Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၃.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံအတွက် အသုံးဝင်မည့် အကူအညီ

(The Japan Times သတင်းစာမှ 1 Aug 2012 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော Useful help to Myanmar ကိုဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  1. ရိုဟင်ဂျာဒုက္ခသည်များအပေါ် ကူညီမှုရပ်ဆိုင်းရန် ဘင်္ဂလားဒေ့ရှ် ညွှန်ကြား

(VOA News မှ 2 August 2012 ရက်စွဲပါ “Bangladesh orders suspension of aid to Rohingya refugees” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာအမျိုးသမီးများတိုးတက်ရေးအတွက် Abbott Fund ကဒေါ်လာတစ်သန်းကူမည်

(One World South Asia မှ2 August 2012 ရက်စွဲပါ “$1 Million Partnership to Empower Women In Burma”သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံအတွက် အသုံးဝင်မည့် အကူအညီ

(The Japan Times သတင်းစာမှ 1 Aug 2012 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော Useful help to Myanmar ကိုဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လတ်တလောကာလများအတွင်း ပြည်ပခရီးစဉ်များ သွားရောက်ရာ၌ မြန်မာနိုင်ငံတွင်းဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံအားပေးကြသည့်နိုင်ငံများအား ကျေးဇူးတင်စကားပြောဆိုခဲ့ရုံသာမက မြန်မာပြည်သူများ ကြီးပွားချမ်းသာနိုင်ရေးအတွက် မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်ပါ တိုက်တွန်းပြောဆိုခဲ့သည်ကို တွေ့ရသည်။

အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့အရေးယူမှုဒဏ်ကို ခံစားခဲ့ရသည့် မြန်မာနိုင်ငံပြန်လည် တည်ဆောက်ရေးအတွက် အဓိပ္ပာယ်ပြည့်ဝသော ဆောင်ရွက်ပေးမှုများ မည်သို့မည်ပုံ လုပ်ကိုင်သွားမည်ဟူသောအချက်ကို ဂျပန်နိုင်ငံအနေဖြင့် အလေးအနက်စဉ်းစားသင့်ပြီ ဖြစ်သည်။ မြန်မာပြည်ကို ပိုက်ဆံပေးရုံသက်သက်ဖြင့် အမှန်တကယ်လိုလားသော ရလဒ်ကောင်းများကို ဆောင်ကြဉ်းပေးနိုင်မည်မဟုတ် ဟူသည့်အချက်ကိုလည်း ထည့်သွင်း စဉ်းစားသင့်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်မေလအတွင်း ထိုင်းနိုင်ငံသို့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။ ဇွန်လ ၁၃ ရက်နေ့တွင်မူ ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်အစရှိသော သမိုင်းဝင်ဥရောပဒေသခရီးစဉ်ကြီးကို စတင်နိုင်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသည်။ ဂျနီဗာရှိ နိုင်ငံတကာအလုပ်သမားအဖွဲ့ကွန့်ဖရင့်၌ စကားပြောဆိုရာတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကြရန် တိုက်တွန်းသည်။ သို့သော် မြန်မာနိုင်ငံပိုင် စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများအပေါ် စိုးရိမ်ပူပန်ကြောင်း၊ အကြောင်းမှာ အဆိုပါနိုင်ငံပိုင်လုပ်ငန်းသည် ထင်သာမြင်သာရှိမှုနှင့် တာဝန်ခံမှုတို့ မရှိသောကြောင့်ဖြစ်ကြောင်း သတိပေးပြောဆိုသည်။ အော်စလိုမြို့တွင်မူ ၁၉၉၁ ခုနှစ်က သူရရှိခဲ့သည့် နိုဗယ်လ်ငြိမ်းချမ်းရေးဆုကိုရယူပြီး မိန့်ခွန်း ပြောဆိုသည်။

မြန်မာပြည်တွင်း အခြေအနေအရပ်ရပ်တို့သည် လွန်ခဲ့သည့်တစ်နှစ်ကျော်ကာလမှစ၍ လုံးလုံးလျားလျား ပြောင်းလဲသွားပြီဖြစ်သည်။ နိုင်ငံ အတော်များများက ယခုဆိုလျှင် မြန်မာနိုင်ငံအတွက် စီးပွားရေးဆိုင်ရာ အကူအညီအထောက်အပံ့များ ပေးအပ်ရန်ကမ်းလှမ်းလျက် ရှိသည်။ နိုင်ငံပေါင်းစုံမှ လုပ်ငန်းကြီးများသည်လည်း ရင်းနှီးမြှုပ်နှံမှုပြုရေးအတွက် အခွင့်အလမ်းကောင်းများကို သူ့ထက်ငါအလုအယက်ရှာဖွေလျက် ရှိကြသည်။ မြန်မာနိုင်ငံသည် သဘာဝသယံဇာတနှင့် ရင်းမြစ်များပေါကြွယ်ဝပြီး လုပ်အားခဈေးနှုန်းချိုသာကာ လုပ်ရည်ကိုင်ရည်ကောင်းမွန်သော လုပ်သားအင်အားစုလည်း ရှိနေသည်။

ပြည်ပရန်ပုံငွေအများစုမှာလည်း ယခုအခါ မြန်မာနိုင်ငံထဲသို့ ဝင်ရောက်လာတော့မည့်သဘောတွင် ရှိသည်။ အကြောင်းမှာ ပြီးခဲ့သည့်မတ်လတွင် နိုင်ငံတကာ ပင်လယ်ရေကြောင်းဆိုင်ရာခုံရုံးက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ရေပိုင်နက်ဆိုင်ရာအငြင်းပွားမှုအား ဆုံးဖြတ်ချက်ချမှတ် ပေးခဲ့ပြီးသည့်နောက်ပိုင်း ထုတ်ဖော်အသုံးမပြုရသေးသော သဘာဝဓာတ်ငွေ့များတူးဖော်ထုတ်လုပ်လိုသူများ များပြားလာသောကြောင့်ဖြစ်သည်။

ဂျပန်နိုင်ငံကိုကြည့်မည်ဆိုလျှင် မြန်မာနှင့်အပြန်အလှန်ဆက်ဆံရေးတွင် အကျိုးအမြတ်ဖြစ်ထွန်းမည့်အနေအထားတွင် ရှိသည်ကို တွေ့မြင် ရသည်။

အကြောင်းမှာ ဂျပန်သည် ၁၉၈၈ ခုနှစ် မြန်မာစစ်အစိုးရ ပေါ်ပေါက်လာသည့်အချိန်ကပင်စ၍ မြန်မာပြည်နှင့်ဆက်ဆံမှုများ ဆက်လက်ပြုလုပ်ခဲ့သောကြောင့်ပင် ဖြစ်သည်။

ပြီးခဲ့သည့်ဧပြီလတွင် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါက မြန်မာနိုင်ငံအနေဖြင့် ဂျပန်ပြည်သို့ပေးရန်ရှိသည့် ကြွေးမြီယန်းငွေ ၃၀၀ ဘီလီယံအား လျှော်ပေးမည် ဖြစ်ကြောင်း၊ မြန်မာပြည်အတွက် ယန်းငွေများအားချေးငွေအဖြစ် စတင်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အမှန်တကယ်ဆိုလျှင် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးများ တိုးတက်ကောင်းမွန်ရေးအတွက် ဂျပန်အနေဖြင့် များစွာအရေးပါသော အခန်းကဏ္ဍမှနေကာ  အကူအညီ ပေးနိုင်သည် ဖြစ်သည်။

အာရှအင်အားကြီးတရုတ်ပြည်က မြန်မာပြည်တွင်းကားလမ်းများ ဖောက်လုပ်ရာ၌ အတွေ့အကြုံများလက်ဦးရယူထားပြီး ဖြစ်သော်လည်း မီးရထားနည်းပညာနှင့်ပတ်သက်လာလျှင် ကံတရားကောင်းမွန်ပြီးသားဖြစ်သော ဂျပန်အနေဖြင့် မီးရထား၊ ကားများထုတ်လုပ်မှုမှသည် ရထားလမ်း ဖောက်လုပ်ပေးသည်အထိအစရှိသော နည်းပညာများပေးအပ်ပြီး မြန်မာပြည်အတွက် ကြီးမားသောလုပ်ကိုင်ပေးမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ အများပြည်သူ ကျန်းမာရေးဟူသည်မှာလည်း ဂျပန်အနေဖြင့် မြန်မာနိုင်ငံကို ထပ်မံအကူအညီအထောက်အပံ့ပေးနိုင်သော အခန်းကဏ္ဍ တစ်ခုပင်ဖြစ်သည်။

သို့အတွက်ကြောင့် ဂျပန်နိုင်ငံတကာအေဂျင်စီများအနေဖြင့် မြန်မာနိုင်ငံတွင် အကူအညီအထောက်အပံ့များ ဆက်လက်ပေးအပ်လျက်ရှိသည့် ပုဂ္ဂလိကကဏ္ဍမှ ဂျပန်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် အတူတကွလက်တွဲ လုပ်ဆောင်သွားသင့်သည်။

မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်နောက်ကြောင်းပြန်လှည့်မှု သို့မဟုတ် နှောင့်နှေးကြန့်ကြာမှုတို့မှအကာအကွယ် ပေးနိုင်ရေးအတွက် ဂျပန်အနေဖြင့် မြန်မာနိုင်ငံကို အကူအညီအထောက်အပံ့များ ဆက်လက်အရှိန်မြှင့်တင်ကာပေးအပ်သင့်ကြောင်း ရေးသားဖော်ပြ လိုက်ပါသည်။

                                                        ********************************************************

ရိုဟင်ဂျာဒုက္ခသည်များအပေါ် ကူညီမှုရပ်ဆိုင်းရန် ဘင်္ဂလားဒေ့ရှ် ညွှန်ကြား

(VOA News မှ 2 August 2012 ရက်စွဲပါ “Bangladesh orders suspension of aid to Rohingya refugees” သတင်းကို ဘာသာပြန်ဆိုသည်)

အိမ်နီးချင်းမြန်မာနိုင်ငံမှ အကြမ်းဖက်အဓိကရုဏ်းကြောင့် ထွက်ပြေးလာသောရိုဟင်ဂျာဒုက္ခသည်များအား ကယ်ဆယ်ထောက်ပံ့ခြင်းကို ရပ်ဆိုင်းရန် ဘင်္ဂလားဒေ့ရှိနိုင်ငံက လူသားချင်းစာနာကူညီမှုအဖွဲ့များကို ညွှန်ကြားလိုက်ပါတယ်။

Doctor without Borders Action Against Hunger နှင့် Muslim Aid UK အဖွဲ့များအား မြန်မာနယ်စပ် အနီးကော့ဘဇားခရိုင်တွင် လုပ်ကိုင် ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းရန်ညွှန်ကြားခဲ့ကြောင်း ဒေသန္တရအုပ်ချုပ်ရေးမှူး ဂျွိုင်နယ်ဘာရီက ကြာသပတေးနေ့တွင် VOA သို့ အတည်ပြု ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်၏ အင်ဂျီအိုရေးရာဗျူရိုမှထုတ်ပြန်သောညွှန်ကြားချက်တွင် ၎င်းတို့၏လုပ်ပိုင်ခွင့်ထက်ကျော်လွန် လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်ဟု ဂျွိုင်နယ်ဘာရီက ပြောကြားသော်လည်း ကယ်ဆယ်ရေးအဖွဲ့များက ကူညီထောက်ပံ့နေသော ရိုဟင်ဂျာဒုက္ခသည်အရေအတွက် အမြောက်အများရှိပြီး အသေးစိတ်အချက်များကို ပြောဆိုခြင်းမရှိပါ။          

Doctor Without Border(MSF)၏ ပြောရေးဆိုခွင့်ရှိသူ ဒစ်ဒီရစ်ဗန်ဟာဆီမာက ယင်းညွှန်ကြားချက်ကို လက်ခံရရှိသည်ဟု ပြောကြားသည်။

“ကော့ဘဇားခရိုင်မှာ ကျွန်တော်တို့ရဲ့စီမံချက်လှုပ်ရှားမှုတွေရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကတောင်းဆိုထားတဲ့စာကို လက်ခံရရှိကြောင်းအတည်ပြုပါတယ်။ လောလောဆယ်ဒီကိစ္စကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ ဆွေးနွေးနေပါတယ်။ ဒါ့ကြောင့် ကြားဝင်မှတ်ချက်ပေးတာမျိုး မလုပ်ချင်ပါဘူး၊ ထွက်လာမယ့်အဖြေကို ကျွန်တော်တို့စောင့်ဆိုင်းနေပါတယ်”ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

Muslim Aid UK အဖွဲ့ကလည်း “မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များစီးဝင်လာအောင် အားပေးသလိုဖြစ်နေသောကြောင့် ကော့ဘဇားခရိုင်မှ ထောက်ပံ့ရေးအစီအစဉ်များကို ရပ်ဆိုင်းရန် အာဏာပိုင်များက ညွှန်ကြားထားသည်”ဟု AFP သတင်းဌာနသို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင်ဇွန်လအတွင်း ရခိုင်များနှင့် ရိုဟင်ဂျာတို့ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် လူပေါင်းဒါဇင်နှင့်ချီသေဆုံးကာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။ အစိုးရလုံခြုံရေးတပ်ဖွဲ့များက ရိုဟင်ဂျာများကို အကြမ်းဖက်နှိပ်ကွပ်နေသည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောကြားလျက် ရှိသည်။

ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်သားများကဲ့သို့ ဘင်ဂါလီဘာသာစကားပြောဆိုနေသော ရိုဟင်ဂျာများကို မြန်မာနိုင်ငံက နိုင်ငံသားအဖြစ် အသိအမှတ်မပြုဘဲ တရားမဝင်ရွှေ့ပြောင်းသူများဟု သတ်မှတ်ထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း မြန်မာနိုင်ငံတွင် ကြာမြင့်စွာနေထိုင်ခဲ့သူ ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုရန် ငြင်းဆန်ထားသည်။

အမေရိကန်ပြည်ထောင်စုနှင့် လူ့အခွင့်အရေးအုပ်စုများက မည်သို့ပင်ဖိအားပေးကြစေကာမူ မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသော ရိုဟင်ဂျာ ဒုက္ခသည်စက်လှေများကို ဘင်္ဂလားဒေ့ရှ်က ပြန်လည်မောင်းထုတ်လျက်ရှိသည်။

ဇွန်လက အကြမ်းဖက်အဓိကရုဏ်းအပြီးတွင် မြန်မာအစိုးရလုံခြုံရေးတပ်များက ရိုဟင်ဂျာမျိုးနွယ်စုများကို အကြမ်းဖက်နှိပ်ကွပ်မှုများ ပြုလုပ်နေကြောင်း Human Right Watch အဖွဲ့က ပြီးခဲ့သောဗုဒ္ဓဟူးနေ့တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

                                                            ********************************************************

မြန်မာအမျိုးသမီးများတိုးတက်ရေးအတွက် Abbott Fund ကဒေါ်လာတစ်သန်းကူမည်

(One World South Asia မှ2 August 2012 ရက်စွဲပါ “$1 Million Partnership to Empower Women In Burma”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှအမျိုးသမီးများ စွမ်းရည်မြင့်မားလာစေရန်နှင့် လူမှုအသိုင်းအဝိုင်းလိုအပ်ချက်များကို ဖြေရှင်းပေးရန်ရည်ရွယ်သော နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ International Fund For Women and Girls ရန်ပုံငွေသို့ ဒေါ်လာတစ်သန်းထည့်ဝင်ပါဝင်မည်ဟု ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီ Abbott ကထူထောင်ထားသော Abbott Fund ဖောင်ဒေးရှင်းက ယနေ့ကြေညာသည်။ မြန်မာနိုင်ငံမှ အမျိုးသမီးများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအခွင့်အလမ်းများ မြှင့်တင်ပေးရန်လုပ်ဆောင်နေသော အောက်ခြေအဖွဲ့အစည်းများကို ကူညီပံ့ပိုးမည့် နိုင်ငံခြားရေးဝန်ကြီး၏ ရန်ပုံငွေအစီအစဉ်သို့ Abbott Fund ဖောင်ဒေးရှင်းက လာမည့်နှစ်အတွင်း ဒေါ်လာတစ်သန်းထည့်ဝင်လှူဒါန်းသွားမည် ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဌာန၏ ကမ္ဘာ့အမျိုးသမီးရေးရာပြဿနာများဆိုင်ရာဌာနခွဲကစီစဉ်ခဲ့သော ၂၀၁၂ မေလ မြန်မာနိုင်ငံလေ့လာရေး ခရီးစဉ်အပြီးတွင် ယင်းရန်ပုံငွေအစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ သံအမတ်ကြီး မယ်လာနီဗာဗီယာဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် Abbott Fund နှင့်အခြားပုဂ္ဂလိကအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလိုက်ပါသွားခဲ့ကြပြီး မြန်မာနိုင်ငံတွင်ရင်ဆိုင်နေရသော စိန်ခေါ်မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားအရပ်ဖက်ခေါင်းဆောင်များနှင့်လည်းကောင်း၊ အမျိုးသမီးများဘဝမြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းလုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများနှင့် အောက်ခြေပိုင်း အဖွဲ့အစည်းများနှင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ “ဆယ်စုနှစ်ကြာတဲ့ စိန်ခေါ်မှုတွေကြားမှာ မြန်မာပြည်သူတွေဟာ သန်စွမ်းခိုင်မာတဲ့ အရပ်ဖက်အသိုက်အဝိုင်းကို ထူထောင်နိုင်ခဲ့ကြပါတယ်။ အခုလို Abbott Fund ရဲ့ တွဲဖက်ပါဝင်မှုနဲ့အတူ မြန်မာနိုင်ငံမှာလက်တွေ့လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေကိုပံ့ပိုးကူညီပေးခြင်းအားဖြင့် အမျိုးသမီးတွေတိုးတက်လာအောင် တွန်းအားပေးနေကြတဲ့ ဒေသခံအဖွဲ့အစည်းတွေရဲ့စွမ်းရည်ကို ကူညီတည်ဆောက်ပေးနိုင်မှာဖြစ်ပါတယ် ”ဟု သံအမတ်ကြီးဗာဗီယာက ပြောကြားသည်။

Abbott Fund ဒုတိယဥက္ကဋ္ဌ ကတ်သရင်ပစ်ကတ်က “မြန်မာနိုင်ငံခရီးစဉ်မှာ ဒေသခံအဖွဲ့အစည်းတွေကိုဦးဆောင်ပြီး လူမှုဆိုင်ရာပြဿနာတွေ ဖြေရှင်းရေးကို ပါဝင်ဆောင်ရွက်နေကြတဲ့ အမျိုးသမီးတော်တော်များများနဲ့ လက်ခံတွေ့ဆုံခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့အသွင်ပြောင်းချိန်မှာ ဒီလိုအဖွဲ့အစည်းတွေရဲ့စွမ်းပကားကို အားကောင်းမောင်းသန်ဖြစ်လာစေဖို့ Abbott Fund က ရည်မှန်းထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး၏ International Fund For Women and Girls”က ပံ့ပိုးထောက်ပံ့ရန်အဖွဲ့အစည်းများကို လာမည့်လပိုင်းများအတွင်း စိစစ်သတ်မှတ်မည်ဟု သိရှိရသည်။

ယခင်ကလည်း Abbott Fundသည် နာဂစ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဒေါ်လာ ၆၀၀၀၀၀၊ အမျိုးသမီးများ တိုးတက်ရေးကိုပစ်မှတ်ထား ဆောင်ရွက်နေသော CARE အင်ဂျီအိုသို့ ဒေါ်လာ ၂၅၀၀၀၀၊ Ameri Cares၊Heart to Heart၊Direct Relief International ၊Map International စသော အင်ဂျီအိုများသို့ ဒေါ်လာ ၃၈၆၀၀၀ တန်ဖိုးရှိ ဗိုက်တာမင်နှင့် ဆေးဝါးများစသဖြင့်ထောက်ပံ့လှူဒါန်းခဲ့သည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment