Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၆.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တရားဥပဒေစိုးမိုးရေးအဓိက

*****************************************

ဆောင်းပါးကဏ္ဍ

တရားဥပဒေစိုးမိုးရေးအဓိက

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းပြီးသကာလ တရားဥပဒေစိုးမိုးရေးဆိုသည့်ကိစ္စမှာ နိုင်ငံ့ခေါင်းဆောင်များ၏ မိန့်ခွန်းများတွင် လည်းကောင်း၊ သတင်းမီဒီယာများတွင်လည်းကောင်း အကျယ်တဝန့် ရေးသားဆွေးနွေးလာခဲ့ကြလေသည်။ လွှတ်တော်အတွင်း အဓိကအတိုက်အခံပါတီ ဖြစ်သော NLD ပါတီမဲဆွယ် စည်းရုံးရေးကာလတလျှောက်လုံး မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုရရှိအောင် ဆောင်ရွက်သွားမည်ဟု ပြည်သူများအား ကတိပေးခဲ့သည်။ မြန်မာနိုင်ငံလို တပ်မတော်အစိုးရမှ ဒီမိုကရေစီအသွင်ကူပြောင်းလာသည့် နိုင်ငံတစ်ခုအဖို့ တရားဥပဒေစိုးမိုးမှုမှာ ရှောင်လွဲမရလုပ်ကို လုပ်ဆောင်ရမည့်အရာပင် ဖြစ်သည်။

အပြည့်အဝစိုးမိုးဖို့ ခက်နေသေး

ယခုအခါတွင် နိုင်ငံတကာ အင်စတီကျူးရှင်းများဖြစ်သော World Bank and IMF တို့မှ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးအတွက် အကူ အညီများ ပေးအပ်သွားမည်ဟုကမ်းလှမ်းလာလေသည်။ တရားဥပဒေစိုးမိုးမှုဆိုသည်မှာလည်း ခုရေတွင်းတူး ခုရေကြည်သောက်လို့ရအောင် လွယ်ကူ သည့် ကိစ္စရပ်မျိုးတော့ မဟုတ်။ ၁၉၉၀ ခုနှစ် ဆိုဗီယက်ယူနီယံကြီး အစိတ်စိတ်အမွှာမွှာဖြစ်ပြီးကတည်းက အရှေ့ဥရောပနိုင်ငံများနှင့် ရှရုားနိုင်ငံတို့တွင် ထိုသို့ နိုင်ငံတကာအင်စတီကျူးရှင်းများက တရားဥပဒေစိုးမိုးမှုရှိအောင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများလည်း ရှိသည်။ သို့သော် တရားဥပဒေ စိုးမိုးမှုကို အပြည့်အဝ အကောင်အထည် ဖော်ဆောင်နိုင်ခြင်း မရှိသေးချေ။ တရားဥပဒေစိုးမိုးမှုမှာလည်း တစ်ခါတရံတွင် တန်ဖိုးစံနှင့် အကျိုးစီးပွားများ ကြား ဝိရောဓိအသွင်ဆောင်သည့် သဘောမျိုးလည်း ရှိနေပါသေးသည်။ ဥပမာအားဖြင့်ဆိုရလျှင် အမေရိကန်နိုင်ငံသည် လူ့အခွင့်အရေးနှင့် ပတ်သက်၍ အသံအကျယ်ဆုံးထွက်သည့် နိုင်ငံထဲတွင် ပါဝင်လေသည်။ သို့သော် အကြမ်းဖက်တိုက်ခိုက်သူများ၊ သံသယရှိသူများကို ထည့်သွင်း အကျဉ်းချထားသည့် ဂွမ်တီမာလာအကျဉ်းစခန်းအတွင်း နှိပ်စက်ညှင်းပမ်းမှုများကိုတော့ လူ့အခွင့်အရေးရှုထောင့်ထက် အမျိုးသားလုံခြုံရေးရှုထောင့်ဖြင့်သာ လုပ်ကိုင် ဆောင် ရွက်ကြခြင်းဖြစ်သည်။ တရားဥပဒေစိုးမိုးရေးဆိုခြင်းမှာ ဖွံ့ဖြိုးဆဲမှ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်သို့ တည်ဆောက်သည့် ကာလတစ်လျှောက် လုပ်ဆောင်သွားရ မည်ဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင်တောင် တရားဥပဒေစိုးမိုးမှု အပြည့်အဝ မရှိနိုင်သေးခြင်းနှင့် မေးခွန်းထုတ်စရာများ ရှိနေခြင်းတို့ပင် ဖြစ်သည်။

တရားဥပဒေစိုးမိုးမှု တိုင်းတာသည့် စံပေတံများ

တရားဥပဒေစိုးမိုးမှု တိုင်းတာသည့် စံပေတံများရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေစိုးမိုးမှု မြင့်မားမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ရေခံမြေခံကောင်းများ ရှိမည်ဖြစ်သည်။ ထို့အပြင် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း တရားဥပဒေစိုးမိုးမှု မရှိမဖြစ် လိုအပ်သည်။ လူ့အဖွဲ့ အစည်းတစ်ခု တရားဥပဒေစိုးမိုးမှု ရှိ၊ မရှိကို အောက်ပါပေတံများဖြင့် အဓိက တိုင်းတာကြသည်။ ယင်းတို့မှာ…

(၁) တရားဥပဒေရှေ့မှောက်တွင် လူတိုင်းတန်းတူရည်တူအခွင့်အရေးရရှိမှု  (Equality before the law)

(၂) တည်ငြိမ်ရေး (Law andorder)

(၃) လူ့အခွင့်အရေး မြှင့်တင်ခြင်း (Human right promotion)

(၄) ကြိုတင်ခန့်မှန်းနိုင်သော တရားရေးစွမ်းဆောင်ရည် (Predictable efficient justice) တို့ ဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခုတွင် တစ်ချိန်နှင့်တစ်ချိန် တွင် အထက်ဖော်ပြပါ စံပေတံတစ်ခုခြင်းဆီကို အားပြုလုပ်ဆောင်ရသည့် အခါမျိုးလည်း ရှိသည်။ စစ်မက်ဖြစ်ပွားပြီးနိုင်ငံများ၊ တော်လှန်ရေးတစ်ရပ် ဆင်နွှဲပြီး အကဲဆတ်သည့် အနေအထားသို့ ရောက်ရှိနေသည့် လူ့အဖွဲ့အစည်းများအတွက်တော့ တည်ငြိမ်ရေးကို အလေးပေးဆောင်ရွက်ရမည့် အခြေ အနေ ဖြစ်သည်။ ဥပမာအားဖြင့် ယခု အရှေ့အလယ်ပိုင်းနိုင်ငံများတွင် law and order ရရှိရေးအတွက် တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိနေခြင်း သည် တရားဥပဒေစိုးမိုးမှုရှိအောင် လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။ သို့သော် စံပေတံတစ်ခုတည်းကိုသာ တစ်ဖက်စောင်းနင်း မြှင့်မတင်မိဖို့လည်း လိုအပ်သည်။ ကိုယ့်အရပ်နှင့် ကိုယ့်ဇာတ် (Local context) ကိုလည်း အလေးထား သုံးသပ်ဆင်ခြင်ရန် လိုသည်။

ယုတ္တိနှစ်မျိုး

တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ နိုင်ငံရေးအင်အားစုများကြားတွင် အမြင်မတူညီသည့် ကိစ္စရပ်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပင် ဖြစ်သည်။ NLD ပါတီမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကိစ္စရပ်တွင် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုမရှိသေးသည့် အခြေအနေကို ထောက်ပြသည်။ နိုင်ငံ တကာ ကော်ပိုရေးရှင်းများမှာလည်း မြန်မာနိုင်ငံသို့ဝင်ရန် အိမ်နီးချင်းထိုင်းနိုင်ငံမှ အသင့် စောင့်နေကြသည်။ စာရေးသူအမြင်၌ တရားဥပဒေစိုးမိုးမှုမရှိ တိုင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လာရောက်လျှင် အလားကားပဲဟု သုံးသပ်ချက်မျိုးတော့ မပေးချင်ပါ။ သို့သော် တရားဥပဒေစိုးမိုးမှုမှာ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုနှင့်တော့ အမှန်တကယ် စပ်ဆက်လျက်ရှိနေပါသည်။ တရားဥပဒေစိုးမိုးမှုမရှိလျှင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်လာသည့်အခါ အင်ဒိုနီးရှားမှာ ကဲ့သို့ အစိုးရဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှု မြှင့်တက်လာနိုင်သည့်အပြင် FDI သာ မြင့်တက်လာပြီး တိုင်းပြည်စီးပွားရေး တိုးတက်လာခြင်းမရှိသည့် အနေအထားမျိုးကို ရင်ဆိုင်ရနိုင်သည်။ သို့နှင့် မေးစရာရှိလာသည့်မေးခွန်းမှာ တရားဥပဒေစိုးမိုးမှု မရှိတော့ရင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လာရောက်ရန် မသင့်တော့ဘူးလားဟူ၍ ဖြစ်သည်။ စာဖတ်သူများ စဉ်းစားစေချင်သည်။ တရားဥပဒေပြုပြင်ပြောင်းလဲရေး (Legal reform) ဆိုသည်မှာ မြန်မာနိုင်ငံတွင် အရေးတကြီး လုပ်ဆောင်ရမည့်အရေးသာ ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာပြီး ယင်းတို့မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ် သည့် တရားဥပဒေပြုပြင်ပြောင်းလဲမှုများကို အကြံပေး တိုက်တွန်းတင်ပြ လုပ်ဆောင်သွားသည့် အခင်းအကျင်းမျိုးလည်း ဖန်တီး၍ ရနိုင်ပါသည်။ သို့သော် ယင်းဗျူဟာဖြင့် ဆောင်ရွက်ခြင်းဖြင့်လည်း ကောင်းမွန်သွားလိမ့်မည်ဟု ယတိပြတ် ပြော၍မရနိုင်ပါ။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးမှာ အတော်ကြီး လိုလားစရာကောင်းသလို ခက်ခက်ခဲခဲနှင့် ပြည်သူများ၊ ဥပဒေဝန်ထမ်းများ၊ အစိုးရများ ပူးပေါင်းပြီး တက်ညီလက်ညီ ဆောင်ရွက်သွားရမှသာ ရရှိနိုင်မည်ဖြစ်ပါကြောင်း။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment