Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၃.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စီးပွားရေးရာသီဥတုဆိုးကြောင့် မြန်မာနွေဦးမပျက်စေချင်

*****************************************

ဆောင်းပါးကဏ္ဍ

စီးပွားရေးရာသီဥတုဆိုးကြောင့် မြန်မာနွေဦးမပျက်စေချင်

မြန်မာနိုင်ငံစီးပွားရေးအခြေအနေကို ယခုမှစတင်၍ စနစ်တကျနှင့် မှန်မှန်ကန်ကန် စီမံခန့်ခွဲမှုမလုပ်နိုင်လျှင် နိုင်ငံ၏ စီးပွားရေးမှာ ပိုမို ဆိုးသွား မည့်သဘောတွင် ရှိနေပါသည်။ လက်ရှိစီးပွားရေးအပြောင်းအလဲများသည် စာရွက်(on paper) ပေါ်တွင်သာ ဖြစ်ထွန်းနေဟန်ရှိသည်။ ပြည်သူများ၏ လူမှုစီးပွားဘဝကိုရောင်ပြန်ဟပ်ခြင်းမရှိသလို နိုင်ငံ၏ စီးပွားတိုးတက်ဖို့ အလားအလာလည်းဝေဝါးနေပါသေးသည်။

အများစုပြောနေသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကိစ္စရပ်မှာလည်း ပီပီပြင်ပြင်နှင့် စနစ်တကျ ရုပ်လုံးပေါ်လာခြင်းမရှိ။ လွှတ်တော်ထဲ ဆွေးနွေး နေသည့် အဆိုပါ FDI ကိစ္စမှာလည်း အချိန်သာကြာမြင့်နေပြီ၊ ဥပဒေကြမ်းတစ်ခုအဖြစ် ပေါ်ထွန်းလာခြင်းမရှိ။ အနောက်နိုင်ငံများမှ နာမည်ကြီးကုမ္ပဏီ များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံရန် စေ့စပ်ပြောဆိုမှုများ ရှိနေသော်လည်း ယင်းမှာလည်း ဆွေးနွေးပြောဆိုရုံသက်သက်ထက် ပိုမလာပါ။

General Electric ကော်ပိုရေးရှင်သာ မဝံ့မရဲနှင့် တစ်စတစ်စ လက်တွေ့ကျသည့် ခြေလှမ်းများ လှမ်းလာခဲ့သည်ကို တွေ့ရသည်။ ထိုသို့ ဖြစ်ရ ခြင်းမှာလည်း မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သည့် ပတ်ဝန်းကျင်ပေါ်တွင် မူတည်သည်။ နိုင်ငံ၏ စီးပွားရေးလုပ်ငန်း လွယ်ကူစွာ လုပ်ကိုင်နိုင် သည့် အနေအထားမျိုး မရှိသည့်အခါ စီးပွားရေးလုပ်ငန်းများအနေဖြင့် စွန့်စားဖို့ ရယူဖို့ရန် တွန့်ဆုတ်နေသည်မှာ ဓမ္မတာပင်ဖြစ်သည်။ အခွင့်အလမ်း များစွာ ရှိနေသည့်အတွက် ဈေးကွက်လက်ဦးမှု ရချင်၍သာ စွန့်စားပြီး လုပ်ကိုင်ရမည့်သဘောပင် ဖြစ်သည်။

နိုင်ငံတကာ ကော်ပိုရေးရှင်းများအနေဖြင့် နိုင်ငံတကာစံနှုန်းများအတိုင်း လုပ်ကိုင်လိုကြသော်လည်း ဖိတ်ခေါ်သည့် အိမ်ရှင်နိုင်ငံမှ အဆင့်သင့် မပြင်ထားပါက ထိုအဆင်သင့်မဖြစ်မှုအပေါ် အသုံးချသွားခြင်းမျိုးလည်း ရှိသည်။ အာဆီယံဒေသတွင်းနိုင်ငံများတွင် ဤသို့ ဖြစ်ရပ်မျိုး များစွာ ကြုံတွေ့ခဲ့ ရပြီး ဖြစ်သည်။ ဥပမာအားဖြင့် အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများ လာရောက်ရင်းနှီးမြုပ်နှံသည့်အခါတွင် အစိုးရ ဗျူရိုကရေစီယန္တရား၏ အား နည်းမှုကြောင့် အကျင့်ပျက်လာဘ်စားမှုများ တရှိန်ထိုးတိုးမြင့်ခဲ့ရသည့်အပြင် နိုင်ငံစီးပွားရေးအခြေအနေမှာလည်း ထင်ထားသလောက် မြင့်မားသွားခြင်း မရှိခဲ့သည့် အတွေ့အကြုံမျိုးရှိခဲ့သည်။ နိုင်ငံခြားကုမ္ပဏီများအနေဖြင့် အိမ်ရှင်နိုင်ငံ၏ အုပ်ချုပ်မှုအားနည်းချက်အပေါ် ကျော်လွှားရန် ဆိုင်ရာဝန်ကြီး၊ ဝန်လေးများကို လာဘ်ပေး၍ လုပ်ငန်းများ လုပ်ကိုင်စေပါသည်။ ထိုသို့ လာဘ်ပေးမှုမှာလည်း သူတို့၏ စီးပွားရေးမဟာဗျူဟာတစ်ရပ် ဖြစ်လာခဲ့သည်။ ထိုင်းနိုင်ငံတွင်လည်း ထိုသို့ အုပ်ချုပ်ရေးစနစ်အားနည်းခြင်း၊ ဥပဒေအားနည်းခြင်းကြောင့် ၁၉၉၇ ခုနှစ် အာရှစီးပွားရေးပျက်ကပ်၏ ဘူမိနက်သန်လို ဖြစ်ခဲ့ သည်။

နောက်တစ်ခုမှာ ၂၀၁၅ ခုနှစ်တွင် လာတော့မည့် အာဆီယံစီးပွားရေး အသိုက်အဝန်းဖြစ်သည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ဤနှုန်း အတိုင်းသွားနေလျှင် အာဆီယံဒေသတွင်း လွတ်လပ်စွာကုန်သွယ်မှုမှ ဘာမျှအကျိုးဖြစ်ထွန်းလာမည်မဟုတ်။ အိမ်နီးချင်းထိုင်းနိုင်ငံဆိုလျှင် ယင်းအတွက် များစွာ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ကို တွေ့မြင်ရမည်။ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံများနှင့် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ တည်ဆောက်မှုအပိုင်းတွင် များစွာ ကွားခြားနေပြီဖြစ်သည်။ ယင်းကွာခြားချက်များကို ဖြည့် တင်းထားနိုင်မှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ လာရောက်လျှင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ထိရောက်မည်ဖြစ်သည်။ ထို့အပြင် soft infrastructure များ ဖြစ်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုတော့ ၂၀၁၅ ခုနှစ်မတိုင်မီအချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်မှဖြစ်သည်။

ယခုအခါတွင် နိုင်ငံ၏ အဓိကကုန်ထုတ်စီးပွားရေးဖြစ်သောလယ်ယာစိုက်ပျိုးရေးမှာလည်း အကျပ်အတည်းနှင့် ကြုံတွေ့နေရသလို အခြားသော ရေလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းများမှာလည်း ရှင်သန်ရပ်တည်နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိသည်။ သမ္မတဦးသိန်းစိန်အစိုးရအနေဖြင့် နိုင်ငံ၏ စီးပွားရေးကဏ္ဍကို ပုဂ္ဂလိကသို့ လွဲပြောင်းလုပ်ကိုင်စေမည်ဟု ကတိကဝတ်ပြုထားပြီး ယင်းအတိုင်းလည်း အကောင်အထည်ဖော် ဆောင်ရွက်နေ သည်။ သို့သော် ပုဂ္ဂလိကသို့ လွဲပြောင်းသည့်ဖြစ်စဉ်မှာ အရှိန်အဟုန်နှင့် ဖြစ်ထွန်းလာခြင်းမရှိသေးသည်ကို တွေ့ရသည်။ လွှတ်တော်တွင်း အင်အားကြီး အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်မှလည်း လူငယ်များအတွက် အလုပ် အကိုင်များ ဖန်တီးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သော်လည်း ယခုအချိန်ထိ မည်သို့မည်ပုံ အကောင်အထည်ဖော်နေသည်ကို မတွေ့မြင်ရ သေးပါ။ သို့သော် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ယခုထက် ဖြေလျှော့ပေးရန်တော့ အမေရိကန်အစိုးရအား တိုက်တွန်းထားသည်။ အမေရိကန်အစိုးရ ၏ တုန့်ပြန်မှုမှာလည်း ရှင်းပါသည်။ ပိတ်ဆို့ထားသည့် ၂၀၀၃ အက်ဥပဒေကို နောက်ထပ် သုံးနှစ်သက်တမ်းတိုးခဲ့သော်လည်း မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု အခြေအနေပေါ်မူတည်ပြီး ဖယ်ရှားနိုင်ရေး အခွင့်အာဏာကို အိုးဘားမားအုပ်ချုပ်ရေးအဖွဲ့ထံပေးအပ်ခဲ့သည်။

စီးပွားရေးအိမ်မက်ဆိုးနှင့် ပတ်သက်ပြီး နောက်တစ်ချက်မှာ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၏ စိုးရိမ်မှုဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြုပ် နှံမှုများရောက်ရှိလာလျှင် ထိုထက်လွန်၍ အာဆီယံစီးပွားရေးအသိုက်အဝန်း ဖြစ်တည်လာလျှင် အဆိုပါလုပ်ငန်းရှင်များအနေဖြင့် ယှဉ်ပြိုင်နိုင် မှုစွမ်းရည် အားနည်းနေခြင်းကြောင့်ဖြစ်သည်။ တိုးတက်ပြီးနိုင်ငံများ၏ အငယ်စားစီးပွားရေးလုပ်ငန်းများပင်လျှင် နည်းပညာအသုံးချမှု၊ စီမံခန့်ခွဲမှုများတွင် မြန်မာနိုင်ငံ၏ အလတ်တန်းစီးပွားရေးလုပ်ငန်းများထက် သာလွန်မှုရှိခြင်းကြောင့် heavy weight တန်း စီးပွားရေးလုပ်ငန်းများနှင့် ယှဉ်ပြိုင်ရမည့် သဘောလည်းဖြစ်သည်။ အစိုးရအနေဖြင့်လည်း အဆိုပါ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ယှဉ်ပြိုင်နိုင်အောင် စနစ်တကျ ဖေးမတည် ဆောက်ပေးနိုင်ဖို့ အမှန်တကယ်ပင်လိုအပ်သည်။

ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းနေပြီဖြစ်ခြင်းကြောင့် နိုင်ငံအရေးကိစ္စများတွင် ယခင်ထက် အသံဗလံများ ဆူညံလာပြီဖြစ်သော်လည်း စီးပွား ရေးစီမံခန့်ခွဲမှုတွင် မည်သို့မျှ ခရီးမရောက်ဘဲ အုတ်ရောရောကျောက်ရောရော မဖြစ်စေချင်ပါ။ အစိုးရပိုင်းအပါအဝင်၊ ပုဂ္ဂလိကပိုင်းရှိ စီးပွားရေး အင်စတီ ကျူးရှင်များကို စနစ်တကျနှင့် တည်ဆောက်နိုင်ဖို့မှာ အချိန်မဆိုင်းပဲ ထိထိရောက်ရောက် လုပ်ကိုင်ရမည့် အရေးဖြစ်သည်။

ပြည်သူအများ သာယာနေသော မြန်မာနွေဦးမှာ စီးပွားရေးရာသီဥတုဆိုးကြောင့် ပျက်ပြားသွားမည်ကို စာရေးသူအနေဖြင့် မလိုလားကြောင်း မေတ္တာရပ်ခံ တင်ပြလိုက်ပါသည်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment