Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၃.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ထိုင်းနိုင်ငံသို့ မြန်မာသမ္မတ ရောက်ရှိ

(Channel News Asia မှ 22 July 2012 ရက်စွဲပါ “Myanmar president visits Thailand”သတင်းကို ဘာသာပြန်ဆိုသည်)

  1. လူစူဖွဲ့အကြမ်းဖက်မှုတွင် ရိုဟင်ဂျာမွတ်စလင်များကို ပစ်မှတ်ထားဟု Amnesty အကွန့်တက်ပြောဆို

(AP သတင်းဌာနမှ 21 July 2012 ရက်စွဲပါ Burmese Muslims targeted in communal violence, says Amnesty ကို ဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

ထိုင်းနိုင်ငံသို့ မြန်မာသမ္မတ ရောက်ရှိ

(Channel News Asia မှ 22 July 2012 ရက်စွဲပါ “Myanmar president visits Thailand”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာသမ္မတဦးသိန်းစိန် အာဏာရပြီးနောက်ပိုင်း ပထမဆုံးတရားဝင် ထိုင်းနိုင်ငံခရီးစဉ်ကို တနင်္ဂနွေနေ့က ထွက်ခွာသွားပြီဖြစ်ရာ၊ ပြုပြင်ပြောင်းလဲနေသော မြန်မာနိုင်ငံနှင့်ပိုမိုတိုးတက်သော ထိုင်းနိုင်ငံတို့အကြား စီးပွားရေးဆက်ဆံမှုများကို တိုးမြှင့်နိုင်မည့် အလားအလာရှိနေသည်။

သမ္မတဦးသိန်းစိန်၏ ၃ ရက်ကြာမည့် ဘန်ကောက်ခရီးတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရေးကိစ္စများနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်ယင်လပ်ခ်နှင့် ဆွေးနွေးမည့် အစီအစဉ်ပါဝင်သည်။

ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံမှုသည် ဒေသတစ်ခုလုံးနှင့် နှစ်နိုင်ငံအကျိုးစီးပွားအတွက် မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အားပေး ထောက်ခံရာတွင် သဘောတူဆက်ဆံမှုများကို ပိုမိုခိုင်မာစေမည့် အခွင့်အလမ်းပင်ဖြစ်သည်ပာု ထိုင်းနိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာသည်။

အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးဆက်ဆံမှုကို ယခင်ကပင် အလေးထားခဲ့သော ထိုင်းနိုင်ငံသည် ယခင် တပ်မတော်အစိုးရလက်ထက် တံခါးပိတ်ကာလတွင်လည်း မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့သည်။

သို့သော် သမ္မတဦးသိန်းစိန်လက်ထက် ပြုပြင်ပြောင်းလဲမှုများက အနောက်အုပ်စုနှင့် ဆက်ဆံရေး သိသာစွာနွေးထွေးလာခဲ့ ပြီး၊ သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံအပေါ် ယခင်ချမှတ်ထားသော Sanctions များ စတင်ဖြေလျော့လာကာ စီးပွားရေးပြန်လည်နိုးထရန် မျှော်လင့်ချက်များ ရှင်သန်လာစေသည်။

မြန်မာနိုင်ငံ၏ မက်မောဖွယ်စွမ်းအင်ကဏ္ဍအခွင့်အလမ်းများကို နိုင်ငံခြားကုမ္ပဏီများစွာက မျက်စိကျနေကြပြီး၊ ဝါရှင်တန်ကလည်း ယင်း၏ ကုမ္ပဏီများ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံကြရန် မီးစိမ်းပြလိုက်ပြီဖြစ်သည်။

တနင်္ဂနွေနေ့က ထိုင်းနိုင်ငံသို့ရောက်ရှိလာသော မြန်မာသမ္မတသည် ဘန်ကောက်နှင့် ကီလိုမီတာ ၈၀ အကွာ ထိုင်းပင်လယ်ကွေ့မှ လမ်ချာဘနံ ရေနက်ဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုမည်ပာု မျှော်လင့်ရသည်။

မြန်မာနိုင်ငံတော်ဖက် အင်ဒါမန် ပင်လယ်ကမ်းရိုးတန်းတွင် ထိုင်းကုမ္ပဏီက ရင်းနှီးမြှုပ်နှံတည်ဆောက်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း စက်မှုဇုန်စီမံကိန်းမှ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ဦးသိန်းစိန်အစိုးရက ပယ်ချခဲ့ပြီးနောက်တွင် ယင်းစီမံကိန်းနှင့် ပတ်သက်သည့် သံသယများ ကြီးထွားလျက် ရှိသည်။

မြန်မာသမ္မတ၏ ဘန်ကောက်ခရီးစဉ်တွင် PTT စွမ်းအင်ကုမ္ပဏီနှင့် Siam Cement ဘိလပ်မြေကုမ္ပဏီအကြီးအကဲများ အပါအဝင် ထိုင်းစီးပွားရေးနယ်ပယ် ဦးဆောင်ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံမည်ပာု သိရသည်။

ထို့ပြင် ဦးသိန်းစိန်နှင့် ယင်လပ်ခ်တို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာပိုင်နက်ကျူးကျော်မှုဖြင့် အဖမ်းခံထားရသော ထိုင်းနိုင်ငံသားများကိစ္စ၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိုင်းအစိုးရ၏ ကိုင်တွယ်ပုံကိစ္စများ ပါဝင်ဖွယ်ရှိသည်ပာုဆိုသည်။

မြန်မာသမ္မတသည် ဒေါ်အောင်ဆန်းစုကြည်၏ ဘန်ကောက်ခရီးနှင့်တိုက်ဆိုင်သွားသော မေလကုန် ထိုင်းခရီးစဉ်ကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် ဖျက်သိမ်းခဲ့ပြီး၊ ဇွန်လအတွင်း ထပ်မံစီစဉ်နေမှုကို မရေရာသော အကြောင်းပြချက်ဖြင့် ထပ်မံဖျက်သိမ်းကာ ယခု တတိယအကြိမ် စီစဉ်၍ ရောက်ရှိလာခြင်းဖြစ်သည်။

                                        ************************************************

လူစူဖွဲ့အကြမ်းဖက်မှုတွင် ရိုဟင်ဂျာမွတ်စလင်များကို ပစ်မှတ်ထားဟု Amnesty အကွန့်တက်ပြောဆို

(AP သတင်းဌာနမှ 21 July 2012 ရက်စွဲပါ Burmese Muslims targeted in communal violence, says Amnesty ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးစုငယ်များမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရခိုင်တိုင်းရင်းသားများ၏ မုဒိမ်းကျင့်မှု၊ ရိုက်နှက်သတ်ဖြတ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း လူ့အခွင့်အရေးအုပ်စုတစ်စုက စောဒကတက်ပြောဆိုသည်။

မြန်မာအစိုးရက ရခိုင်ပြည်နယ်တွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရက်သတ္တခြောက်ပတ် အကြာခန့်အထိ လူစုဖွဲ့ဆူပူ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း၊ လူမျိုးစုငယ်များဖြစ်ကြသော ရိုဟင်ဂျာမွတ်စလင်များမှာ ရိုက်နှက်သတ်ဖြတ်ခြင်းနှင့် မုဒိမ်းကျင့်ခြင်းတို့ ခံနေရကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့(Amnesty International-AI)က စောဒကတက်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရခိုင်တိုင်းရင်းသားများသည် ရိုဟင်ဂျာများအပေါ် ဆန့်ကျင်တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်လာလျက်ရှိသည်ဟု AI က မကျေမနပ်ပြောဆိုသည်။ ရိုဟင်ဂျာများကို မြန်မာတိုင်းရင်းသားလူမျိုးအများစုက နိုင်ငံခြားသားများအဖြစ် သတ်မှတ်ထားကြပြီး အစိုးရက ၎င်းတို့အား နိုင်ငံသားအဖြစ် အသိအမှတ်ပြုလက်သင့်မခံပေ။ အကြောင်းမှာ ရိုဟင်ဂျာကို အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ဝင်ရောက်လာသူများအဖြစ် စဉ်းစားဆုံးဖြတ်ထားကြသောကြောင့် ဖြစ်သည်။

ပြီးခဲ့သည့်မေလနှောင်းပိုင်းက ရခိုင်ပြည်နယ်တွင်း ရခိုင်အမျိုးသမီးငယ်တစ်ဦးကို မွတ်စလင်ဘာသာဝင် အမျိုးသားသုံးဦးက မုဒိမ်းကျင့် သတ်ဖြတ်မှုဖြစ်ပေါ်ပြီး အဆိုပါ ဖြစ်ရပ်ကို လက်တုံ့ပြန်သည့်အနေဖြင့် ရခိုင်တိုင်းရင်းသားများက မွတ်စလင် ၁၀ ဦးကို ရိုက်နှက်သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်ရှိ မြို့အတော်များများတွင် လူစုဖွဲ့ဆူပူအုံကြွမှုများနှင့် သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ အဆိုပါဖြစ်ရပ်များအတွင်း လူပေါင်းအနည်းဆုံး ၇၈ ဦး သေဆုံးပြီး ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

အဆိုပါ အချိန်ကာလမှစ၍ လူစုဖွဲ့ဆူပူသောင်းကျန်းမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ AI အဆိုအရ ယခုအခါ တိုက်ခိုက်မှုများသည် ရိုဟင်ဂျာများအပေါ် အဓိက ဦးတည်လျက်ရှိကြောင်း သိရသည်။ လွန်ခဲ့သည့် ရက်သတ္တခြောက်ပတ်အတွင်း ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများနှင့် ပတ်သက်၍ "အဓိကအားဖြင့် တစ်ဖက်သတ် ဆန်ပါတယ်၊ မွတ်စလင်တွေအပေါ် ယေဘုယျဦးတည်တယ်၊ အထူးသဖြင့် ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတယ်"ဟု AI မှ ဘန်ကောက်အခြေစိုက် သုတေသီ ဘင်ဂျာမင်ဇဝက်ကီက AP သတင်းဌာနသို့ ပြောကြားသည်။ "တချို့က လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်တာခံရတယ်၊ တချို့က ရခိုင်တိုင်းရင်းသားတွေရဲ့ တိုက်ခိုက်မှုကို ခံရတယ်၊ ရခိုင်တိုင်းရင်းသားတွေ တိုက်ခိုက်တဲ့ အခါမှာ လုံခြုံရေးတပ်ဖွဲ့တွေက မမြင်ချင်ယောင်ဆောင်နေကြတယ်"ဟု ဘင်ဂျာမင်ဇဝက်ကီက ဆက်လက်ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ AP သတင်းဌာနက မြန်မာအစိုးရထံ ဆက်သွယ်မေးမြန်းသော်လည်း အာဏာပိုင်အရာရှိများက ရုတ်တရက် သုံးသပ်ချက် ပေးနိုင်ခြင်း မရှိပေ။

ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များသည် ရိုဟင်ဂျာ ရာပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုသည်။

"လုံခြုံမှုနှင့် တရားဥပဒေစိုးမိုးမှု ပြန်လည်ရရှိလာချိန်တွင် လူ့အခွင့်အရေး အကာအကွယ်ပေးမှုလည်း လိုအပ်လာသည်။ ဖမ်းဆီးထိန်းသိမ်းမှု အများစုမှာ မတရားသဖြင့်ဆုံးဖြတ်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့ကြောင့် ဖြစ်ဟန်ရှိသည်။ ယင်းကိစ္စသည် လွတ်လပ်မှုရရှိခွင့်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်များကို ချိုးဖောက်မှုသာဖြစ်သည်"ဟု AI က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင်း ဆူပူအကြမ်းဖက်မှုများသည် ပြီးခဲ့သည့်ဇွန်လတွင် အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိသွားပြီး မြန်မာနိုင်ငံတွင် နှစ်များစွာအတွင်း အဆိုးရွားဆုံးလူမျိုးရေးနှင့်ဘာသာရေးဆိုင်ရာ သွေးထွက်သံယိုမှုအဖြစ် ရှုမြင်ခံခဲ့ရသည်။ သို့အတွက်ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ ကံကြမ္မာနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောဆိုသည်အထိ ဖြစ်လာခဲ့သည်။

မြန်မာသမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်တွင်းမှ ရိုဟင်ဂျာများကို တတိယနိုင်ငံသို့ပို့ခြင်း သို့မဟုတ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီသို့ ပို့ခြင်းတို့ပြုလုပ်မည်ဟု ပြောဆိုခဲ့သည်။ သို့သော် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှအကြီးအကဲ Antonio Guterres က ရိုဟင်ဂျာများကို ပြန်လည်နေရာချမည့် ကိစ္စသည် မိမိတို့ အလုပ်မဟုတ်ကြောင်း ပြောဆိုသည်။

ဘင်္ဂါလီဟုလည်းခေါ်သည့် ရိုဟင်ဂျာများသည် ၁၉ ရာစု ဗြိတိသျှကိုလိုနီတို့ မြန်မာနိုင်ငံကို သိမ်းပိုက်ထားချိန်ကတည်းက ဝင်ရောက် နေထိုင်လာခဲ့သည့်တိုင် မြန်မာပြည်သူအတော်များများသည် ရိုဟင်ဂျာများကို တရားဝင်နေထိုင်သူများအဖြစ် လက်သင့်ခံသတ်မှတ်မှု မပြုကြပေ။ ၁၉၈၀ နှင့် ၁၉၉၀ ပြည့်နှစ်များအတွင်း ဖိနှိပ်ချုပ်ခြယ်မှုများကြောင့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ဖူးသည်။ အဆိုပါ ရိုဟင်ဂျာများ ပြန်လည်ဝင်ရောက်လာချိန်တွင် တရားမဝင် ဝင်ရောက်သူနှင့် ရားဝင်နေထိုင်ခဲ့ဖူးသူများ ရောထွေးသွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် လက်သင့်မခံဘဲ ၎င်းတို့သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသူများဖြစ်သည့်အတွက် မြန်မာဘက်ကသာ နိုင်ငံသားအဖြစ် လက်သင့်ခံသင့်ကြောင်း တိုက်တွန်း ပြောဆိုထားသည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူဦးရေ ရှစ်သိန်းခန့်ရှိသည်။ ထိုအထဲမှ ရိုဟင်ဂျာထောင်နှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား(သို့မဟုတ်) အခြားတစ်နေရာသို့ နှစ်စဉ် ထွက်ပြေးလျက်ရှိသည်။

လူ့အခွင့်အရေးအုပ်စုများအဆိုအရ ရိုဟင်ဂျာများသည် မတရားခိုင်းစေခံရခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၊ လွတ်လပ်စွာ လှုပ်ရှားမှု မရရှိခြင်း၊ အိမ်ထောင်ပြုခွင့်နှင့် ကလေးမွေးဖွားခွင့်မရှိခြင်းတို့ကြောင့် ယင်းသို့ ထွက်ပြေးကြခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

        ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment