Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာ့ ကမ်းလွန်လုပ်ကွက်တင်ဒါတွင် ONGC Vedesh ပါဝင်မည်

(World Oil Newsမှ 31August 2012ပါ “ONGC Vedesh to bid for Myanmar offshore blocks” သတင်းကို ဘာသာပြန်ဆိုသည်)

  1. တရုတ်တက္ကသိုလ်က မြန်မာတွင် MBAသင်တန်း ဖွင့်လှစ်

(People Daily China မှ 1Sept 2012 ရက်စွဲပါ “Chinese University offers MBA course in Myanmar”ကိုဘာသာပြန်ဆိုသည်။)

  1. ကနေဒါကုန်သွယ်ရေးဝန်ကြီး ပထမဆုံးအကြိမ်အဖြစ် မြန်မာသို့လာမည်

(Channel News Asia မှ 28August 2012 ရက်စွဲပါ “Canada’s trade minister to make first trip to Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

  1. အိန္ဒိယ၏ ကုလားတန်မြစ်ကြောင်းစီမံကိန်းသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးတံခါးပွင့်၍ အခြားစီးပွားရေး အခွင့်အလမ်း ဖြစ်စေမည်

(31 August 2012 ရက်စွဲပါ Yahoo Newsမှ Ravinder Singh Robin ရေးသားသော “India assisted Kaladan project to open trade ,other economic opportunities with Myanmar”ကိုဘာသာပြန်ဆိုသည်)

****************************************

ဘာသာပြန်သတင်းများ

မြန်မာ့ ကမ်းလွန်လုပ်ကွက်တင်ဒါတွင် ONGC Vedesh ပါဝင်မည်

(World Oil Newsမှ 31August 2012ပါ “ONGC Vedesh to bid for Myanmar offshore blocks”သတင်းကို ဘာသာပြန်ဆိုသည်။)

အရှေ့တောင်အာရှ ဒေသတွင် မြန်မာနိုင်ငံသည် ၎င်းမရှာဖွေ ရသေးသော ရေနံနှင့် သဘာဝဓာတ်ငွေ့ သိုက်များကို ရှာဖွေထုတ်ယူရန် အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နေပြီဖြစ်ရာ လာမည့်အသုတ် ကမ်းလွန်လုပ်ကွက် လေလံတွင် လေလံဆွဲရန် အိန္ဒိယ ကုမ္ပဏီက ပြင်ဆင်နေသည်။ သို့သော်လည်း ပြန်လည်ပြင်ဆင်နေသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေက ရင်နှီးမြှုပ်နှံသူများ ဖွံ့ဖြိုးရေးလမ်းကြောင်းတွင် အတားအဆီးများ ဖန်တီးမည့်ပုံ ရှိနေသည်။

မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးကာလတွင် တပ်မတော်စိုးရ အပေါ်ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို အမေရိကန် ပြည်ထောင်စုက ဖြေလျှော့ ပေးလိုက်ပြီး နောက် ပြီးခဲ့သော လပိုင်းအတွင်း မြန်မာနိုင်ငံအပေါ်  စွမ်းအင်ကုမ္ပဏီများ၏ စိတ်ဝင်စားမှု ရုတ်တရတ် မြင့်မားလာခဲ့သည်။

မြန်မာနိုင်ငံသည် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက် နှစ်မျိုးစလုံးအတွက် နိုင်ငံခြား ကုမ္ပဏီများကို ဖိတ်ခေါ်ထားပြီး လေလံပွဲမှာ အစောဆုံး နောက် လဖြစ်နိုင်သလို နှစ်ကုန်ပိုင်းအထိလည်း နှောင့်နှေးသွားနိုင်သည်။ ONG Vedesh၏ ဒုတိယ အထွေထွေ မန်နေဂျာ ရမက်ရှ်ရက်ဒီက လာမည့်တင်ဒါတွင် မိမိ တို့ ကုမ္ပဏီ အနေဖြင့် ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်နေသည်ဟု ပြောကြားသည်။

အိန္ဒိယနိုင်ငံပိုင် ONGC ကုမ္ပဏီ၏ ပြည်ပလုပ်ငန်းခွဲ Daewooက လုပ်ကိုင်နေသော ကမ်းလွန် ရွှေဓာတ်ငွေ့ စီမံကိန်းများတွင် ရှယ်ယာအနည်းငယ် ပါဝင်ထားပြီး ဖြစ်သည်။

ထိုသို့စိတ်ဝင်စားမှုများ ကြီးထွားနေသော်လည်း လာမည်တင်ဒါ တွင် နိုင်ငံခြား ကုမ္ပဏီများကို မည်သို့သော စည်းကမ်းချက်များဖြင့် လုပ်ကိုင်ခွင့် ပေးမည်အစရှိသော သတင်းအချက်အလက်များ ရနိုင်မှု နည်းပါးနေသည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ပတ်သက်၍ စင်ကာပူတွင် ကျင်းပသော ဆွေးနွေးပွဲတွင် မြန်မာအစိုးရ တာဝန်ရှိသူများ တက်ရောက်ခဲ့ခြင်း မရှိပါ။

မြန်မာအစိုးရသည် လောလေဆယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြင်ဆင်ခြင်းကို ၂၄နှစ်အတွင်း ပထမဆုံးအကြိမ် ဆောင်ရွက်နေပြီး နိုင်ငံခြား ကုမ္ပဏီများအား အခွန်ကင်းလွတ်ခွင့်နှင့် မြေအသုံးပြုခွင့်များ ပေးမည်ဟုဆိုသည်။

သို့သော် ၎င်းအဆိုပြုချက်များမှာ ပြည်တွင်းကုမ္ပဏီများ၏ ပြင်းထန်သော ကန့်ကွက်မှုများကို ရင်ဆိုင်ခဲ့ရပြီး နိုင်ငံခြား ကုမ္ပဏီများကို ပိုမိုတင်းကြပ် မည်ဟု ယုံကြည်ရသော ကိုယ့်ကျိုးစီးပွား ကာကွယ်ရေး  အစီအစဉ်များကို ပြည်တွင်း ကုမ္ပဏီများက အဆိုပြု ထားကြသည်။ ဆွေးနွေးနေသော စည်းကမ်း တစ်ခုတွင် ရေနံနှင့် ဓာတ်ငွေ့အပါအဝင် ရင်းနှီးမြှုပ်နှံမှု စီမကိန်းများတွင် နိုင်ငံခြား ကုမ္ပဏီများအား ဦးဆောင်ရှယ်ယာ (၅၁ရာခိုင်နှုန်း)မပေးရန် တားမြစ်ထား သည်ဟု သိရှိရသည်။

IHS၏ အရှေ့ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးပညာရှင် အကြီးအကဲ ရာဂျစ်ဘတ်စဝပ်က “ဒီရင်းနှီးမြှုပ်နှံမှု ဥပဒေဟာ ဒုက္ခတွေ အများကြီးပေးမယ့် လက္ခဏာ ရှိပါတယ်။ လောလောဆယ်တက်ကြွနေကြပေမယ့် ရင်းနှီးမြှုပ်နှံကြမယ့် လူတွေစိတ် ပျက်လက်ပျက်နဲ့ လန်ထွက်သွားကြမယ့် အန္တရာယ်ရှိနေ တယ်”ဟု မှတ်ချက်ပေးသည်။

မနှစ်က တင်ဒါခေါ်ယူ အပြီးတွင် မြန်မာနိုင်ငံပိုင် MOGEလုပ်ငန်းက “မလေးရှားPatrones၊ ထိုင်းPTTEP၊ အိန္ဒိယJubilant အပါအဝင် ကုမ္ပဏီများ နှင့် ရေနံ၊ဓာတ်ငွေ့ ရှာဖွေလုပ်ကိုင်ခွင့် ကန်ထရိုက် စာချုပ်၉ခု လက်မှတ်ရေး ထိုးခဲ့သည်”ဟု ဇွန်လက ပြောကြားသည်။

မြန်မာနိုင်ငံသည် ကုန်းတွင်းရေနံ လုပ်ကွက်(၁၇)ကွက်နှင့် ဓာတ်ငွေ့လုပ်ကွက် (၅)ကွက်ကို ထုတ်လုပ်နေပြီး ကမ်းလွန်တွင် Daewoo ၏ရွှေစီမံကိန်း နှင့် PTTEP၏ ဇောတိက စီမံကိန်းများကို အကောင်အထည် ဖော်နေသည်။

ရွှေစီမံကိန်းသည် ၂၀၁၃အကုန် ၂၀၁၄တွင် ကနဦးထုတ်လုပ်မှု တစ်ရက်လျှင် ကုဗပေ သန်း၅၀၀ဖြင့် စတင်မည်ဟု မျှော်လင့်ရပြီး တည်ဆောက်ဆဲ ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ အများဆုံး တင်ပို့သွားမည်ဟု သိရှိရသည်။

------------------------------------------------------------------------------------------------------------------------------

တရုတ်တက္ကသိုလ်က မြန်မာတွင် MBAသင်တန်း ဖွင့်လှစ်

(People Daily China မှ 1Sept 2012 ရက်စွဲပါ “Chinese University offers MBA course in Myanmar”ကိုဘာသာပြန်ဆိုသည်။)

တရုတ်Jinan Universityက နိုင်ငံတကာ အသိအမှတ်ပြု စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု ပညာမဟာဘွဲ့ (MBA) နှစ် နှစ် သင်တန်းများကို မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများ အသင်းတွင် သောကြာနေ့က စတင်ဖွင့်လှစ်လိုက်သည်။

မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း (MCCC)၏ပူးပေါင်း လက်တွဲမှုဖြင့် တရုတ် Jinan University ကဖွင့်လှစ်သောကျောင်းတွင် ပရော် ဖက်ရှင်နယ် မြန်မာနှင့် တရုတ် ဆရာများက အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် သင်ကြားကြမည်ဖြစ်ပြီး ကျောင်းသား၂၀ခန့် စတင်လက်ခံမည်ဟုဆိုသည်။

မြန်မာ-တရုတ် MBA အစီအစဉ် ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း (MCCC)ဥက္ကဋ္ဌ ဦးကြီးစိန်က တခြားနိုင်ငံ တွေနဲ့ ရင်ဘောင်တန်းနိုင်အောင် မြန်မာနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးအဆင့်ကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်ပြီး ဒီကျောင်းကို Jinan Universityနဲ့ ပူးပေါင်းဖွင့် လှစ် ခဲ့တာပါ” ဟုပြောကြားသည်။

၁၉၀၆တွင် စတင်ဖွင့်လှစ်သော တရုတ်တောင်ပိုင်း ကွမ်ကျိုးမှ Jinan University သည် ၁၉၉၃ခုနှစ်တွင် MBA အစီအစဉ်ကို စတင်ဖွင့်လှစ် သင်ကြားခဲ့ပြီး ယခုအချိန်အထိMBA ဘွဲ့ရကျောင်းသားပေါင်း ၄၅၀၀ကျော် မွေးထုတ်ပေးခဲ့သည်ဟု သိရှိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ရန်ကုန်စီးပွားရေး တက္ကသိုလ် (YIE)၊ University of Imperial Colledgeတို့ အပါအဝင် MBAပရိုဂရမ် သင်ကြားနေသော ကျောင်း၅ကျောင်းခန့် ရှိနေပြီဟု သိရှိရသည်။

--------------------------------------------------------------------------------------------------------------------------------

ကနေဒါကုန်သွယ်ရေးဝန်ကြီး ပထမဆုံးအကြိမ်အဖြစ် မြန်မာသို့လာမည်

(Channel News Asia မှ 28August 2012 ရက်စွဲပါ “Canada’s trade minister to make first trip to Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

အရှေ့တောင်အာရှသို့ ခရီးလှည့်မည့် ကနေဒါ ကုန်သွယ်ရေးဝန်ကြီး အက်ဖ်ဖတ်စ်သည် စက်တင်ဘာ၂ရက်တွင် မြန်မာနိုင်ငံသို့ နောက်ဆုံးဝင် ရောက် ရပ်နားမည်ဖြစ်ရာ မြန်မာနိုင်ငံရောက် ပထမဆုံး ကနေဒါ ကုန်သွယ်ရေးဝန်ကြီး ဖြစ်လာမည်ဟု ဆိုသည်။

ဗီယက်နမ်၊ ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံများသို့ တရားဝင် ခရီးလှည့် ဆွေးနွေးမှုများ ပြုလုပ်ပြီး နောက်တွင် ဝန်ကြီး အက်ဒ်ဖတ်စ်သည် သောကြာ နေ့က ကမ္ဘောဒီးယားတွင် ကျင်းပသည့် ပထမအကြိမ် ကနေဒါ-အာဆီယံ ကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ သည်။

“ကနေဒါသမိုင်းမှာ ရည်မှန်းချက်အကြီးဆုံး၊ အလားအလာအကောင်းဆုံး၊ ဖွံ့ဖြိုးမှုအမြန်ဆုံး ဈေးကွက်တွေနဲ့ ထိထိရောက်ရောက် ဆက်ဆံဖို့ ဆက်လက်ကြိုးစား သွားမှာဖြစ်ပါတယ်”ဟု ကနေဒါ ကုန်သွယ်ရေးဝန်ကြီးက ကြေညာချက် ထုတ်ပြန်ထားသည်။

အာဆီယံ နိုင်ငံများသည် ကနေဒါ၏ တတိယ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး မနှစ်က ကုန်သွယ်မှုပမာဏ ဒေါ်လာ(၁၅.၅)ဘီလီယံ ရှိခဲ့သည်ဟု  ကိန်းဂဏန်းများက ညွှန်ပြထားသည်။

ပြီးခဲ့သော တနင်္ဂနွေက စတင်ခဲ့သော အက်ဒ်ဖက်စ်၏ အရှေ့တောင်အာရှ ကုန်သွယ်ရေးမစ်ရှင် ခရီးသည် စက်တင်ဘာ(၃)ရက်တွင် မြန်မာနိုင်ငံ၌ ပြီးဆုံးမည်ဖြစ်ကာ ကနေဒါသို့ ပြန်လည်ထွက်ခွာမည်ဟု ဆိုသည်။

--------------------------------------------------------------------------------------------------------------------------------

အိန္ဒိယ၏ ကုလားတန်မြစ်ကြောင်း စီမံကိန်းသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေး တံခါးပွင့်၍ အခြားစီးပွားရေး အခွင့် အလမ်းများ ဖြစ်စေမည်

(31 August 2012 ရက်စွဲပါ Yahoo Newsမှ Ravinder Singh Robin ရေးသားသော “India assisted Kaladan project to open trade ,other economic opportunities with Myanmar”ကိုဘာသာပြန်ဆိုသည်။)

ကုလားတန် ဘက်စုံသုံး ကုန်သွယ်ရေး ကြားစခန်း(trade transit) စီမံကိန်းသည် ဒေသတွင်း ပိုမိုကြီးမားသော ကုန်သွယ်ရေးနှင့် အခြားအခွင့် အလမ်းများကို သယ်ဆောင်လာနိုင်သည်။

မြန်မာနိုင်ငံ နယ်စပ်ရေးရာနှင့် စက်မှုဖွံ့ဖြိုးမှုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Dr.Villur Sundarrarajan တို့သည် မကြာမီက ၎င်းတို့၏ ရခိုင်ပြည်နယ် စစ်တွေသို့ သွားရောက်သော ခရီးစဉ်တွင် အဆိုပါ စီမံကိန်း၏ တိုးတက်မှုများကို သုံးသပ် ဆွေးနွေးခဲ့သည်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် အခြားဝန်ကြီးများလည်း စီမံကိန်းနေရာသို့ သွားရောက်ခဲ့ကြသည်။

အဆိုပါ ကုလားတန် ဘက်စုံသုံး စီမံကိန်း ကို ၂၀၀၈ခုနှစ် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ရာ မီဇိုရမ်မှ စစ်တွေသို့ ဆက်သွယ်သောကား လမ်းနှင့် ပလက်ဝသို့ ဆက်သွယ်သော လမ်းများလည်း ပါဝင်သည်။ အဆိုပါ စီမံကိန်း၏ အစိတ်အပိုင်း ဖြစ်သော စစ်တွေဆပ်ကမ်း၏ အစိတ်အပိုင်း သည် လည်း ၂၀၁၃နှစ်လည်တွင် ပြီးစီးမည်ဟု မျှော်လင့်ရသည်။

ရခိုင်ပြည်နယ်မှ အာဏာပိုင်များသည် စီမံကိန်းနေရာနှင့် အလုပ်သမားများ၏ လုံခြုံရေးတွင် ထောက်ပံ့ကူညီမှုများ ပြုလုပ်ထားခြင်းကြောင့် အနှောင့် အယှက်များ ရှိသော်လည်း လုပ်ငန်းဆက်လက် လုပ်ကိုင်နိုင်ခဲ့ကြောင်း Dr. Seshadriက သတင်းပေးခဲ့သည်။

ဗုဒ္ဓဟူးနေ့က Dr.Seshadriသည် ရခိုင်ပြည်နယ်မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာနှစ်သိန်းကို မြန်မာ အာဏာပိုင် များထံ လှူဒါန်းခဲ့သည်။ ၎င်းသည်စခန်းများတွင် နေထိုင်လျက်ရှိသော ရိုဟင်ဂျာများ နှင့် ဗုဒ္ဓဘာသာဝင်များ ထံသို့လည်း သွားရောက်ကြည့်ရှုခဲ့သည်။

ယခုလှူဒါန်းမှုကို အဆိုပါ ပြည်သူများအတွက် အမိုးပြားများ ဖြန့်ဝေရန်နှင့် ပစ္စည်းဝယ်ယူရေးအတွက် အသုံးပြုနိုင်မည်ဟု သံအမတ်ကြီးက ပြောပြ သည်။

အိန္ဒိယ အစိုးရသည် မြန်မာနိုင်ငံတွ် စီမံကိန်းပေါင်း တစ်ဒါဇင်ကျော်တွင် ပါဝင်လုပ်ကိုင် လျက်ရှိပြီး အခြေခံ အဆောက်အဦ စီမံကိန်းများရော ပါဝင် သည်။

နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ၁၉၈၀-၈၁တွင် အမေရိကန်ဒေါ်လာ (၁၂.၄)သန်းရှိခဲ့ရာမှ ၂၀၁၀-၁၁ခုနှစ်တွင် သိသာစွာ မြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာ(၁၀၇.၈၈)သန်း ရှိလာခဲ့သည်။

Dr.Seshadriက ပြောကြားရာတွင် “ကုလားတန်စီမံကိန်း ပြီးသွားပြီဆိုရင် ကုန်သွယ်ရေးက ပိုကောင်းလာပြီး ဒီဒေသတွင်းမှာ အခြားစီးပွားရေး အခွင့်အလမ်းတွေ သယ်ဆောင်လာနိုင်ပါတယ်” ဟုဆိုသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment