yangonchronicle2011 Op-Ed |
၆.၇.၂၀၁၂
ဆောင်းပါးကဏ္ဍ
- အမြင်မတူကြသူများ
*****************************************
ဆောင်းပါးကဏ္ဍ
အမြင်မတူကြသူများ
အောင်မြင်သူ
(နေပြည်တော်တိုင်း(မ်)ဂျာနယ် အတွဲ(၁) အမှတ်(၃၂) မှ ထုတ်ယူဖော်ပြသည်။)
စာရေးဆရာကြီး အဂ္ဂစနိုးရေးသားသော “The other side of the river” စာအုပ်ကို အမေလူထုဒေါ်အမာက ဘဝခြင်းမတူသည့် တရုတ်ပြည်ဟု ဘာသာပြန်ခဲ့ပါသည်။ ငယ်စဉ်ကပြန်ဆိုထားသည့် အဓိပ္ပါယ်ကို ကောင်းစွာ မစဉ်းစားမိပါ။ ထိုင်းနိုင်ငံသို့ရောက်ပြီး မဲခေါင်မြစ်တစ်ဖက်ကမ်း လာအိုနိုင်ငံတွင် တဲကလေးတွေ တွေ့ရသည်။ ကျွန်တော်တို့ရောက်နေသည့် ထိုင်းနိုင်ငံဘက်တွင် တိုက်တာအဆောက်အအုံများ ဖြစ်သည်။ မြစ်တစ်စင်းသာခြားသော နိုင်ငံနှစ်နိုင်ငံ ဖြစ်ပါသည်။
ပန်းလှိုင်ဂေါက်ကွင်းဝင်းထဲသို့ ဝင်လိုက်သည်နှင့် လမ်းဘေးဝဲယာတွင် မြက်ခင်းစိမ်းစိမ်းစိုစိုနှင့် အိမ်ခြေတိုက်တာများ တွေ့ရသည်။ ဂေါက်ကွင်း တွင် စိမ်းနေသော နိုင်ငံခြားမြက်ခင်း၊ ပွင့်နေသော ပန်းရောင်စုံ အေးမြကြည်လင်သော ရေကန်များနှင့် သာယာလှပလှပါသည်။ လှိုင်မြစ်ကမ်းဘက်တွင် ပြွတ်သိပ်နေသော တဲပုတ်လေးများကို တွေ့ရသည်။ မြန်မာပြည်တွင်းမှ မြစ်လေးခြားသွားသော နေရာပင်ဖြစ်သည်။
အမေလူထုဒေါ်အမာ၏ ဘာသာပြန်ထားသည့်အဓိပ္ပါယ်မှာ လေးနက်ကြောင်း သတိထားလိုက်မိပါသည်။
အငြိမ်းစားများ၏ ထုံးစံအတိုင်း အားလပ်သည်နှင့် တီဗွီရှေ့တွင် ထိုင်မိသည်။ လွှတ်တော်ဥက္ကဋ္ဌကြီးဦးရွှေမန်း စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့နေသည်။ နိုင်ငံတော်အကြီးအကဲများ အောက်ခြေသို့ ဆင်းနေသည်မှာ ဝမ်းသာစရာဖြစ်ပါသည်။ ထို့ထက် အောက်ခြေကျသည့် အလုပ်သမားများ နှင့်လည်း တွေ့သင့် သည်။
တိုင်းပြည်အကျိုး၊ မြန်မာနိုင်ငံသားများအကျိုးဟု ရှေ့တန်းတင်ပြောနေသော်လည်း နောက်ဆုံးရာနှုန်းပြည့် ရင်းနှီးမြှပ်နှံသူများ ဝင်လာလျှင်၊ ဓနအင်အား၊ နည်းပညာအင်အားကြီးမားကြသူများ ဝင်လာလျှင် မိမိတို့ ဈေးကွက်ပျောက်မည့်အရေးတွင် အဆုံးသတ်သွားသည်။ သတ္တိရှိရှိ အပြိုင်အဆိုင် လုပ်မည်ဆိုသူ တစ်ယောက်မျှမတွေ့ရပါ။
တစ်ချိန်တုန်းက တံခါးပိတ်ထားလို့ မတိုးတက်တာ တံခါးပိတ်ထားလို့ တုံးနေကြတာဟု ပြောနေသူများ တကယ်ဖွင့်မည်ဟုဆိုချိန်တွင် ပြန်ပိတ် ပေးရမလို ဖြစ်နေသည်။ နိုင်ငံမှ လုပ်ငန်းရှင်သူဋ္ဌေးများ နိုင်ငံတော်အတွက် အခွန်မည်မျှ ပေးဆောင်ကြသည်ကိုကြည့်လျှင် သူ့တို့နိုင်ငံအပေါ် ထားလိုသည့် စေတနာကို သိနိုင်သည်။ ကျွန်တော်တို့နိုင်ငံသားများ မညံ့ကြဟု ပြောကြသည်။ မှန်ပါသည် မညံ့ပါ။ "လက်တော့ပ်" အသုံးပြုတတ်သည်။ ကွန်ပျူတာ အသုံးပြုတတ်သည်။ ဟန်းဖုန်း၊ တီဗွီ ဖွင့်တတ်သည်။ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုသည်။သို့သော် အထဲမှ အစိတ်အပိုင်လေးတစ်ခုမှ မလုပ်တတ်ပါ။
အမေလူထုဒေါ်အမာ ဘာသာပြန်ထားသကဲ့သို့ ဘဝခြင်းမတူသဖြင့် အမြင်ချင်းလည်း တူမည်မဟုတ်ပါ။ နိုင်ငံတော်အကြီးအကဲများအနေဖြင့် နိုင်ငံတော် အကျိုး၊ ရင်းနှီးမြှပ်နှံသူအကျိုး၊ အလုပ်ရှင်၊ အလုပ်သမား၊ စာသုံးသူအကျိုး ဘက်စုံကြည့်ဖို့ လိုအပ်ပါသည်။ ထိုင်းနိုင်ငံနှင့် ဥရောပခရီးစဉ် တစ်လျှောက် မြန်မာနိုင်ငံကို ဘက်စုံမှ အကူအညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တောင်းခံသည်။ ဒီမိုကရေစီစနစ်ကို အထောက်အကူပြု အရင်းအနှီး မြှပ်နှံမှုများကို ဖတ်ခေါ်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲများလည်း ဒီမိုကရေစီစနစ်ကို အထောက်အကူပြုစေမည့် အစီအစဉ်များ ရေးဆွဲနေကြပါသည်။
ကျွန်တော့်အိမ်နီးချင်းတွင် ပလပ်စတစ်ဆံညှပ်လေးများကို မိသားစုအသေးစားလုပ်နေသည့် အသေးစားလုပ်ငန်းလေးတစ်ခု ရှိခဲ့သည်။ ယနေ့ လုပ်ငန်း ရပ်သွားသည်။ အိမ်နီးချင်းနိုင်ငံမှ လှိမ့်ဝင်လာသည့် ဈေးလည်းသက်သာသော ပစ္စည်းများနှင့် မယှဉ်နိုင်၍ပင် မည်သည့်နည်းနှင့် လှိမ့်ဝင်လာသည်မသိ။ ယနေ့ ဝင်ရောက်လာသော ဆီများ စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိချိန်တွင် မည်သူ့တွင် တာဝန်ရှိမည်နည်း။ ကျွန်တော် SME အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့တွင် တာဝန်ထမ်းဆောင်စဉ်က ပါဝင်ခဲ့သည်။ ၃၀၉၂ မီးကြိုးများကို ကျွန်တော်တို့နိုင်ငံမှ ထုတ်လုပ်သည်မှာ စံချိန်မီ သည်။ နိုင်ငံခြားမှ ဝင်လာသောကြိုးများ ဈေးသက်သာသည်။ အရွယ်အစားသေးသည်။ အန္တရာယ်ရှိသည်ကို ပြည်သူတို့မသိကြပါ။ ဈေးသက်သာသည်ကို ဝယ်သုံးကြသည်။ ခြုံ၍ပြောရသော် အားလုံးတွင် တာဝန်ရှိပါသည်။
ကျွန်တော် တစ်ဖက်စောင်းနင်းနေခြင်း မဟုတ်ပါ။ စီးပွားရေးဂျာနယ်တစ်ခုတွင် စက်ရုံတွင်လုပ်နေသော လူငယ်စာရေးဆရာ နေသာထက်နှင့် ဆရာအေးတူးတို့ သူတို့ကိုယ်တိုင် သူတို့ကိုယ်တွေ့လေးတွေ ရေးနေသည်မှာ ပညာယူရမည့် ဆောင်းပါးလေးများဖြစ်သည်။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်နှင့် လုပ်နေသောကုမ္ပဏီတွင် လူအင်အားတစ်ထောင်ခန့် ရှိသည်။ သူတို့စက်ရုံမှပစ္စည်း ကျွန်တော်တို့နိုင်ငံတွင် အသုံးပြုသည်။ လစဉ် မန်နေဂျာအဆင့်ဝန်ထမ်းများ လက်စုံစားပွဲရှိသည်။ တစ်နှစ်တစ်ကြိမ် ဝန်ထမ်းအားလုံး လက်စုံစားပွဲရှိသည်။ တစ်နှစ်လျှင် တစ်လစာ ဘောက်ဆူးပေးသည်။ စက်ရုံတွင် ဆေးခန်းရှိသည်။ ထိခိုက်မိလျှင် လျော်ကြေးပေးသည်။ အလုပ်သမားများ ငွေစုရသည်။ အတိုးပေးသည်။ ငွေချေးနိုင်သည်။ အတိုးနှုန်း သက်သာသည်။ မိသားစုကြီးတစ်ခုလို ဖြစ်နေသည်။ သူဋ္ဌေးဖြစ်သူမှာ ငယ်ရွယ်သူတစ်ဦးဖြစ်သည်။
စင်ကာပူနိုင်ငံတွင် လက်ရှိအလုပ်လုပ်နေသော ကျွန်တော့်တပည့်တစ်ဦး လက်ရှိလုပ်ကိုင်နေသည့်ဌာနတွင် သူတို့နိုင်ငံ ဥပဒေအရ နိုင်ငံသား (၇)ဦးတွင် နိုင်ငံခြားသား (၃)ဦးသာ ခန့်ထားခွင့်ရှိသည်။ ဥပဒေအားဖြင့် (၈+၂)သို့ ပြင်မည်ဟု ကြားရသဖြင့် အလုပ်သစ်ရှာနေရသည်။
ကျွန်တော့်အိမ်ဘေးမှ “သဲသဲ” ကလေးမလေး ကွန်ပျူတာဖြင့်ဘွဲ့ရသည်။ အေးဂျင့်မှတစ်ဆင့် ဘရူနိုင်းတွင် သွားရောက်အလုပ်လုပ်သည်။ လေဆိပ် ရောက်သည်နှင့် ကုမ္ပဏီသို့ဖုန်းဆက်လိုက်သည်။ ကုမ္ပဏီမှ ကားငှားလာရန်ပြောသဖြင့် ငှားသွားသည်။ ရောက်သည်နှင့် ကားခရှင်းပေးသည်။ အေးဂျင့်သို့ ငွေ ၅သိန်းပေးခဲ့ရသည်ကို သိသည်နှင့် ကုမ္ပဏီမှ အေးဂျင့်ကို အားလုံပေးထားပြီးဖြစ်၍ အေးဂျင့်သို့ လှမ်းဆူသည်။
အလုပ်ချိန် ၈နာရီ။ အချိန်ပိုအလုပ်ဆင်းလျှင် သာမာန်လစာကထက် အချိန်ပိုလစာက ပိုများသည်။ ဆေးရုံတွင် အလုပ်သမား တစ်ဦးချင်း အမည်ဖြင့် ငွေစာရင်းဖွင့်ပေးထားသည်။ ဖျားနာလျှင် ပျက်ရက်အတွက် ငွေမဖြတ်ပါ။ အတူတူသွားသူ ငါးဦးအနက် လေးဦးသာ နှစ်နှစ်ပြည့်ချိန်တွင် ပြန်လာသည်။ တစ်ဦးမှာ ကင်ဆာရောဂါတွေ့သဖြင့် ပြန်မလွှတ်ပါ။ ရောဂါလုံးဝပျောက်မှ ပြန်ခွင့်ပေးမည်ဟု သိရသည်။ ရောဂါကုရန် သူ့စာရင်းမှငွေဖြင့် မလောက်သဖြင့် သူ့သူငယ်ချင်း များက သူတို့ရသောငွေကို ဝိုင်းရှယ်ကြသည်။ ပြန်လာသော “သဲသဲ”ကို ဘရူနိုင်းသို့ပြန်မသွားဘဲ စင်ကာပူတွင် လုပ်ရန်ပြောသည့်အခါ သူမမှ ဘရူနိုင်းမှာ လုပ်ရသည်မှာ အဆင်ပြေကြောင်း၊ လမ်းထွက်လျှင် စကတ်တိုဖြင့် ထွက်ခွင့်မရှိ၍ အိနြေ္ဒရကြောင်း၊ စည်းကမ်းရှိ ၍ မြန်မာအမျိုးသမီးများနှင့် သင့်တော်သည်ကို အကြောင်းပြပြီး ပြန်သွားသည်။ အပြန်အတွက် လေယာဉ်လက်မှတ် ထုတ်ပေးလိုက်သည်။ ပြန်ရောက် သည်နှင့် ခွင့်ပြန်သည့် နှစ်လစာရမည်ဖြစ်ကြောင်း ကြေငြာသည်။
နိုင်ငံခြားမှ လာရောက်လုပ်ကိုင်သူတစ်ဦး မီးဖွားရန်ရှိသဖြင့် အသွားအပြန် စရိတ်ပေးသည်။ လစာမဖြတ်တောက်သည်အထိ ဂရုစိုက်ကြောင်း ပြောပြ သည်။ အလုပ်ရှင်နှင့် အလုပ်သမားပြဿနာဖြစ်လျှင် အလုပ်ရှင်ဘက်ကမှားလျှင် ထုတ်ပြန်ထားသည့် အမိန့်များ မလိုက်နာလျှင် ကုမ္ပဏီကို ချက်ချင်းပိတ်သိမ်း သည်အထိ အရေးယူသည်ဟု သိရသည်။
ဥပဒေကို နိုင်ငံတော်မှ ထုတ်ပြန်ပြီး မလိုက်နာလျှင် တိတိကျကျ ထိထိရောက်ရောက် အရေးယူသည်မှာ နမူနာယူဖို့ ကောင်းလှပါသည်။
ကျွန်တော့်ညီတစ်ဦး ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည်။ တစ်လ နှစ်သိန်းရသည်။ အလုပ်တစ်ရက်ပျက်လျှင် ကျပ်နှစ်သောင်း ဖြတ်သည်။
ယခင်က ကျွန်တော်တို့နိုင်ငံတွင် လာရောက်ရင်းနှီးလုပ်ကိုင်သူများအတွက် မက်လုံးမှာ ကျွန်တော်တို့နိုင်ငံတွင် အလုပ်သမားခ သက်သာသည်။ နောက်တစ်ခုမှာ အလုပ်ရှင်ဘက်မှ ကျောထောက်နောက်ခံ အားကိုးရှိခြင်းတို့ ဖြစ်သည်။ ယနေ့ ကျွန်တော်တို့နိုင်ငံတွင် ဥပဒေရေးဆွဲပြီးချိန်တွင် အလုပ်သမား အများစု၏ နောက်တွင် အားကိုးအားထားပြုမည့်ဥပဒေ ရှိလာမည်ဖြစ်သည်။ အလုပ်သမားများအနေဖြင့် စည်းကမ်းတကျ တာဝန်ကျေကျေ အလုပ်လုပ်ကြဖို့တော့ လိုအပ်ပါမည်။ နိုင်ငံတော်မှလည်း နိုင်ငံခြားမှ ရင်းနှီးမြှပ်နှံမှုပြုမည့် လုပ်ငန်းရှင်များ၊ ပြည်တွင်းလုပ်ငန်းများ နစ်နာစေမည့် စည်းမျဉ်း ဥပဒေများ ရေးဆွဲမည် မဟုတ်ဟု ယုံကြည်ပါသည်။
မည်သို့ပင်ဖြစ်စေ အလုပ်သမားနှင့် အလုပ်ရှင် အမြင်ချင်းတူနိုင်ကြမည် မဟုတ်ပါ။ နိုင်ငံတော်မှလည်း မည်သူတစ်ဦးတစ်ယောက်မှ နစ်နာမှုမရှိ ဘဲ ဒီမိုကရေစီစနစ်ကို အထောက်အကူဖြစ်မည့် ဥပဒေများကိုသာ ရေးဆွဲမည်ဟု ယုံကြည်ကြောင်း ရေးသားလိုက်ရပါသည်။
*****************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.