yangonchronicle 2011- (1) |
၅.၇.၂၀၁၂
ဘာသာပြန်သတင်းများ
- တရုတ်-မြန်မာဆက်ဆံရေး ဆက်လက်ကောင်းမွန်မည်ဟု ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်
(Xinhua သတင်းဌာနမှ 3 July 2012 ရက်စွဲပါ Suu Kyi Hopes Myanmar-China Relations Continue to Get Better ကိုဘာသာပြန်ဆိုသည်)
- ဆန္ဒပြမှုကြောင့် Shifangတွင် စက်ရုံစီမံကိန်းဖျက်
(4 July 2012 ရက်စွဲပါ BBC News မှ China ‘scraps’ Shifang plant after violent protests ကိုဘာသာပြန်သည်)
- ၂၀၁၂ လန်ဒန်အိုလံပစ် အခမ်းအနားဖွင့်လှစ်ရန် မိုဟာမက်အလီသို့ ဒေါ်အောင်ဆန်းစုကြည် ကိုလျာထား
(The Telegraph မှ 5 July 2012 ရက်စွဲပါ “ London 2012 Olympics: Muhammad Ali and Aung San Su Kyi considered for opening ceremony” သတင်းကိုဘာသာပြန်ဆိုသည်။)
*****************************************
ဘာသာပြန်သတင်းများ
တရုတ်-မြန်မာဆက်ဆံရေး ဆက်လက်ကောင်းမွန်မည်ဟု ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်
(Xinhua သတင်းဌာနမှ 3 July 2012 ရက်စွဲပါ Suu Kyi Hopes Myanmar-China Relations Continue to Get Better ကိုဘာသာပြန်ဆိုသည်)
မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ရေး ဆက်လက်၍ ကောင်းမွန်သွားမည်ဟု မျှော်လင့်မိကြောင်း မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၂ ရက် နေ့တွင် ပြောကြားလိုက်သည်။
ဥရောပဒေသသို့ ၁၇ ရက်ကြာ ခရီးစဉ်သွားရောက်မှုနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရုံးခန်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးအပေါ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း မှတ်ချက်ပေးပြောဆိုခြင်း ဖြစ်သည်။
မြန်မာနှင့် တရုတ်အကြားဆက်ဆံရေးသည် မြန်မာ့လွတ်လပ်ရေးရရှိခဲ့သည့် အချိန်မှစ၍ အစဉ်အလာရှိရှိပင် ကောင်းမွန်ခဲ့ကြောင်း၊ မြန်မာသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကို အစောဆုံးအသိအမှတ်ပြုသည့် နိုင်ငံများတွင် တစ်နိုင်ငံအပါအဝင်ဖြစ်ကြောင်း ၎င်းကဆိုသည်။
တရုတ်နှင့် မြန်မာတွင်ကျင့်သုံးသော နိုင်ငံရေးစနစ်မတူညီမှုက နှစ်နိုင်ငံဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုရှိမည် မဟုတ်ကြောင်း၊ မိမိ၏ NLD ပါတီအနေဖြင့် တရုတ်နိုင်ငံနှင့် ကောင်းမွန်သောဆက်ဆံရေးရရှိရန် အစဉ်အမြဲ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ 'ပွင့်လင်းမြင်သာမှု၊တာဝန်ခံမှု'ရှိသော ရင်းနှီးမြှုပ်နှံမှုများလိုအပ်သည်ဟု ထပ်မံပြောဆိုသည်။
သို့မှသာ မြန်မာပြည်သူများအနေဖြင့် အဆိုပါရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်များ ရရှိမည်ဖြစ်သည်ဟုဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ နိုင်ငံများသို့ ၁၇ ရက်ကြာ သွားရောက်ခဲ့ပြီးခရီးစဉ်အတွင်း ဆွစ်ဇာလန်၊ နော်ဝေ၊ ဗြိတိန်၊ အိုင်ယာလန်နှင့် ပြင်သစ်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးနှင့် စီးပွားရေးထောက်ပံ့မှုများရရှိရန် ကြိုးပမ်းခဲ့သည်။
**************************************
ဆန္ဒပြမှုကြောင့် Shifangတွင် စက်ရုံစီမံကိန်းဖျက်
(4 July 2012 ရက်စွဲပါ BBC News မှ China ‘scraps’ Shifang plant after violent protests ကိုဘာသာပြန်သည်)
စီချွမ်ပြည်နယ်တွင် ကြေးနီသတ္တုစပ်စက်ရုံတည်ဆောက်ရန်စီမံကိန်းကို ဒေသခံပြည်သူများက ပြင်းထန်စွာ ဆန့်ကျင်ကြခြင်းကြောင့် ဖျက်သိမ်း ခဲ့ကြောင်း တရုတ်အစိုးရ တာဝန်ရှိသူတစ်ဦးကပြောသည်။
Shifang မှ တာဝန်ရှိသူများသည် အင်္ဂါနေ့ညနေက မြို့တော်၏ Twitter ကဲ့သို့သော weibo စာမျက်နှာထက်တွင် ဖျက်သိမ်းကြောင်း ကြေညာချက် ကို တင်ထားခဲ့သည်။
“Shifang အနေနဲ့ ဒီစက်ရုံကိုမဆောက်တော့ပါဘူး”ဟု Shifang ကွန်မြူနစ်ပါတီခေါင်းဆောင် Li Chengjing က အဆိုပါပို့စ်တွင် ရေးသား ထားသည်။
ပြည်သူလူထု၏ စိုးရိမ်ပူပန်ရမှုများကြောင့် ထိုသို့ဆုံးဖြတ်ရကြောင်း ၎င်းကဖြည့်စွက် ပြောသည်။
အဆိုပါ စက်ရုံကိုတည်ဆောက်မည့် Sichuan Hongda ကုမ္ပဏီက ရှန်ဟိုင်းစတော့အိပ်ချိန်းဝက်ဆိုဒ်တွင် ရေးသားထားရာ၌ ၎င်းတို့သည် Shifang မြို့တော်အစိုးရမှ နို့တစ်စာရရှိသောကြောင့် ဆောက်လုပ်ခြင်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ရေးသားထားသည်။
အဆိုပါစက်ရုံသည် ၂၀၀၈ ခုနှစ် စီချွမ်ငလျင်ကြောင့် ပျက်စီးခဲ့သော မြို့တော်၏စီးပွားရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်များ ဖန်တီးပေးနိုင်ပြီး အကူအညီများလည်းရနိုင်ကြောင်း Mr Li က ကြေညာချက်တွင် ဖော်ပြထားသည်။
သို့သော် အာဏာပိုင်များသည် ပြည်သူများအား အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ သတင်းအချက်အလက်တင်ပြမှု မရှိခြင်းကြောင့် နားလည်မှုနှင့် ထောက်ခံမှုမရရှိခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
Shifang တွင် မြို့နေလူထုက တနင်္ဂနွေနေ့နှင့် တနင်္လာနေ့တွင် ဆန္ဒပြကြခြင်းကြောင့် ယခုကဲ့သို့ ရပ်ဆိုင်းသွားခြင်းဖြစ်သည်။
ဒေသခံအာဏာပိုင်များက ပြောကြားရာတွင် မြို့ခံနှင့်ကျောင်းသားများ ရာနှင့်ချီ၍ဆန္ဒပြခဲ့သည်ဟု ဆိုခဲ့သော်လည်း နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ်တွင် အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ထောင်ချီ၍ ပါဝင်ခဲ့သည်ဟု ဆိုကြောင်းကို ကိုးကားပြောပြခဲ့သည်။
အဆိုပါကိစ္စတွင် မြို့ခံရောရဲများပါ ထိခိုက်ဒဏ်ရာရရှိကြောင်း ပုလင်းများဖြင့် ပစ်ပေါက်ခြင်းကြောင့် ကားများလည်း ထိခိုက်မိကြောင်း ၎င်းတို့က ပြောသည်။
ရဲများက ဆန္ဒပြသူအချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ မြို့တော်အစိုးရက ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ရာတွင် ဖမ်းဆီးထိမ်းသိန်းခဲ့သည့် ၂၇ ဦး အနက် ၆ ဦးသာကျန်ပြီး ကျန်လူများကို ပြန်လွှတ်ပေးကြောင်းဆိုခဲ့သည်။
“၂၁ ဦးကို ဝေဖန်ခြင်းပညာပေးခြင်းနှင့် အမှားကိုဝန်ခံစေပြီးနောက် ဇူလိုင်လ ၃ ရက် ည ၁၁ နာရီတွင် ပြန်လွှတ်ပေးခဲ့ပါတယ်”ဟု ပြောကြား ခဲ့သည်။
အစိုးရရုံးရှေ့တွင် မြို့ခံများက ဖမ်းထားသူများပြန်လွှတ်ရန် တောင်းဆိုခြင်းကြောင့် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းများကဆိုသည်။
ဗုဒ္ဓဟူးနေ့က Shifang မှ လာသောသတင်းများအရ တင်းမာမှုအချို့ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။ ရာဂဏန်းရှိပြည်သူများက မြို့တော်အစိုးရ ရုံးရှေ့တွင် စုရုံးနေကြပြီး လုံခြုံရေးတာဝန်ရှိသူများကလည်း စောင့်ကြည့်လျက် ရှိကြောင်း AFP သတင်းတစ်ပုဒ်အရ သိရှိရသည်။
သို့သော် လူအုပ်ကြီးသည် ဆန္ဒပြမည့်အရိပ်အယောင်မတွေ့ရှိရဘဲ အဓိကရုဏ်းနှိမ်နင်းရေးရဲများလည်း မတွေ့ရကြောင်း အဆိုပါသတင်းက ဆိုသည်။
နိုင်ငံပိုင် မီဒီယာများ၏ ခေါင်းကြီးပိုင်းများတွင် မြို့ခံလူထု၏ စိုးရိမ်မှုများကိုနားလည်ကြောင်း ဖော်ပြထားပြီး Global Times ၏ တရုတ်ဘာသာ ခေါင်းကြီးပိုင်းတွင် ဒေသဆိုင်ရာအစိုးရတာဝန်ရှိပုဂ္ဂိုလ်များအား Shifang ၏ အဖြစ်အပျက်ကို သင်ခန်းစာယူကြရန် တိုက်တွန်းထားသည်။
China Daily ကပြောကြားရာတွင် မြို့ခံလူထု၏ သိပ္ပံပညာဆိုင်ရာနားလည်မှု နည်းပါးခြင်းသည် အကျိုးရှိမည့် စီမံကိန်းများကို တားဆီးထားသလို ဖြစ်ကြောင်း သို့သော် အခွင့်အရေးရပိုင်ခွင့်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာများကို ပိုမိုနားလည်လာခြင်းမှာမူ တိုင်းပြည်အတွက်ကောင်းသည်ဟု ပြောကြား ခဲ့သည်။
Twitter နှင့်ဆင်တူသောတရုတ်တွင် အသုံးပြုသည့် Weibo ပလက်ဖောင်းတွင်လည်း ပို့စ်များသန်းနှင့်ချီ၍ တင်ထားပြီး ဆန္ဒပြ ဆန့်ကျင်ခဲ့ကြသည်။
အများစုက ဒေသဆိုင်ရာအစိုးရ၏ တုန့်ပြန်မှုတွင် ရဲများကသွေးထွက်သံယိုနှိမ်နင်းမှုကိုစွပ်စွဲ၍ ဝေဖန်ကြပြီးအချို့က ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စကိုသာ ဆွေးနွေးကြသည်။
တောင်ဖက် Guangxi ပြည်နယ်တွင် နေထိုင်သူတစ်ဦးက TencentWeibo တွင်ရေးသားထားရာ၌ ၎င်းတို့သည် ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေလိုကြောင်း၊ လေထုညစ်ညမ်းမှုလမ်းကြောင်းသို့ သွားပြီးနောက် ပြန်လည်ထိန်းချုပ်သည့် နည်းလမ်းကိုလည်း မဖြစ်စေလိုကြောင်းပြောကြားခဲ့သည်။
အသုံးပြုသူများ အံ့သြသည့်အချက်မှာ အဆိုပါ Shifang ကိစ္စနှင့်ပတ်သက်၍ ရေးသားသောကိစ္စရပ်များ ဆင်ဆာမဖြတ်ခြင်းပင် ဖြစ်သည်။
တရုတ်နိုင်ငံတွင် ယခင်က အလားတူဆန္ဒပြမှုများကို လူမှုရေးဝက်ဆိုဒ်များနှင့် အွန်လိုင်းရှာဖွေရေးများတွင် များသောအားဖြင့် ဆင်ဆာ လုပ်ထားလေ့ရှိသည်။
***********************************
၂၀၁၂ လန်ဒန်အိုလံပစ် အခမ်းအနားဖွင့်လှစ်ရန် မိုဟာမက်အလီသို့ ဒေါ်အောင်ဆန်းစုကြည် ကိုလျာထား
(The Telegraph မှ 5 July 2012 ရက်စွဲပါ “ London 2012 Olympics: Muhammad Ali and Aung San Su Kyi considered for opening ceremony” သတင်းကိုဘာသာပြန်ဆိုသည်။)
၂၀၁၂ လန်ဒန်အိုလံပစ် ဖွင့်ပွဲအခမ်းအနားနှင့် အိုလံပစ်အားကစားကွင်းထဲသို့ အိုလံပစ်မီးရှုးတိုင် သယ်ဆောင်ထွန်းညှိမည့် အစီအစဉ်သို့ တက်ရောက်ရန် လျာထားခြင်းခံရသော ကမ္ဘာကျော်ပုဂ္ဂိုလ်များထဲတွင် ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ပါဝင်သည်ဟု သိရှိရသည်။
၁၅ နှစ် နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံရခြင်းမှ လွတ်မြောက်လာသော မြန်မာဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်နှင့် ၁၉၉၆ အတ္တလန်တာ အိုလံပစ်မီးရှုးတိုင်ထွန်းညှိပေးသူ မိုဟာမက်အလီတို့ကို ဂုဏ်ပြုဖိတ်ကြားရန် ဒါရိုက်တာဒန်နီဘွိုင်းနှင့် အခမ်းအနားကော်မတီက စဉ်းစားနေကြသည်ဟု Telegraph သတင်းစာ သိရှိထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခင်လဗြိတိန်နိုင်ငံခရီးစဉ်တွင် ဝက်စ်မင်စတာခန်းမ၌ ဗြိတိန်လွှတ်တော်နှစ်ရပ်ကို မိန့်ခွန်းပြောကြားရန် ဂုဏ်ပြု ဖိတ်ကြားခံရသူတစ်ဦးဖြစ်ပြီး၊ အိုလံပစ်အခမ်းအနားသို့ သူမ တက်ရောက်နိုင်မလားဆိုသည်ကို ဆွေးနွေးရန်အတွက် ၎င်းခရီးစဉ်အတွင်း သူမအား အခမ်းအနားစီစဉ်သူများက ချဉ်းကပ်ခဲ့ကြသည်။
သူမ နွေကာလ၌ မြန်မာနိုင်ငံတွင်ရှိနေမည်ဟု ပြောကြားခဲ့သော်လည်း မိုဟာမက်အလီကမူ အိုလံပစ်ဖွင့်ပွဲမတိုင်မီ ၂ ရက် အလိုတွင် လန်ဒန်၌ ရန်ပုံငွေမြှင့်တင်ပွဲတစ်ခု တက်ရောက်ရန်အတွက် ရှိနေမည်ဟု ဆိုသည်။
ဂုဏ်သရေရှိသော အိုလံပစ်မီးရှုးတိုင်ထွန်းညှိခွင့်ကို အလီ(သို့)လေဒီတစ်ဦးဦး ရရှိလိမ့်မည်ဟု သေချာပေါက် မပြောနိုင်သေးပါ။
၂၀၁၂ အိုလံပစ်အခမ်းအနားကျင်းပရေးကော်မတီနှင့် နီးစပ်သူများက အိုလံပစ်မီးရှုးတိုင်ထွန်းညှိရေးအစီအစဉ်များ မပြီးစီးသေးသော်လည်း အစီအစဉ်ရေးဆွဲမှု နောက်ဆုံးအဆင့်သို့ ရောက်နေပြီဟု ပြောကြားကြသည်။
အိုလံပစ်မီးရှုးတိုင် ထွန်းညှိပေးရန်လျာထားခြင်းခံရသော အခြားဗြိတိလျှလူမျိုး နာမည်ကျော်ပုဂ္ဂိုလ်များထဲတွင် ဆြာစတိဗ်ရက်ဂရေ့၊ ရော်ဂျာဘန်နစ္စတာ၊ ဒါလီသွန်မဆန်၊ ဒိမ်းကယ်လီဟုမ်းမ်၊ မေရီပီတာနှင့် ဒေးဗစ်ဘက်ခမ်းတို့လည်း ပါဝင်နေကြသည်ဟု သိရှိရသည်။
ထို့အပြင် မျိုးဆက်သစ်များကို လှုံဆော်ပေးရန်ဟူသော လန်ဒန်အိုလံပစ်၏ ရည်မှန်းချက်အရ ပစ်မှတ်ပရိသတ် လူငယ်မျိုးဆက် ထဲမှ “ကံထူးသူကလေး”တစ်ဦးကို ရွေးချယ်ရမလားဆိုသည်ကိုလည်း အလားတူစဉ်းစား သုံးသပ်နေသည်ဟု ဆိုသည်။
၎င်းအစီအစဉ်အတွက် နောက်ဆုံးဆုံးဖြတ်ချက်ကိုမူ အခမ်းအနားကျင်းပရေး ကော်မတီဒါရိုက်တာဘွိုင်းလ်၊ ၂၀၁၂ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပေါ်လ်ဒိုင်တန်၊ ဆက်သွယ်ရေးကော်မတီဥက္ကဋ္ဌ ဂျက်ကီဘရော့ဒွိုင်းလ်၊ အော်စကာဆုရှင် စတီဖင်ဒယ်ဒရီတို့ပါဝင်သော အဖွဲ့က ဆုံးဖြတ်ကြမည်ဖြစ်သည်။
ထိုကဲ့သို့ အထိမခံအကဲဆတ်လွန်းသောကိစ္စကို အစိုးရက ဝင်ရောက် လက်စသတ်ပေးရန် ကြိုးစားဖွယ်ရှိသော်လည်း ယဉ်ကျေးမှုဝန်ကြီး ဂျယ်ရမီးဟန့်က “မိမိဘာမှ မသိကြောင်း၊ မည်သူပါဝင်သင့်သည်ဟုလည်း တောင်းဆိုထားခြင်း မရှိကြောင်း” Telegraph သတင်းစာသို့ ရှင်းလင်း ပြောကြားသည်။
******************************************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.