Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စိန်ခေါ်များကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်ဖို့

*****************************************

ဆောင်းပါးကဏ္ဍ

စိန်ခေါ်များကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်ဖို့

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ထွန်းတိုးတက်မှုများသည် ယင်းကို အမြဲစောင့်ကြည့်လေ့လာနေသော သောတုဇနများ၊ ဂျာနယ်လစ်များ အတွက် ရင်သပ်ရှုမောဖွယ်ကောင်းသော ပြဇတ်တပုဒ်လို အချိုးအကွေ့များ များစွာရှိနေသည်။ နိုင်ငံတကာမီဒီယာများမှ မြန်မာနိုင်ငံ၏ အပြောင်းအလဲ အကောင်းအဆိုးကို တခုတ်တရနဲ့ ဝေဖန်မှုများ ဆထက်တစ်ပိုး တိုးလာလျက်ရှိနေသည်။ နိုင်ငံတော်သမ္မတဦးသိန်စိန်မှ အစိုးရသစ်၏ မူဝါဒများကို ပြည်သူ များအား နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောဆိုမှုများပြုလုပ်ခဲ့ပြီးသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းသိစေရန် နိုင်ငံတကာမီဒီယာနှင့် အထိ အတွေ့များ ယခုထက် ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါသည်။ နိုင်ငံတကာမီဒီယာများနှင့် အထိအတွေ့များများပြုလုပ်၍ အစိုးရသစ်၏ မူဝါဒနှင့် လက်ရှိ မြန်မာ နိုင်ငံ၏ အခြေအနေများအပေါ်ထားရှိသည့် ရပ်တည်ချက်တို့ကို အကျယ်တဝံ့ ရှင်းလင်းပြနိုင်ဖို့ လိုအပ်သည်။

ယခုလက်ရှိ မြန်မာနိုင်ငံ၏ အခင်းအကျင်းမှာ ပြောင်းလဲလာသည့် အခြေအနေသစ်များ ယခုထက် ပိုမိုပီပြင်လာအောင် လုပ်ဆောင်ရတော့မည် အချိန်ဖြစ်သည်။ တနည်းဆိုရလျှင် နိုင်ငံတည်ဆောက်ရေးအပြောင်းအလဲများ၏ ဖြစ်ထွန်းတိုးတက်မှုများကို လူထုဆက်သွယ်ရေး နည်းလမ်းကောင်း များဖြင့် ပြည်သူများအား စဉ်ဆက်မပြတ် အသိပေးဖို့ပင် ဖြစ်သည်။ အခြေအနေသစ်များ၏ ဝိုးတိုးဝါးတား မပီမပြင်ဖြစ်နေမှုကို ပြည်သူများ ကြုံတွေ့နေ ရခြင်းကြောင့် ဖြစ်သည်။ မူဝါဒရေးရာတည်ငြိမ်မှု နည်းပါးနေသေးသည်ဟု ဆို၍ ရနိုင်ပါသည်။ သို့သော် သမ္မတဦးသိန်းစိန်သည် အစိုးရ၏မူဝါဒနှင့် ရပ်တည်ချက်များအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းသိစေဖို့ စင်ကာပူအခြေစိုက် Channel New Asia ရုပ်သံလိုင်းနှင့် ဇူလိုင် ၃၀ ရက်နေ့က အင်တာဗျူး လုပ်ဆောင်ခဲ့သည်။

နိုင်ငံရေးနှင့် ပတ်သက်၍ သမ္မတဖြေကြားသွားသည့် အစိုးရမူဝါဒ (၂)ကို အဓိကထား ပြောကြားသွားခဲ့သည်။ ဤအတိုင်းလည်း အကောင်အ ထည်ဖော် ဆောင်ရွက်နေသည်။ ငြိမ်းချမ်းရေးမှာရရှိဖို့ ကြိုးစားခြင်းသည် အလွန်အကဲဆတ်သည့် အခြေအနေကို ကိုင်တွယ်နေရခြင်းဖြစ်ပြီး ရရှိပြီးလျှင် လည်း တည်ငြိမ်အောင်တနည်း ထာဝရငြိမ်းချမ်းအောင် ထိန်းသိမ်းဖို့ လိုအပ်ပါသည်။ ဦးသိန်းစိန်အနေဖြင့် သူ၏သက်တမ်းအတွင်း ငြိမ်းချမ်းရေးကို ရရှိအောင် ဆောင်ရွက်သွားဖို့ ပြတ်ပြတ်သားသား အကောင်အထည်ဖော်သွားမည့်သဘော ဖြစ်သည်။ CNA ၏ အင်တာဗျူးတွင်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ ပြတ်သားမှုကတစ်ဖက်၊ ဆိုးရိမ်မှုကတစ်ဖက်ဖြင့် သမ္မတက “တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကိစ္စက ဦးစား ပေး(၁) ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီမိုကရေစီဆက်လက်ပြီးတော့ ရှင်သန်ဖို့အတွက် ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံရေးတည်ငြိမ်ဖို့ အတွက်က ပထမအရေးကြီးပါတယ်။ နိုင်ငံရေးတည်ငြိမ်ဖို့အတွက်ဆိုရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံနေတဲ့အင်အားစုတွေနဲ့ အဆင်ပြေဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သူ့အင်အားစုတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ ဒါအရေးကြီးဆုံးဖြစ်ပါတယ်။ ဒီအချက်ကိုလည်း ကျွန်တော်တို့ ဦးစားပေးပြီး လုပ်ပါတယ်။ တချိန်တည်း၊ တစ်ပြိုင်တည်းမှာပဲ လက်နက်ကိုင်ပြီး ဆန့်ကျင်နေတဲ့ အဖွဲ့ ၁၁ ဖွဲ့ရှိပါတယ်။ ဒီအဖွဲ့တွေက လွတ် လပ်ရေးစရကတည်းက ဖြစ်ပေါ်လာတဲ့အဖွဲ့တွေ ရှိပါတယ်။ အရင်အစိုးရအဆက်ဆက်ကလည်း ငြိမ်းချမ်းရေးကို ကြိုးပမ်းခဲ့ပေမယ့်လည်း အောင်မြင်တာ ရှိတယ်၊ မအောင်မြင်တာ ရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အစိုးရသစ်လက်ထက်မှာ ဒီဟာတွေက အမွေခံအနေနဲ့ ရလာတာဖြစ်ပါတယ်။ ဒီငြိမ်းချမ်း ရေးကို မတည်ဆောက်နိုင်ဘဲနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဒီမိုကရေစီရှင်သန်အောင် ဘယ်လိုမှ လုပ်လို့မရပါဘူး။ မရတဲ့အတွက်ကြောင့် ကျွန်တော် တို့ အစိုးရသစ်စတက်လာလာချင်း ဒီငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် ဦးစားပေးတစ်ရပ်အနေနဲ့ ငြိမ်းချမ်ေးရးကို တည်ဆောက်ဖို့အတွက် ဖိတ် ခေါ်ခဲ့ပါတယ်။ အားလုံးလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ရှိပါတယ်။ ၁၁ ဖွဲ့မှာ ၁၀ ဖွဲ့နဲ့ပစ်တာ၊ ခတ်တာ၊ တိုက်တာ ရပ်ဆိုင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေးအရ ဆွေးနွေးသွားစရာတွေတော့ ဆက်ပြီးဆွေးနွေးသွားဖို့ရှိပါတယ်” ဟုပြောကြားသွားခဲ့သည်။

နိုင်ငံရေးတည်ငြိမ်ဖို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကိုလည်းသမ္မတ မှ အလေးထားကြောင်း ဤအဖြေတွင် တွေ့ရပေလိမ့်မည်။ ဒီမိုကရေစီဆိုသည်မှာ မတည့်အတူနေစနစ်တနည်း လွတ်လပ်စွာသဘောထားကွဲလွဲနိုင်မှုကို သဘောတူလက်ခံသည့် (agree to disagree) ယဉ်ကျေးမှုရှိခြင်းအတွက်ကြောင့် အာဏာရနှင့် အတိုက်အခံအသွင်ဆောင်နေသည့် ခေါင်းဆောင်နှစ်ဦးစလုံး နိုင်ငံအရေးကိစ္စတိုင်းအပေါ် သဘောထားတူညီမှု ရှိချင်မှ ရှိပေမည်။ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသည့် ဒီမိုကရေစီချန်ပီယံတစ်ဦးကို ပင်မရေစီးကြောင်းနိုင်ငံရေးထဲသို့ ရောက်ရှိလာအောင် ညှိနှိုင်းအဖြေရှာ ဆောင်ရွက်ခဲ့ခြင်းမှာ အတော်လှသည့် အပြောင်းအလဲဟူဆို၍ ရနိုင်လောက်သည်။ CNA နှင့် အင်တာဗျူးတွင်လည်း သမ္မတက “မြန်မာနိုင်ငံကို ခုနကလို ဖွံ့ဖြိုးတိုးတက်အောင်၊ စီးပွားရေးတွေ တိုးတက်အောင်၊ နိုင်ငံရေးတွေ တည်ငြိမ်အောင် ဒီလိုလုပ်မယ့်အချက်တွေ ဘုံတူညီတဲ့ အချက်တွေကို လက်တွဲပြီးတော့ လုပ်ကြရအောင်ဆိုပြီးတော့ ညှိကြပြုကြတဲ့အခါမှာ သူလည်း သဘောတူပါတယ်။ သို့သော်လည်း တချို့ ကွဲပြားခြားနားတဲ့ အချက်တွေတော့ ရှိမှာပါ။ ဒါတွေကိုတော့ ဘေးမှာအသာဖယ်ထားပြီးတော့ သူနဲ့ ခုနကလို  မြန်မာနိုင်ငံဘုံအကျိုးစီးပွားဖြစ်တဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကိစ္စ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စ ဒီကိစ္စတွေကို အတူတကွ ပူးပေါင်းလက်တွဲလုပ်ဖို့ ဒီလိုသဘောတူညီချက်တွေ ရခဲ့ပါတယ်။ ခုန မေးခွန်းထဲမှာ မတူညီတဲ့အချက်တွေ။ မတူညီတဲ့အချက်တွေကတော့ သိပ်အထွေအထူးတော့မရှိပါဘူး။ မတူတာကတော့ ကျွန်တော်တို့က နိုင်ငံကိုစီးပွား ရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အတွက် ပိတ်ဆို့ထားတာတွေကို ကျွန်တော်တို့က ဖြေလျှော့ပေးစေချင် တယ်။ လုံးဝရုပ်သိမ်းပေးစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာကိုလှည့်ပြီးပြောတဲ့ တွေ့တဲ့အထဲမှာတော့ ရင်းနှီးမြုပ်နှံမှုတွေကို ချက်ချင်းမလာဖို့၊ စဉ်းစဉ်းစားစားနဲ့လုပ်ဖို့ ဆိုတာတွေက ဒီအချက်တွေကတော့ ကွဲပြားခြားနားမှုရှိပါတယ်။ သို့သော်လည်း ဒါတွေက ညှိနှိုင်းယူလို့ရတဲ့ ကိစ္စဖြစ်ပါတယ်” ဖြေ ကြားသွားခဲ့သည်။

ထို့အပြင် စီးပွားရေးအပြောင်းအလဲနှင့် ပတ်သက်ပြီးတော့လည်း နိုင်ငံရေးအပြောင်းအလဲနောက် တဆက်တည်း လိုက်ပါပြောင်းလဲနိုင်မှု မရှိခြင်း မှာ တည်ငြိမ်သော လူ့အဖွဲ့အစည်းဖြစ်ဖို့ ကြီးစွာသောအန္တရာယ်ပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခုအချိန်ထိ စီးပွားရေးလုပ်ဆောင်၍ကောင်းသည့် ရေခံ မြေခံမျိုး ဖန်တီးဖို့တောင် အရှိန်မရသေး ဖြစ်နေသည်။ အခြားနိုင်ငံများနှင့်ယှဉ်လျှင် နှိုင်းရအသာစီးရသည့် လုပ်ငန်းစုမျိုးကိုအစိုးရက ဖန်တီးဖော်ဆောင် မပေးသေးသလို ဈေးကွက်အင်အားစုမှလည်း မလုပ်ဆောင်သေး။ အလားအလာကောင်းရှိသည့် အထည်ချုပ်၊ ရေလုပ်ငန်းတို့တွင်တောင် ရှင်သန်နိုင်ဖို့ မနည်း ကြိုးစားနေရသေးသည်။ သမ္မတ၏ CNA အင်တာဗျူးတွင် စီးပွားရေးပတ်သက်၍ ဖြေဆိုသွားသည်မှာ စိတ်ဝင်စားဖို့ အတော်ကောင်းသည်။ “စိုက်ပျိုးနိုင်ငံ ဖြစ်ခဲ့ပါတယ်။ လယ်ယာကဏ္ဍကို ပြုပြင်ပြောင်းလဲပြီးတော့မှ လက်ရှိထွက်ရှိတဲ့နှုန်းထားတွေနဲ့ ပိုမိုပြီးတော့ ထွက်ရှိအောင် ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့လို့ စိုက်ပျိုးရေးဝန်ကြီးဌာနကလည်း အရေးကြီးတဲ့ ဝန်ကြီးဌာနတစ်ခုဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စက်မှုနိုင်ငံအဖြစ်ကိုသွားဖို့အတွက် ကျွန်တော်တို့ ရည်မှန်းထားပါတယ်။ စက်မှုနိုင်ငံအဖြစ်သွားဖို့အတွက် လတ်တလော လိုအပ် နေတာက ကျွန်တော်တို့တိုင်းပြည်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ တော်တော်လေး နည်းပါတယ်။ နည်းတဲ့အတွက်ကြောင့်မို့လို့ အလုပ်အကိုင် အခွင့် အလမ်း များများရတဲ့ စက်ရုံ၊ အလုပ်ရုံတွေ များများထူထောင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ နောက် ဒုတိယအချက်က ကျွန်တော်တို့ တိုင်းပြည် မှာ ထွက်ကုန်တွေ အများရှိပါတယ်။ ဒီထွက်ကုန်တွေက ကုန်ကြမ်းအတိုင်း ရောင်းနေရတယ်။ ဒီထွက်ကုန်တွေကို Value Added လုပ်ဖို့ အသေးစား၊ အလတ်စားစက်ရုံတွေ ထူထောင်ဖို့အတွက် ဒါကိုကြိုးစားပြီး လုပ်နေပါတယ်။ တတိယအချက်ကတော့ ကျွန်တော်တို့မှာ ဂက်စ်တွေရှိတယ်။ နောက်တစ်ခါ သတ္တုတွေရှိပါတယ်။ Heavy Industry လိုဟာမျိုး ထူထောင်ဖို့၊ စတုတ္ထအချက်ကတော့ ITနဲ့ Telecommunication ကိစ္စတွေထူထောင်ဖို့ ကျွန်တော်တို့က ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ စက်မှုဝန်ကြီးဌာနတို့၊ ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ဒီဝန်ကြီးဌာနတွေဟာ အရေးပါတဲ့ဝန်ကြီးဌာနတွေ ဖြစ်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

ဦးသိန်းစိန်အစိုးရအနေဖြင့် အစိုးရသက်တမ်းသုံးနှစ်အတွင်း စိန်ခေါ်မှုများက အလွန်များပါသည်။ နိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်ရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများအပြင် အာဆီယံဒေသတွင် အလှည့်ကျဥက္ကဋ္ဌတာဝန်ယူရန်လည်း ရှိနေပါသည်။ နိုင်ငံရေးစေတနာ ကောင်းများဖြင့် ဟန်ချက်ညီညီပြောင်းလဲနိုင်လျှင် ယင်းစိန်ခေါ်မှုများမှာ အခွင့်အလမ်းများ ဖြစ်လာလိမ့်မည်ဖြစ်ပါကြောင်း…။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment