Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၃.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားရှိရာ မြဝတီမြို့

*****************************************

ဆောင်းပါးကဏ္ဍ

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားရှိရာ မြဝတီမြို့

မောင်မောင်သောင်းမြင့် (တရားရေး)

(မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၂၉၊ အမှတ် ၅၇၇ မှ ထုတ်ယူဖော်ပြသည်။)

မြဝတီဆိုသောအမည်သည် ကျွန်တော့နှလုံးသားထဲတွင် ငယ်စဉ်ကတည်းက မှတ်မှတ်ရရ ကိန်းအောင်းလျက်ရှိပါသည်။ မြဝတီမင်းကြီးဦးစ၏ နှလုံးရည်၊ လက်ရုံးရည်တို့ကို ဖတ်ရှုလေ့လာရပြန်သောအခါ 'မြဝတီ' အမည်သည် ကျွန်တော်၏ 'ဘ၀အားမာန်' လမ်းပြကြယ် ဖြစ်လာပါတော့သည်။ ဤ အခြေအနေတွင် ထူးထူးခြားခြား တိုက်ဆိုင်သည်ကား မပြောတတ်ပါ။ ကျွန်တော်သည် မြဝတီမြို့သို့ ခရိုင်တရားသူကြီးအဖြစ် မမျှော်လင့်ဘဲ ပြောင်းရွှေ့ မိန့် ရခဲ့ပါတော့သည်။

၂၀၀၃ ခုနှစ်ခန့်က ဖြစ်ပါသည်။ ပြည်သူ့ဝန်ထမ်းဆိုတော့ ထားရာနေ စေရာသွားပေါ့။ မြဝတီမသွားခင် ကောလာဟလသတင်းတွေက အမျိုးမျိုး၊ နယ်မြေလုံခြုံရေးမကောင်း၊ သွားရေးလာရေး မလွယ်၊ 'အလုံးကြီး'တွေကလည်း မြို့ပေါ်ကို မကြာခဏကျဆိုပဲ၊ သွားရမှာတော့ ခပ်လန့်လန့်ပဲ။ ရာထူးတိုး ပေးတဲ့ ပြောင်းရွှေ့မိန့်ဆိုတော့ ဘာမှ စောဒကတက်မနေတော့ဘဲ ထွက်လာခဲ့ရတော့တာပေါ့။ ဘားအံမြို့ကိုရောက်တော့ 'သာမည ဆရာတော်ကြီး' ကို သွားရောက် ဖူးမြော်သေးတယ်။ အန္တရာယ်ကင်း၊ ဘေးကင်း ဆရာတော်ကြီးရဲ့ အစောင့်အရှောက်ကိုခံယူဖို့ သွားတာပါ။ သာမညမှာ တစ်ညအိပ်ပြီး မြဝတီသွား၊ ဒေါနတောင်တန်းကြီးကို ကားနဲ့တက်တော့ ကြောက်စရာကြီးဗျာ။ တောင်တက်လမ်းက မြွေလိမ်မြွေကောက်လိုပဲ။ တောင်ပေါ်မြင့်လေ ချောက်ကြီးတွေက နက်ရှိုင်းလေလေပဲ။ တောင်တက်လမ်းကလည်း ထူးထူးဆန်းဆန်း အတက်တစ်ရက်၊ အဆင်းတစ်ရက်တဲ့ဗျာ။ လမ်းကကျဉ်းတော့ ကားနှစ်စီးမရှောင်သာလို့ မတက်တစ်ရက်၊ အဆင်းတစ်ရက်ဆိုပြီး တီထွင်ထားကြတာ။ သွားရေး၊ လာရေး မလွယ်ဘူးဆိုတဲ့ အခြေအနေပြနေတာပါပဲ။

မြ၀တီမြို့ရောက်တော့ သောင်ရင်းမြစ် ဟိုဘက်ကမ်းမှာ မယ်တော်၊ မဲဆောက်မြို့၊ ဒီဘက်ကမ်းမှာ မြဝတီ၊ ညဘက်ကျတော့ ဟိုဘက်ကမ်းမှာ မီးထိန်ထိန်၊ ဒီဘက်ကမ်းမှာ မီးမှိန်မှိန်ပဲဗျ။ မြဝတီက ဘုရင်တွေရဲ့ ရှေးဟောင်းနန်းမြို့တော်ဆိုတော့ မြို့ထဲမှာ ကျုံးတွေ၊ နန်းမြို့ရိုးတွေ ရှိနေတုန်းပဲဗျ။ မြန်မာဘုရင်တွေနဲ့ ယိုးဒယားဘုရင်တွေ မကြာခဏ စစ်ခင်းကြတယ်လို့ မြန်မာ့သမိုင်းမှာရေးဖွဲ့ထားတာ တွေ့ရတယ်။

အဲဒါနဲ့ ကိုယ်တာဝန်ထမ်းဆောင်နေတဲ့ မြို့အကြောင်း ကောင်းကောင်းသိမှဖြစ်မယ်ဆိုတဲ့အသိနဲ့ မြဝတီမြို့သမိုင်းကို ဆက်လက်ပြီး လေ့လာမိပါ တော့တယ်။ မြဝတီမြို့သမိုင်း မြဝတီမြို့သမိုင်းကို ပြောရရင် စာတစ်စောင်၊ ပေတစ်ဖွဲ့ပါ။

စာဖတ်သူတွေ မငြီးငွေ့ရအောင် တိုတိုပဲပြောကြပါစို့။ မဟာသက္ကရာဇ် ၁၁၀ ခုနှစ်၊ ကရဏကတိုင်း (သုဝဏ္ဏဘူမိ)၏ အရှင်တိဿသက္ကမင်းကြီး နတ်ရွာစံပြီးနောက် ဇေယျမြို့ကို အုပ်စိုးသည့် ဗညားဣန္ဒာသေန ရာဇာမင်းသည် ကရဏကတိုင်းမှ ခွဲခြားကာ သီးခြားမြို့နယ်အဖြစ် တည်ထောင်ပါ သည်။ မြို့စားမင်း ဗညားသည် ၎င်း၏ နေပြည်တော်တည်တံ့ရေးအတွက် မြို့ရံခြောက်မြို့ကို တည်ထောင်ခဲ့သည်။ မြို့ရံခြောက်မြို့အနက် အရှေ့ ဘက်တွင် ကွမ်ပရဲ့ပတီခေါ် မြဝတီမြို့တွင် ကရင်၊ မွန်တို့ နေထိုင်ကြပြီး မြဝတီကို 'ဒုံမေပသီ' ဟု ခေါ်ဝေါ်ပါသည်။

သဲနု၊ သဲကြမ်း ရောနှောနေသည့်မြို့ဟု အဓိပ္ပာယ်ရပါသည်။ (သောင်ရင်းမြစ်တွင် သဲနု၊ သဲကြမ်း ရောနှောလျက်ရှိပါသည်။) မြဝတီမြို့ကို မြို့စား အဆက်ဆက် အုပ်ချုပ်ခဲ့၍ တဖြည်းဖြည်းတိုးတက် ထွန်းကားလာခဲ့ပါသည်။

ထို့နောက် သုဝဏ္ဏဘူမိ (သထုံ)မှ မနုဟာမင်းကြီး၏ သမီးတော် မြစန္ဒီက မြဝတီမြို့စားအဖြစ်အုပ်ချုပ်စဉ် ပိုမိုစည်ပင် ထွန်းကားလာပါသည်။ မြဝတီမြို့ပေါ်ရှိ ရွှေမြင်းဝန်စေတီတော်သည်လည်း တန်ခိုးကြီးလှပါသည်။ မြဝတီမြို့ပေါ်သို့ ရန်သူများက ဗုံး၊ အမြောက် စသည်တို့ဖြင့် အကြိမ်ကြိမ် ဖြိုခွင်းသော်လည်း ရွှေမြင်းဝန်စေတီဝင်းအတွင်းသို့ မည်သည့်လက်နက်မျှ ကျရောက်ပေါက်ကွဲမှု မရှိခဲ့ပါ။ ထူးခြားလှပါသည်။

မြဝတီမြို့သည် ခေတ်အဆက်ဆက်၌ တစ်ဖက်နိုင်ငံ (ထိုင်း)နိုင်ငံနှင့် ချစ်ကြည်စွာ ကူးလူးဆက်ဆံမှုရှိခဲ့ပါသည်။ ခေတ်တစ်ခေတ်တွင် မြဝတီ မြို့၌ မြန်မာ၊ ထိုင်း ချစ်ကြည်ရေးတံတား ငွားငွားစွင့်စွင့် ပေါ်ထွန်းလာပါသည်။ ချစ်ကြည်ရေးတံတားကြီး မည်သို့ ပေါ်ပေါက်လာသည်ကို မည်သူမျှ အသေးစိတ် မသိကြပါ။ ကျွန်တော် မြဝတီမြို့၌ တာဝန်ထမ်းဆောင်နေစဉ် မြန်မာ-ထိုင်း နယ်စပ်မှ ရေလယ်ကျွန်းနှင့် ချစ်ကြည်ရေးတံတား နောက်ခံ သမိုင်းကို ရှာဖွေစုဆောင်းရေးသားရန် အခွင့်အရေး ကြုံခဲ့ရပါသည်။

သို့ပါ၍ နာမည်ကျော်ကြား လူသိများလှသော မြဝတီမြို့မှ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားနှင့် ရေလယ်ကျွန်း (No Man Island) အကြောင်း ကို အများပြည်သူအကျိုးငှာ ဖော်ထုတ်ရေးသား တင်ပြလိုက်ရပါသည်။

ထိုင်းနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံတော် အစိုးရတို့၏ သောင်ရင်းမြစ်ကူး ချစ်ကြည်ရေးတံတား ဆောက်လုပ်ခြင်း၊ ပိုင်ဆိုင်ခြင်း၊ အတည်ပြုခြင်း၊ စီမံခန့်ခွဲခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်သည့် နှစ်နိုင်ငံသဘောတူညီချက်စာချုပ်ကို ရန်ကုန်မြို့တွင် ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ ၌ နှစ်နိုင်ငံကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုင်း-မြန်မာ အိမ်နီးချင်းနှစ်နိုင်ငံတို့၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ခြင်း၊ သယ်ယူပို့ ဆောင်ခြင်း ပိုမိုချောမွေ့စေရန်အတွက် သောင်ရင်းမြစ်ကူးတံတား သည် ဒေသဖွံ့ဖြိုးရေးတွင် အပြုသဘောဆောင်သော အထောက်အကူဖြစ်သည် ဟု ယုံကြည်ကြောင်း ဖော်ပြကြပါသည်။ တံတားတည်ဆောက်ရာတွင် ကုန်ကျမည့် အထွေထွေစရိတ်များကို ထိုင်းနိုင်ငံအစိုးရက ကူညီပံ့ပိုးပေးပါသည်။

တံတားပုံစံ ရေးဆွဲရန်နှင့် ဆောက်လုပ်ရေးကိုလည်း ထိုင်းအစိုးရက တာဝန်ယူပါသည်။ နှစ်နိုင်ငံသည် တည်ဆောက်ပြီးတံတား၏ နယ်နိမိတ် ထုတည် တစ်ဖက်စီကို ပိုင်ဆိုင်ကြလျက် မိမိပိုင်အစိတ်အပိုင်းကို တာဝန်ယူ စီမံခန့်ခွဲရန်နှင့် ပြုပြင်ထိန်းသိမ်းရန် သဘောတူညီကြပါသည်။ နှစ်နိုင်ငံ တံတားတည်ဆောက်ပြီးနောက် တံတားပေါ်တွင် ဖြစ်ပေါ်လာမည့် ပြစ်မှုနှင့် တရားမမှုစီရင်ပိုင်ခွင့် အငြင်းပွားပြဿနာကို ပူးပေါင်းဖြေရှင်းရန် သဘောတူ ကြောင်း ဖော်ပြထားပါသည်။

နှစ်နိုင်ငံသည် တံတားပေါ်၌ ပြည်သူများ ကုန်သွယ်ခြင်း၊ ဖြတ်သန်းသွားလာ ခြင်း ပြုလုပ်ရာတွင် မိမိနိုင်ငံ၏ တည်ဆဲဥပဒေနှင့် နည်းဥပဒေများ၊ ဓလေ့ထုံးတမ်းများ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ နည်းဥပဒေများကို လိုက်နာကြောင်း ဖော်ပြထားပါသည်။

အထက်ပါသဘောတူညီချက်များအရ နှစ်နိုင်ငံအကြား အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြသဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေး အဓွန့်ရှည်ကြာလျက်ရှိကြောင်း ချစ်ကြည်ရေးတံတားကြီးက သက်သေတည်လျက် ရှိပါသည်။ ရေလယ်ကျွန်း မြဝတီမြို့တစ်ဖက်ကမ်း၌ မယ်တော်၊ မဲဆောက် ရှိပါသည်။ ချစ်ကြည်ရေး တံတားကြီးအောက်၌ ရေလယ်ကျွန်း ပေါ်နေပါသည်။ သောင်ရင်းမြစ်ရေကြောင်း မတည်ငြိမ်မှုကြောင့် ရေလယ်ကျွန်း တည်ရှိပုံမှာလည်း ပုံသေမရှိပါ။ ပြောင်းလဲနေပါသည်။ ရေလယ်ကျွန်းဖြစ်စဉ် နောက်ခံသမိုင်းကို မေးမြန်းစုံစမ်း လေ့လာကြည့်ခဲ့ဖူးပါသည်။

၁၉၇၀ ပြည့်နှစ်အထိ မြဝတီမြို့ အမှတ် (၁) ရပ်ကွက်နှင့် တစ်ဖက်နိုင်ငံတို့သည် သောင်ရင်းမြစ်ဖြင့် ခြားထားပြီး ရေလယ်ကျွန်း မည်မည်ရရ မရှိ သေးပါ။ နွေရာသီ ရေနည်းသောကာလ သောင်ထွန်းရာတွင်လည်း မြန်မာဘက်ကမ်းခြေနှင့်သာ ဆက်စပ်သောင်ထွန်းလေ့ ရှိပါသည်။ ၁၉၇၃-၇၄ ခုနှစ် ဝန်းကျင်အထိ ၎င်းသောင်ထွန်းရာနေရာ၌ ကိုင်းလုပ်ငန်း (ခရမ်းချဉ်သီး စိုက်ပျိုးခြင်း)ကို မြဝတီသား ဦးထွန်းရုံက လုပ်ကိုင်နေခဲ့ပါသည်။

ထိုခေတ်အရှေ့ပိုင်းရပ်ကွက် ကောင်စီဥက္ကဋ္ဌ (ယခုအမှတ်-၁ ရပ်ကွက်)အဖြစ် တာဝန်ယူရသူမှာ ဦးကျော်သန်း (စစ်မှုထမ်းဟောင်း) ဖြစ်ပါသည်။ ၁၉၇၄-၇၅ ခုနှစ်၌ ဦးထွန်းရုံသည် စီးပွားရေးအဆင်မပြေမှုကို အကြောင်းပြု၍ မယ်တော်ကျေးရွာနေ အညှိဆိုသူ ထိုင်း-မြန်မာ ကပြားအား ရေလယ်ကျွန်း ကို ရောင်းချခဲ့ပါသည်။

၎င်းရောင်းချပြီး ၁၉၇၆ ခုနှစ် အထိ ရေလယ်ကျွန်းသည် အနောက်ဘက်၌ မြန်မာသဲသောင်ခုံ၌သာ ဆက်စပ်နေပြီး ရေစပ်စပ်သာ ရှိခဲ့ပါသည်။ ယင်း ရေလယ်ကျွန်းအရှေ့ဘက်၌မူ ထိုင်း မြေနှင့် ဆက်စပ်မှုမရှိဘဲ သောင်ရင်းမြစ် ခံနေပါသည်။ ၁၉၇၆ ခုနှစ်တွင် ကရင်လူမျိုး စောဟင်နရီသိန်းက ၎င်း ထုတ်လုပ်ခွင့်ရသော သစ်လုံးများကို (ယခု မယ်ထော်သလေး) ဒေသမှ မျှောချခဲ့ရာ မြဝတီမြို့ အရောက်၌ အဆိုပါရေလယ်ကျွန်းထိပ် သောင်စပ်၌ တင် နေပါသည်။

သို့ဖြစ်၍ မဲကနယ်ချောင်းသို့ ရောက်အောင် မျှောချရာ၌ ၎င်းသစ်များကို သောင်တင်နေရာမှ သောင်ရင်းမြစ်အောက်ဘက် ရေနက်ရာသို့ ဆင်ဖြင့်ဆွဲချရာ စွတ်ကြောင်းဖြစ်ပေါ်လာပြီး ရေများလည်း ရေလယ်ကျွန်းနှင့် မြန်မာ့သဲသောင်ခုံအကြား ရေစီးကြောင်းအဖြစ် စီဆင်းပါသည်။

ထို့ပြင် ၁၉၈၀ ခုနှစ်၌ မယ်တော်ရွာ မှ လူအများက ရေလယ်ကျွန်းနှင့် ၎င်းတို့ ဘက်နယ်မြေအကြား ချောင်းပိတ်သွားပြီး ဟင်နရီသိန်း ပြုလုပ်ခဲ့ သော စွတ်ကြောင်းအတိုင်း ရေစီးစေရန် မျောတိုင်များဖြင့် ရေလွှဲ (ဒေသအခေါ် ရေကာတာ) ပြုလုပ်နေကြရာ မြင်တွေ့ရသည့် မြ၀တီသားများက မိမိတို့ ဘက်အား လုပ်ရကောင်းလားဟူသော မျိုးချစ်စိတ်၊ မခံချင်စိတ်ဖြင့် အော်ဟစ်ပြောဆို တားဆီးကြပါသည်။

မခံမရပ်နိုင်သည့်အဆုံး ဦးသန်းရွှေ (လက်ဝှေ့)၊ ဦးကျော်သန်း၊ ဦးဘစံတို့ ခေါင်းဆောင်၍ ဝါးရင်း တုတ်များကိုင်ကာ ရေလယ်ကျွန်းပေါ်တက်ပြီး ထိုင်းများကို ခြောက်လှန့် မောင်းထုတ်ပါသည်။ ၎င်းဖြစ်စဉ်သည် နိုင်ငံတော်ကောင်စီအထိ သတင်းပေါက်သွားပြီး မြဝတီမြို့နယ်ကောင်စီသို့ ညွှန်ကြား ချက် ဝင်လာပါသည်။ ၎င်းညွှန်ကြားချက်အရ နှစ်နိုင်ငံ ငြိမ်းချမ်းစွာဖြေရှင်းရန်ဖြစ်သဖြင့် မည်သည့်နိုင်ငံသားမှ မနေသည့် (No Man Island) ငြိမ်းချမ်း နယ်မြေအဖြစ် သတ်မှတ်ခဲ့ပါသည်။

မြန်မာဘက်မှ လိုက်နာခဲ့သော်လည်း ထိုင်းဘက်မှ ပိုက်လုံးမြှုပ်ခြင်း၊ ကွန်ကရစ်အမှတ်အသားတိုင် စိုက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ရေလယ်ကျွန်း (မြန်မာဘက်အခြမ်း)၌ တိုက်စားမှုမခံရအောင် မြေဖို့ခြင်း၊ ကျောက်ချခြင်းများ ပြုလုပ်ခဲ့သလို ရေလယ်ကျွန်း (ထိုင်းဘက်အခြမ်း)၌ ထိုင်း ကမ်းနှင့် ဆက်စပ်ရန် မြေဖို့ခဲ့ပါသည်။

၁၉၉၆ ခုနှစ်၊ ချစ်ကြည်ရေးတံတား ဖွင့်ခါနီးအချိန်၌မူ ရေလယ်ကျွန်းနှင့် ထိုင်းမြေအကြား မြောင်းတိမ်တိမ်တစ်ခုကို ပြန်လည်တူးဖော်ပေးခြင်း ဖြင့် မြန်မာတို့အား နှစ်သိမ့်ခဲ့ပါသည်။ (၎င်း မြောင်းသည် တိမ်သဖြင့် နွေရာသီ၊ ဆောင်းရာသီ၌ ရေမစီးဘဲ မိုးရာသီ၌သာ ရေစီးဆင်းပါသည်။) ကျွန်တော် သည် ၂၀၀၅ ခုနှစ်၌ ရန်ကုန်မြို့သို့ တာဝန်ဖြင့် ပြောင်းလာရသောကြောင့် ချစ်ကြည်ရေးတံတားနှင့် ရေလယ်ကျွန်းဖြစ်စဉ်တို့ကို မှတ်တမ်းတင်နိုင်ခြင်း မရှိတော့ပါ။

သို့ရာတွင် ဂျာနယ်များ၌ မြဝတီမြို့၊ ချစ်ကြည်ရေး တံတားဖွင့်၊ ပိတ် သတင်းတို့ကို စဉ်ဆက်မပြတ် ကြားသိနေရပါသည်။ ယခုအခါ မြန်မာ-ထိုင်း ချစ်ကြည်ရေး တိုးတက်ခိုင်မာလာပြီး ချစ်ကြည်ရေး တံတားသစ်ဆောက်မည်၊ ထိုင်း-မြန်မာ အာရှလမ်းမကြီး ဒေါနတောင်ဖြတ်၍ ဖောက်မည်၊ စက်မှုဇုန်၊ စီးပွားရေးဇုန်များ ဆောက်မည်ဟူသော သတင်းကောင်း ကြားသိနေရသဖြင့် ကျွန်တော် မှတ်တမ်းပြုစုခဲ့သော ချစ်ကြည်ရေးတံတားနှင့် ရေလယ်ကျွန်း အကြောင်းကို မြဝတီချစ်သူများ မျှဝေခံစားရန်အလို့ငှာ ဖော်ထုတ်ရေးသား တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ကျမ်းကိုးစာရင်း

၁။ မြို့မြဝတီနှင့် ရွှေမြင်းဝန်စေတီသမိုင်း

၂။ နိုင်ငံတော်ပြန်တမ်း

၃။ ဂျာနယ်များ

၎။ အဘဦးကျော်သန်း၏ မှတ်စုများ

*****************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment