Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

­၂၇.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. သတင်းသမားများ စုဝေးဆန္ဒပြခွင့်တင်ပြမှု ပယ်ချခံရ
  2. မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအချို့ ပုဂ္ဂလိကသို့ အမှန်တကယ်လွှဲပြောင်းတော့မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ခုံရုံးအဖွဲ့၏ မှားယွင်းလုပ်ဆောင်ချက်အတွက် ကြေညာချက်ထုတ်ပြန်ပေးရန်အဆို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြု
  1. PNLO နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု သဘောတူညီချက် (၈)ချက်ရရှိ
  1. NLD ပါတီ၏ တရားဝင်အွန်လိုင်းမီဒီယာနှင့် ပတ်သက်၍ အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

သတင်းသမားများ စုဝေးဆန္ဒပြခွင့်တင်ပြမှု ပယ်ချခံရ

မီဒီယာလွတ်လပ်ခွင့်များအတွက် သတင်းမီဒီယာသမားများမှ ဥပဒေနှင့်အညီ စုဝေးဆန္ဒပြခွင့်ရရှိနိုင်စေရန် ကျောက်တံတားမြို့နယ်ရဲစခန်းသို့ သြဂုတ်လ ၂၁ ရက်နေ့က သွားရောက်လျှောက်ထားရာတွင်  သြဂုတ်လ ၂၄ ရက်နေ့၌ လျှောက်ထားချက်အား ပယ်ချခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ မီဒီယာလွတ်လပ်ခွင့်လှုပ်ရှားဖို့အတွက်ဆိုပြီး သြဂုတ် ၂၁ ရက်နေ့က သွားလျှောက်တယ်။ ၂၄ ရက်နေ့ကျတော့ ပယ်ချခံလိုက် ရပါတယ်။ သူတို့အကြောင်းပြတာကတော့ လမ်းသွားလမ်းလာတွေ အနှောင့်အယှက်ဖြစ်မှာစိုးလို့လို့ ပြောပါတယ်။ မြို့တော်ခန်းမရှေ့မှ ဆန္ဒပြဖို့အတွက် လျှောက်ထားခဲ့တာပါ”ပာု သတင်းထောက်တစ်ဦးက ပြောကြားသည်။

ကျောက်တံတားရဲစခန်းမှ ဆန္ဒပြခွင့်ပယ်ချကြောင်း အကြောင်းကြားစာတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၂(ဂ)ပါ “ယာဉ်များနှင့် လမ်းသွားလမ်းလာများ၊ ပြည်သူများကို အနှောင့်အယှက်ဖြစ်စေသော တားဆီးပိတ်ဆို့ခြင်းကို မပြုလုပ်ရ”ပာု ပြဋ္ဌာန်း ထားသည့်အတွက် သတင်းမီဒီယာများ ဆန္ဒပြခွင့်ရရှိရန် လာရောက်လျှောက်ထားသည့်နေရာသည် ရန်ကုန်မြို့တွင်း အများပြည်သူသွားလာရာနှင့် ခရီး သွားယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များသွားလာသည့် လမ်းကြောအတွင်းဖြစ်သည့်အတွက်  ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၅အရ ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ကြောင်း ပြန်လည်အကြောင်းကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ စာပေစိစစ်မူဝါဒများ ပြောင်းလဲကျင့်သုံးရန် စီမံချက်၏ ပဉ္စမအဆင့်အရ တင်/ထုတ် စနစ်အဖြစ် သတ်မှတ်ထားသော နိုင်ငံရေးဘာသာရပ်နှင့် ဘာသာရေးဘာသာရပ်များကို ထုတ်/တင်စနစ်သို့ ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်သည့် အတွက် နိုင်ငံတွင်း ထုတ်ဝေစာအားလုံးကို စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ကြိုတင်တင်ပြစိစစ်မှုခံယူခြင်းမှ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သြဂုတ်လ ၂၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

YC

-------------------------------------------------------------------------------------------------------------------------    

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအချို့ ပုဂ္ဂလိကသို့ အမှန်တကယ်လွှဲပြောင်းတော့မည်

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ မြင့်တက်လာနိုင်စေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်း၊ ကြိုးဖုန်း၊ အိုင်တီနှင့် အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ရရှိနိုင်စေရန် ယှဉ်ပြိုင်ဝန်ဆောင်မှုပုံစံဖြင့် လုပ်ကိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အဓိကကဏ္ဍကြီးလေးရပ်ကို အပြိုင်လုပ်ဆောင်နိုင်ဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပေး တော့မှာပါ။ ဒီမြန်မာ့ဆက်သွယ်ရေးကဏ္ဍတွေမှာ Myanmar Telecom Co.၊ Yantanarpon Telecom Co.နဲ့ Separate Operator Co. (သီးခြား ဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီနှစ်ခု)ကို လုပ်ကိုင်ခွင့်ပေးသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများအား ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ တယ်လီကွန်း ဝန်ဆောင်မှုလုပ်ငန်းများအား ယှဉ်ပြိုင် လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပြီး Myanmar Telecom Co. အား ဆက်သွယ်ရေးကော်ပိုရေးရှင်းမှ နိုင်ငံတကာအဖွဲ့အစည်းထံမှ ရရှိမည့် ရန်ပုံငွေများ၊ ချေးငွေများ၊ အထောက်အပံ့များနှင့် နည်းပညာများရယူ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

“ဒီလို ယှဉ်ပြိုင်ဝန်ဆောင်မှုတွေလုပ်ခိုင်းမယ်ဆိုရင် ကုမ္ပဏီတွေက တခုနဲ့တခု အပြိုင်လုပ်တော့မှာပါ။ ဒီလို အပြိုင်လုပ်ဆောင်တော့မယ်ဆိုရင် မြန်မာ့ဆက်သွယ်ရေးနည်းပညာကဏ္ဍက အရမ်းအားကောင်းလာမှာပါ။ ပြီးတော့ Myanmar Telecom Co.၊ Yantanarpon Telecom ကိုလည်း နိုင်ငံခြား က နည်းပညာတွေ၊ အထောက်အပံ့တွေ၊ ချေးငွေတွေနဲ့ပဲ နိုင်ငံတော်ဘတ်ဂျက်ကို မသုံးစွဲတဲ့ကောပိုရေးရှင်းအနေနဲ့ ရပ်တည်သွားတော့မှာပါ”ပာု ရတနာ ပုံတယ်လီပို့စ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးမှ ယှဉ်ပြိုဆောင်ရွက်ခွင့်ပေးမည့် Myanmar Telecom Co.၊ Yantanarpon Telecom Co.နဲ့ Separate Operator Co. (သီးခြားဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီနှစ်ခု)တို့အား ၂၀၁၃ မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းဖုန်းအလုံးရေ ၃၉ သန်းခွဲခန့် ရောင်းချပေးနိုင်ရန် စီစဉ် ဆောင်ရွက်ထားပြီး မြန်ာ့ဆက်သွယ်ရေးလုပ်ငန်းကိုလည်း နိုင်ငံတော်၏ ဘတ်ဂျက်အား မှီခိုအသုံးမပြုသည့် ကော်ပိုရေးရှင်းအဖွဲ့အစည်းအဖြစ် ပြောင်း လဲဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ခုံရုံးအဖွဲ့၏ မှားယွင်းလုပ်ဆောင်ချက်အတွက် ကြေညာချက်ထုတ်ပြန်ပေးရန်အဆို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြု

သြဂုတ်လ ၂၇ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ကော့မှူးမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၂ဦးဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့၏ တည်ဆဲဥပဒေ များပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်၍ မှားယွင်းစွာ ပြုလုပ်ခဲ့မှုများကြောင့် ယင်းမှားယွင်းလုပ်ဆောင်ချက်နှင့် ပတ်သက်၍ ကြေညာချက်ထုတ်ပြန် ပေးရန် ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းပေးရန် အဆိုအား ဆွေးနွေး၍ အတည်ပြုလိုက်ကြောင်း သိရသည်။

"ဒီ ခုံရုံးအဖွဲ့ရဲ့ လွှတ်တော်ကဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တွေကို ပြည်ထောင်စုအဆင့် မဟုတ်ဘူးဆိုပြီး ဆုံးဖြတ်ချက် ချမှတ်ခဲ့တဲ့ အတွက် အဲဒီလို တည်ဆဲဥပဒေတွေကို ဆန့်ကျင်မှားယွင်းပြီး လုပ်ခဲ့တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး မှားပါတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ခုံရုံးက ကြေညာ ချက်ထုတ်ပေးဖို့ ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းပေးပါဆိုတဲ့ အဆိုကို တင်သွင်းပြီး အဲဒီအဆိုကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၂၂ဦးက ဆွေးနွေးပြီး လွှတ်တော်ထဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေထဲက ၄၄၇ဦးရဲ့ ထောက်ခံမဲနဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေးက အတည်အဖြစ် သတ်မှတ်လိုက်တာပါ"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ယင်းသို့ ဆွေးနွေးဆုံးဖြတ်ရာ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးရှုထောင့်ကနေ ဆွေးနွေးသွားခဲ့ရာ ၎င်း၏ ဆွေးနွေးချက်ထဲ၌ "ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံများ၌ မဏ္ဍိုင်သုံးခုအား ချိန်ခွင်လျှာညီမျှရေးအတွက် ဆောင်ရွက်ကြရ တာဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြဿနာမျိုးသည်လည်း မထူးဆန်းကြောင်း၊ သို့သော် ယင်းကိစ္စအား ဖြေရှင်းရာ၌ ဒီမိုကရေစီစံချိန်စံနှုန်းနှင့် အညီ ဆွေးနွေး သင့်ကြောင်း၊ တရားဥပဒေအပိုင်း ဖြစ်သည့်ကိစ္စဖြစ်သည့်အတွက် ဖြေရှင်းပုံနည်းစနစ် မှန်ကန်မည်ဆိုပါက တရားရေးမဏ္ဍိုင်သည် ပြည်သူများ၏ လေးစားခြင်းကို ခံရမည်ဖြစ်ကြောင်း၊ ပြည်သူများဘက်မှလည်း နားလည်ရန်လိုအပ်ကြောင်း၊ အဓိကကျသည်မှာ ပြည်သူများဖြစ်ပြီး ပြည်သူများအတွက် ဆိုသည့် ပြည်ထောင်စုလွှတ်တော်သည် ပြည်သူများ၏ လေးစားခြင်းကိုခံရမှာသာ ပြည်ထောင်စုလွှတ်တော်ဆိုသည့် ဂုဏ်နှင့် ကိုက်ညီမည်ဖြစ်သော ကြောင့် ယခုပြဿနာရပ်အား ဖြေရှင်းရာ၌ သဘောထားကြီးကြီး ဆောင်ရွက်သင့်ကြောင်း"ပြောကြားသည်။

ထို့နောက် ယင်းအဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲပေးခြင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၆၂၉ဦးအနက် ထောက်ခံမဲပေးသူ ၄၄၇ဦးရှိကြောင်း သိရှိရပြီး ကန့်ကွက်မဲအရေအတွက် ၁၆၈ဦးရှိကြောင်း သိရှိရသည်။

ATM

-------------------------------------------------------------------------------------------------------------------------

PNLO နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု သဘောတူညီချက် (၈)ချက်ရရှိ

မြန်မာနိုင်ငံအစိုးရ၏ ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးဆွေးနွေးရန်ကမ်းလှမ်းလာသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် (PNLO)အဖွဲ့မှ  ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော် ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် သြဂုတ်လ ၂၅ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ တောင်ကြီးပိာုတယ်တွင် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ပြီး သဘောတူညီချက် (၈)ချက်ကို အပြန်အလှန် လက်မှတ် ရေးထိုးခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှ ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် ဇွန်လ ၂၇ ရက်နေ့တွင် နှစ်ဦးနှစ်ဖက် မူအားဖြင့် သဘောတူညီခဲ့သည့် သဘောတူညီချက်(၅)ချက်ကို ဆွေးနွေး ခဲ့ကြပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို ဆက်လက်ကျင်းပ၍ သဘောတူညီချက် (၈)ချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

ယင်းသဘောတူညီချက်(၈)ချက်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကိစ္စများကို ခိုင်မာသည်ထက် ခိုင်မာအောင် ဆွေးနွေးရန်၊ Code of Conduct များ သတ်မှတ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊ ဆက်ဆံရေးရုံးများ လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ကူညီရန်၊ PNLO/PNLA တပ်ဖွဲ့ဝင်များ၏ တပ်တည်နေရာများကို ဆက်လက်ညှိနှိုင်းရန်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက် ရန်ကိစ္စ ညှိနှိုင်းရန်၊ သတင်းမီဒီယာကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ရန်၊ တပ်ဖွဲ့ဝင်များ၏ စားဝတ်နေရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းရန်၊ ပြည်သူလူထု လုံခြုံရေးနှင့် အခြေခံစိုက်ပျိုးရေးကိစ္စ ဆွေးနွေးညှိနှိုင်းရန်တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးတို့၏ တတိယအကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို သြဂုတ်လ ၂၇ ရက်နေ့တွင် ဘားအံမြို့ရှိ ဇွဲကပင်ပိာုတယ်တွင် ပြုလုပ်ရန်အတွက် သြဂုတ်လ ၅ ရက်နေ့၌ မြဝတီမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးကြိုတင်ညှိနှိုင်း အစည်းအ ဝေးတွင် သဘောတူညီခဲ့ကြသော်လည်း အစိုးရဘက်မှ ရက်ရွေ့ဆိုင်းခဲ့ကြောင်း သိရသည်။

                

                YC

-----------------------------------------------------------------------------------------------------------------------------------

NLD ပါတီ၏ တရားဝင်အွန်လိုင်းမီဒီယာနှင့် ပတ်သက်၍ အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်

သြဂုတ်လ ၂၇ရက်နေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ ၎င်းတို့ပါတီ၏ တရားဝင် အွန်လိုင်း မီဒီယာနှင့် ပတ်သက်၍ ရှင်းလင်းအသိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်ကြောင်း NLD ပါတီ၏ အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ဝေဖြန့်ချိလျက် ရှိသည့် ဒီလှိုင်းဂျာနယ်၏ ဖေ့စ်ဘွခ်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ အသိပေးထုတ်ပြန်ချက်တွင် NLD ပါတီ၏ တရားဝင်အွန်လိုင်းမီဒီယာများနှင့် ပတ်သက်၍ ဖေ့စ်ဘွခ်လိပ်စာ ၃ခုနှင့် NLD ပါတီမှ တရားဝင်ပုံနှိပ်မီဒီယာအဖြစ် ဒီလှိုင်းဂျာနယ်အား တနင်္လာနေ့တိုင်း ထုတ်ဝေဖြန့်ချီလျက်ရှိကြောင်း ထည့်သွင်းဖော်ပြထားပြီး အဆိုပါ NLDပါတီမှ အွန်လိုင်းမီဒီယာအဖြစ် ထုတ်ပြန်လျက်ရှိသည့် ဖေ့စ်ဘွခ်စာမျက်နှာ ၃ခုမှာ-

(၁) www.facebook.com/pages/News-and--Information-Depertment-of-NLD/

(၂) www.facebook.com/pages/ National-League-for-Democracy/

(၃) www.facebook.com/d.wave.newsletter တို့ဖြစ်ကြောင်း ဖော်ပြပါရှိချက်အရ သိရသည်။

ထို့နောက် ယင်းထုတ်ပြန်အသိပေးကြေညာချက်၌ အထက်ပါဖော်ပြထားသည့် NLD ပါတီ၏ တရားဝင်အွန်လိုင်းမီဒီယာများမှ မဟုတ်ပဲ အခြား နာမည်များနှင့် ဖော်ပြထားသည့် NLDပါတီအမည်ဖြင့် ထင်ယောင်ထင်မှားပြုလုပ်လျက်ရှိသည့် အွန်လိုင်းစာမျက်နှာများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)ပါတီ၏ တရားဝင်မီဒီယာများအဖြစ် အသိအမှတ်ပြုခြင်းမရှိကြောင်း ဖော်ပြထားပြီး ယခုကဲ့သို့ အသိပေးကြေညာချက်တစ်ခုအား ထုတ်ပြန်ရ ခြင်းမှာ အင်တာနက်စာမျက်နှာအချို့၌ NLD ပါတီ နှင့် နီးစပ်သူများအနေဖြင့် ပုဂ္ဂိုလ်ရေးအရ အပုပ်ချ ရေးသားမှုများ တွေ့ရှိရသောကြောင့်ဖြစ်ကြောင်း NLD ပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ATM

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“သူတို့က ဘယ်သူ့အတွက်တောင်းတာလဲ၊ အများပြည်သူအတွက် တောင်းတာလား၊ အများအတွက် တောင်းဆိုတဲ့အဆင့်လား။ အဲဒါပါပဲ။ အများပြည်သူ ကို ထိခိုက်သလား၊ မထိခိုက်သလားဆိုရင် ပြည်ထောင်စုအဆင့်ဆိုရင် ပြည်ထောင်စုအဆင့်နှင့် လျော်ညီတဲ့  Facility (အဆောင်အယောင်တွေ) ပေးရ မှာပေါ့၊ ပြည်သူတွေ အခွန်များများ ထမ်းရမှာပေါ့ဗျာ”

သြဂုတ်လ ၂၇ရက်နေ့ထုတ် True News ဂျာနယ် အတွဲ (၄) အမှတ် (၄၇) တွင်ပါရှိသည့် “ကော်မတီကော်မရှင်များကို ပြည်ထောင်စုအဆင့် သတ်မှတ် ပါက ပြည်သူများ အခွန်ပိုထမ်းရမည်ဟု ခုံရုံးဥက္ကဋ္ဌ ပြောကြား”သတင်းမှ အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------

“လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဘယ်လောက် ရာခိုင်နှုန်းလောက်ရပြီလဲဆိုရင်  အဲဒါက ရတဲ့သူတွေအပေါ်မှာပဲ မူတည်တယ်။ အန်ကယ်တို့က လောဘ သိပ်ကြီးတော့ နည်းနေသေးတယ်လို့ထင်တယ်။ အိန္ဒိယနိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို အန်ကယ်ကြည့်လိုက်တဲ့အခါမှာ လွှတ်တော်ဆိုရင် အိန္ဒိယလို နေရာမျိုးက လေ့လာဖို့ကောင်းတယ်။ တစ်ခြားနိုင်ငံတွေထက်စာရင် အရမ်းအခြေခံကျတဲ့ ဒီမိုကရေစီစနစ်ရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောတာ၊ ဆိုတာ၊ ငြင်းတာ၊ ခုန်တာ၊ တင်ပြတာတွေဟာ ဒီကနဲ့ ဘာမှမဆိုင်ဘူး။ လူတစ်ယောက်ကို စကားပြောလိုက်တဲ့အခါမှာ လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်ရဲ့ အရည်အချင်းက တစ်တိုင်းပြည်လုံးကို ခြုံငုံမိတယ်။ မြန်မာပြည်အကြောင်း ပြောတော့မယ်ဆိုရင် အာရှဒေသရဲ့ အခြေအနေ၊ ကနေ့ အမေရိကန်နိုင်ငံရဲ့ အနေအထား၊ အာဆီယံဒေသရဲ့အခြေအနေ၊ ဒေသတွင်းအခြေအနေတွေနဲ့  သူရဲ့ပေါ်လစီတွေကို ခြုံငုံမိတယ်။ အဲဒီတော့ သူတို့တွေ မေးခွန်းမေးတဲ့အခါမှာ အရမ်းကို ပြည့်စုံတိကျတာကို တွေ့ရတယ်။ သူတို့မေးခွန်းတွေ မေးတဲ့အခါမှာ အရမ်းကို ပြည်စုံတိကျတာတွေရှိတယ်။ အဲတော့ မြန်မာပြည်မှာရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နမူနာယူသင့်တဲ့ဟာမျိုးတွေ အများကြီးရှိတယ်”

သြဂုတ် ၂၇ရက်ထုတ် Monitor ဂျာနယ် အတွဲ (၂) အမှတ် (၁၈) တွင်ပါရှိသည့် “ဖခင်မှတ်ပုံတင် တစ်နှစ်ကျော်ကြာ ပျောက်ဆုံးခဲ့ရသည့်အတွက် နိုင်ငံသားပြစ်မှုဥပဒေနှင့် ငြိစွန်းခဲ့ရသည့် နိုင်ငံသားပြစ်မှုဥပဒေနှင့် ငြိစွန်းခဲ့ရသည့် အပယ်ခံ NLD အမတ်လောင်းဦးစောလှိုင် (အင်းတော်)နှင့် တွေ့ဆုံ ခြင်း” မှ ဦးစောလှိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------

“ဒီမိုကရေစီရတိုင်းလည်း နိုင်ငံတိုးတက်တာမဟုတ်ဘူး။ တောင်းဆိုမှုတွေ၊ လှုပ်ရှားမှုတွေများနေရင်  အစိုးရအနေနဲ့ လုပ်ကိုင်ရမယ့်နည်လမ်းကို သိမှာမ ဟုတ်ဘူး။ ဒါ့ကြောင့် နိုင်ငံတိုးတက်ရေးကို ရည်မှန်းပြီး ပူးပေါင်းလက်တွဲ ဆောင်ရွက်သင့်တယ်”

သြဂုတ်လ ၂၇ရက်နေ့ထုတ် Weekly eleven ဂျာနယ် အတွဲ (၇) အမှတ် (၄၇) တွင်ပါရှိသည့် “နိုင်ငံတိုးတက်ရေးအတွက် အစိုးရစွမ်းရည်၊ ဥပဒေစိုးမိုးမှု ၊ လူထုညီညွတ်မှုရှိရန် လိုအပ်ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင် ဖရန်စစ်ဖူကူယားမားပြောကြား” သတင်းမှ ဖရန်စစ်ဖူကူးယားမား၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment