yangonchronicle2011 Op-Ed |
၂၇.၈.၂၀၁၂
ဆောင်းပါးကဏ္ဍ
- ပုံစံပြောင်းပြီး ဆောင်ရွက်ကြစို့
*****************************************
ဆောင်းပါးကဏ္ဍ
ပုံစံပြောင်းပြီး ဆောင်ရွက်ကြစို့
ဖုန်းထက်ဝင်း
မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေးစနစ်မှာ ပီမီဒေါက်မီမဟုတ်သေးသည့်တိုင် နိုင်ငံဖွံ့ဖြိုးရေးအတွက် ပုဂ္ဂလိကအပိုင်းကို အားကောင်းလာ အောင် မူဝါဒများပြဋ္ဌာန်းပေးရမည်ဟူသော အိုင်ဒီယာကိုစီးပွားရေးပညာရှင်များမှ မူဝါဒချမှတ်သူများ သိစေရန်အလို့ငှာ ရေးသားပြောဆိုမှုများ ဆောင် ရွက်ခဲ့ပြီး ဖြစ်သည်။ အရင်းရှင်စနစ်နှင့်ပတ်သက်ပြီး ကမ္ဘာ့လားရာမှာလည်း ပုဂ္ဂလိကအခန်းကဏ္ဍကို အလေးထားရေး အိုင်ဒီယာမှာ ပင်မရေစီးဖြစ်နေပါ သေးသည်။ သို့သော် အမေရိကန်သမ္မတဟောင်း ရော်နယ်ရီဂင်နှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာတို့၏ ဈေးကွက်စီးပွားရေး ပြုပြင်ပြောင်း လဲမှုကြောင့် အမေရိကန်နှင့် ဥပရောပတိုက် စီးပွားရေး တဟုန်ထိုးတက်သွားခဲ့သော်ငြားလည်း တချို့သော ပုဂ္ဂလိကပိုင်လွှဲပြောင်းမှုများကို ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ခဲ့ခြင်းမရှိသည့်အတွက် ယခုအခါတွင် ၎င်း၏ ဘေးထွက်ဆိုးကျိုးရှိနေသည်ဟု ဝေဖန်သုံးသပ်မှုများလည်း ရှိသည်။
ပုဂ္ဂလိကအခန်းကဏ္ဍကို မြှင့်တင်ပေးခြင်းမှာ အလုပ်အကိုင်အခွင့်အလမ်းများ ရှိလာရုံမျှမက အပြိုင်အဆိုင်ဆောင်ရွက်ရခြင်းကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဆောင်ကြဉ်းပေးပါသည်။ သို့သော် ထိုသို့ အကောင်းဘက်ချည်းဘဲ ရှိသည်တော့မဟုတ်။ ပုဂ္ဂလိကလုပ်ငန်းများ၏ အမြတ်ရရှိ ရေး ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ဆောင်ရွက်မှုများကြောင့် လူ့အဖွဲ့အစည်းအား ဆိုးရွှားသည့်သက်ရောက်မှုများလည်း ရှိသည်။ အရင်းရှင်စနစ်တွင် ပုဂ္ဂလိကအခန်းကဏ္ဍကို ကိုယ်စားပြုသည့် ကော်ပိုရေးရှင်းများ၏ လောဘဇောဖြင့် ဆောင်ရွက်မှုများကြောင့် လူပုဂ္ဂိုလ်တစ်ဦးချင်း၏ လွတ်လပ်ခွင့်များ ဆုံးရှုံးလာသည်ဟု ဝေဖန်ထောက်ပြမှုများ ရှိသည်။ ထိုအတွက်ကြောင့်လည်း လူမှု့လူ့ဘောင်အဖွဲ့အစည်းအတွင်း မိမိတို့၏ အကျိုးအမြတ်ကိုရှာနေသည့် အမြတ်အတွက် ရည်ရွယ်သည့် အဖွဲ့အစည်းများ (စီးပွားရေးလုပ်ငန်းများ) မှာ လူ့အဖွဲ့အစည်း ထိခိုက်မှုမရှိအောင်နှင့် လူ့အဖွဲ့အစည်းအား ပြန်လည်အ ကျိုးပြုသည့် ပရဟိတဆောင်ရွက်ချက်များ corporate social responsibility ရှိကိုရှိရမည်ဟု ဆိုကြသည်။ ထိုသို့ corporate social responsibility မရှိ လျှင် လောဘမီးကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးကိုခံစားရသည့် ပြည်သူများတွင် ဒေါသမီးများ တောက်လောင်လာပြီး ပဋိပက္ခတစ်ခုဆီသို့ ဦးတည်သွားတတ်မြဲ ဖြစ်သည်။
ပြုပြင်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်နေသည့် မြန်မာနိုင်ငံတွင်လည်း ပြည်သူများမှာ မိမိတို့၏ နစ်နာမှုများကို ဆန္ဒ ဖော်ထုတ်ခွင့် ယခင်ကထက် ပိုမို ရရှိလာပြီဖြစ်သည်။ ထိုအတွက်ကြောင့်လည်း မြစ်ဆုံကဲ့သို့သော တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ကိစ္စရပ်မျိုးကို ထိပ်ပိုင်း မူဝါဒချမှတ်သူများ စက်ဝန်းအတွင်းရောက်အောင်ပင် ဆန္ဒထုတ်ဖော်မှုကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြသည်။ ပြီးခဲ့သည့် သြဂုတ် ၂၅ ရက် နေ့ကလည်း ကြည်မြင့်တိုင်မြို့နယ်နှင့် အလုံမြို့နယ်ကြား Asia World ကုမ္ပဏီမှ ရန်ကုန်မြစ်သို့ ထွက်ပေါက်ဖြစ်သော ရေမြောင်းကြီးကို ကွန်ကရစ်များ ဖုံးအုပ်ထားခြင်းကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်ခဲ့မှုများ ဖြစ်ပွားခဲ့သည်။ ထိုကြောင့် မြို့နယ်တွင် နေထိုင်သူများမှာ နေအိမ်များရေနစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာသည့်အတွက် မကျေမနပ်ဖြစ်ရာကနေ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားခဲ့သည်။
ထို့အပြင် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင်လည်း တရုတ်ကုမ္ပဏီ၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် လယ်ယာဧကပေါင်း ၇၈၀၀ ကျော် အပြီးအပိုင် သိမ်းဆည်းမှုများ ဖြစ်ပေါ်လာသည့်အတွက်ကြောင့် ဒေသခံများ ဆန္ဒထုတ်ဖော်မှုများ သြဂုတ်လတတိယပတ်မှစတင်၍ နေ့စဉ်နှင့် အမျှ ဖြစ်ပေါ်လျက်ရှိသည်။ ယင်းစီမံကိန်းကို တရုတ်ကုမ္ပဏီနှင့် မြန်မာ့စီပွားရေး ဦးပိုင်လီမိတက်တို့က ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်ပြီး နှစ်၆၀ ဂရမ်ဖြင့် လုပ်ကိုင်နေခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကုမ္ပဏီကြီးများ၏ ထိုသို့ မဆင်မခြင် လုပ်ဆောင်မှုမျိုးမှာ ယခင်ကတည်းက ရှိခဲ့ပြီးဖြစ်သော်လည်း ယင်းကို ထိန်းကျောင်းနိုင်သည့် အားကောင်းသည့် အရပ်ဖက်လူ့အဖွဲ့အစည်းနှင့် မီဒီယာပွင့်လင်းမှု မရှိခဲ့သည့်အတွက်ကြောင့် အများပြည်သူများ မသိရှိ ခဲ့ချေ။ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် မီဒီယာများမှာ ပြည်သူများအပေါ် ဆိုးကျိုးသက်ရောက်နိုင်သည့် စီးပွားရေးလုပ်ငန်းကြီးများ၏ မည်သည့် လုပ်ဆောင်ချက်မျိုးကိုမဆို စောင့်ကြည့်ဝေဖန် အသိပေးရမည့် တာဝန်ရှိသည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း ၎င်းတို့၏ လုပ်ဆောင်နေသည့် ပုံစံကို ပြောင်းလဲဖို့ လိုအပ်ပြီဖြစ်သည်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာနေရာများတွင် စီးပွားရေးလုပ်ငန်းများသည် အမြတ်ရည်ရွယ်ချက်သက်သက်ကို ဆောင်ရွက်နေခြင်းထက်ကျော်၍ လုပ်ဆောင်ရမည်ဖြစ်သည်။ တနည်းဆိုရလျှင် ဒေသအကျိုးစီးပွားအတွက် ဒေသခံပြည်သူများနှင့်လည်းကောင်း၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များနှင့်လည်းကောင်း၊ အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့်လည်းကောင်း လက်တွဲ၍ အလုပ်လုပ်ဆောင်နိုင်ရမည်။ ပဋိပက္ခဖြစ်လာခဲ့သည်ရှိသော်လည်း အကြမ်းဖက်တိုက်ခိုက်ကြသည့်အဆင့်ကို မရောက်သွားအောင် stakeholder များအားလုံး သေချာစိစစ်ပြီး တွေဆုံဆွေး နွေး အဖြေရှာခြင်းဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်ရပေမည်။
ယခု ကမ္ဘာပေါ်တွင် နိုင်ငံအများစုမှာ ဖွံ့ဖြိုးတိုးတက်ရေးပြိုင်ပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်လာနေသည်နှင့် တစ်ပြိုင်နက် ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးအကြောင်းကိုလည်း အလေးထား ပြောကြားလာလေသည်။ ယခင်က စီးပွားရေးဖွံ့ဖြိုးမှု တစ်ခုတည်းကိုသာ ကြည့်ပြီး ဖွံ့ဖြိုးရေးမူဝါဒများ ခင်း နေရာမှ ယခုအခါတွင် စီးပွားရေးလုပ်ငန်းများ ရှင်သန်ရေးကိုသာမက သဘာဝပတ်ဝန်းကျင်ရှင်သန်ရေးနှင့် လူမှုဘဝအပေါ် ဆိုးကျိုးသက်ရောက်မှုများ မဖြစ်ပေါ်အောင် မူဝါဒများ ပြောင်းလဲချမှတ်လာကြပြီလည်း ဖြစ်သည်။ မြန်မာနိုင်ငံသည် နောက်ထပ် အာရှစီးပွားရေး ကျားတစ်ကောင်ဖြစ်လာနိုင်သည် ဟု ခန့်မှန်းချက်များလည်း ရှိလေရာ စီးပွားရေုးလုပ်ငန်းများနှင့် ဒေသခံပြည်သူများကြား အထက်ပါကိစ္စရပ်မျိုးကဲ့သို့သော အကျိုးစီးပွားပဋိပက္ခများ ပေါ်လာနိုင်ပါသည်။ ထိုအခါမျိုးတွင် ဒေသခံများ၏ အကျိုးစီးပွားဆောင်ရွက်ရင်း မိမိတို့အဖွဲ့အစည်း၏ ပုံရိပ်ကို မြှင့်တင်ရင်းဖြင့် ထိန်းထိန်းသိမ်းသိမ်ဖြင့် ပြောင်းလဲဆောင်ရွက်သွားဖို့ လိုအပ်ပါကြောင်း…။
*****************************************
Google Drive: create, share, and keep all your stuff in one place.