်လည် ပေးအပ်နိုင်ရေးအတွက် ညှိနှိုင်းမှုများ တိုးတက်လျက်ရှိရာ တစ်နှစ်အတွင်းပြီးစီးမည်ဟု ခန့်မှန်းရသည်ဟု ADB ဘဏ် အကြီးတန်းတာဝန်ရှိသူတစ်ဦးက စနေနေ့က ပြောကြားခဲ့သည်။

ထိုသို့အကူအညီများ ပြန်လည်မပေးအပ်မီ၊ မြန်မာနိုင်ငံအနေဖြင့် ပေးဆပ်ရန်ကျန်ရှိသော အကြွေးများကို ပြန်လည်ပေးအပ်ရန် လိုသည်။

အဆိုပါ ပေးရန်ရှိသော အကြွေးများမှာ မနီလာအခြေစိုက် ADB သို့ ဒေါ်လာသန်း(၅၀၀)နှင့် ဝါရှင်တန်ရှိ ကမ္ဘာ့ဘဏ်သို့ ဒေါ်လာ(၃၉၃)သန်း ရှိသည်။

အကြွေးများပြန်လည်ပေးဆပ်ပြီး အကူအညီများ ပြန်လည်ရရှိရေးသည် သယံဇာတကြွယ်ဝသော်လည်း ဆယ်စုနှစ်များစွာ မှားယွင်းအုပ်ချုပ်မှုများ၊ ကုန်သွယ်ရေးကို ချိနဲ့စေသော အရေးယူမှုများရှိသော ဆင်းရဲသည့် မြန်မာနိုင်ငံပြန်လည် တည်ဆောက်ရေးအတွက် အရေးပါလှသည်။ အဆိုပါ အကူအညီများသည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ပိုမိုကြီးမားလာအောင် လယ်ယာကဏ္ဍအား စက်မှုဖွံ့ဖြိုးရေးကို အရှိန်မြှင့်ပေးခြင်းဖြင့် လမ်းခင်း ပေးနိုင်သည်။

         “အားတက်ဖွယ်ကောင်းတဲ့ အရာနှစ်ခုကို ကျွန်တော်တို့ စတင်လုပ်ဆောင်နိုင်ခဲ့ပါတယ်”ဟု ADB ၏ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒုဥက္ကဌ Stephen Groff က ဘန်ကောက်အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံသို့ လေးရက်တာခရီးစဉ်သွားရောက်ခဲ့ရာ သမ္မတဦးသိန်းစိန်နှင့်လည်းကောင်း ထိပ်တန်းကက်ဘိနက် ဝန်ကြီးများနှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။

သမ္မတကြီးသည် နိုင်ငံစုံမှဖွံ့ဖြိုးရေးအကူအညီပေးသည့် ဘဏ်များနှင့် အမြန်ဆုံးအပြည့်အဝ ပြန်လည်ဆက်ဆံနိုင်ရေးကို လိုလားကြောင်း ပွင့်လင်းရိုးသားစွာ ပြောခဲ့သည်ဟု Groff ကပြောကြားခဲ့သည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း မြန်မာအစိုးရသည် အရေးကြီးသော သမိုင်းမှတ်တိုင်အဖြစ် ၎င်းအနေဖြင့် ပေးရန်ရှိသည့် ကြွေးပမာဏကို ADB ကမ္ဘာ့ဘဏ်တို့ဖြင့် သဘောတူခဲ့သည်။

 “ဒါဟာအောင်မြင်မှုတစ်ခုပါပဲ။ သူတို့မှာ စာရင်းဇယားရှိသလို၊ ကျွန်တော်တို့ စာရင်းနဲ့လည်း ကိုက်ညီပါတယ်”ဟု ၎င်းကပြောသည်။

ယခုအခါ ကြွေးများပြန်လည်ပေးဆပ်ရေးအတွက် ဖြစ်နိုင်ခြေသုံးခုကို ဦးတည်ဆွေးနွေးလျှက်ရှိရာ ပထမတစ်ခုမှာ အစိုးရက ၎င်း၏အရန် ရန်ပုံငွေမှ ပြန်ပေးရေးဖြစ်သည်။ ဒုတိယတစ်ခုမှာ ကြွေးများပြန်လည်ပေးအပ်ရေး အစီအစဉ်ဆွဲခြင်းဖြင့် ချေးငွေသစ်များ ပြန်ပေးနိုင်ရေး ဖြစ်သည်။ တတိယတစ်ချက်မှာ အလှူရှင်များကရန်ပုံငွေတစ်ရပ်ထူထောင်ပြီး ကြွေးများပြန်ပေးဆပ်ရန်ဖြစ်သည်။ လိုအပ်ချက်မှာ ကြွေးများပြန်လည်လျော်ပစ် နိုင်ရေး ဖြစ်သည်။

 “အချက်သုံးခုစလုံးမဖြစ်နိုင်ပါဘူး။ အဲဒီသုံးခုပေါင်းပြီးစဉ်းစားရင် တမျိုးပေါ့။ ဒါပေမယ့် ဘာတွေဖြစ်လာမယ် မသိသေးပါဘူး”ဟု ၎င်းကပြောသည်။

“ဒီလိုဖြစ်တဲ့နိုင်ငံတွေမှာ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ ဆိုက်ဘေးရီးယားစတဲ့ နိုင်ငံတွေမှာ လုပ်ငန်းစဉ်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုကြာ တတ်ပါတယ်”ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံတွင်လည်း ထိုသို့မျှော်လင့်ထားကြောင်း ၎င်းကပင် ဆိုသည်။

ADB သည် ၁၉၈၈ ၌မြန်မာနိုင်ငံအပေါ် အကူအညီပေးခြင်းကို ရပ်ဆိုင်းခဲ့ပြီး၊ ကမ္ဘာ့ဘဏ်က ၁၉၈၇ ခုနှစ်တွင် ကြွေးများပြန်မဆပ်ခြင်းကြောင့် ငွေချေးခြင်းကို ရပ်ဆိုင်းခဲ့သည်။

ADB သည် ယခုနှစ်တွင် မြန်မာနိုင်ငံနှင့် ပြန်လည်ဆက်ဆံရေးစတင်ခဲ့ရာ မကြာမီက ရန်ကုန်တွင် ရုံးတစ်ခုဖွင့်လှစ်ပြီး၊ သြဂုတ်လတွင် အချိန်ပြည့် ဝန်ထမ်းသုံးဦး ထားရှိရန်နှင့် နေပြည်တော်တွင် ရုံးဖွင့်နိုင်ရေး ရည်မှန်းထားသည်။

“မြန်မာနိုင်ငံမှာ ကြီးမားတဲ့အလားအလာတွေ ရှိပါတယ်။ ကြီးမားတဲ့ စွမ်းအင်သယံဇာတတွေ ရှိပါတယ်။ မထိတွေ့ရသေးတဲ့ အပိုင်းတွေအများကြီး ရှိပါသေးတယ်။ အခြေခံစွမ်းဆောင်ရည်ဖွံ့ဖြိုးမှုများနှင့် အင်စတီကျူးရှင်းများ အားကောင်းရန် လိုအပ်နေခြင်းများကို လုပ်ဆောင်ရန်သာ လိုပါတယ်”ဟု ၎င်းကပြောသည်။

“ကျွန်တော်ခရီးစဉ်မှာ လူအများကြီးနဲ့ ကျယ်ကျယ်ပြန့်ပြန့် တကယ့်စိတ်အခံနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်နဲ့ တွေ့ဆုံခဲ့တဲ့ လူတွေဟာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင်ပါဝင်နေသူတွေဖြစ်ပြီး၊ စိတ်အားထက်သန်စွာ လုပ်နေကြပါတယ်”ဟု Groff ကပြောသည်။

                                ******************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment