yangonchronicle 2011- (1) |
၂၃.၇.၂၀၁၂
ဘာသာပြန်သတင်းများ
- တရုတ်တို့၏ ပိုက်လိုင်းစီမံကိန်းအိမ်မက်ဆိုးခြောက်လှန့်
(20 July 2012 ရက်စွဲပါ Energy Tribute မှ Tim Daiss ရေးသားသော China’s pipe dream turns into public relation nightmare ကိုဘာသာပြန်ဆိုသည်)
- အပစ်ရပ်ကာလအလွန် ကချင်ပြည်နယ်တွင် ငြိမ်းချမ်းသောလက္ခဏာမရှိ
(VOA News မှ 20 July 2012 ရက်စွဲပါ Post-casefire, No signs of peace in Burama’s kachin သတင်းကို ဘာသာပြန်ဆိုသည်)
*****************************************
ဘာသာပြန်သတင်းများ
တရုတ်တို့၏ ပိုက်လိုင်းစီမံကိန်းအိမ်မက်ဆိုးခြောက်လှန့်
(20 July 2012 ရက်စွဲပါ Energy Tribute မှ Tim Daiss ရေးသားသော China’s pipe dream turns into public relation nightmare ကိုဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံတွင် တရုတ်တို့တည်ဆောက်လျက်ရှိသော ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်းမှာ တိုးတက်လျက်ရှိပြီး ၂၀၁၃ နှစ်လယ်တွင် ပြီးစီးရန် လျာထားသည်။ သို့သော် တရုတ်တို့သည် ၎င်း၏ ကာလရှည်ကြာက မဟာမိတ်မြန်မာနိုင်ငံနှင့် အစစအရာရာ အဆင်ပြေလှသည်တော့ မဟုတ်ပေ။ ပိုက်လိုင်းဖြတ်သန်းရာနေရာမှ ဒေသခံရွာသားများနှင့် လယ်သမားများ ရွှေ့ပြောင်းပေးရမှုတွင် စိတ်ကျေနပ်မှုရှိစေရန် ငွေများဘီလီယံချီ၍ အသုံးပြုခဲ့သော်လည်း၊ နောက်ကြောင်းပြန်၍ ကန့်ကွက် မှုများရှိနေသည်။ တဖန်နိုင်ငံတကာ NGO များ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အုပ်စုများက မီဒီယာများပေါ်တွင် ပိုက်လိုင်းနှင့်ပတ်သက်၍ တိုက်ခိုက်မှုအရှိန်မြင့်လျက်ရှိရာ၊ အဆိုပါစီမံကိန်းမပြီးခင် ရပ်ဆိုင်းသွားရေးကို ရည်မှန်း ကြသည်။ အများစုက ၎င်းတို့၏ ကြိုးပမ်းမှုမအောင်မြင်နိုင်ဟု ထင်မြင်နေကြသော်လည်း မြန်မာနိုင်ငံမှ ပြည်သူများ၏ ထောက်ခံမှုထုထည်ကြီးမားခဲ့လျှင် အားကောင်းသောအင်အားစု ဖြစ်လာနိုင်သည့် သာဓကလည်း ရှိခဲ့သည်။
ဝေဖန်သုံးသပ်သူများက ရှင်းပြရာတွင် ဓါတ်ငွေ့အားလုံးနီးပါးကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဖြစ်ရာ၊ မြန်မာနိုင်ငံ၌မူ လူဦးရေ၏ ၇၅% သည်လျှင် လျှပ်စစ်မီးရရှိခြင်း မရှိသေးပေ။ ၎င်းတို့သည် မှန်ကန်သော အချက်ကိုထောက်ပြခဲ့သည်။ မေလက ရန်ကုန်မြို့၏ လမ်းများပေါ်တွင် မီးပြတ်လပ်မှုကြောင့် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ အချို့ဆန္ဒပြသူများသည် ရဲများနှင့်အချင်းများခဲ့ကြပြီး အစိုးရသစ်က နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်လျက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် ကတိများကောင်းမွန်စွာ လုပ်ဆောင်ပြနေချိန်တွင် နိုင်ငံတကာမီဒီယာများကို ဆွဲဆောင်နိုင်သော သတင်း ဖြစ်ခဲ့သည်။ အစိုးရသည် ဆေးမြီးတိုကုစားနည်းဖြင့် ဂျပန်နိုင်ငံမှ ၁၂၀ မဂ္ဂါဝပ် ဓါတ်ငွေ့တာဘိုင်သုံးလုံးမှာယူပြီး အမြန်ဖြေရှင်းခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် မကျေနပ်ဖြစ်နေသော ပြည်သူများကို ကြာရှည်ချွေးသိပ်နိုင်လိမ့်မည်ဟု မထင်ပေ။
ပိုက်လိုင်းအိမ်မက်
တရုတ်တို့၏ ပိုက်လိုင်းတည်ဆောက်ရခြင်း၏ရည်ရွယ်ချက်မှာ ၎င်းတို့ အမြဲတစေလိုအပ်နေသော ဟိုက်ဒရိုကာဗွန်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးခြင်းသာမက ပထဝီနိုင်ငံရေးနှင့်လည်း သက်ဆိုင်သည်။ အရှေ့အလယ်ပိုင်းမှ သယ်ဆောင်လာသောရေနံများကို မြန်မာနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ခြင်းကြောင့် တရုတ်နိုင်ငံ၏ ရေနံစိမ်းတင်သွင်းမှုသည် မလက္ကာရေလက်ကြားကို ရှောင်သွားနိုင်မည်ဖြစ်သည်။
အဆိုပါရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်းသည် ယူနန်ပြည်နယ်ရွှေလီသို့မဝင်ရောက်မီ မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်သန်းသွားရသည်။ ရေနံစိမ်း ဆိပ်ကမ်းတစ်ခုကိုလည်း မြန်မာနိုင်ငံ၏ အနောက်ဘက် ကျောက်ဖြူတွင် ဆောက်လုပ်မည်ဖြစ်သည်။ ဓါတ်ငွေ့ပိုက်လိုင်းကိုမူ ကမ်းလွန်ရွှေသဘာဝ ဓါတ်ငွေ့လုပ်ကွက်မှ ဓါတ်ငွေ့များတင်ပို့ရာတွင် အသုံးပြုမည်ဖြစ်သည်။
ရေနံပိုက်လိုင်းမှာ ၇၇၁ ကီလိုမီတာ(၄၇၉ မိုင်)သာရှည်သော်လည်း သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှာ ကူမင်းမှ Guizhou နှင့် Guangxi တို့အထိ စုစုပေါင်း ၂၈၀၆ ကီလိုမီတာ(၁၇၀၀မိုင်)ရှည်မည်ဖြစ်သည်။
ရေနံပိုက်လိုင်းကို CNPC နှင့် မြန်မာအစိုးရပိုင် MOGE တို့ဖက်စပ်ရင်းနှီးမြှုပ်နှံတည်ဆောက်ပြီး South East Asia Crude Oil Pipeline Company(SEACOP)က စီမံခန့်ခွဲသည်။ ဓါတ်ငွေ့ပိုက်လိုင်းကို CNPC၊ MOGE၊ ဒေဝူး၊ KOGAS ၊Indian Oil နှင့် GAIL တို့က ပူးတွဲရင်းနှီးမြှုပ်နှံ တည်ဆောက်ပြီး South East Asia Gas Pipeline Company (SEAGP) က စီမံခန့်ခွဲသည်။ CNPC က SEAGP ကိုထိန်းချုပ်ထားသည်။ ထို့အပြင် CNPC သည် ရွှေသဘာဝဓါတ်ငွေ့လုပ်ကွက် A-1 နှင့် A-3 တို့မှ ဓါတ်ငွေ့များကို နှစ်သုံးဆယ်ဝယ်ယူရန် စာချုပ်ချုပ်ဆိုပြီးဖြစ်သည်။
အမေရိကန်၏ Energy Information Administration (EIA) က မြန်မာနိုင်ငံတွင် ၂၀၁၀ ၌ ဓါတ်ငွေ့သိုက်တည်ရှိမှု (၁၀)ထရီလီယံကုဗပေ (Tcf)ရှိကြောင်းဖော်ပြခဲ့သည်။ သို့သော် မြန်မာနိုင်ငံမှစွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပြီးခဲ့သည့်ဇန်နဝါရီလက Reuters သို့ပြောကြားခဲ့ရာတွင် ၎င်း၏ တိုင်းပြည်သည် ဓါတ်ငွေ့အရန်(၂၂.၅)Tcf ရှိသည်ဟုဆိုရာ ၂၀၁၁ ခုနှစ်က BP က ထုတ်ပြန်သောကိန်းဂဏန်းဖြစ်သည့်(၁၁.၈)Tcf ထက် နှစ်ဆခန့့် ဖြစ်နေသည်။ သုံးသပ်သူအများစုကမူ ဝန်ကြီး၏ကိန်းဂဏန်းများ ဖောင်းပွနေမှုအပေါ် သံသယရှိနေကြရာ မပြည့်စုံသော သုတေသနအချက်အလက်များနှင့် လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်း ခေတ်မီသောတိုင်းတာမှုများ မရှိခဲ့ခြင်းအပေါ် အခြေခံလိမ့်မည်ဟု ဆိုနေကြသည်။
ဒေသတွင်း NGO အစုအဖွဲ့တစ်ခုဖြစ်သော Oilwatch Southeast Asia ၏အဆိုအရ မြန်မာနိုင်ငံသည် လက်ရှိအကြမ်းအားဖြင့် သဘာဝဓါတ်ငွေ့(၁)ဘီလီယံ ကုဗပေ(bcf)တင်ပို့လျက်ရှိရာ၊ တရုတ်နှင့်ထိုင်းနိုင်ငံသို့ တင်ပို့ရန် ကတိများအရ တင်ပို့ခဲ့ပါက တစ်ရက်လျှင်(၁.၆)bcf ရှိလာမည်ဟု သိရှိရသည်။ လက်ရှိအားဖြင့် မြန်နိုင်ငံမှ သဘာဝဓါတ်ငွေ့သည် ထိုင်းနိုင်ငံလိုအပ်ချက်၏ ၃၀% ကို ဖြည့်ဆည်းပေးလျက်ရှိရာ၊ ထိုင်းနိုင်ငံသည် လျှပ်စစ်မီး ထုတ်လုပ်ရာတွင် အများစုအသုံးပြုသည်။
မြန်မာနိုင်ငံ၏ သဘာဝဓါတ်ငွေ့တင်ပို့မှုမှာ ၂၀၀၉-၂၀၁၀တွင် ဒေါ်လာ(၂.၉၂)ဘီလီယံရရှိခဲ့ပြီး ၂၀၁၁-၂-၁၂ တွင် ဒေါ်လာ(၃.၅၆၃)ဘီလီယံ ရရှိခဲ့ရာ ဒေါ်လာသန်း(၆၄၀)ခန့် ပိုမိုရရှိခဲ့သည်ဟု တရုတ်၏ Xinhua သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။ IMF၏ ခန့်မှန်းချက်တွင် ၂၀၁၃ ၌ မြန်မာနိုင်ငံ၏ သဘာဝဓါတ်ငွေ့မှ ဝင်ငွေသည် ဒေါ်လာ(၄)ဘီလီယံရှိမည်ဟု ဆိုသည်။
စစ်ဆင်ရေးအရှိန်မြှင့်
ပိုက်လိုင်းနှင့်ပတ်သက်၍ ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း ပြည်သူများအကြား စစ်ဆင်ရေးအရှိန်မြင့်လာခဲ့ရာ၊ ထိုင်းနိုင်ငံအခြေစိုက် စောင့်ကြည့်ရေးအဖွဲ့တစ်ခုက ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘာဝဓါတ်ငွေ့သယံဇာတကို အမြတ်ထုတ်နေကြောင်း CNPC ၏ အကျိုးစီးပွားကို ဆန့်ကျင်ပြောဆိုခဲ့သည်။
ဇွန်လ(၂၁)ရက်နေ့ကလည်း ဧရာဝတီမဂ္ဂဇင်းတွင် “မရေရာသော ပိုက်လိုင်းကြောင့်၊ ကုမ္ပဏီများ ပြည်သူများနှင့် ဆက်ဆံရေးချဉ်းကပ်မှုဖြင့် ကြိုးပမ်း”ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားထားသည်ကို တွေ့ရသည်။
“ပိုက်လိုင်းစီမံကိန်းသည် မြန်မာ၏နိုင်ငံ၏ အင်အားကြီးအိမ်နီးချင်းအပေါ် ကြီးစွာအကျိုးဖြစ်ထွန်းသော်လည်း မြန်မာနိုင်ငံသားများအတွက် အကျိုးရှိသည်ဆိုသည်မှာ သံသယဖြစ်ဖွယ်ရှိသည်”ဟု ဧရာဝတီက ရေးသားထားသည်။ “အဆိုပါစီမံကိန်းတွင်ပါဝင်သော SEAGP နှင့် SEACOP တို့သည်၊ မြန်မာစစ်အစိုးရအပေါ် ကျောထောက်နောက်ခံပြုခဲ့သော တရုတ်အနေဖြင့် ပိုက်လိုင်းအတွက် ငွေတောင်းစားသူအား ပေးကမ်းစွန့်ကြဲသည်ထက် အနည်းငယ်ပိုသောငွေသာ သုံးရသည်ဟူသောအစွဲကို ချေဖျက်ရန်ပို၍ ကြိုးစားလာကြရသည်”ဟု ဖော်ပြထားသည်။
အတင်းရွှေ့ပြောင်းခိုင်းမှုများ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဖြစ်ခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ လူနေမှုဘဝများ ပျောက်ဆုံးခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်ကျလာမှုများ၊ ပြည်သူများအကြား သတင်းဖြန့်ဝေမှုမရှိခြင်း၊ ဒေသခံများ ပူးပေါင်းပါဝင်မှု မရှိခြင်းနှင့် ဒေသခံလူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းမှု ပြည့်စုံမှုမရှိခြင်း စသည့်ချိုးဖောက်မှုများအတွက် စွပ်စွဲချက်များ ရှိသည်။
ဖိအားပေးခဲ့သောစွပ်စွဲမှုတစ်ခုမှာ နေရာရွှေ့ပြောင်းပေးရသော လယ်သမားများ နစ်နာကြေး လုံလောက်စွာမရခြင်း ဖြစ်သည်။
“ပိုက်လိုင်းလမ်းကြောင်းအတွက် မြေသိမ်းယူမှုများကြောင့် မရေမတွက်နိုင်သော လူများမြေမဲ့၊ အလုပ်လက်မဲ့များ ဖြစ်ရခြင်းအပြင် အခြားသူများမှာ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်းများ ကြုံတွေ့ရလျက်ရှိသည်”ဟု Shwe Bas Movement မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
တရုတ်မှလည်း တုန့်ပြန်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ကျောက်ဖြူအနီး မဒေးကျွန်းတွင် SEACOP ၏ ဆိပ်ကမ်းဆောက်လုပ်ရေးမှ ဒုတိယ မန်နေဂျာ Chengun Dong က Shwe Gas Movement ၏ ဝက်ဆိုဒ်တွင် ဖော်ပြထားမှုများမှာ မှားယွင်းကြောင်း ပြောဆိုခဲ့သည်။
“ပထမတစ်နှစ်အတွက် ကျွန်တော်တို့ဒေါ်လာ(၈)သန်းလှူပြီးပါပြီ။ လာမယ့်နှစ်(၃၀)မှာ ပိုက်လိုင်းတစ်လျှောက်က ဒေသခံတွေအတွက် ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် တစ်နှစ်ကို ဒေါ်လာ(၂)သန်းသုံးစွဲဖို့ လျာထားပါတယ်။”ဟု Dong ကပြောသည်။
“အများကဆန့်ကျင်လို့ စီမံကိန်းလမ်းချော်သွားမှာ စိုးရိမ်နေရပေမယ့်လည်း ပိုက်လိုင်းစီမံကိန်းကမှန်မှန် လုပ်ဆောင်ပါတယ်။ သတ်မှတ်ရက်အတိုင်း ပြီးဖို့ရှိပါတယ်။ လက်ရှိအားဖြင့် ဓါတ်ငွေ့ပိုက်လိုင်းက ၇၀% ပြီးစီးနေပါပြီ။ ရေနံစိမ်းကပ်မယ့် ဆိပ်ကမ်းက ၅၀%ပြီးနေပါပြီ”ဟု Dong က ဖြည့်စွက်ပြောသည်။
CNPC က ၎င်း၏ ဝက်ဆိုဒ်တွင်ဖော်ပြထားရာ၌ ပိုက်လိုင်းစီမံကိန်းအဖွဲ့သည် မြေများဝယ်ယူရေးတွင် အတင်းအကြပ် ဆုံးဖြတ်ခြင်းမပြုဘဲ၊ လယ်ယာမြေများပေါ်တွင် အနည်းဆုံးထိခိုက်မှုသာရှိရန် အခြေခံစဉ်းစားခဲ့ကြောင်း နစ်နာကြေးများ ပေးရာတွင်လည်း သင့်တင့်မျှတပြီး၊ ပွင့်လင်းမြင်သာ၍ တရားဝင်ဖြစ်စေရန် လုပ်ဆောင်ပေးခဲ့သည်ဟု ဖော်ပြထားသည်။
၎င်းကမြေဝယ်ယူရေး စကားပြောရာတွင် မအောင်မြင်မှု၊ ဘုန်းကြီးကျောင်း၊ ဘုရားစေတီ၊ စာသင်ကျောင်း၊ ဘေးမဲ့တော၊ သုဿန်တို့ရှိနေပါက ပိုက်လိုင်း လမ်းကြောင်းကို ပြန်လည်ရေးဆွဲကြောင်း ဖော်ပြထားသည်။
တရုတ်၏ စိုးရိမ်မှုမှာ ချဲ့ကားခြင်းမဟုတ်ပေ။ မြန်မာနိုင်ငံတွင် ပြည်သူများ၏ထောက်ခံမှုဖြင့် တစ်ကြိမ်တစ်ခါဆုံးရှုံးမှုရှိခဲ့ပြီး ဖြစ်သည်။ ၂၀၁၁ စက်တင်ဘာ ၃၀ ရက်နေ့က ပြည်သူလူထု၏ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားမှုကြောင့် မြန်မာသမ္မတသည် တရုတ်တို့လုပ်ဆောင်နေသော မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းပစ်ခဲ့ရာ Beijing ကို စိတ်ဆိုးစေခဲ့သည်။ ယခု ပိုက်လိုင်းစီမံကိန်းတွင်လည်း ယခင်နည်းတူဖြစ်ပွားခဲ့ပါက တရုတ်တို့သည် ပိုက်လိုင်းတွင် ငွေများစွာ အသုံးပြုထားပြီဖြစ်ရာ၊ ၎င်းတို့၏ စွမ်းအင်လုံခြုံရေး အစီအမံများပြိုလဲကာ မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အန္တရာယ်ကြီးလှသည်။
************************************************
အပစ်ရပ်ကာလအလွန် ကချင်ပြည်နယ်တွင် ငြိမ်းချမ်းသောလက္ခဏာမရှိ
(VOA News မှ 20 July 2012 ရက်စွဲပါ Post-casefire, No signs of peace in Burama’s kachin သတင်းကို ဘာသာပြန်ဆိုသည်)
မြန်မာအစိုးရတပ်များနှင့် ကချင်လက်နက်ကိုင်တပ်များအကြား အပစ်ရပ်စဲမှုများ ပျက်ပြားသွားပြီးနောက် တစ်နှစ်ခန့် ရှိလာချိန်တွင် ငြိမ်းချမ်းရေး လက္ခဏာများကို မတွေ့ရသေးပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် သယံဇာတရင်းမြစ်များ ထိန်းချုပ်ခွင့်အတွက် KIO နှင့် အစိုးရတပ်များတိုက်ခိုက်မှုကြောင့် ကချင် ဒေသခံပြည်သူ ထောင်ပေါင်းများစွာ နေရပ်ဒေသများကို စွန့်ခွာထွက်ပြေးနေကြရသည်။
ယင်းသို့ ကချင်ပြည်နယ်မှာ ယာယီဒုက္ခသည်စခန်းများသို့ ထွက်ပြေးခိုလှုံနေကြရသော စစ်ပြေးဒုက္ခသည်များသည် ယခုအခါ မုတ်သုံမိုးရာသီကို အံတုရင်ဆိုင်နေရကာ၊ စားနပ်ရိက္ခာ မလောက်ငှမှုအပေါ် စိုးရိမ်ပူပန်နေကြကြောင်း သိရှိရသည်။
အစိုးရမြို့တော် နေပြည်တော်သို့ နိုင်ငံခြားကယ်ဆယ်ရေးအထောက်အပံ့များ ပိုမိုစီးဝင်လာသော်လည်း စစ်ဘေးသင့် ဒေသသို့ရောက်ရှိလာသော အကူအညီမှာ အလွန်နည်းပါးသည်ဟု ကချင်အုပ်စုများက ဆိုသည်။
ဒေသခံကယ်ဆယ်ရေးအဖွဲ့ ၈ ခု ကိုစုစည်းထားသော Wun Pawng Ninghto ကိုဦးဆောင်နေသော မေလီအောင်က “နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ရန်ပုံငွေအဖွဲ့တွေအားလုံးက မြန်မာနိုင်ငံထဲကို အကူအညီပေးချင်နေကြပါတယ်” ဒါပေမယ့် ဒီနေရာက non-government ထိန်းချုပ်နယ်မြေဖြစ်နေလို့ ဒီကိုလာဖို့ သူတို့လည်း ကြောက်နေကြပါတယ်”ဟု ပြောကြားသည်။
KIO ထိန်းချုပ်နယ်မြေထဲသို့ ထောက်ပံ့ကူညီမှုအချို့ခွင့်ပြုထားသော်လည်း တရုတ်နယ်ထဲမှ ဒုက္ခသည်စခန်းများနှင့် မသက်ဆိုင်ပေ။
မကြာမီကထုတ်ပြန်သော Human Rights Watch အစီရင်ခံစာတွင် ယူနန်ပြည်နယ်မှ ကချင်ဒုက္ခသည်များ အကူအညီကင်းမဲ့နေခြင်းအတွက် တရုတ်နိုင်ငံကို ပြစ်တင်ဝေဖန်ထားပြီး၊ ကယ်ဆယ်ရေးလုပ်သားများအား သွားရောက်ခွင့်ပေးရန် တရုတ်အာဏာပိုင်များကို တောင်းဆိုထားသည်။
သူမ၏သား ၄ ဦးစလုံး မြန်မာနယ်စပ်တွင် KIA အတွက် စစ်တိုက်နေရသောကြောင့် မြေး ၇ ဦးကို ထိန်းကျောင်းစောင့်ရှောက်နေသူ မွီဖူကော်က မရေရာသော အနာဂါတ်ကို သည်းခံနိုင်စွမ်းမရှိတော့ပါဟု ပြောကြားသည်။
“အိမ်ပြန်ကြစို့။ တိုက်ပွဲတွေရပ်သွားပြီဆိုတဲ့ စကားတွေကိုပဲ ကျွန်မကြားချင်ပါတယ်။ ဒုက္ခသည်စခန်းကို တစ်ယောက်ယောက်လာတာမြင်တိုင်း ကျွန်မတို့ အိမ်ပြန်လို့ရပြီလို့ ပြောလိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။ ဒီမှာ ကျွန်မမသေပါရစေနဲ့လို့ အမြဲဆုတောင်းနေပါတယ်”ဟု သူမကဆိုသည်။
မကြာမီအတောအတွင်း ဖြေရှင်းနိုင်လိမ့်မည်ဆိုသည့်အချက်ကို အကဲခတ်လေ့လာသူများစွာက သံသယရှိနေကြသည်။
ယခင်ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏သားဖြစ်သူ ဒီမိုကရေစီလိုလားသော Burma Strategy Group အဖွဲ့ဝင် ထွန်းကျော်ငြိမ်းက“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် ကချင်ပြည်နယ်ပဋိပက္ခအပေါ် အထူးသတိထား၍ ပြောဆို နေရသည်”ဟု ပြောကြားသည်။
“ဒေါ်အောင်ဆန်ုးစုကြည်သည် အခုလိုဘာကြောင့်သတိထားပြောဆို ဆောင်ရွက်နေရသလဲဆိုတာကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ အရာရာဟာ ရှုပ်ထွေးလွန်းတဲ့အတွက် တဖက်ဖက်ကို ဘက်လိုက်သလိုဖြစ်မှာစိုးလို့ပါပဲ။ ဒီလိုအမြစ်တွယ်နေတဲ့ အယုံအကြည်ပျက်မှုကို ကျော်လွှားဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်နဲ့ ကချင်ခေါင်းဆောင်တွေအပါအဝင် သက်ဆိုင်တဲ့အဖွဲ့တွေအားလုံး တစ်ချိန်ချိန်မှာ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြရမှာပါ”ဟု ၎င်းက သုံးသပ်ပြောကြားသည်။
ထိုအတောအတွင်း အရွယ်အစားကြီးထွားလာသော ဒုက္ခသည်စခန်းများမှ ကချင်ဒုက္ခသည်များက နိုင်ငံအနှံ့ သိသာစွာ ပြောင်းလဲနေသော်လည်း သူတို့ဒေသတွင် စစ်မီးတောက်လောင်နေခြင်းအပေါ် ပြေလည်မှုရမည့်အချိန်ကို စောင့်မျှော်လျက်ရှိကြသည်။
*****************************************************************************************************
Google Drive: create, share, and keep all your stuff in one place.