Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၉.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြည်သူများအပေါ် စေတနာရှိသော

*****************************************

ဆောင်းပါးကဏ္ဍ

ပြည်သူများအပေါ် စေတနာရှိသော

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ လူ့အဖွဲ့အစည်း၏ ပိရမစ်ထိပ်ပိုင်းရှိ အင်အားစုက ဦးဆောင်ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။ ရှေ့ဆောင်ပုဂ္ဂိုလ်များကြား အပြန်အလှန် ညှိနှိုင်းဈေးဆစ် (Elite  Bargain) ပြီးမှ အပြောင်းအလဲများ ဖြစ်ထွန်းလာခဲ့ခြင်းဖြစ်သည်။ သို့နှင့် မြန်မာနွေဦး မှာ အာရပ်နွေဦးအပါအဝင် ဒီမိုကရေစီကျင့်သုံးမှု ရင့်ကျက်ပြည့်ဝနေပြီးဖြစ်သော အနောက်နိုင်ငံများ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးပုံစံနှင့် တူညီနိုင် မည်မဟုတ်။ ကိုယ့်အရပ်၊ ကိုယ့်ဇတ်သာဖြစ်သည်။ ထိုကြောင့် ယခုအခါတွင် ထိပ်ပိုင်းမှ ဒီမိုကရေစီ လက်တွေ့ကျင့်သုံးရာတွင် အလေ့အကျင့်အရ အားနည်းချက်များရှိနေသော်လည်း အလုပ်ဖြစ်အောင်တော့ ဆောင်ရွက်နိုင်ကြသည်ကို တွေ့ရသည်။

သို့သော် အောက်ခြေပိုင်းမှာတော့ ပြောင်းလဲလာသည့် စနစ်သစ်နှင့်အညီ လိုက်ပါပြောင်းလဲရန် များစွာ လိုအပ်နေသေးကြောင်း တွေ့ရသည်။ အထူးသဖြင့် ဌာနဆိုင်ရာဝန်ထမ်းများဆိုလျှင် သာ၍ဆိုးပါသည်။ စာရေးသူအနေဖြင့် ပြည်သူ့ဝန်ထမ်းများကို ပုတ်ခတ်ပြောကြားလိုခြင်း မဟုတ်ပါ။ နိုင်ငံ တည်ဆောက်ရေးတွင် ပြည်သူရေးရာဝန်ဆောင်မှုများကို ပြည်သူများအား ပေးအပ်နေသော ယင်းတို့ အခန်းကဏ္ဍအရေးကြီးပုံကို မီးမောင်းထိုးပြလိုရင်း ပင် ဖြစ်သည်။ တနည်းအားဖြင့်ဆိုရလျှင် ကောင်းမွန်သည့် အုပ်ချုပ်ရေးဖြစ်ထွန်းလာအောင် ဆောင်ရွက်ကြဖို့ဖြစ်သည်။ အစိုးရဌာနဆိုင်ရာများတွင် အရိုးစွဲနေပြီဖြစ်သော အထက်လူကြီးအား ဘဝရှင်မင်းတရားကြီးသဖွယ် ဆက်ဆံနေသည့် ယဉ်ကျေးမှုကြီးစိုးနေသည်ကို တွေ့ရသည်။ ထိုသို့ ဆက်ဆံ ရခြင်းမှာလည်း နေရာတစ်နေရာရရှိရေးအပြင်၊ ရရှိပြီးနေရာကို လုံခြုံစေလို၍ ဖြစ်သည်။ သို့သော် အထက်လူကြီး၏ မျက်နှာသာပေးခြင်းခံရအောင်၊ မငြို ငြင်အောင် ထိုသို့ဆက်ဆံနေသော်လည်း လက်အောက်ငယ်သားကိုတော့ တလေးတစားဆက်ဆံသည့် လုပ်ငန်းခွင်မျိုးတော့ ဖြစ်မလာပါ။ စီမံခန့်ခွဲမှု ပညာရှင် ဒေါက်တာအောင်ထွန်းသက်ပြောသလို အပေါ်ဖားအောက်ဖိ ယိုးဒယားအကဟန်ပန် ဆက်ဆံရေးမျိုးသာ ဖြစ်သည်။

ဤနေရာ၌ စာရေးသူ၏ အတွေ့အကြုံတစ်ခုပြောပြလိုပါသည်။ ဌာနဆိုင်ရာတစ်ခုသို့ စာရေးသူရောက်ရှိချိန်၌ ရုံးဝန်ထမ်းများသည် အထက် လူကြီးအား လိုအပ်သည်ထက်ပိုသော ရိုသေလေးစားမှုမျိုးကို ကြုံတွေ့ခဲ့ရသည်။ စာရေးသူရောက်ရှိရာ အစိုးရရုံးရှေ့တွင် မိုးအသည်းအသန်ရာ၍ မိုးခို နေစဉ် လူကြီးလာမည်ဟူသော သတင်းကြောင့် ရုံးဝန်ထမ်းများက မိုးမခိုရန်နှင့် အခြားနေရာသို့ ထွက်သွားပေးရန် အတင်းအကြပ် တောင်းဆိုတော့ သည်။ စာရေးသူမှာ ထီးမပါသည့်အပြင် မိုးလွတ်ရန်ခိုနားရာ နောက်ထပ်နေရာမှာလည်း အတန်ငယ် ဝေးကွာနေသဖြင့် စိတ်ကသိကအောက် ဖြစ်သော်လည်း နားလည်ပေးလိုက်ပါသည်။ တစ်ခုဆိုးသည်မှာ ထိုအဆောက်အအုံရှေ့သို့ ဖြတ်သွားသော နိုင်ငံသားများကိုပင် အမြန်လျှောက်ရန် အတင်းအကြပ်ပြောဆိုနေခြင်းကြောင့် အချင်းပွားမှု အနည်းငယ်ဖြစ်သွားခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

ဌာနဆိုင်ရာ ဝန်ထမ်းများသည် တာဝန်ထမ်းဆောင်နေဆဲ ပြည်သူ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ (In service) မိမိနေရာ တည်မြဲလုံခြုံလိုခြင်း ကြောင့် ယခုလို အကူးအပြောင်းကာလမျိုးတွင် ပို၍ သတိကြီးကြီး ထားတက်ကြသည်။ မှန်ကန်မှုရှိသည့် အပြောင်းအလဲကို မိမိတို့ကိုယ်တိုင်က ဦးဆောင် လုပ်ဆောင်နေရန် မဝံ့မရဲဖြစ်နေပြီး အထက်မှ အမိန့်ချမှတ်တော့မှသာ ဆောင်ရွက်ရဲတော့သည်။ စာရေးသူအတွေ့အကြုံတစ်ခုအရ ပညာရေးဝန်ကြီး ဌာနမှ ကျောင်းအုပ်တစ်ဦးသည် သူ၏ရုံးခန်းအတွင်း အစိုးရအပြောင်းအလဲ ဖြစ်သွားပြီးသော်လည်း ယခင်အစိုးရအကြီးအကဲ၏ ဓာတ်ပုံကိုသာ ချိတ်မြဲ တိုင်းချိတ်ထားသည်ကို အံ့သြစွာ တွေ့ရသည်။ သို့နှင့် စာရေးသူမှာလည်း မေးကြည့်ရာ အထက်မှ အမိန့်မကြသေးဘူးဟု ပြန်၍ ပြောလေသည်။ ထိုသို့ ဖြစ်ပွားပြီး ရက်ပိုင်းအတွင်းပင် တိုင်းဒေသကြီးဝန်ကြီးတစ်ပါးမှ ထိုကျောင်းသို့ သွားရောက်စစ်ဆေး လေ့လာတော့မှ ဓာတ်ပုံများ ပြောင်းလဲသွား တော့သည်။

နောက်တစ်ခုမှာ ဗျူရိုကရေစီယန္တရား၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုပင်ဖြစ်သည်။ စီမံခန့်ခွဲမှုပညာရပ်ကို နားမလည်လျှင် နားလည်ဖို့မကြိုးစားလျှင် နားလည်သည့်အတိုင်း လက်တွေ့အကောင်အထည်မဖော်လျှင် အစိုးရအုပ်ချုပ်ရေးမှာ ညံ့ဖျင်းတိုင်း ညံ့ဖျင်းနေဦးမည်သာ ဖြစ်သည်။ စီမံခန့်ခွဲမှု ပညာရပ်မှာ ယင်းဘွဲ့ဖြင့် ကျောင်းပြီးလျှင် လစာကောင်းသည့်အတွက် ဆွဲဆောင်အားကောင်းသော (sexy) ဖြစ်သော ဘာသာရပ်သပ်သပ် မဟုတ်ပါ။ သမိုင်းနှင့်ချီ အသုံးဝင်ခဲ့သည့် ဘာသာရပ်ကြီးဖြစ်သည်။ စစ်အေးခေတ်တစ်ခေတ်လုံးတွင် ဆိုဗီယက်ယူနီယံနှင့် အနောက်အုပ်စုတို့ အားပြိုင်ရာ၌ အနောက်အုပ်စုအနိုင်ရသွားခြင်းမှာ ယင်းစီမံခန့်ခွဲမှု ပညာရပ်ကို ကုန်ထုတ်လုပ်မှုတွင် ထိထိရောက်ရောက် အသုံးချသွားနိုင်သောကြောင့် ဖြစ်သည်။ ယခု ဖွံ့ဖြိုးတိုးတက်သွားသည့် အာရှကျားနိုင်ငံများကို လေ့လာကြည့်ပါဦး။ ယင်းနိုင်ငံများ၏ ပုဂ္ဂလိကအပိုင်းရော၊ ပြည်သူပိုင်အပိုင်းတွင်ပါ စီမံခန့်ခွဲမှုများ ထိရောက်ထက်မြတ်မှုရှိသည်ကို တွေ့ရသည်။ အစိုးရဝန်ထမ်းများသည် ဌာနဆိုင်ရာ အရာရှိစာမေးပွဲများကို အဆင့်ဆင့်ဖြေဆိုပြီးတော့မှာသာ အရာရှိ များ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တကယ် တတ်မြောက်သည့်အတွက်လည်း ရုံးလုပ်ငန်းများကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ပြီး ပြည်သူ့ရေးရာဝန် ဆောင်မှုကောင်းများကို ပြည်သူများအား ပေးအပ်နိုင်လေသည်။ အကျင့်ပျက်လာဘ်စားမှု လုံးဝကင်းစင်သည်ဟု မဆိုသာသော်လည်း လစာဝင်ငွေ ကောင်းပြီး ဂုဏ်သိက္ခာရှိရှိ အလုပ်လုပ်နိုင်သည့်အတွက် လာဘ်စားမှုနည်းသည်။ လာဘ်ပေးလာဘ်ယူမှုများကို ထိထိရောက်ရောက်အရေးယူမှုများ ဥပမာပေး လုပ်ဆောင်သည့်အတွက်ကြောင့်လည်း တော်ရုံဝန်ထမ်းက လာဘ်မစားရဲပေ။

မြန်မာနိုင်ငံ၏ ဗျူရိုကရေစီမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ပုံစံသွင်းထားသည့်အတိုင်း ဝန်ထမ်းများတွင် မလုပ်၊ မရှုပ်၊ မပြုတ် အမူ အကျင့်များ စွဲမြဲစွာ နစ်ဝင်နေသည်။ အကျင့်ပျက်လာဘ်စားမှုများ၊ ခေတ်မမီသည့်ဥပဒေများကြောင့် ဌာနဆိုင်ရာနှင့် ဆက်ဆံရသည့် အဖွဲ့အစည်းများက ဥပဒေလက်တစ်လုံခြား ဆောင်ရွက်နေမှုများ၊ အရည်အချင်းအဓိကမဟုတ်သည့် ရွေးချယ်မှုများကြောင့် အလုပ်မတွင်ကျယ်မှုများမှာ နိုင်ငံတစ်ဝန်း တွေ့ကြုံနေရသည်။ ယင်းကို အချိန်ယူ၍ ထိထိရောက်ရောက်ပြုပြင်သွားနိုင်လျှင် ဆယ်စုနှစ်တစ်စုစာအတွင်း ပြောင်းလဲသွားမည်ဟု ခန့်မှန်းရပါသည်။ ပြည်သူများအတွက် စေတနာပြည့်ဝသော ပြည်သူဝန်ထမ်းများ၊ ပြည်သူများက ယုံကြည်သော ပြည်သူ့ဝန်ထမ်းများ ဖြစ်စေချင်ပါသည်။

*****************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment