Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၇.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. နယ်စပ်ရေးရာ ဆွေးနွေးပွဲများပြန်စရန် မြန်မာ သဘောတူ

(Bangkok Poet မှ 27 August 2012 ရက်စွဲတွင်ပါရှိသည့် “Myanmar agrees to resume border talks” သတင်းကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံတွင် ဖမ်းထားသော ထိုင်း၈ဦး  ထောင်(၇)နှစ်စီကျ

(Bangkok Post မှ 25 August 2012 ရက်စွဲပါ“ Thais in Myanmar get 7 years” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရိုဟင်ဂျာများအတွက် အထောက်အကူဖြစ်စေမည့် မြန်မာစစ်အစိုးရ၏ ဆောင်ရွက်ချက်ကို ကြိုဆို

(New Straits Times မှ 24 August 2012 ရက်စွဲပါ“ Myanmar move to help Rohingya hailed” သတင်းကို ဘာသာပြန်သည်)

  1. ဒုက္ခသည်များအား အတင်းပြန်ပို့သည့် ကိစ္စကို တရုတ်ငြင်းဆန်

(The New York Times မှ 25 Aug 2012 ရက်စွဲပါ “ Chinese deny forcing refugees to Burma” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. အင်ဒိုနီးရှားကြက်ခြေနီက မြန်မာသို့ ကယ်ဆယ်ရေးအဖွဲ့စေလွှတ်

(AFP သတင်းမှ 25 August 2012 ရက်စွဲပါ “Indonesia Red Cross sends team to Myanmar”သတင်းကို ဘာ သာပြန်ဆိုသည်။)

 *****************************************

ဘာသာပြန်သတင်းများ

နယ်စပ်ရေးရာ ဆွေးနွေးပွဲများ ပြန်စရန် မြန်မာသဘောတူ

(Bangkok Poet မှ 27 August 2012 ရက်စွဲတွင်ပါရှိသည့် “Myanmar agrees to resume border talks” သတင်းကို ဘာသာပြန် ဆိုသည်။)

ကြန့်ကြာနေသည့် မြန်မာနယ်စပ်ကိစ္စများကို ဖြေရှင်းပေးမည့် ဆွေးနွေးပွဲများ ပြန်စရန် မြန်မာအစိုးရက သဘောတူလိုက်ပြီဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူများက ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ်ရေးရာ ကော်မတီ JBC ပူးတွဲဥက္ကဋ္ဌ ဗာဆင် တီရာဗီချန်က မြန်မာနိုင်ငံ၏ အနေအထားသည် ပိုမို တည်ငြိမ် လာပြီး ထိုင်းနှင့် နယ်စပ်ကိစ္စများကို ဖြေရှင်းရန် မြန်မာအစိုးရက ကြိုးစားနေသည်ဟု ပြောကြားခဲ့သည်။၏

မြန်မာ၊လာအိုတို့နှင့် နယ်ခြားဆက်ဆံရေး ဟူသောခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်ကျင်းပသော ဟောပြောဆွေးနွေးပွဲတွင်

ဗာဆင်က “အောက်တိုဘာလတွင် JBCအစည်းအဝေးကို ပုဂံမှာ ပြန်စဖို့ မြန်မာက သဘောတူထားပါတယ်၊ ရက်ကိုတော့ မသတ်မှတ် ရသေးဘူး”ဟုပြော ကြားသည်။

ဗာဆင်နှင့် နယ်နိမိတ်စည်းမျဉ်း သတ်မှတ်ရေး တာဝန်ရှိသူများသည် ထိုင်း၊မြန်မာ၊လာအို ၃နိုင်ငံထိစပ်နေသော မယ်ဆိုင်မှ နမ့်ရိုမြစ်နှင့် ထိုင်း- မြန်မာချစ်ကြည်ရေး တံတားအမှတ်(၂) တို့ကိုလည်း စစ်ဆေးခဲ့ကြသည် ဟုသိရသည်။

နယ်စပ်ရေးရာ JBCအစည်းအဝေးကို လွန်ခဲ့သော ၇နှစ်က နောက်ဆုံကျင်းပခဲ့ပြီးနောက် မြန်မာပြည်တွင်းရေး ပြဿနာများကြောင့် ရပ်ဆိုင်းသွား ခဲ့သည်။

မြဝတီနှင့် တစ်ခ်ခရိုင်အကြားရှိ သောင်းရစ်မြစ် တစ်ကြောမှ ပြဿနာများကို လာမည့် JBCအစည်းအဝေးတွင် အဓိက ဆွေးနွေးကြမည်ဟု ဗာဆင် ကဆိုသည်။

နယ်စပ်ရေးရာညှိနှိုင်း ဆွေးနွေးပွဲများတွင် လမ်းညွှန်အဖြစ် သုံးရန်နားလည်မှု စာချွန်လွှာကို ဆွေးနွေးကြဖို့ နှစ်နိုင်ငံစလုံးက စီစဉ်ထားကြပြီး မြစ်ကြောင်းတစ်လျှောက်ပြဿနာများကို ဖြေရှင်းရန် ဖွဲ့စည်းထားသော ပူးတွဲနည်းပညာ ကော်မတီတို့ကိုလည်း ယခုထက်ပို၍ ထိရောက်မှု ရှိစေချင်ကြ သည် ဟု ဗာဆင်က ပြောကြားသည်။

ထို့ပြင်နယ်စပ်ဝင်ပေါက် များပိတ်ပစ်ခြင်းသည် ကုန်သွယ်ရေးနှင့် ပို့ဆောင်ရေးများကို ထိခိုက်နစ်နာစေသောကြောင့် နယ်စပ်ပြဿနာ များနှင့် နိုင်ငံ ရေး ကိစ္စများကို ခွဲခြားထားရန် ထိုင်းနိုင်ငံက ကြိုးစားမည်ဟု သိရှိရသည်။

နယ်နိမိတ် စည်းမျဉ်းများဖြစ်သော မြစ်ကြောင်းမှအနည်းဆုံး မီတာ၂၀၀ခန့် အကွာအဝေးကို ကြားခံဇုန် အဖြစ်ထားရှိလိုသည်ဟု ဗာဆင်က ပြောကြားသည်။

သို့မှသာ အဆိုပါဧရိယာအတွင်း အမြဲတမ်း အဆောက်အဦးများ တည်ဆောက်ခြင်းကို တားဆီးနိုင်မည်ဟု သူကဆိုသည်။

ထိုင်းနှင့် လာအိုအကြား နယ်နိမိတ်စည်းမျဉ်း သတ်မှတ်မှုမှာမူ ၉၆ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်၍ ယင်းကိစ္စနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ မလုပ် ဖြစ်တော့သည့် ကာလမှာ ၅နှစ်ခန့်ပင် ရှိပြီဟု JBCပူးတွဲဥက္ကဋ္ဌ ဗာဆင်က ပြောကြားသည်။

---------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံတွင် ဖမ်းထားသော ထိုင်း၈ဦး  ထောင်(၇)နှစ်စီကျ

(Bangkok Post မှ 25 August 2012 ရက်စွဲပါ“ Thais in Myanmar get 7 years” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာတရားရုံးက ထိုင်း(၈)ဦးကို လက်နက် လက်ဝယ်တွေ့ရှိမှုဖြင့် ထောင်ဒဏ် ၇ နှစ်စီ အသီးသီး ချမှတ်လိုက်သည်ဟု ထိုင်းအာဏာပိုင်များက စနေနေ့တွင် ပြောကြားသည်။

အဆိုပါ ထိုင်း၈ဦးသည် ရနောင်းခရိုင်နှင့် မျက်နှာခြင်းဆိုင် မြန်မာနယ်ထဲတွင် ကျူးကျော်ဝင်ရောက် စိုက်ပျိုးမှုဖြင့် အဖမ်းခံရသော ထိုင်း(၉၂)ဦးထဲ တွင် ပါဝင်သည်။

၎င်းထိုင်း(၈)ဦးသည် အမြင့်ဆုံး ထောင်ဒဏ်နှစ် (၂၀)အထိ ပြစ်ဒဏ်ချမှတ်နိုင်သော လက်နက်ကိုင်ဆောင်မှု ပြစ်မှုဖြင့် တရားစွဲခံရခြင်းဖြစ်သည်။

လက်နက်ကိုင်ဆောင်မှုဖြင့် တရားစွဲခံရသော ထိုင်း(၈)ဦးကို သောကြာနေ့ မနက်ခင်းတွင် ရုံးထုတ်စစ်ဆေးကာ၊ မွန်းလွဲပိုင်းတွင် ပြစ်ဒဏ် ချမှတ် ခံခြင်း ဖြစ်သည်ဟု ထိုင်း-မြန်မာနယ်ခြား ညှိနှိုင်းရေး ကော်မတီမှ တာဝန်ရှိသူများက ဆိုသည်။

ထောင်ဒဏ်(၇)နှစ်စီ ချမှတ်ခံရသောထိုင်း (၈)ဦးမှာ ပရာချွတ်ကရီစဉ် ခရိုင်မှ နှစ်ဦး၊ ဆူရတ်သာနီခရိုင်မှ နှစ်ဦးနှင့်၊ အခြားကျန် ၄ဦးမှာ ကရာဘီ၊ ရနောင်း၊ နာခွန်စီသာမာရတ်၊ ချန်ဖွန်ခရိုင်တို့မှ ဖြစ်သည်ဟု သိရှိရသည်။

၎င်းတို့ ၈ဦးကို တရားမဝင် လူဝင်မှု၊ နိုင်ငံပိုင်သစ်တောကို ကျူးကျော်မှုတို့ဖြင့် ထောင်ဒဏ် (၃)နှစ်ခွဲစီ အစောပိုင်းက ချမှတ်ထားပြီး ဖြစ်သည်ဟုဆို သည်။

မူးယစ်ဆေးဝါးပြစ်မှုဖြင့် တရားစွဲဆိုခံရသော အခြားထိုင်းနှစ်ဦးကိုမူ တနင်္လာနေ့တွင် ပြစ်မှုချမှတ်မည် ဖြစ်သည်။

ကျန်အထိန်းသိမ်းခံ ထိုင်း ၈၂ ဦးကိုမူ ထိုင်းနိုင်ငံသို့ ပြန်ပို့ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်သို့ အမည်စာရင်း တင်ပြထား သည်ဟု ကြားသိရသည်။ ၎င်းတို့ကိုမူ မြန်မာနိုင်ငံသို့ဝင်ခွင့် ၃နှစ်ခွဲ  ပိတ်ပင်ထားမည်ဟု အာဏာပိုင်များက ပြောကြားသည်။

---------------------------------------------------------------------------------------------------------------------

ရိုဟင်ဂျာများအတွက် အထောက်အကူဖြစ်စေမည့် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်ကို ကြိုဆို

(New Straits Times မှ 24 August 2012 ရက်စွဲပါ“ Myanmar move to help Rohingya hailed” သတင်းကို ဘာသာပြန်သည်)

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို ကယ်ဆယ်ရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခဲ့သည့် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်ကို Malasia International Institute of Islamic Cooperation(IKIAM) နှင့် Council တွင် Islamic Cooperation-Government Movement Asean တို့က မနေ့က ချီးကျူးကြိုဆိုလိုက်သည်။

သမ္မတဦးသိန်းစိန်၏ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းကြောင်း ကြေညာချက်သည် အချိန်ကိုက် မှန်ကန်မှုရှိပြီး၊ အစိုးရမဟုတ်သော အာဆီယံ အစ္စလာမ်မစ် လှုပ်ရှားမှု ညီလာခံက သြဂုတ်လ ၁၄တွင် ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုမှန်သမျှ ရပ်ဆိုင်းရန် အဆိုပြုထားခြင်းနှင့်လည်း ကိုက်ညီမှုရှိသည်ဟု IKIAM ဥက္ကဌ ဒါတွက်ဇာဟီဒီ ဇိုင်နူးအဘီဒင်က ပြောကြားသည်။

“ဒီလို ကော်မရှင် ဖွဲ့စည်းလိုက်တဲ့အတွက် ဗုဒ္ဓဘာသာ အစွန်းရောက် အုပ်စုတွေနဲ့ မွတ်ဆလင် အစွန်းရောက်အုပ်စုတွေကြားက ပဋိပက္ခ ရပ်ဆိုင်း သွားလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”

“ဒါ့အပြင် ရိုဟင်ဂျာ မွတ်ဆလင်တွေကို နှစ်ပေါင်းများစွာ နှိမ့်ချ၊ ဆက်ဆံ၊ သတ်ဖြတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေကို စုံစမ်းစစ်ဆေးပြီး၊ တရားစွဲဆိုဖို့ မြန်မာအစိုးရကို ကျွန်တော်တို့ တောင်းဆိုပါတယ်။ ဒီလိုလူတွေကို နိုင်ငံတကာ ဥပဒေအရ အရေးယူ သင့်ပါတယ်”ဟု ဇာဟီဒီက ဆက်လက် ပြောကြားသည်။

၎င်းညီလာခံတွင် ဆွေးနွေးခဲ့သော အချက်၈ခုအနက်မှ တစ်ခုမှာ ၂၀၀၈တွင် လက်မှတ်ရေးထိုးထားသော Asean Human Rights Body တွင် ဖော်ပြထားသည့်အတိုင်း အခြေခံ လူအခွင့်အရေးများကို လေးစားမှုရှိရန်၊ လိုက်နာမှုရှိရန် မြန်မာအစိုးရကို တောင်းဆိုကြရန် ဖြစ်သည်ဟု ဇာဟီဒီက ပြော ကြားသည်။

---------------------------------------------------------------------------------------------------------------------

ဒုက္ခသည်များအား အတင်းပြန်ပို့သည့် ကိစ္စကို တရုတ်ငြင်းဆန်

(The New York Times မှ 25 Aug 2012 ရက်စွဲပါ “ Chinese deny forcing refugees to Burma” သတင်းကို ဘာသာပြန်ဆိုသည်။)

ကချင်ဒုက္ခသည်များအား မြန်မာနိုင်ငံ တိုက်ပွဲဇုံသို့ တရုတ်နိုင်ငံက အတင်းပြန်ပို့နေသည်ဟူသော လူ့အခွင့်အရေး အုပ်စုများ၏ အစီရင်ခံစာများကို တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ကန့်ကွက်ငြင်းဆိုလိုက်ပြီး သူတို့ဆန္ဒအလျောက် အိမ်ပြန်ကြခြင်းသာ ဖြစ်သည်ဟု ပြောဆိုလိုက်ပါသည်။

နယူးယောက်တိုင်းသတင်းစာ၏ သောကြာနေ့က သတင်းဆောင်းပါးကို တုန့်ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ပေးပို့သော ကြေငြာချက်တွင် မြန်မာ့တပ်မတော်နှင့် KIA တပ်အကြား တိုက်ခိုက်မှု အရှိန်လျှော့သွားခြင်းကြောင့် ကချင်ဒုက္ခသည်များ အိမ်ပြန်ကြခြင်း ဖြစ်သည်ဟု ဖော်ပြထားခြင်းသည် တိုက်ပွဲများပိုမို ပြင်းထန်နေသည်ဟူသော ဒေသခံများ၏ သတင်းပေးပို့ချက်များနှင့် ကွဲလွဲနေပါသည်။

ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက်၍ တရုတ်နိုင်ငံဖက်သို့ ယခုတလော ရောက်ရှိလာကြသော ကချင်များသည် ဒုက္ခသည်များ မဟုတ်ကြောင်း၊ အချို့သည် နေ့ခင်းဖက်တွင် မြန်မာနိုင်ငံဖက်သို့ သွားရောက် အလုပ်လုပ်ပြိး ညဖက်တွင် တရုတ်နိုင်ငံဖက်သို့ ပြန်လာခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် လူသားချင်း ဂရုဏာထားသော စိတ်ဓါတ်ဖြင့် အဆိုပါ မြန်မာနယ်စပ်မှ ဒေသခံများအား လူသားရင်းမြစ်၊ ပိုက်ဆံ နှင့် အခြားပစ္စည်းများကို ထောက်ပံ့ကူညီလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာအစိုးရ တပ်ဖွဲ့နှင့် ကချင်တပ်အကြား ၁၇ နှစ်ကြာ အပစ်ရပ်စဲထားမှု ၂၀၁၁ ဇွန်လတွင် ပျက်ပြားသွားပြီး နောက်ပိုင်း ကချင်ပြည်နယ်နှင့် နယ်စပ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဖက်သို့ ကချင်စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာ ထွက်ပြေးခိုလှုံခဲ့ကြသည်။

တရုတ်အာဏာပိုင်များက ကချင်ဒုက္ခသည်များကို အတင်းပြန်ပို့နေသည် ဟူသော စွပ်စွဲမှုများအပေါ် မှတ်ချက်ပေးရန် နယူးယောက်တိုင်း သတင်းစာက တောင်းဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏  ကြေငြာချက်ထွက်ပေါ် လာခြင်းဖြစ်သည်။ တရုတ်ဝန်ကြီးဌာ နက အစပိုင်းတွင်မူ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ကြာသာပတေးနေ့ကထုတ်ပြန်သော Human Rights Watch ၏ အစီရင်ခံစာတွင် ကချင်ဒုက္ခသည် ၁၀၀၀ခန့်ကို အတင်းပြန်ပို့ပြီး ဖြစ်ကြောင်း၊ သီတင်းပတ်ကုန်ရက်တွင် နောက်ထပ် ၄၀၀၀ ခန့်ပြန်ပို့ရန် စီစဉ်နေကြာင်း ဖေါ်ပြထားသည်။ ဇွန်လက HRW အစီရင်ခံစာ တစ်စောင်တွင် တရုတ်နိုင်ငံရောက် ကချင်ဒုက္ခသည် အရေအတွက် ၇၀၀၀ မှ ၁၀၀၀၀ အကြားရှိသည်ဟု ခန့်မှန်းထားသည်။

HRW ၏ ယခုနောက်ဆုံး အစီအရင်ခံစာတွင်  တရုတ်အာဏာပိုင်များသည် ကချင်ဒုက္ခသည်များကို ယခင်ကတည်းက အတင်းအကျပ် ပြန်ပို့ခဲ့ ကြောင်း၊ သို့သော် ပြီးခဲ့သော သီတင်းပတ်ကုန်ရက်များတွင်မူ အရေအတွက်များစွာကို စနစ်တကျ အတင်းပြန်ပို့ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော်တင်ပြထားပါ သည်။

---------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားကြက်ခြေနီက အကူအညီပေးရေးအဖွဲ့စေလွှတ်

(Jakartar Globe မှ 25 August 2012 ရက်စွဲပါ Indonesian Red Cross Sends Teams to Myanmar ကိုဘာသာပြန်ဆိုသည်)

ဆူပူအုံကြွမှုများနှင့် ပဋိပက္ခများဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ အနောက်ပိုင်း၊ ရခိုင်ပြည်နယ်သို့ အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့က အကူအညီပေးရေးဝန်ထမ်းအဖွဲ့တစ်ဖွဲ့ ကို သြဂုတ်လ ၂၅ ရက်နေ့တွင် စေလွှတ်လိုက်ကြောင်းသိရသည်။

အဖွဲ့ဝင် ၉ ဦးပါဝင်သော အဆိုပါအဖွဲ့သည် ဂျကာတာမြို့မှ စစ်ဘက်ဂျက်လေယာဉ်တစ်စင်းဖြင့် ယင်းနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ထွက်ခွာ သွားကြောင်း၊ ၎င်းတို့နှင့်အတူ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများ၊ ခြုံစောင်များ၊ အင်ဒိုနီးရှားလုံချည်များ ပထမအသုတ်အဖြစ်ယူဆောင်သွားကြောင်း တာဝန်ရှိသူများကပြောကြားသည်။

"ဒါဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့အကြား သဘောတူညီချက်တစ်ရပ်ပါပဲ" ဟု အင်ဒိုနီးရှားကြက်ခြေနီအဖွဲ့ အကြီး အကဲJusuf Kallaက သတင်းထောက်များကို ပြောကြားသည်။

"အဲဒီအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ တစ်နှစ်လောက်အခြေချဖြစ်မယ်လို့ ကျွန်တော်တို့မှန်းထားပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရရယ်၊ အခြားကြက်ခြေ နီအဖွဲ့တွေရဲ့ ပူးပေါင်းလုပ်ဆောင်ပေးမှု အပေါ်မှာ မူတည်ပါတယ်"

ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်းဖြစ်ပေါ်ခဲ့သော ရိုဟင်ဂျာမွတ်စလင်များနှင့် ရခိုင်တိုင်းရင်းသားများအကြား ပဋိပက္ခနှင့် ဆူပူအုံကြွမှုတို့ကြောင့် လူပေါင်း ၈၀ ခန့်သေဆုံးပြီး ထောင်ပေါင်းများစွာ ထွက်ပြေးပြောင်းရွှေ့ခဲ့ရသည်ဟု တရားဝင် ထုတ်ပြန်ချက်များကဆိုသည်။ သို့သော် လူ့အခွင့်အရေး အုပ်စု များက သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ ဦးရေမှာ ပိုမိုများပြားဖွယ်ရှိသည်ဟု ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) က မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် ရိုဟင်ဂျာ မွတ်စလင်များကို ပစ်ခတ်ခဲ့သလို မုဒိမ်းပြုကျင့်မှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ ရိုဟင်ဂျာများနှင့် ရခိုင်တိုင်းရင်းသားများ အပြန်အလှန် တိုက်ခိုက်နေသည်ကို ဘေးမှရပ်ကြည့်ခဲ့ကြကြောင်း စွပ်စွဲပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် ဆယ်စုနှစ်များစွာ ခွဲခြားဆက်ဆံခဲ့ခြင်းကြောင်း ၎င်းတို့သည် ယခုအခါ နိုင်ငံမဲ့ပြည်သူများ ဖြစ်နေရသည်။ ကုလသမဂ္ဂကမူ ရိုဟင်ဂျာသည် ကမ္ဘာပေါ်တွင် ဖိနှိပ်မှုအခံရဆုံး ပြည်သူများဖြစ်ကြောင်း ရည်ညွှန်းပြောဆိုထားသည်။

 ************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment