Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၀.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဂျပန်တွေလာတော့မည်

*****************************************

ဆောင်းပါးကဏ္ဍ

ဂျပန်တွေလာတော့မည်

နွဲ့ယဉ်အေး

(သြဂုတ် ၁၀ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အတွဲ (၇) အမှတ် (၄၅) မှ ထုတ်ယူဖော်ပြချက်။)

ဖက်ဆစ်ပန်ခေတ် ဘီအိုင်အေ အုပ်ချုပ်ရေးကာလတုန်းက သခင်ကိုယ်တော်မှိုင်းက ဗိုလ်ချုပ်ကို မြန်မာပြည်ထဲကို သူခေါ်သွင်းလာတဲ့ ဂျပန်တွေ နဲ့ပတ်သတ်လို့ သမိုင်းဝင်စကားတစ်ခွန်း ပြောခဲ့တယ်။

“အောင်ဆန်းရေ မင်းပင့်လာတဲ့ ဘုရာမင်း မြန်မြန်ခေါ်ထုတ်သွား ”ဆိုတဲ့ စကားပဲဖြစ်တယ်။

ဒီစကားက အဲဒီခေတ် အဲဒီအခါက မြန်မာတွေ ဂျပန်အပေါ်မှာထားတဲ့ စိတ်ထားကို ဖော်ပြတာပါ။ ဂျပန်ရယ်လို့ဆိုလိုက်ရင် ပါးရိုက်နားရိုက် ခပ် ကြမ်းကြမ်းလူမျိုးတွေလို့ ယခင်လူကြီးတွေက အစွဲရှိကြပါတယ်။ အခုခေတ်လူယ်တွေ၊ နောက်မျိုးဆက်သစ်တွေ ဂျပန်ခေတ်ကို သိမှီလိုက်သူတွေရဲ့ ဂျပန် တွေအပေါ်မှာရှိတဲ့ အမြင်မဟုတ်ပါဘူး။ အခုအချိန်မှာတော့ ခေတ်ပြောင်းသွားသလို လူငယ်တွေရဲ့ အမြင်ကလည်း သိသိသာသာ ပြောင်းလဲသွားခဲ့ပါပြီ။

ဂျပန်လို့ပြောလိုက်ရင် ဒီခေတ်မြန်မလူငယ်တွေကတော့ ခေတ်မီမိုးမျှော်တိုက်တွေ၊ ကျည်ဆန်ရထားတွေ စက်ရုပ်နည်းပညာတွေ အဆင့်မြင့် ပစ္စည်းတွေကိုပြောင်းပြီးမြင်တဲ့အချိန်ကို ရောက်သွားခဲ့ပါပြီ။ မြန်မာနိုင်ငံမှာဂျပန်ပစ္စည်းရယ်လို့ပြောမှ အရည်အသွေးကောင်း ကြာရှည်ခံဆိုတဲ့အမြင်တစ် ခုကိုလည်း ဂျပန်တွေက ထူထောင်နိုင်ခဲ့ပါပြီ။

ဂျပန်လူမျိုးတွေဟာ လူမှုရေးအရတာဝန်ယူမှု မြင့်မားတဲ့ လူမျိုးတွေဖြစ်တာကို သူတို့တွေရဲ့ နေ့စဉ် လှုပ်ရှားသွားလာနေထိုင်မှုတွေကနေ တစ်ဆင့်မြင်သာစေတယ်။ ဂျပန်မှာ ပလပ်စတစ်သပ်သပ် သံဗူးများသပ်သပ် စက္ကူသပ်သပ်စီခွဲပြီး ပစ်ရတဲ့ အမှိုက်ပုံးတွေကို ရောထွေးအမှိုက် ပစ်သူတွေ မတွေ့ရပါဘူး။ ဒီမှာ လူတွေကြားထဲ လမ်းလျှောက်ရင်း ဆေးလိပ်သောက်သွားတာ တွေ့ရင်ပြဿနာဖြစ်နိုင်ပေမယ့် ဂျပန်မှာတော့ လမ်းဘေးမှာတောင် နေရာတိုင်း ဆေးလိပ်သောက်လို့မရဘူး။ သတ်မှတ်ပေးတဲ့နေရာလေးတွေမှာပဲ ခဏတစ်ဖြုတ်မတ်တပ်ရပ်လို့ ဆေးလိပ်သောက်ပြီးရင် မီးတစ်ခါတည်း သတ်ပြီး သတ်မှတ် အမှိုက်ပုံးထဲကို ပစ်ခဲ့ကြရတာပဲ။

တိုကျိုလို လူဦးရေ၁၃.၁၈၉ သန်းကျော်ရှိတဲ့ ကမ္ဘာ့လူဦးရေ အသိပ်အသည်းဆုံးမြို့ထဲမှာ ထင်သလောက် ကားတွေကျပ်မနေခဲ့ပါဘူး။ စက်ဘီးနဲ့ ရုံးတက်ရုံးဆင်းလုပ်တဲ့ လူငယ်တွေ လူလတ်ပိုင်းတွေကို အများကြီးမြင်ရတယ်။ လူတိုင်းကားဝယ်စီးနိုင်တဲ့အခြေအနေမှာတောင် မြေအောက်ရထားတွေ မိုးပျံကားတွေကိုပဲ ဂျပန်တွေအားထားနေကြရတုန်းပဲ။ သူတို့ရဲ့စီးပွားရေးဝန်ကြီးဌာနရောက်တော့ နိုင်ငံရဲ့ စွမ်းအင်ကို ချွေတာတဲ့အနေနဲ့ စင်္ကြံလမ်း တစ်လျှောက်နဲ့ အိမ်သာတွေမှာ မီးတွေပိတ်ထားပြီး လူအသုံးပြုမှ ဖွင့်တာကိုတွေ့တော့ သူတို့လူမျိုးတွေရဲ့ မြင်သာတဲ့ တာဝန်ယူစိတ်ကို တွ့ရပါတယ်။

ဂျပန်နိုင်ငံဟာ အမေရိကန်နဲ့ တရုတ်ပြီးရင် ကမ္ဘာ့တတိယမြောက် စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုး တက်ဖို့ဆိုရင်လည်း ဂျပန်နိုင်ငံရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး အရေးပါခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ လုပ်အားခသက်သာတဲ့ အကြောင်းအရင်းတစ်ခုကြောင့် ၁၉၈၀နှောင်းပိုင်းကနေ ၁၉၉၅အထိ ဂျပန်တွေရဲ့ ထုတ်လုပ်မှု လုပ်ငန်းတွေ အများကြီး လာရောက်ရင်းနှီးမြှုပ်နှံတဲ့နေရာ ဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်နောက်ပိုင်းမှာလည်း ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက တရုတ်မှာ တိုးမြဲ တိုးလျက် ရှိနေပါတယ်။

ဒါပေမယ့် ၂၀၁၁ပြည့်နှစ်မှာတော့ တရုတ်နိုင်ငံဟာ ကမ္ဘာ့ ဒုတိယအင်အားကြီးနိုင်ငံအဖြစ် ဂျပန်ကို ကျော်တက်သွားခဲ့ပြီး ဂျပန်နိုင်ငံ၏ စီးပွား ရေးအကျပိုင်းကို ရောက်လာခဲ့ပါတယ်။ ဒီနှစ်ရဲ့ ပထမသုံးလပတ်ထဲမှာ ဂျပန်ရဲ့စီးပွားရေးဟာ ၁.၁ရာခိုင်နှုန်း ကျုံ့သွားခဲ့ပါတယ်။

ဒီနေရာမှာတင် ဂျပန်တွေဟာ သူတို့ရဲ့ စီးပွားရေးကိုချဲ့ထွင်ဖို့ နေရာရှာရင်း အာရှရဲ့ နောက်ဆုံးရွှေရောင်ပန်းတိုင်အဖြစ် နိုင်ငံတကာသတင်း တွေမှာ တင်စားလာကြတဲ့ မြန်မာနိုင်ငံကို မျက်စိကျလာခဲ့ပါတယ်။

“ဂျပန်လုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံမှုမှာ China+1 က ဘယ်လိုသွားမှာလဲဆိုတာက ကိစ္စတစ်ရပ်ပါပဲ”လို့ Fujitsu Research Institute ရဲ့ စီးပွားရေးသုတေသနစင်တာက မစ္စတာနဲဇုက ဂျပန်စီးပွားရေးလားရာကို ပြောပါတယ်။

ဂျပန်အနေနဲ့ +1 အနေနဲ့ သွားဖို့ဆိုရင် အရှေ့တောင်အာရှဒေသတွင်းမှာ မြန်မာနိုင်ငံလောက် မျက်စိကျစရာကောင်းတာ မရှိသလောက်ပါပဲ။ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ ထိုင်းနိုင်ငံ၊ ဗီယက်နမ်လို ကွန်မြူနစ်နိုင်ငံ၊ တိုးတက်မှုအကန့်အသတ်တွေ အများကြီးရှိနေတဲ့ စင်ကာပူတို့နဲ့ နှိုင်းစာရင် အခက်အခဲတွေရှိနေပေမယ့် ဒီမိုကရေစီကိုသွားနေတဲ့ မြန်မာနိုင်ငံက ပိုပြီး စိတ်ဝင်စားစရာ ဖြစ်နေမှာပါပဲ။

ဒါ့အပြင်  ဂျပန်စီးပွားရေးလုပ်ငန်းတွေ အများအပြား ရင်းနှီးမြှုပ်နှံကြတဲ့ တရုတ်နိုင်ငံဟာ လျင်မြန်လွန်းတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် စီးပွားရေး အပူလွန်ကဲပြီး ပေါက်ကွဲသွားနိုင်တာကို လေ့လာသူတစ်ချို့က သတိပြုမိခဲပါတယ်။ လေ့လာသုံးသပ်သူတစ်ချို့က တရုတ်ခေါင်းဆောင်တွေ ဟာ နိုင်ငံရဲ့အကျပိုင်းရောက်ရင် ဘယ်နည်းနဲ့မဆို ထိန်းသိမ်းနိုင်လောက်တဲ့ ကြံ့ခိုင်မှုရှိတယ်။ စမတ်ကျတယ်။ စိုးရိမ်ရာမရှိဘူးလို့ ပြောနေတာတွေ ရှိပေ မယ့် ၁၉၈၀ပြည့်လွန်နှစ်တွေက အလွန်ကိုသေချာမှုရှိတဲ့ ဂျပန်နိုင်ငံကြုံခဲ့ရတဲ့ Bubble Economy ပြဿနာလေးတွေ၊ လေကြီးမိုးကြီးအာမခံတဲ့ အမေရိ ကန် ၂၀၀၇မှာ ကြုံခဲ့ရတာတွေက ဥပမာကောင်းအဖြစ် ရှေ့မှာရှိနေပြီး ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ ကမ္ဘာ့စီးပွားရေးနယ်မြေသစ်လည်းဖြစ်၊ လုပ်အားခသက်သာပြီး နယ်မြေအချက်အခြာကျလှတဲ့ မြန်မာနိုင်ငံအပေါ် ဂျပန်တွေ အနေနဲ့ ရင်းနှီးမြှုပ်နှံစရာ ကဏ္ဍပေါင်းများစွာရှိနေပေမယ့် ဂျပန်အစိုးရလုပ်ငန်းရှင်တွေ၊ အစိုးရဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမိသမျှမှာ သူတို့ ဦးစား ပေးပြောကြားသွားတာက  မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံကဏ္ဍမှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုတဲ့စကားပဲ ဖြစ်တယ်။ လူတကာမျက်စိကျနေတဲ့ စွမ်းအင်ရှာဖွေတူးဖော်ရေးကဏ္ဍကို ဦးတည်ပြောကြားခြင်း မရှိပါဘူး။

နောက်ပြီး သူတို့တွေ အထူးသိချင်ပြီး မကြာခဏဆိုသလို မေးချင်တဲ့မေးခွန်းတစ်ခုကတော့ မြန်မာတွေအနေနဲ့ ဂျပန်လုပ်ငန်းရှင်တွေ ဂျပန်နိုင်ငံ သားတွေဆီက ဘာကိုလိုချင်သလဲဆိုတဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းကို မကြာမကြာကြားရတော့ ဂျပန်တွေဟာ လိုချင်မှု သက်သက်ကြီးကြောင့် မြန်မာနိုင်ငံ ကို လာတာမဟုတ်ဘဲ ပေးချင်တာလေးတွေလည်း ရှိနေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

“မြန်မာနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံမှု လာပြီးရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေ တူညီရင်တောင် လုပ်ငန်းလုပ်သူတွေရဲ့ သဘာဝနဲ့ လက္ခဏာကတော့ ထင်းရှားစွာ ကွဲပြားပါတယ်။ ဂျပန်နိုင်ငံက ရေရှည်ကိုမျှော်ကြည့်ပါတယ်။ မြန်မာနိုင်ငံနဲ့ အတူတကွ ဖွံ့ဖြိုးတိုးတက်လာချင်ပါတယ်။ အမေရိကန်လုပ်ငန်း တွေရဲ့ သဘောသဘာဝအရ ရှယ်ယာရှင်တွေရဲ့အကျိုးကို ကြည့်တာကြောင့် ရေတိုကိုကြည့်တာ များပါတယ်။”လို့ ဂျပန်စီးပွားရေးကုန်သွယ်ရေးနဲ့ လုပ် ငန်းများဝန်ကြီးဌာန ဝန်ကြီးမစ္စတာယူခီအိုအဲဒါနိုက မြန်မာမီဒီယာအချို့နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးက ဂျပန်နိုင်ငံနဲ့လက်တွဲဖို့ ရွေးချယ်မယ်ဆိုရင် အထူးအကျိုးရှိမယ်လို့လည်း အာမခံပါတယ်။ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ တူညီမှု တွေ အများကြီးရှိသလို အတိတ်ကအကြောင်းတွေကြောင့် ဂျပန်လူမျိုးတွေဟာ မြန်မာတွေအပေါ်ကို အလွန်ချစ်ခင်ကြတယ်လို့လည်း ဝန်ကြီးက ပြောပါ သေးတယ်။

ဂျပန်နိုင်ငံခြာရေးဝန်ကြီးဌာန First Southeast Asia Division က မြန်မာစကားကို အထူးရည်လည်တဲ့ ဂျပန်အရာရှိတစ်ဦးကလည်း ဂျပန်တွေ အပေါ် မြန်မာတွေဟာ ကျေးဇူးရှိတယ်ဆိုတဲ့စကားကို ဆိုလာပြန်ပါတယ်။

ဒီနေရာမှာတော့ မကြားသေးမီလေးကပဲ အမေရိကန်အစိုးရက မြန်မာနိုင်ငံရဲ့ သွင်းကုန်ပိတ်ပင်တားမြစ်မှု အပါအဝင် စီးပွားရေးပိတ်ဆို့မှုများကို သုံးနှစ် ထပ်မံသက်တမ်းတိုးဖို့ အမေရိကန်အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်တာကို သတိရမိပါတယ်။ အမေရိကန်က ယာယီရပ်ဆိုင်းထားတဲ့ ရင်းနှီးမြှုပ် နှံမှုဆိုင်ရာ စီးပွားရေးပိတ်ဆို့မှုတွေဟာ အမေရိကန်ကိုသာ တစ်ဖက်သတ်အကျိုးရှိခဲ့တယ်လို့ ဝေဖန်မှုတွေကလည်း မြန်မာအသိုင်းအဝိုင်းမှာ ရှိနေပါ တယ်။

“ဂျပန်ကတော့ ဂျပန်တွေကို မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ဖို့ တခါမှ မပိတ်ပင်ဖူးပါဘူး။ ယခင်က ODA (Officil Development Assistant ) အကူအညီက နယ်ပယ်ကျဉ်းမြောင်ခဲ့တယ်။ ဒါမေယ့် ပုဂ္ဂလိကကဏ္ဍကိုတော့ မြန်မာနိုင်ငံနဲ့ စီးပွားရေးဆက်သွယ်ဆောင်ရွက်ဖို့နဲ့ပတ်သက်လို့ တစ်ခါမှ ပိတ်ဆို့မှု မလုပ်ဖူးပါဘူး။ မြန်မာနိုင်ငံက ထုတ်ကုန်တွေကိုလည်း ဂျပန်နိုင်ငံကို တင်ပို့နိုင်ပါတယ်”လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မစ္စတာ ဆာဆာ ရာမက ပြောပါတယ်။

အခုဆိုရင် ဂျပန်နိုင်ငံဟာသူတို့နိုင်ငံမှာကို ၂၀၁၁ခုနှစ်ကထိခိုက်ခဲ့တဲ့ ငလျင်နဲ့ ဆူနာမီကြီးအတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေကျပ်တည်း နေချိန်မှာတောင် မြန်မာနိုင်ငံကိုချေးထားတဲ့ ၃.၇ဘီလီယံဒေါ်လာ လျှော့ပေးမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့် ၂၀၁၃ခုနှစ် က တည်းက ရပ်ဆိုင်းထားတဲ့ ODA ချေးငွေကို ပြန်ပေးပါတော့မယ်။

အပြန်အလှန်သဘော ဆိုသလိုပါပဲ။ မြန်မာနိုင်ငံသားတွေအနေနဲ့ကလည်း မည်သည့်နိုင်ငံတွေနဲ့ စီးပွားရေးတွဲဖက်လုပ်ကိုင်ရန် စိတ်ဝင်စားမှု ဖြစ်သလဲဆိုတာကို Eleven Media Group ရဲ့ ဝက်ဆိုက်မှာ စစ်တမ်းကောက်ယူချက်အရ ဖြေဆိုသူ ၆၂၇ယောက် (သြဂုတ်လ ၇ရက်နေ့ ညနေပိုင်း အထိ) ရှိတာမှာ ဂျပန်နိုင်ငံနဲ့ စီးပွားရေးတွဲဖက်လုပ်လိုသူက ၃၈ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးက ရပ်တည်နေပါတယ်။

ဒီလိုခြေအနေတွေက ဖန်တီးနေပါလျက်  ဂျပန်တွေကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေဟာ အခြားနိုင်ငံတွေနဲ့စာရင် နှေးနေသေးတယ် လို့ ထင်စရာရှိနေပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဂျပန်လုပ်ငန်းစုကြီတစ်ခုက ဒါရိုက်တာကြီးက ဒီလိုပြောပါတယ်။

“ဂျပန်တွေရဲ့အားနည်းချက်က ဆုံးဖြတ်ဖို့ အချိန်ယူတာပါပဲ။ ဒါပေမယ့် ဆုံးဖြတ်ချက်ချပြီးရင် နောက်ပြန်မလှည့်တော့ဘူး။ စီးပွားရေးပျက်ကပ် ဆိုက်လိုက်ရင်တောင် နောက်ပြန်ဆုတ်တတ်တဲ့လူမျိုး မဟုတ်ဘူး ” ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဂျပန်တွေက မြန်မာနိုင်ငံကို လာတော့မှာပါ။ အချို့နိုင်ငံတွေလောက် အရှိန်အဟုန် မြန်မြန်ကြီး ဖြစ်ချင်မှဖြစ်မှာပါ။ ဒါပေမယ့် သူတို့လာတော့မယ်ဆိုတာကတော့ အသေအချာပါပဲ။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment