yangonchronicle2011 Op-Ed |
၁၈.၇.၂၀၁၂
ဆောင်းပါးကဏ္ဍ
- တို့တိုင်းပြည်နဲ့ ငြိမ်းချမ်းရေး
*****************************************
ဆောင်းပါးကဏ္ဍ
တို့တိုင်းပြည်နဲ့ ငြိမ်းချမ်းရေး
ဘဘ
ဇူလိုင်လ(၁၈)ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂)အမှတ်(၁၀၃)တွင်ပါရှိသည့် ဆောင်းပါးမှ ကူးယူတင်ပြသည်။
ဘဘကဒီနေ့လည်းပဲ ခါတိုင်း လိုနံနက်ခင်းမှာစောစောထအမျှပေးဝေမေတ္တာပို့ ပုတီးစိပ်၊ တရားထိုင်တာပေါ့။ အဲဒါတွေ အားလုံးပြီးရင် မြန်မာ ပြည်နဲ့ ကမ္ဘာမှာ ဘာဖြစ်ပျက်နေလဲ သိရအောင် ရေဒီယိုသတင်းတွေကိုတော့ နားထောင်ပါတယ်။ အဲဒါတွေပြီးတော့ ဘဘက သုံးသပ်ကြည့်မိတယ်။ ဘဘက အသက်ကြီးပြီ။
ဘဘဟာဂျပန်ခေတ် လွတ်လပ်ရေးအကြိုခေတ်၊ လွတ်လပ်ရေးကြီးရပြီးစ ပြည်တွင်းစစ်ဟာ ရန်ကုန်နားအထိ ရောက်ခဲ့တဲ့ခေတ်။ နောက် ဦးနုတို့ ဒီမိုကရေစီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၊ နောက် တပ်မတော် အစိုးရစတာတွေ ကြုံခဲ့၊ မှီခဲ့လို့ ပြန်ပြီးသုံးသပ်လိုက်တော့ ဘဘမွေးကတည်းက ဗုံးသံ၊ သေနတ်သံ၊ တိုက်ပွဲသံတွေနဲ့ ကြီးလာခဲ့ရတာ အခုထိလည်းတို့ တိုင်းပြည်ကြီး အဆင်မပြေသေးပါလားလို့ သုံးသပ်မိတယ်။ တို့တိုင်းပြည်ကြီးကို ပတ်ပြီး ကြည့်ကြရအောင်။ တောင်ပိုင်းမှာ ကမွန်တိုင်းရင်းသားတွေနဲ့ အုပ်ချုပ်တဲ့သူတွေမကျေနပ်ကြလို့ တိုက်ခဲ့အချင်းချင်း သတ်ခဲ့ကြတယ်နော်။ ဒီကနေ နည်း နည်း အရှေ့မြောက်ဘက်မှာတော့ ကရင်ပြည်နယ် အဲဒီနေရာမှာတော့ ဘာပြောကောင်းမလဲ။ လက်နှက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ကြ အချင်းချင်း သတ်ကြတာ နှစ်ပေါင်းများစွာ ရှိခဲ့တယ်။ အခုဘာကြာသေးသလဲ။ အပစ်အခတ် ရပ်စဲကြတယ် ကြားတာပါပဲ။ နောက်ကရင်ပြည် နယ်မြောက်ဘက်က အဲဒီမှာလည်း ကယန်းတိုင်ရင်းသားတွေ ပဒေါင်အစရှိတာတွေနဲ့ အစိုးရတပ်တွေလည်း အချင်းချင်းစစ်ခင်းပြီး တိုက်ကြတာပါပဲ။ နောက်တစ်ခါ တို့ရဲ့ ရှမ်းပြည်နယ်၊ အဲဒီမှာလည်း ရှမ်းအမျိုးသားတွေ၊ ပအိုဝ်တိုင်းရင်းသားတွေကလည်း သူတို့ရဲ့ အမျိုးသားရေးမှာ သူတို့ရဲ့ယဉ်ကျေးမှုကို ထိန်းသိမ်းခွင့် မရလို့၊ သူတို့အတွက် အခွင့်အရေး မရလို့အစရှိတဲ့ အစရှိတဲ့ သဘောမတူကြတဲ့ အကြောင်းအမျိုးမျိုးတွေရှိကြလို့ တိုက်ကြခိုက်ကြတာတွေလည်း ကြားနေရတာပါပဲ။ အဲဒီဘဘတို့ ရှမ်းပြည်ရဲ့ အရှေ့မြောက်ပိုင်းမှာကြတော့လည်း တိုက်ကြခိုက်ခဲ့ကြတာပါပဲ။ အဲဒီနေရာကတော့ ငြိမ်းချမ်းရေး ယူထား တာ အတော်လေးကြာသွားပြီလို့ ပြောရမယ်။ ဒါပေမယ့် အဲဒီနေရာတွေကို အုပ်ချုပ်နေကြတဲ့ ဆရာကြီးတွေက မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို မထိန်း သိမ်းနိုင်ကြတော့တို့ တိုင်းပြည်ကို အပြည်ပြည်ဆိုင်ရာကအဲဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ညှိုးထိုးကြလို့ တို့တတွေ မျက်နှာငယ်နေရတယ်နော်။ အဲဒီနေရာမှာ ငြိမ်းချမ်းရေး ယူထားပြီး အုပ်ချုပ်တဲ့ ဆရာကြီးတွေက ကိုယ်တိုင်ပါဝင်နေတယ်လို့လည်း စွပ်စွဲသံတွေ ကြားနေရတာပဲနော်။တို့တိုင်းပြည် ရှမ်းပြည်ရဲ့ အရှေ့မြောက်ဘက် အစွန်းမှာကိုးခမ်းနယ်။ အဲဒီမှာနေတဲ့ လူအများစုကတရုတ်မျိုးနွယ်တွေဖြစ်ပေမယ့် တို့တိုင်း ရင်းသားလို့ သတ်မှတ်ရမှာ ပါ။ သူတို့စော်ဘွား၊ ကိုးခမ်းစော်ဘွားဆိုတာ ဟိုးရှေးကတည်းက သိန်းနီစော်ဘွားအောက်မှာ နေထိုင်ခဲ့ပြီး လွတ်လပ်ရေးရတော့လည်း အဲဒီ ကိုးခမ်း စော်ဘွားက လျော်ကြေးမယူဘဲ အာဏာစွန့်ခဲ့တယ်ဆိုတာ မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်။
တစ်ခါရှမ်းပြည်နဲ့ ကချင်ပြည်နယ်စပ်မှာတော့ ကချင်အုပ်စုတွေကလည်း တခြားတိုင်ရင်းသားတွေလိုပဲ မကျေနပ်ကြလို့ ပြန်တိုက်ခိုက်ခဲ့ကြတာပဲ မဟုတ်လား။ နောက် တို့တိုင်းပြည်ရဲ့မြောက်ပိုင်း ကချင်ပြည်နယ်မှာကတော့ အခုတလော စစ်တွေဖြစ်ကြလို့ တို့တိုင်းရင်းသားတွေ အိုးအိမ်တွေ စွန့်ပစ် ပြီး ပြေးရ၊လွှားရ၊ ဒုက္ခရောက်ကြ။ တို့ကချင်တိုင်းရင်းသားတွေဟာ ဟိုးတရုတ်ပြည်ထဲအထိ တောင်သွားပြီး ခိုအောင်းနေကြရတယ်နော်။ ပေါက်ဖော်ကြီး တွေကလည်း “ရေနစ်သူဝါးကူ ထိုး”ဆိုသလို မကူညီကြဘူးတဲ့။ အဲဒီလိုဘဘတို့ တိုင်းပြည်ကြီးကိုပတ်ပြီး လေ့လာလိုက်တော့ စစ်ကိုင်းတိုင်းထဲ ရောက် သွားရော။ စစ်ကိုင်းတိုင်းသာ ဆိုပေမယ့် အဲဒီမှာလည်းတို့ တိုင်းရင်းသားညီအစ်ကိုတွေ နေကြတာအများကြီးပါ။ အဲဒီမှာတော့ ‘နာဂ’ညီအစ်ကိုတွေလေ။ သူတို့ကလည်း သူတို့အကြောင်းနဲ့သူတို့ လက်နက်ကိုင်ပြီး ပြန်ခြားနားကြတာပါပဲ။ အဲဒီကနေတဆင့် ချင်းပြည်နယ်။ အဲဒီမှာလည်း ချင်းတိုင်းရင်သား ညီအစ်ကိုတွေက သူတို့ရဲ့ ခရစ်ယာန်ဘာသာကို ကိုးကွယ်ခွင့် မရှိလို့၊ သူတို့ဆီကိုဖွံ့ဖြိုးမှု လုပ်ငန်းတွေမရရှိလို့ အကြောင်းတွေနဲ့ ခြားနားကြတာပါပဲ။ ဒီလိုပါပဲဘဘတို့ ပတ်ကြည့်တဲ့လမ်းကြောင်း တစ်ပတ်ပြည့်ကာနီးမှာ ရခိုင်ပြည်ကို ရောက်သွားပါလေရော။ ရခိုင်တိုင်းရင်းသားတွေဆိုတာက ဘဘတို့ ဗမာတွေ နဲ့ စကားမှာလည်း အလွန်နီးစပ်ပြီး ကိုးကွယ်တဲ့ဘာသာကလည်း အတူတူပါပဲ။ ဒါပေမယ့် ရခိုင်မှာလည်း အခြားတိုင်းရင်း သားညီအစ်ကိုတွေ လိုပဲ မကျေနပ်ချက်တွေရှိတော့ သူတို့ဆီမှာလည်း ခြားနားတဲ့လူတွေ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပါပဲ။ အခုတလော အဲဒီရခိုင်အဖွဲ့နဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေးနေကြတယ်လို့ ရေဒီယိုမှာကြားနေရပါတယ်။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး အခုတလောကြောက်စရာ၊ ကြောက်ခန်းလိလိ ဖြစ်ပျက်နေတာ ကတော့ တို့တိုင်းရင်သားကို တို့ဆီမှာ လာနေတဲ့ ဧည့်နိုင်ငံသားတွေက သတ်ကြလို့ရွာတွေ အိမ်တွေ မီးရှို့ကြလို့၊ တို့လူတွေ အခုထိတောင် ကိုယ့်ရွာကိုယ် မပြန်ရဲကြဘူး ဆိုပဲ။ အဲဒီကိစ္စကတော့ တို့တိုင်ရင်းသား ညီအစ်ကိုအချင်းချင်း မဟုတ်တော့ဘဲ နိုင်ငံခြားက ပယောဂပါဝင်မှု၊ ငွေကြေး အထောက်အပံ့ စတာတွေကို စိုးရိမ်ရတယ်နော်။
အဲဒါကြောင့် ဘဘကတော့ အးလုံးပါဝင်ပတ်သက်နေတဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အစိုးရအပါအဝင် တို့တိုင်ရင်းသားတွေ အားလုံးကို တောင်းပန် ပါရစေ။ တို့အချင်းချင်း စည်းလုံးရမယ်လေ။ “နွားကွဲရင် ကျားဆွဲ”ဆိုတဲ့ စကားပုံရှိတာ မဟုတ်လား။ ကျားက ကိုယ့်ခြံထဲမှာ ရောက်နေပြီနော်။ အဲဒီလို ဘဘတို့ရဲ့ တိုင်းပြည်ကို တစ်ပတ်ပတ်ပြီး ကြည့်လိုက်တာ တို့တိုင်းပြည်မှာ အေးချမ်းငြိမ်းချမ်းတဲ့နေရာဆိုတာ အတော်ရားပါးပါလားလို့ သုံးသပ်ရတယ်။ တို့ညီအစ်ကို တိုင်းရင်းသားတွေမှာလည်း သူတို့မကျေနပ်ရာ အကြောင်းအမျိုးမျိုးရှိကြလို့ လက်နက်ကြီးတွေကိုင်ပြီး ပြန်ချတာလို့ပဲ သုံးသပ်ရမှာပါပဲ။ အဲဒီ တော့ တို့တစ်တွေ ရွာထဲမှာရန်ဖြစ်ရင် ပွကြီးနဲ့ ဘယ်သူနဲ့လဲလို့ပြောရမယ့် အနေအထားလားဆိုတာ စဉ်းစားဖို့တော့ လိုပြီထင်ပါတယ်။ ဒါပေမယ့် ဘဘက အဆိုးမြင်ဝါဒီလမ်းကို မလိုက်လိုပါဘူး။ အခုတလော လွန်ခဲ့တဲ့လတွေမှာတော့ နိုင်ငံတော် အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြ၊ယူကြတဲ့ အဖွဲ့အစည်း တွေလည်း တိုးတိုးလာတာလည်း ကြားနေသိနေကြပါတယ်။ အဲဒီတော့ ဘဘက ဒီဆောင်းပါးမှာ တို့တိုင်းပြည်မှာ အခုလို လူသတ်လက်နက်ကြီးတွေ ကိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်သတ်နေကြတာတွေရဲ့ မြစ်ဖျားခံပုံ၊ အကြောင်းရင်းခံတွေကို ပြောပြတင်ပြကြပြီး တို့တတွေ စည်းလုံးညီ ညွတ်ကြပါလို့ ပြောမလို့ပါ။အဖြစ်ကတော့ ဘဘတို့တစ်တွေ အချင်းချင်းစပြီးတိုက်ခဲ့ သတ်ခဲ့ ကြတာတွေကတော့ အတိုချုံး လိုက်ရင် နိဂုံးချုပ်လိုက်ရင် နိုင်ငံခြားပယောဂကြောင့်လို့ ဘဘကတေ့လက်ညှိုးထိုးပြီးရဲရဲကြီးစွပ်စွဲလိုပါတယ်။
အချိန်ကတော့ ၁၉၄၆ခုနှစ်။ တို့တိုင်းရင်းသားတွေ အားလုံးညီညီညွတ်ညွတ်နဲ့ တို့ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှုအောက်မှာ ဖက်ဆစ်ဂျပန် တွေကို တို့တိုင်းပြည်က မောင်းထုတ်ပြီးစ။ လွတ်လပ်ရေးရတော့မယ့် အရိပ်အယောင်တွေနဲ့ လွတ်လပ်ရေးတိုက်ပွဲအတွက် စတင်ကြရတော့မယ့် အခြေ အနေ။ အဲဒီလိုလွတ်လပ်ရေး ကြီးကိုဦးတည်ပြီး ညီညီညွတ်ညွတ်ရှိရာကနေ ပြန်တိုက်ပြန်ချကြတဲ့ အုပ်စုကြီးဟာ နှစ်အုပ်စုရှိခဲ့ပါတယ်။ ပထမအုပ်စုကြီး ကတော့ လက်ဝဲဘက်က ကွန်မြူနစ်တွေနဲ့ အလံနီကွန်မြူနစ်လို့ခေါ်ကြတဲ့ သခင်စိုးအုပ်စုနဲ့ ဒုတိယကတော့ လက်ယာလို့သတ်မှတ်တဲ့ ကရင်တိုင်းရင်း သားတွေထဲက လူနည်းစုဖြစ်တဲ့ အုပ်စုပါ။ ပထမအုပ်စုကွန်မြူနစ်တွေက ဖက်ဆစ်တိုက်ပွဲမှာ ဖဆပလအဖွဲ့ကြီးမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်း ၁၉၄၆ခုနှစ် နိုဝင် ဘာလအစပိုင်းမှာ ဖဆပလအဖွဲ့ကြီးက ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် ၁၉၄၇ခုနှစ် အဆုံးပိုင်းတို့ဗိုလ်ချုပ် တို့မရှိတော့တဲ့ နောက်ပိုင်း ဦးနုတို့နဲ့ အတူလက်တွဲပြီး ‘လူသတ်ဝါဒ’ကို ဆန်ကျင်တဲ့ နေရာမှာ ပါဝင်ခဲ့ပါတယ်။
လူသတ်ဝါဒဆိုတာ အဲဒီတုန်းက အဖွဲ့အစည်းပေါင်းစုံက လက်နက်ပုန်းတွေ အနှံ့အပြားထားကြလို့ တိုက်ဖျက်ကြတာပါ။ အဲဒီနောက် သခင် သန်းထွန်းနဲ့ ဂိုရှယ်တို့ဟာ ၁၉၄၈ခုနှစ် ဇန်နဝါရီလ၄ရက်နေ့မှာ တို့တိုင်းပြည်ရဲ့လွတ်လပ်ရေးပွဲမှာ တက်ရောက်ခဲ့ကြတော့ အားလုံးဟာ ညီညီညွတ် ညွတ်နဲ့ တိုးတက်ရေးကို ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ပါပဲ။ ဒါပေမယ့် လွတ်လပ်ရေးရပြီး မကြာခင် ဖေဖော်ဝါရီလမှာပဲ ကွန်မြူစ်တွေရဲ့ ညီလာခံမှာ လွတ်လပ် ပြီးစ တိုင်းပြည်လေးတွေက ကွန်မြူနစ်တွေဟာ နက်ကိုင်တော်လှန်ရေးကြီးကို စရတော့မယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် သူတို့ရဲ့ Prolarian Revolution လို့ခေါ်တဲ့ ပစ္စည်းမဲ့လူတန်းစား တော်လှန်ရေးကြီးကို စမယ်ဆိုတဲ့ အစီအစဉ်ရှိခဲ့လို့ ဦးနုတို့ဦးကျော်ငြိမ်းတို့ က၁၉၄၈ခုနှစ် မတ်လ၂၈ရက်နေ့ နံနက်စောစောမှာ သွားဖမ်းရင်းကနေ ပြည်သူလူထုကနေ ရွေးချယ်တင်မြှောက်ထးတဲ့ အစိုးရကို စတင် ပုန်ကန် တော့တာပါပဲ။ အဲဒီတော့ နိုင်ငံခြား ကွန်မြူနစ်ပါတီတွေရဲ့ ဆုံးဖြတ်ချက်၊ ဆိုဗီယက်တို့ရဲ့ ဆာဂါနော့ဝါဒကြောင့် ကွန်မြူနစ်တွေဟာ ဒီမိုကရေဒီအစိုးရကို စတင်တော်လှန် ခဲ့တာပါ။ ကရင်အုပ်စုနဲ့ ပတ်သက်လို့ကတော့ ၁၉၄၆ခုနှစ်ဖေဖော် ဝါရီလမှာကျင်းပတဲ့ ကရင်ဗဟိုအစည်းအရုံးရဲ့ ညီလာခံမှာ ကရင်ပြည်နယ်တည်ထောင်ဖို့ အဆိုပြုဆုံးဖြတ်ခဲ့တာပါ။ ကရင် ပြည်နယ်တည်ထောင်ဖို့ဆိုတာကတော့ ၁၉၄၇ခုနှစ် အခြေခံဥပဒေပုဒ် ၁၈၀မှာလည်း ကရင်ပြည်နယ် ထူထောင်ဖို့ဆိုတာ ပါခဲ့ပြီး ဗိုလ်ချုပ်တို့ ဦးနုတို့ကလည်း သဘောတူခဲ့ပြီးသားပါ။ ဒါပေမယ့်၁၉၄၆ ခုနှစ်ဇူလိုင်လမှာ ကရင်ခေါင်းဆောင်အချို့က အင်္ဂလန်ကိုသွားရောက်ပြီး ကရင်များအကူအညီ ရလိမ့်မယ်ဆိုတဲ့ နိုင်ငံခြားပယောဂပါပဲ။ လွတ်လပ်ရေးကြီးလည်းရပြီးရော ၁၉၄၈ခုနှစ်စက်တင်ဘာလမှာ မြန်မာပြည်မှာခြေဝင်ရှုပ်တဲ့ ‘ကင့်ဗဲလဲ’ဆိုတဲ့သူနဲ့ ‘ကာနယ်တူးလောက်’ဆိုတဲ့သူတွေနဲ့ သူတို့ ရဲ့ ငွေကြေးလက်နက် အကူအညီနှင့် ပတ်သက်ပြီး ရေးထားတဲ့စာတွေ လက်ပူးလက်ကြပ်မိခဲ့တာဆိုတာ သက်ဆိုင်ရာ မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်။ အများအသိပါပဲ။
အဲဒီတော့ ဘဘ ဒီမှာပြောချင်တာက ဟိုတုန်းကကိစ္စတွေ ဟိုတုန်းက တို့ညီအစ်ကိုတွေ သူများမြှောက်ပင့် သွေး ထိုးခဲ့ကြလို့ မှားခဲ့ကြပြီးတို့ပြည်သူတွေ တို့တိုင်းရင်းသားတွေ ဒုက္ခရောက်ခဲ့ပြီးပါပြီ။ အခုအချိန်မှာတော့ တို့တစ်တွေဟာ ညီညွတ်ကြဖို့ စည်းလုံးကြဖို့ အချိန်တန်ပါပြီကွယ်။ အဲဒီကနေတစဆင့် ရေရှည်ငြိမ်းချမ်းရေး၊ထာဝ စဉ်ပြည်ထောင်စုကြီးမှာ တန်းတူညီတူ အတူတကွ နေထိုင်ရေးတွေ တည်ဆောက်ကြဖို့အရေးတွေလည်း လိုအပ်လာတယ်။ အဲဒါတွေအားလုံး ရရှိဖို့ ကတော့ စစ်မှန်သောဒီမိုကရေစီကျင့်သုံးနိုင်ကြမှဖြစ်မှာ။အဲဒီတော့ တို့တိုင်းပြည် တို့ပြည်သူလူထုကိုချစ်ကြရင် ငဲ့ညှာကြရင် ညီညီညွတ်ညွတ်နဲ့ တို့တိုင်းပြည်တိုးတက်ရေးကိုဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ဘဘတိုက်တွန်းချင်ပါတယ်ကွယ်။
*****************************************
Google Drive: create, share, and keep all your stuff in one place.