Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၈.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာပြည်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု မြင့်တက်၊ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းချက်၏ အသီးအပွင့်များ စတင်တွေ့မြင်ရ

(Channel News Asia မှ 16 July 2012 ရက်စွဲပါ Foreing Investment in Myanmar jumps as reform efforts bear fruit ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာသို့ဝင်မည့်တံခါးဝ ဖြစ်လာရေးအတွက် စည်းမျဉ်းစည်းကမ်းများ လျှော့ချပေးရန် ထိုင်းနိုင်ငံတိုက်တွန်းခံရ

(The Nation သတင်းစာမှ 17 July 2012 ရက်စွဲပါ Thailand told to ease rules to become gateway to Myanmar ကိုဘာသာပြန်ဆိုသည်)

  1. နိုင်ငံစုံအစားအသောက်ကုမ္ပ္ပဏီကြီးများ မြန်မာနိုင်ငံကို မျက်စိကျ

(17 July 2012 ရက်စွဲပါ Eurasia review မှ Kate Kelly Multinational giants eye spot at Burma’s table ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာပြည်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု မြင့်တက်၊ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းချက်၏ အသီးအပွင့်များ စတင်တွေ့မြင်ရ

(Channel News Asia မှ 16 July 2012 ရက်စွဲပါ Foreing Investment in Myanmar jumps as reform efforts bear fruit ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်များက အကျိုးအမြတ်များ စတင်ဖြစ်ထွန်းအောင် ပြုလုပ်နေပြီဖြစ်သည်။ ယမန်နှစ်က မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

ယခုအခါ မြန်မာသည် နာမည်ကျော် အမေရိကန်ကုမ္ပဏီကြီးဖြစ်သော General Electric ကိုလည်း လာရောက်ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်သိမ်းသွင်းလိုက်နိုင်ပြီ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုက  ပိတ်ဆို့အရေးယူမှုများ လျှော့ချပေးလိုက်ပြီးနောက် GE သည် မြန်မာပြည်သို့ ပထမဆုံး ဝင်ရောက်ရင်းနှီးမြှုပ်နှံသည့် အမေရိကန်ကုမ္ပဏီဖြစ်လာသည်။ သို့အတွက်ကြောင့် ယခုအခါ အဝေးရောက်မြန်မာများ အမိမြေသို့ ပြန်လည်ဝင်ရောက်ကာ တိုင်းပြည်စီးပွားရေး တိုးတက်ကောင်းမွန်ရေးအတွက် အကူအညီပေးကြရန်သာ ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ မဝင်းရည်ဆိုသည့် မြန်မာအမျိုးသမီးတစ်ဦးသည် ရှစ်နှစ်တာကြာမျှ ပြည်ပတွင် ပညာလည်းသင်ယူ၊ အလုပ်လည်း လုပ်ခဲ့ပြီးနောက် မကြာသေးခင်နှစ်လခန့်က သူမ၏ဇာတိ ရန်ကုန်မြို့သို့ ပြန်လည် ပြောင်းရွှေ့သွားသည်။

မဝင်းရည်သည် စီးပွားရေးအကြံပေးနှင့် လုပ်ငန်းဝန်ဆောင်မှုဆိုင်ရာ ကုမ္ပဏီတစ်ခုတည်ထောင်ရန် အမေရိကန်ဒေါ်လာ ငါးသောင်း ရင်းနှီးမြှုပ်နှံလိုက်ပြီဖြစ်သည်။ သူမသည် စင်ကာပူအခြေစိုက် Swift Net Asia ကုမ္ပဏီတွင် စီးပွားရေးဖွံ့ဖြိုးမှု မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့သည်။ "ကျွန်မ သူငယ်ချင်း အတော်များများ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း မြန်မာပြည ပြန်သွားကြတယ်။ သူတို့လည်း စင်ကာပူမှာ အလုပ်လုပ်ခဲ့ကြတာ။ ဒါပေမဲ့ အခု မြန်မာပြည်မှာ စီးပွားရေးအခွင့်အလမ်းတွေ ရှိနေတယ်ဆိုတာ သူတို့ကသိကြတယ်။ သူတို့ပြန်ချင်လို့ပြန်သွားကြတာ။ မြန်မာပြည်က အပြောင်းအလဲတွေကို သူတို့အနေနဲ့ ကိုယ်တိုင်ကြုံတွေ့ခံစားကြရပြီဆိုတော့ တိုင်းပြည်အတွက် တစ်ခုခုလုပ်ပေးချင်ကြတယ်၊ မြန်မာပြည်မှာပဲ နေထိုင်လုပ်ကိုင် ချင်ကြတော့တယ်"ဟု ၎င်းက ပြောကြားသည်။

သဘာဝရင်းမြစ်ပေါကြွယ်ဝသော်လည်း အာရှဒေသတွင် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယမြောက် ဆင်းရဲနွမ်းပါးသော နိုင်ငံဖြစ်သည့် မြန်မာသည် ဆယ်စုနှစ်များစွာ ကမ္ဘာကြီးနှင့်အဆက်အသွယ်ပြတ်ခဲ့သည်။  သို့အတွက်ကြောင့် မြန်မာနိုင်ငံသား အတော်များများမှာ ပြည်ပသို့သွားရောက်ကာ လူမှုစီးပွားရေး တိုးတက်ကောင်းမွန်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေခဲ့ကြရသည်။

ယခု မဝင်းရည်ကဲ့သို့ပင် အခြားသော မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာကြလိမ့်မည်ဟုလည်း မြန်မာအစိုးရက မျှော်လင့်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားလိုက်ချိန်တွင် မြန်မာနိုင်ငံ၏စီးပွားရေး တိုးတက်ကောင်းမွန်ရေးအတွက် အရည်အချင်းရှိသော အလုပ်သမားများ လိုအပ်လာပြီဖြစ်သည်။

မြန်မာ့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမင်းဖြိုးက "ကျွန်တော်တို့ရဲ့ ကုန်သွယ်ရေး ခန့်မှန်းချက်အရ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၉ ဒဿမ ၇ သန်း ရှိခဲ့ရာမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ၁၈ ဒဿမ ၁ သန်းထိ ရောက်ရှိလာပါတယ်။ ဒါဟာ နှစ်ဆကျော် မြင့်တက်လာမှုပါ။ တကယ်လို့ စီးပွားရေးပိတ်ဆို့မှုတွေသာ အပြီးသတ် ဖယ်ရှားပေးလိုက်ပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကုန်သွယ်ရေးထုထည်(Trade Volume)မြင့်တက်လာပြီး ပြည်တွင်း၊ ပြည်ပကုန်သွယ်ရေး လုပ်ငန်းစဉ်တွေကိုလည်း ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်လာနိုင်မှာဖြစ်ပါတယ်"ဟု ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် ပြီးခဲ့သည့်သတင်းပတ်က အရေးကြီး၊အခရာကျသည့် ပိတ်ဆို့အရေးယူမှုများကို လျှော့ချပေးလိုက်ရာ GE ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံသည်အထိ ဖြစ်လာသည်။ ဥရောပသမဂ္ဂ(အီးယူ)၊ ကနေဒါနှင့် သြစတြေးလျတို့ကလည်း အလားတူ ပိတ်ဆို့အရေးယူမှုများကို လျှော့ချပေးခဲ့ပြီးဖြစ်သည်။

မည်သို့ပင်ဆိုစေ အကယ်၍ ပိတ်ဆို့အရေးယူမှုများကို ဆက်လက်ဖိအားပေး ထားရှိသွားမည်ဆိုသည့်တိုင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများ ဆက်လက် ပေါ်ပေါက်လာမည်သာ ဖြစ်ကြောင်း အစိုးရကဆိုသည်။

မြန်မာ့ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြံပေးပုဂ္ဂိုလ် ဦးဝင်းဇော်က "တကယ်တမ်းတော့ ပိတ်ဆို့အရေးယူမှုတွေက ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုး တိုးတက်မှုအပေါ် လွှမ်းမိုးနိုင်ခြင်းမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့လုပ်စရာရှိတာကို ကျွန်တော်တို့ ဆက်လုပ်နေကြတယ်။ ကျွန်တော့်ဆောက်လုပ်ရေး ဝန်ကြီးဌာနအတွက် ပြောရရင် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ အိုးအိမ်ဖွံ့ဖြိုးတိုးတက်မှုဟာ အခြေခံ အဆောက်အအုံ၊ စွမ်းအင်နဲ့ တယ်လီဆက်သွယ်ရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်သွားရမှာပါ"ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဦးသိန်းစိန် ပထမဆုံးအရပ်ဘက်အစိုးရ သမ္မတဖြစ်လာသည့် အချိန်မှစ၍  နိုင်ငံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို စတင်မြင်တွေ့လာရသည်။ ယမန်နှစ်(နောကဆုံးဘဏ္ဍာရေးနှစ်)အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

                                                        *******************************************************

မြန်မာသို့ဝင်မည့်တံခါးဝ ဖြစ်လာရေးအတွက် စည်းမျဉ်းစည်းကမ်းများ လျှော့ချပေးရန် ထိုင်းနိုင်ငံတိုက်တွန်းခံရ

(The Nation သတင်းစာမှ 17 July 2012 ရက်စွဲပါ Thailand told to ease rules to become gateway to Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနှင့် အခြားအာဆီယံနိုင်ငံများတွင် စီးပွားရေးအခွင့်အလမ်း ရှာဖွေလိုသော ဗြိတိန်အပါအဝင် အနောက်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအတွက် ထိုင်းနိုင်ငံသည် ဒေသဆိုင်ရာဗဟိုမဏ္ဍိုင်ဖြစ်လာမည့် အလားအလာများစွာ ရှိထားပြီးဖြစ်ကြောင်း၊ သို့သော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိန်းချုပ်မှုများကို ဖြေလျှော့ပေးမှသာ စင်ကာပူနိုင်ငံနှင့် ထိရောက်စွာ ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝန်ကြီး Jonathan Marland ကပြောကြားသည်။

ထိုင်းနိုင်ငံအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခန်းကဏ္ဍအပေါ် ထိန်းချုပ်မှုများအား ဖြေလျှော့ပေးခြင်းဖြင့် ဒေသတွင်း မိမိ၏ အနေအထားကို မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ အကြောင်းမှာ ယခုအခါ ဗြိတိန် စီးပွားရေးလုပ်ငန်း အတော်များများသည် မြန်မာနိုင်ငံတွင် စီးပွားရေးအခွင့်အလမ်းများ ရှာဖွေရာတွင် ထိုင်းနိုင်ငံကို စင်တာကြီးတစ်ခုသဖွယ် အသုံးပြုရန်လိုလားလျက်ရှိကြောင်း ၎င်းက ဆိုသည်။

"မြန်မာနိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေနိုင်ဖို့ အဓိကနေရာဖြစ်လာမယ့် အလားအလာတွေ ထိုင်းနိုင်ငံမှာ ရှိနေတယ်ဆိုတာ သံသယ ဖြစ်စရာမလိုပါဘူး။ စင်ကာပူနိုင်ငံနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ထိုင်းအနေနဲ့ ထိန်းချုပ်မှုတွေရယ်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေကို ဖြေလျှော့ပေးသင့်ပါတယ်။ စင်ကာပူဆိုရင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ အင်မတန် လွတ်လပ်ခွင့်ပေးထားတဲ့နိုင်ငံလို့ လူသိများကြပါတယ်"ဟု ၎င်းကဆိုသည်။

Jonathan Marland သည် ပြီးခဲ့သည့်သတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်သည့် ဗြိတိန်အစိုးရ၏ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။ ထိုင်းနှင့် ဗြိတိန်တို့၏ ကာလကြာရှည်သော ဆက်ဆံရေးနှင့် ကောင်းမွန်သော သမိုင်းနောက်ခံတို့ကြောင့် ဗြိတိန် စီးပွားရေးလုပ်ငန်းများသည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုစိတ်ရှိကြကြောင်း ၎င်းက ဆိုသည်။ အထူးသဖြင့် ပညာရေး၊ ဘဏ္ဍာရေးနှင့် တယ်လီဆက်သွယ်ရေး အစရှိသည့် နယ်ပယ်များတွင် ဗြိတိန်စီးပွားရေးလုပ်ငန်းများ အထူးစိတ်ဝင်စားလျက်ရှိသည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။

လတ်တလောကာလများအတွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင် လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသည် ဗြိတိန် စီးပွားရေး ရင်းနှီးမြှုပ်နှံသူများအတွက် လွန်စွာဆွဲဆောင်မှု ကောင်းနေသည်ဟု Jonathan Marland က ပြောကြားသည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာအနေဖြင့် စီးပွားရေးနှင့် အခြားအခန်းကဏ္ဍများ တိုးတက်ဖွံ့ဖြိုးမှုရှိအောင် ခရီးရှည်ကြီး လျှောက်လှမ်းရဦးမည်ဖြစ်ကြောင်း၊ သို့အတွက်ကြောင့် ဗြိတိန်စီးပွားရေး လုပ်ငန်းကြီးများက ထိုင်းနိုင်ငံကို ရင်းနှီးမြှုပ်နှံမှု ဆက်လက်ပြုလုပ်စရာကောင်းသည့် နေရာအဖြစ် ရှုမြင်နေဆဲဖြစ်ကြောင်း၊ မြန်မာတွင် အခွင့်အလမ်းများ ရှာဖွေရေးအတွက်လည်း ဂိတ်ပေါက်ဝတစ်ခုသဖွယ် အသုံးပြုလိုကြောင်း Jonathan Marland က ပြောကြားသည်။

ထိုင်းနိုင်ငံ၏ ဆွဲဆောင်နိုင်မှုကို မြှင့်တင်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းဥပဒေသများကို ပိုမိုဖွံ့ဖြိုးအောင် လုပ်ဆောင်သင့်ကြောင်း၊ အထူးသဖြင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံခြားသားများရင်းနှီးမြှုပ်နှံမှုအတွက် အစုရှယ်ယာနှုန်းများကို မြှင့်တင်ပေးသင့်ကြောင်း ၎င်းက တိုက်တွန်း ပြောဆိုသည်။ နိုင်ငံခြားသားများ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ကာလအား ၁၀ လအထိသာ ကန့်သတ်ထားမှုအပေါ် အထူးပင်စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောဆိုသည်။ ထိုင်းစီ်းပွားရေးဝန်ကြီးများနှင့်တွေ့ဆုံရာတွင် "ထိုင်းအစိုးရအနေဖြင့် ဥရောပသမဂ္ဂနှင့် စေ့စပ်ညှိနှိုင်းမှုများ အနီးကပ်ပြုလုပ်ကာ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ရရှိရေးအတွက် တွန်းအားပေးသင့်သည်"ဟု Jonathan Marland က ထိုင်းအစိုးရကို တိုက်တွန်းပြောဆိုသည်။

ထိုင်းနိုင်ငံ၏ အခွန်ကောက်ခံမှုစနစ် ပိုမိုဖွံ့ဖြိုးပြီး လွတ်လပ်မျှတမှုရှိစေရေးအတွက် ထိုင်းအစိုးရအရာရှိများ အလေးအနက် စဉ်းစားသင့်သည်။ သို့မှသာ ဥရောပဒေသစီးပွားရေး နှေးကွေးကျဆင်းနေချိန်တွင် အီးယူနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်ရေး ပိုမိုမြှင့်တင်နိုင်မည်ဖြစ်သည်။

ဗြိတိန်သည် အီးယူ၏ တစ်စိတ်တစ်ပိုင်းဖြစ်ရာ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် စတင်ပြီးနောက် ထိုင်းနိုင်ငံနှင့် ဗြိတိန်အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများလည်း လိုက်ပါမြင့်တက်လာမည် ဖြစ်သည်။ ထို့ပြင် ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာပြဿနာကို အစိုးရအနေဖြင့် ဖြေရှင်းသင့်ကြောင်း၊ အဆိုပါပြဿနာက  ထိုင်းပင်လယ်ကွေ့ဒေသတွင် ဗြိတိန်စွမ်းအင်ကုမ္ပဏီကြီးများ လုပ်ငန်းလုပ်ကိုင်ရာ၌ မရေရာ မသေချာမှုများဖြစ်အောင် ဖန်တီးပေးကြောင်း ၎င်းက အကြံပေးပြောဆိုသည်။ ထိုမျှမကသေးပါ၊ ထိုင်းအစိုးရအနေဖြင့် ဗြိတိန်အပါအဝင် နိုင်ငံခြားသား ဝန်ထမ်းများ၊ အထူးသဖြင့် အရည်အချင်းပြည့်ဝသော အလုပ်သမားများအတွက် သက်တမ်းရှည်ကြာသော အလုပ်လုပ်ကိုင်ခွင့်(Work Permit)များ ပေးသင့်သည်ဟု ဆိုသည်။

ဗြိတိန်သံရုံးမှထုတ်ပြန်သော ကိန်းဂဏန်းများအရ ထိုင်းနှင့် ဗြိတိန်နှစ်စဉ် နှစ်လမ်းသွားပုံစံကုန်သွယ်ရေးမှာ စတာလင်ပေါင် ၄ ဒဿမ ၉၂ ဘီလီယံ(ကန်ဒေါ်လာ ၁၄ ဘီလီယံ)ရှိသည်။ ဗြိတိန်သည် ဥရောပဒေသ နိုင်ငံများထဲတွင် ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံ ဖြစ်သည်။

                                                            *********************************************************

နိုင်ငံစုံအစားအသောက်ကုမ္ပ္ပဏီကြီးများ မြန်မာနိုင်ငံကို မျက်စိကျ

(17 July 2012 ရက်စွဲပါ Eurasia review မှ Kate Kelly Multinational giants eye spot at Burma’s table ကိုဘာသာပြန်ဆိုသည်)

အမြန်ရနိုင်သောအစားအသောက်(Fast Food)ကုမ္ပဏီကြီးများဖြစ်သော Kentucky Fried Chicken(KFC)နှင့် Mc Donalds တို့သည် မကြာမီ မြန်မာနိုင်ငံတွင်ရနိုင်သော အစားအသောက်စာရင်း(menu)တွင် ပါဝင်လာတော့မည် ဖြစ်ကြောင်း စက်မှုလုပ်ငန်းကျွမ်းကျင်သူများက တနင်္လာနေ့က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်အပတ်က အမေရိကန်သည် မြန်မာနိုင်ငံအပေါ် အရေးယူမှုများဖြေလျော့ပေးခဲ့ပြီး၊ ရက်မကြာမီ ယခုအပတ်အကုန်တွင် အမေရိကန်၏ အကြီးဆုံးစီးပွားရေးကုမ္ပဏီများပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကြီးများသည် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေရန် ရန်ကုန်သို့ သွားရောက်ခဲ့ကြသည်။

အမေရိကန်-အာဆီယံစီးပွားရေးကောင်စီမှ ပြည်သူ့ဆက်ဆံရေးလက်ထောက်ဒါရိုက်တာ Anthony Nelson က သတင်းထောက်များသို့ ပြောကြားခဲ့ရာတွင် မြန်မာပြည်သူများနှင့်အမေရိကန် Fast food ကုမ္ပဏီများကြား၌ အပြန်အလှန် စိတ်ဝင်စားမှုရှိကြောင်း ဆိုသည်။

“အချို့စားသောက်ဆိုင်လုပ်ငန်းကုမ္ပဏီတွေဟာ KFC လိုမျိုးကို ရှာဖွေနေကြပါတယ်။ သူတို့ကို အတိအကျမှတ်ချက် မပေးလိုပါဘူး။ သူတို့ ဆန္ဒရှိနေတာနဲ့ အကိုက်ပဲလို့ ကျွန်တော်သိပါတယ်”ဟု Nelson က တနင်္လာနေ့တွင် ရန်ကုန်ရှိ ဆီဒိုးနားဟိုတယ်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

သို့သော် အမေရိကန်ကုမ္ပဏီကြီးများဖြစ်သော ကိုကာကိုလာနှင့် ပက်စီကိုလာတို့သည် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ရန်စိတ်ဝင်စားမှုကို ဖော်ထုတ်ခဲ့ကြသည်။ အဆိုပါ အချိုရည်အမှတ်တံဆိပ်များကို ပြည်တွင်း စူပါမားကတ်များတွင် ကျယ်ကျယ်ပြန့်ပြန့်ရနိုင်သည်။

သို့သော် အမေရိကန်ရင်းနှီးမြှပ်နှံမှုအလုံးအရင်းဝင်၍ အမေရိကန်ယဉ်ကျေးမှုလွှမ်းမိုးမည်ကို လူတိုင်းက ကြိုဆိုကြသည်တော့ မဟုတ်ပေ။

“ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အကြီးဆုံးပြဿနာကတော့ ကိုကာကိုလာလိုနည်းပညာမပါတဲ့ ဖက်စပ် သို့မဟုတ် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမှာကိုပါပဲ”ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် အပူပိုင်းဇီဝနည်းပညာ လီမိတက်မှ CEO Ashoke Kumar Murarka က ပြောကြားခဲ့သည်။

“KFC နဲ့ McDonalds တို့ကတော့ လုံးဝကို တားမြစ်ရမယ့်ဟာတွေပဲ။ ကျွန်တော်တို့ယဉ်ကျေးမှုနဲ့ အံမဝင်ပါဘူး။ နောက်ပြီး ကျန်းမာရေးနဲ့လည်း မညီညွတ်ပါဘူး”ဟု Murarka ကပြောသည်။

“ကျွန်တော်တို့တိုင်းပြည်အတွက် အဲ့ဒါတွေမလိုအပ်ပါဘူး”ဟု ၎င်းကပြောသည်။ စွမ်းအင်၊ စိုက်ပျိုးရေးနှင့် ထုတ်လုပ်မှုကဲ့သို့သော အရေးကြီးသည့် ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာ့စီးပွားရေး တိုးတက်ကြီးထွားလာရေးအတွက် ပံ့ပိုးပေးရန် လိုအပ်လျက်ရှိနေကြောင်း ၎င်းကပြောကြားခဲ့သည်။

သို့သော် နောက်ဆုံးတွင် မြန်မာနိုင်ငံမှစားသုံးသူများကသာ မည်သည့်ထုတ်ကုန် လူကြိုက်များသည် ဆိုသည်ကို နောက်ဆုံးဆုံးဖြတ်ချက် ပေးရမည်ဖြစ်ကြောင်း သြစတြေးလျ Macquarie တက္ကသိုလ်မှ PhD ကျောင်းသား Jared Bissinger ၏ အဆိုအရသိရှိရသည်။

“ကမ္ဘာတစ်လွှားက စားသုံးသူတွေဟာ Coke နဲ့ KFC လို ကုမ္ပဏီတွေကို ရွေးချယ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ဒီထုတ်ကုန်တွေကို နှစ်သက်လို့ပါ။ ဒီလူတွေမှာ ဘယ်မှာစားမယ်။ ဘယ်မှာသောက်မယ်ဆိုတာ အခြားရွေးစရာတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ ဈေးနှုန်း၊ အရသာ၊ အခြား သူတို့တန်ဖိုးထားတဲ့ အရာတွေအပေါ်အခြေခံပြီး ရွေးချယ်ကြတာပါ”ဟု Bissinger ကပြောသည်။

“အစားအသောက်ရဲ့အချိုရည်လုပ်ငန်းမှာ ပြိုင်ဆိုင်မှုတွေဖြစ်လာတော့ စားသုံးသူတွေအတွက် ရွေးချယ်စရာဖြစ်လာပြီး၊ ဈေးနှုန်းလျော့ကျလာမှုနဲ့ အရည်အသွေးတိုးတက်လာဖို့ အထောက်အကူဖြစ်ပါတယ်”ဟု ၎င်းကပင် ဆိုသည်။

“ရေရှည်ပြိုင်ဆိုင်မှုကို ပိတ်ပင်ခြင်းနှင့် ရွေးချယ်ခွင့်ကိုတားဆီးထားခြင်းသည် အဖြေမဟုတ်ပေ။ မြန်မာကုမ္ပဏီများ လေ့လာရေး၊ ကြီးထွားရေးနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ ပြိုင်ဆိုင်ရေးများတွင် အထောက်အကူမဖြစ်ပါဘူး”ဟု Bissinger က ပြောသည်။

Nelson က ပြောကြားရာတွင် မြန်မာနိုင်ငံ၏ လူဦးရေသန်း ၆၀ သည် မထိတွေ့ရသေးသော အစိမ်းသက်သက် ဈေးကွက်များဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအမျိုးမျိုးပေးလျက်ရှိသည်ဟု ဆိုသည်။

“ကုမ္ပဏီအများစုအတွက် ကွက်လပ်တွေ အများကြီးတွေ့ရပါတယ်။ မြန်မာနိုင်ငံကိုသွားကြည့်ပြီး လိုနေတဲ့နေရာတွေမှာ ကိုက်ညီမယ့် ရင်းနှီးမြှုပ်နှံမှုပြုရမှာပါ”ဟု Nelson ကပြောသည်။

စိတ်ဝင်စားမှုမြင့်တက်နေချိန်တွင် အမေရိကန်ရင်းနှီးမြှုပ်နှံသူများအတွက် အချိန်စောနေဆဲဖြစ်ပြီး၊ အရေးပါသော အမေရိကန်ရင်းနှီးမြှုပ်နှံမှုများမှာ နှစ်ပေါင်းများစွာ ကြာဦးမည်ဖြစ်ကြောင်း Nelson က ပြောကြားသည်။

“အမေရိကန်ကုမ္ပဏီတွေ လုပ်နိုင်တဲ့စကေးက နေ့ချင်းညချင်း ထွက်ပေါ်မလာနိုင်ပါဘူး”ဟု ၎င်းကပြောသည်။

“သူတို့က နေရာစုံမှာ ရင်းနှီးမြှုပ်နှံမှုအကြီးကြီးတွေလုပ်လိုကြလို့ စပြီးတော့ကြည့်တော့နေပါပြီ။ လာနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုကြီးတွေက အဝေးကြီးမှာပဲ ရှိနေပါသေးတယ်”ဟု ဆိုသည်။

အမေရိကန်စီးပွားရေး ဟဲဗီးဝိတ်ကြီးများဖြစ်သော Chevron၊ Conoco Phillips၊ Exxon Mobil၊ Dell၊ FedEx၊ Google၊ MasterCard၊ Dow Chemicals၊ Procter & Gamble နှင့် Time Warner တို့သည် ပြီးခဲ့သည့်အပတ်အကုန်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ၏ ပထမဆုံးတရားဝင်ခရီးစဉ်တွင် ပါဝင်ခဲ့ကြသည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment