Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံ၏ ကြွေးမြီဝန်ထုပ်ဝန်ပိုးလျော့စေရန် ဂျပန်နိုင်ငံက ပေါင်းကူးချေးငွေကို ဒေါ်လာသန်း ၉၀၀ အထိထပ်တိုးမည်

(The Japan Times မှ 2 Aug 2012 ရက်စွဲပါ “Japan to extend $ 900 million in bridge loans to Myanmar to ease its debt burden”သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာပြည်မှ ပြဿဒါးနေ့ရက်များ

(Hurriyet Daily မှ 31 July 2012 ရက်စွဲပါ ကနေဒါလူမျိုးသတင်းစာဆရာ Gwynne Dyer ၏ သဘောထားအမြင်ဆောင်းပါးဖြစ်သော Bad Days in Burma ကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ၏ ကြွေးမြီဝန်ထုပ်ဝန်ပိုးလျော့စေရန် ဂျပန်နိုင်ငံက ပေါင်းကူးချေးငွေကို ဒေါ်လာသန်း ၉၀၀ အထိထပ်တိုးမည်

(The Japan Times မှ 2 Aug 2012 ရက်စွဲပါ “Japan to extend $ 900 million in bridge loans to Myanmar to ease its debt burden”သတင်းကို ဘာသာပြန်ဆိုသည်။)

ကမ္ဘာ့ဘဏ်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်သို့ ပေးရန်ကြွေးကျန်များအား မြန်မာနိုင်ငံက ပြည်လည်ပေးဆပ်နေမှုကို ကူညီရန်အတွက် တိုကျိုက မြန်မာနိုင်ငံသို့ပေးမည့် ပေါင်းကူးချေးငွေကို ဒေါ်လာသန်း ၉၀၀ ၀န်းကျင်သို့ ထပ်တိုးလိုက်သည်ဟု ဗုဒ္ဓဟူးနေ့က သိရှိရသည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် စည်းမျဉ်းများအရ ငွေချေးမည့်နိုင်ငံများသည် ငွေကြေးအကူအညီသစ် မတောင်းမီ ပေးရန်ကျန်ရှိသော ကြွေးပောာင်းများကို အရင်ဆပ်ရန်လိုအပ်သည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်နှစ်ခုစလုံးတွင် အများဆုံးရှယ်ယာထည့်ဝင်ထားသူ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲလာပြီးနောက်ပိုင်း ယင်းနိုင်ငံအပေါ် Sanctions များ ဖြေလျော့ပေးခဲ့သော်လည်း ချေးငွေသစ်ထပ်မပေးရန် နှစ်ဘဏ်စလုံးကို တားမြစ်ထားဆဲဖြစ်သည်။

မြန်မာနိုင်ငံအပေါ် လက်ကျန် Sanctions များကို ဝါရှင်တန်က ခန့်မှန်းခြေဇန်နဝါရီလခန့်တွင် ဖယ်ရှားပေးမည့်အချိန်တွင် ကမ္ဘာ့ဘဏ်နှင့် ADB ထံမှ ချေးငွေသစ် ရရှိရန်အတွက် တိုကျို၏ပေါင်းကူးချေးငွေက လမ်းဖွင့်ပေးလိမ့်မည်ဟု နေပြည်တော်အာဏာပိုင်များက မျှော်လင့်နေကြသည်။

ကမ္ဘာ့ဘဏ်နှင့် ADB နှစ်ဖွဲ့စလုံးကလည်း မြန်မာနိုင်ငံအား ပိုက်ဆံပြန်ချေးရာတွင် လိုအပ်သောအခြေခံလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့တော်၌ ရုံးခွဲများ ဖွင့်လှစ်ခဲ့ကြသည်။

ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၄၀၀ ခန့်နှင့် ADB က ဒေါ်လာသန်း ၅၀၀ ခန့်ကို မြန်မာနိုင်ငံထံမှ သက်တမ်းလွန်အကြွေးအဖြစ် ရရန် ကျန်ရှိသည်ဟု သိရှိရသည်။

၁၉၈၀ ခုနှစ်များနှောင်းပိုင်းတွင် ယခင်တပ်မတော်အစိုးရက ယင်း၏ပြည်သူများအပေါ် လူ့အခွင့်အရေးညှင်းပန်းနှိပ်စက်မှုများ ကျူးလွန်ခြင်းကို နိုင်ငံတကာအသိုင်းအ၀ိုင်းက စီးပွားရေးပိတ်ဆို့ဒဏ်ခတ်လိုက်ချိန်တွင် ကမ္ဘာ့ဘဏ်နှင့် ADB နှစ်ဖွဲ့စလုံးက မြန်မာနိုင်ငံအား ပိုက်ဆံချေးခြင်းကို ရပ်ဆိုင်းခဲ့ကြခြင်း ဖြစ်သည်။

                                                                ******************************************************

မြန်မာပြည်မှ ပြဿဒါးနေ့ရက်များ

(Hurriyet Daily မှ 31 July 2012 ရက်စွဲပါ ကနေဒါလူမျိုးသတင်းစာဆရာ Gwynne Dyer ၏ သဘောထားအမြင်ဆောင်းပါးဖြစ်သော Bad Days in Burma ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာအရေးကိစ္စနှင့်ပတ်သက်၍ နောက်ဆုံးတွင် ပြောနိုင်ဆိုနိုင်သည့် အဆင့်တွင်ရှိသူတစ်ဦးက  တစ်စုံတရာထုတ်ဖော် ပြောဆိုလာပြီ ဖြစ်သည်။ ယင်းမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ Navi Pillay က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်များအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက အစီအစဉ်တကျပစ်မှတ်ထားကာ ညှဉ်းပန်းနှိပ်စက်နေသည်ဟူသော စောဒကတက်မှုများကို လွတ်လပ်မှုရှိသည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တောင်းဆိုလိုက်ခြင်းပင်ဖြစ်သည်။ မြန်မာအစိုးရက ရခိုင်ပြည်နယ်တွင်း ဆူပူအကြမ်းဖက်မှုများတွင် လူပေါင်း ၇၈ ဦးသေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်တိုင် ရိုဟင်ဂျာမွတ်စလင်အသိုင်းအဝိုင်းခေါင်းဆောင်များက ၆၅၀ သေဆုံးခဲ့ကြောင်း ပြောဆိုကြသည်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင် စုစုပေါင်းရှစ်သိန်းခန့်ရှိသည့်အနက် တစ်သိန်းခန့်မှာ ယခုအခါ ပြည်တွင်းဒုက္ခသည်များဖြစ်နေပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားကြသည်ဟူသောအချက်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ အငြင်းမပွားကြပါ။ သင်တို့အနေဖြင့် ဤကိစ္စတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ရိုဟင်ဂျာများဘက်ကနေ၍ မားမားမတ်မတ်ရပ်တည်ပေးကြလိမ့်မည်ဟု ထင်ကောင်းထင်ကြလိမ့်မည်။

ကံဆိုးချင်တော့ ယခုတစ်ကြိမ်တွင် ဘုန်းတော်ကြီးများက မှားသည့်ဘက်တွင် ရပ်တည်ကြသည်။ ဘုန်းတော်ကြီးများက ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများ အပြင်မှနေပြီး ရိုဟင်ဂျာများအတွက် စားနပ်ရိက္ခာနှင့် အခြားအကူအညီများ သယ်ဆောင်လာသူများကို မောင်းထုတ်လျက်ရှိသည်။ အဆိုပါဒေသတွင် အရေးပါသည့် ဘာသာရေးအသင်းအဖွဲ့ဖြစ်သော စစ်တွေရဟန်းပျိုများအဖွဲ့နှင့် မြောက်ဦး သံဃာတော်များအဖွဲ့တို့က ဒေသခံများအား ရိုဟင်ဂျာများနှင့် ထိတွေ့ဆက်ဆံမှုမပြုကြရန် တိုက်တွန်းခဲ့ကြသည်။ ထို့ပြင် လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင်လည်း "ရိုဟင်ဂျာများသည် သဘာဝအရ ရိုင်းစိုင်းသူများဖြစ်သည်"ဟု ဖော်ပြခဲ့သည်။

နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီး နောင်အနာဂါတ်တွင် မြန်မာနိုင်ငံသမ္မတဖြစ်ဖွယ်ရှိသော အမျိုးသမီးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရိုဟင်ဂျာအရေးကိစ္စကို ထိပ်တိုင်ရင်ဆိုင်ခြင်း သို့မဟုတ် ကျောထောက်နောက်ခံပြုခြင်း တစ်စုံတရာမပြုလုပ်ဘဲ နေလျက်ရှိသည်။ မကြာသေးခင်က နိုင်ငံခြားသတင်းစာဆရာများက "ရိုဟင်ဂျာများကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု၊ မပြုသိလိုကြောင်း" မေးမြန်းရာ သူမက "ကျွန်မမသိပါဘူး"ဟု ဝေ့လည်ကြောင်ပတ် ဖြေကြားခဲ့သည်။ "နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ ဥပဒေတွေနဲ့ဘယ်သူတွေ နိုင်ငံသားဖြစ်ခွင့် ရှိတယ်ဆိုတာကို ကျွန်မတို့အနေနဲ့ ရှင်းရှင်းလင်းလင်း သိရှိထားရမှာဖြစ်ပါတယ်"ဟု သူမက ဆိုသည်။

အကယ်၍ သူမသာ ရိုးစင်းခဲ့မည်ဆိုပါက အထက်ပါအတိုင်းတုံ့ပြန် ဖြေကြားမည်မဟုတ်ပေ။ "ဟုတ်ပါတယ်၊ ရိုဟင်ဂျာတွေဟာ နိုင်ငံသားတွေပါ။ ဒါပေမဲ့ ဟုတ်ပါတယ်လို့ မပြောဝံ့ဘူး။ စစ်တပ်က နောက်ဆုံးမှာအာဏာစွန့်လွှတ်မှာပါ။ ကျွန်မအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိချင်ပါတယ်။ မြန်မာမွတ်စလင်တွေရဲ့ အခွင့်အရေးကိုကာကွယ်ပေးမိလျှင် ကျွန်မအနေနဲ့ မဲတစ်ပြားမှရမှာ မဟုတ်ပါဘူး"ဟု ယခုကဲ့သို့ ဖြေကြားပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာခဏနှိုင်းယှဉ်ပြောဆိုခံရသော နယ်လ်ဆင်မင်ဒဲလားဆိုပါက သူမလိုပုံစံမျိုးဖြင့် ပြောဆိုမည်မဟုတ်ပေ။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သော သူမအနေဖြင့် ရဲဝံ့စွာထုတ်ဖော်ပြောဆိုရန် သတ္တိမရှိမှုကိုဖော်ကျူးရာရောက်သည်။ ဘာသာရေးယုံကြည်ချက်နှင့် အကျင့်စာရိတ္တပိုင်းဆိုင်ရာ အပြုအမူဟူသည်မှာလည်း အလိုအလျောက်အတူတကွ ယှဉ်တွဲနေမည် မဟုတ်ပေ။ အမျိုးသားရေးစိတ်ဓာတ်က အဆိုပါနှစ်ခုစလုံးကို လွှမ်းမိုးထားနိုင်သည်။ သို့အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်များ ဆိုးဆိုးရွားရွားတုံ့ပြန် ပြုမူနေသည်ဟူသောအချက်အပေါ် အံ့သြသင့်မနေဘဲ မြန်မာနိုင်ငံတွင် ဘာတွေအမှန်တကယ် ဖြစ်ပေါ်နေသည်ဟူသောအချက်ကို ဆန်းစစ်ကြည့်ကြပါစို့။

ရိုဟင်ဂျာများသည် လွန်ခဲ့သော ၁၄ ရာစုနှစ် ၁၈ ရာစုအကြား ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ပြီးနောက် အိန္ဒိယမှ ရွှေ့ပြောင်းနေထိုင်သူများ မြန်မာနိုင်ငံသို့ ဝင်ရောက်မှုမပြုခင်အချိန်ကတည်းက ရခိုင်ပြည်တွင် အခြေချနေထိုင်လာခဲ့ကြသည်။ ၁၉၃၀ ပြည့်နှစ်များတွင် အိန္ဒိယနိုင်ငံမှ ထပ်မံရောက်ရှိလာသူအတော်များများ မြန်မာနိုင်ငံရှိမြို့ကြီးများသို့ရောက်ရှိလာပြီး ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများတွင် ကြီးစိုးလာကြသည်။ မြန်မာလူမျိုးတို့၏ မကျေမချမ်းမှုမှာ သဘာဝကို၌က ပြင်းထန်သည့်သဘောတွင် ရှိခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်များ ဝင်ရောက်လာသောအခါ အိန္ဒိယမှ ရွှေ့ပြောင်းဝင်ရောက်လာသူ အတော်များများမှာ မောင်းထုတ်ခံခဲ့ရသည်။ သို့သော် မြန်မာတို့၏ကြောက်လန့်မှုနှင့် နိုင်ငံခြားသားများမုန်းတီးမှုတို့မှာ ဆက်လက်ကျန်ရှိနေခဲ့ပြီး ယခုအချိန်တွင် ရိုဟင်ဂျာများအပေါ် ရောက်ရှိသွားခြင်းဖြစ်သည်။ ရိုဟင်ဂျာများကို အဓိကပစ်မှတ်ထားရခြင်းမှာ ၎င်းတို့အား နိုင်ငံခြားသားများအဖြစ် အဓိက ရှုမြင်ခြင်းကြောင့် ဖြစ်သည်။ သို့သော် ၎င်းတို့မှာ အမှန်တကယ်တမ်းတွင် ဗုဒ္ဓဘာသာဝင်များကြီးစိုးသောနိုင်ငံ၌ ရိုဟင်ဂျာများမှာ မွတ်စလင်များဖြစ်ကြရာ ၎င်းတို့အား နိုင်ငံခြားမှဝင်ရောက်လာသူများထက်ပင် ပို၍ဆိုးသကဲ့သို့ရှိသည်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများမှာ အိမ်နီးချင်းဗုဒ္ဓဘာသာဝင်များကဲ့သို့ပင် ဆင်းရဲသောလယ်သမားများဖြစ်ခဲ့ကြပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသားဖြစ်ခွင့်ရရေးဟူသောကိစ္စမှာ ၁၉၆၂ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပိုက်မှုမဖြစ်ပေါ်ခင် အချိန်ကာလအထိ ထွက်ပေါ်လာခြင်းမရှိခဲ့ပေ။ သို့သော် ၁၉၇၈ ခုနှစ်တွင် စစ်တပ်က ရိုဟင်ဂျာများကို တိုက်ခိုက်ခဲ့ပြီး လူပေါင်းနှစ်သိန်းခန့်အား ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်သို့ မောင်းထုတ်ခဲ့ကြသည်။ ထိုစဉ်က သတ်ဖြတ်မှုများ၊ မုဒိမ်းကျင့်မှုများနှင့် ဗလီများကိုဖျက်ဆီးမှုများလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သည်။ စစ်အာဏာရှင်တစ်ဦးဖြစ်သူ ဦးနေဝင်းက ၁၉၈၂ ခုနှစ်တွင် ရိုဟင်ဂျာများ၏နိုင်ငံသားဖြစ်ခွင့်ကို ပယ်ဖျက်လိုက်ပြီး အခြားနေရာဒေသများသို့ တရားဝင်ခွင့်ပြုချက်မပါရှိဘဲ ခရီးသွားလာခွင့်မရှိဟူသော အမိန့်ထုတ်ပြန်ခဲ့သလို မြေယာပိုင်ဆိုင်ခွင့်၊ လက်ထပ်ထိမ်းမြားခွင့်တို့ကို ပိတ်ပင်လိုက်သည်။ တစ်မိသားစုလျှင် ကလေးနှစ်ယောက်ထက် ပို၍မယူရဟူသော အမိန့်လည်းထုတ်ပြန်ခဲ့သည်။ ၁၉၉၀-၉၁ ခုနှစ်တွင်လည်း အလားတူစစ်တပ်ဦးဆောင်သည့် ရိုဟင်ဂျာနှိမ်နင်းရေး စစ်ဆင်ရေးတစ်ရပ်ပြုလုပ်ခဲ့ရာ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထပ်မံထွက်ပြေးကြရပြန်သည်။

မကြာသေးခင်ကမူ စစ်ဗိုလ်ချုပ်ဟောင်းနှင့် လက်ရှိ မြန်မာအသွင်ကူးပြောင်းရေး သမ္မတဦးသိန်းစိန်က ကုလလူ့အခွင့်အရေးအကြီးအကဲ Navi Pillay အား ယခုလို တုံ့ပြန်ပြောဆိုခဲ့သည်။ "ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ တိုင်းရင်းသားပြည်သူများအတွက် တာဝန်ယူသွားမည်ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ တိုင်းရင်းသားမဟုတ်ဘဲ ပြည်တွင်းသို့တရားမဝင် ဝင်ရောက်လာသူ ရိုဟင်ဂျာများကို လက်သင့်ခံရန်ကိစ္စမှာ ဖြစ်နိုင်ခြေမရှိပါ။ အခြားတိုင်းပြည်တစ်ခုခုက ၎င်းတို့ကို ခေါ်ဆောင်ရမည်ဖြစ်သည်"ဟု ဆိုသည်။

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံသို့တရားမဝင် ဝင်ရောက်လာခြင်းမဟုတ်ပေ။ မြန်မာပြည်တွင် တိုင်းရင်းသားလူမျိုးစုဒါဇင်နှင့်ချီ၍ ရှိသည်။ ယခုကဲ့သို့ ထိတ်လန့်စရာကောင်းသော၊ လောဘပါသော၊ လျစ်လျူရှုသော၊ ခေါင်းပုံဖြတ်သောမူဝါဒမျိုးကို နိုင်ငံရေးသမားများလက်ကိုင်ထားခြင်းမှာ အမျိုးသားရေးစိတ်ခံစားချက်နှင့် ဘာသာရေးဆိုင်ရာမုန်းတီးမှုတို့ကြောင့်သာ ဖြစ်လေသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment