Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၉.၈.၂၀၁၂

ဘာသာပြန်သတင်းများ

နာမည်ပျက်စာရင်းဝင် ၂၀၈၂ ဦးကို မြန်မာအစိုးရက စာရင်းမှ ပယ်ဖျက်ပေး

(AP သတင်းဌာနမှ 28 August 2012 ရက်စွဲပါ “Burma remove 2082 from blacklist” ကိုဘာသာပြန်ဆိုသည်)

ဒေသခံ ကုလသမဂ္ဂ ဝန်ထမ်း၃ဦးကို ရာဇဝတ်မှုနှင့် မီးရှို့မှုများအတွက် ပြစ်ဒဏ်စီရင်

(Morniong Star မှ 27August 2012 ရက်စွဲပါ “UN staff sentenced for hate crimes and arson” သတင်းကို ဘာသာပြန်ဆိုသည်။)

 *****************************************

ဘာသာပြန်သတင်းများ

နာမည်ပျက်စာရင်းဝင် ၂၀၈၂ ဦးကို မြန်မာအစိုးရက စာရင်းမှ ပယ်ဖျက်ပေး

(AP သတင်းဌာနမှ 28 August 2012 ရက်စွဲပါ “Burma remove 2082 from blacklist” ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအစိုးရသည် လူပေါင်း ၂၀၈၂ဦး၏ အမည်များအား နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။  ယခင်က အမည်ပျက်စာရင်း ထည့်သွင်းခံထား ရသူစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ကို ထိုစာရင်းမှ ပယ်ဖျက်ပေး လိုက် ခြင်းဖြစ်ကြောင်း၊ သို့အတွက်ကြောင့် ယခင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခြင်း သို့မဟုတ် ပြည်တွင်းမှ ပြည်ပသို့ ထွက်ခွာခြင်း မပြုလုပ်ရန် တားမြစ်ခံထား ရသူ များအနေဖြင့် ခရီးသွားလာခွင့် ပြန်လည်ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာသမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့တွင်း ဝန်ကြီးများ ပြောင်းလဲခန့်အပ်မှုများ ပြုလုပ်ကြောင်း ကြေညာချက် ထုတ်ပြန်သည့်နေ့တွင်ပင် အဆိုပါ သတင်းကို အလားတူထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ လေ့လာအကဲခတ်သူများကမူ မြန်မာအစိုးရသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆန့်ကျင်သည့် သဘောထား တင်းမာသူများကို ဖယ်ထုတ်သည့်အနေဖြင့် ဝန်ကြီးရာထူးပြောင်းလဲခန့်အပ်မှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက်အရ ယခင် အမည်မည်းစာရင်း (အမည်ပျက်) သတ်မှတ်ထားသူ စုစုပေါင်း၆၁၆၅ဦး ရှိသည့်အနက် ၂၀၈၂ဦးအား ထိုစာရင်းမှ ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်သည်။"ယခုလို ဖြေလျှော့ပေးမှုတွေဟာ တိုင်းပြည်ရဲ့အသွင်ကူးပြောင်းမှုနဲ့ တစ်သားတည်း ဖြစ်ပေါ်လာတာပါ" ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဇင်လတ်က အေပီသတင်းဌာနသို့ ပြောသည်။

နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခြင်းမခံရဘဲ ဆက်လက်ကျန်ရှိနေသူများသည် ရာဇဝတ်မှုနှင့် အခြားသော စီးပွားရေးမသမာမှုများ ပြုလုပ်ခဲ့ သူများသာဖြစ်ကြောင်း ၎င်းကပြောသည်။ နာမည်ပျက်စာရင်းမှ ပယ်ဖျက်ခံလိုက်ရသူများတွင် မည်သူမည်ဝါပါဝင်သည်ဟူသော အသေးစိတ် အချက်အ လက်ကို အစိုးရ ပြောရေးဆိုခွင့် ရှိသူများသာမက သတင်းမီဒီယာများကပါ ထုတ်ဖော်ပြောဆိုရေးသားမှု မပြုကြပေ။ ယင်းစာရင်းတွင် ယခင်စစ်အစိုးရက အမျိုးသား လုံခြုံရေးအပေါ် ခြိမ်းခြောက်သူများအဖြစ် သတ်မှတ်ယူဆခဲ့သည့် သတင်းစာဆရာများ၊ ဝေဖန်ရေးသမားများနှင့် အခြားသော ပုဂ္ဂိုလ်များ ပါဝင်သည်။

ယခင်စစ်အစိုးရက နာမည်ပျက်စာရင်းသွင်းခဲ့သော နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသားများအား ပြည်တွင်းသို့ဝင်ရောက်ခြင်း သို့မဟုတ် ပြည်ပသို့ ထွက်ခွာခြင်း မပြုရန် တားမြစ်ပိတ်ပင်ထားခဲ့သည်။ မြန်မာ့အလင်း သတင်းမှ စာရေးသားချက်အရ နာမည်ပျက်စာရင်းမှ ပယ်ဖျက်ခြင်း ခံလိုက်ရသူ ပြည်ပ ရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လိုပါက ခွင့်ပြုပေးသွားမည်ဟု ဆိုသည်။

ယခင် နာမည်ပျက်စာရင်းသွင်းခြင်းခံထားရသူများတွင် ဂျိမ်းစ်ဘွန်းမင်းသမီးဟောင်း မစ်ချဲယိုးလည်းပါဝင်သည်။ သူမသည် The Lady ဇာတ်ကား တွင် ဒေါ်အောင်ဆန်းစုကြည်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၁ခုနှစ်အတွင်း မြန်မာပြည်သို့ လာရောက်စဉ် လေဆိပ်မှာပင် ပြည်နှင်ဒဏ်ပေးကာ နာမည်ပျက် စာရင်းသွင်းခံလိုက်ရသည်။

ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အထ္ထုပတ္တိစာအုပ်ကို ၂၀၁၀ပြည့်နှစ်တွင် ရေးသားထုတ်ဝေခဲ့သော စာရေးဆရာ ဘင်နီဒစ် ရော်ဂျာ သည်လည်း မကြာခဏဆိုသလို နာမည်ပျက်စာရင်း သွင်းခံခဲ့ရသူဖြစ်သည်။

"ဒါဟာ အလားအလာကောင်းပြီး အပေါင်းလက္ခဏာဆောင်တဲ့ အဆင့်တစ်ဆင့်ပါပဲ။ တိုင်းပြည်ရဲ့ အမျိုးသား လုံခြုံရေးအပေါ် အမှန်တကယ် ခြိမ်းခြောက်ခဲ့တဲ့ သူတွေကလွဲပြီး အခြားသော ပုဂ္ဂိုလ်တွေလည်း အလားတူ နာမည်ပျက် စာရင်းကနေ ပယ်ဖျက်ပေးခြင်းခံရလိမ့်မယ်လို့ ကျွန်တော်မျှော် လင့် ပါတယ်"ဟု ၎င်းကဆိုသည်။

-----------------------------------------------------------------------------------------------------------------------------

ဒေသခံ ကုလသမဂ္ဂ ဝန်ထမ်း၃ဦးကို ရာဇဝတ်မှုနှင့် မီးရှို့မှုများအတွက် ပြစ်ဒဏ်စီရင်

(Morniong Star မှ 27August 2012 ရက်စွဲပါ “UN staff sentenced for hate crimes and arson” သတင်းကို ဘာသာပြန်ဆိုသည်။)

ဇွန်လအတွင်းက မြန်မာနိုင်ငံအနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်အဓိကရုဏ်း ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်မှုဖြင့် ကုလသမဂ္ဂ ဝန်ထမ်း၃ဦးကို မြန်မာတရားရုံးက ပြစ်ဒဏ်ချမှတ် လိုက်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တရားရုံးက သောကြာနေ့တွင် စီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက ပြောကြားသည်။        

ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီမှ ဝန်ထမ်းနှစ်ဦးအား ထောင်ဒဏ် ၆နှစ်နှင့် ၃နှစ်အသီးသီးကျခံရန် နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် မှဝန်ထမ်းတစ်ဦးကို ထောင်ဒဏ်၂နှစ်ကျခံရန် တရားရုံးက ပြစ်ဒဏ် ချမှတ်သည်ဟု ၎င်းကပြောကြားသည်။ ပြစ်ဒဏ်ချမှတ် ခံရသူများသည် မြန်မာနိုင်ငံ သား များဖြစ်ပြီး ဒေသခံ မွတ်စလင်များ ဖြစ်သည်ဟု ယုံကြည်ရသည်။

ကယ်ဆယ်ရေး အေဂျင်စီများမှ ဒေသခံဝန်ထမ်း၁၂ဦးခန့်ကို အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သည်ဟု သံသယဖြစ်မှုဖြင့် အာဏာပိုင် များက ဇွန်လအတွင်း ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု လူ့အခွင့်အရေး အုပ်စုများက ပြောကြားထားသည်။

၎င်းတို့အနက်မှ ၆ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၃ဦးကို ယခုပစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်။ ဖော်ပြပါ ဒေသခံကုလဝန်ထမ်းသုံးဦးသည် ဗုဒ္ဓဘာ သာဝင် များနှင့် မွတ်စလင်များအကြား မုန်းတီးအောင်သွေးထိုးလှုံ့ဆော် ခြင်း မီးရှို့မှုများတွင် ပါဝင်ခြင်း အပါအဝင် ရာဇဝတ်မှုများစွာကျူးလွန်မှုဖြင့် ပြစ်ဒဏ်စီရင်ခံရသည်ဟု သိရသည်။

 ************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၉.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အသစ်တက်လာသော ဝန်ကြီးများအတွက် အကြံပြုချက်

*****************************************

ဆောင်းပါးကဏ္ဍ

အသစ်တက်လာသော ဝန်ကြီးများအတွက် အကြံပြုချက်

နိုင်မော်

ယခုကာလအတောအတွင်း ဝန်ကြီးများ အပြောင်းအလဲဖြစ်မည်ဆိုသည့် သတင်းများ ပြင်ပမှ ထွက်ပေါ်လျက်ရှိခဲ့သည်။ မီဒီယာအချို့ကလည်း ထုတ်ဖော်တင်ပြမှုများ ရှိခဲ့သည်။ ထိုသို့ မျှော်လင့်လျက်ရှိသောသတင်းမှာ သြဂုတ်လ ၂၇ရက်နေ့တွင် အမှန်တကယ်ပင် ဖြစ်လာခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စာရေးသူအနေဖြင့် ဝန်ကြီးများအပြောင်းအလဲနှင့် ပတ်သက်၍ ဤဆောင်းပါးတွင် တင်ပြသွားပါမည်။

ဝန်ကြီးများ ပြောင်းလဲသည့်ကိစ္စမှာ အစိုးရအတွင်း ပြုပြင်ပြောင်းလဲမှုတစ်ခုဟု ဆိုရမည်ဖြစ်သည်။ လူမှန်နေရာမှန် ရွေ့သည်ဟုဆိုလျှင်လည်း ဆိုနိုင်မည်သာ ဖြစ်သည်။ အခုလိုကိစ္စ မပေါ်ပေါက်မီ သမ္မတမိန့်ခွန်းများ၊ ပြောစကားများတွင်လည်း အရိပ်အယောင်များ တွေ့နိုင်သည်။

သမ္မတ၏ မိန့်ခွန်းတစ်ခုတွင် “နောက်ကြောင်းပြန်လိုသူများကို ချန်ထားခဲ့မည်”ဟူသော စကားမျိုးကို တွေ့ရသည်။ ထို့အတူ C N A သတင်းဌာန နှင့် အင်တာဗျူးတွင်လည်း “အစိုးရအဖွဲ့ထဲမှာလည်း ရှေးရိုးစွဲအမြင်ရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရှိမှာဖြစ်ပါတယ်။ ရှေ့က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြ သွားရင်းနဲ့ ဆန့်ကျင်တဲ့ သဘောထားရှိတဲ့ သူတွေဟာလည်း နောက်က အလိုလိုလိုက်ပါလာမှာ ဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်ကို တွေ့ရသည်။ ဤ အချက်များအရ သမ္မတသည် သူ့၏မြန်မာပြည်၏ အစဦးဆုံး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို လုပ်ဆောင်ရာတွင် ပြောင်းလဲလိုမှုရှိသည်ကို တွေ့ရမည် ဖြစ်သည်။

သို့သော်လည်း ယခု ဝန်ကြီးပြောင်းလဲမှုသည် ဝန်ကြီးဌာန ပြောင်းလဲနေရာပေးခြင်းဟုဆိုက ပိုမှန်ပေမည်ဖြစ်သည်။ ထို့ပြင် ပညာရှင်များ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်သူများလည်း ပါလာသည်ကို တွေ့ရသည်။

မည်သို့ပင်ဖြစ်စေ အစိုးရအဖွဲ့သည် လူမှန်နေရာမှန်နှင့် ပြုပြင်ပြောင်းလဲမှုကို ယခင်ကထက် ပိုမိုစွမ်းရည်ပြည့်ဝအောင် လုပ်နိုင်မည်ဟုတော့ ခန့်မှန်းရသည်။

သို့ရာတွင် ယခုတာဝန်ယူမည့် ဝန်ကြီးများအနေဖြင့်ရော ပြုပြင်ပြောင်းလဲမှုကို မည်မျှအထိ လုပ်နိုင်မည်ဆိုသည်မှာမူ စောင့်ကြည့်ရဦးမည်သာ ဖြစ်သည်။

ပြုပြင်ပြောင်းလဲမှုခရီးကြောင်းတွင် စနစ်သစ်နှင့် လိုက်ရောညီထွေ သဟဇာတဖြစ်အောင် အရင်ဆုံး ကြိုးပမ်းရမည်သာ ဖြစ်သည်။ နေရာ ပြောင်းရွေ့ ထမ်းဆောင်ကြမည့် ဝန်ကြီးများအနေဖြင့်လည်း မိမိတို့ ကျရာနေရာတွင် အကောင်းဆုံးဖြစ်အောင် နိုင်ငံတော်အကျိုးကို ဆောင်ရွက်ဖို့ လိုအပ်လှသည်။ ဝန်ကြီးဟူသည် ဌာနတစ်ခုတွင် အခရာကျသောကဏ္ဍမှ ပါဝင်သူဖြစ်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင်ကို ကိုယ်စားပြုသူဟု ဆိုနိုင်သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ဝန်ကြီးဌာနများ (တစ်နည်းအားဖြင့်) အုပ်ချုပ်ရေးယန္တရားတွင်  နာမည်ဆိုးများလည်း ရှိနေသည်။ ယင်းကား အခြားမဟုတ် လာဘ်ပေးလာဘ်ယူမှု ရှိနေခြင်းပင်တည်း။ ဝန်ထမ်းများ လာဘ်စားခြင်သည် အုပ်ချုပ်သူဝန်ကြီးများတွင် အထူး တာဝန်ရှိနေသည်ဖြစ်ရာ နိုင်ငံတော်၏ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးကို မည်သို့ တာဝန်ယူဆောင်ရွက်မည်ဆိုသည်မှာလည်း ပြည်သူများအတွက် စောင့်ကြည့်ရဦးမည့် ကိစ္စ ပင် ဖြစ်ပေသည်။

ထို့ပြင် နောက်ထပ် ဂရုပြူရမည့်အချက်မှာ အရည်အချင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးပိုင်း၌ လူမှန်နေရာမှန် မရှိခဲ့သည့် အချိန်ကာ လများရှိရာ ထိုသို့ဖြစ်ခြင်းက အစိုးရအဖွဲ့၏ စွမ်းရည်ကို နိမ့်ကျစေသည်။ ခေါင်းဆောင်မည်မျှပင် စိတ်ဓာတ်ရှိရှိသူနှင့်အတူ လက်တွဲလုပ်မည့်သူများသည် တစ်သားတည်းမဖြစ်ခဲ့လျှင် လိုအပ်သောအရည်အချင်း မရှိလျှင် များစွာ အဟန့်အတားဖြစ်နေမည်သာ ဖြစ်သည်။

ယခုဆိုလျှင် ဝန်ကြီးအဖွဲ့များတွင် ပညာရှင်များလည်းပါဝင်လာပြီဖြစ်သည်။ ထို့ကြောင့် အစိုးရအဖွဲ့အတွက် ပိုအားရှိလာပြီဖြစ်သည်။ သို့ရာတွင် ဝန်ကြီးများအနေဖြင့် ရှေးလူများအတိုင်း ပြုမူမည်ဆိုလျှင်မူ မည်သို့မျှ တိုးတက်ပြောင်းလဲမှုရှိမည်မဟုတ်ရာ ဂုဏ်တွင်ယစ်မူခြင်းမရှိစေဘဲ မိမိတို့ ကျွမ်းကျင်ရာ ပိုင်နိုင်ရာဖြင့် မိမိတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို တစ်ခေတ်ဆန်းအောင် လုပ်ကြဖို့ လိုပေလိမ့်မည်။

ဝန်ကြီးများဟူသည် အစိုးရအဖွဲ့၏ လက်တံများနှင့် တူပေရာ သမ္မတ ဦးသိန်းစိန်အစိုးရ မည်မျှအထိ ပြုပြင်ပြောင်းလဲမှု ခရီးပေါက်မည်ဆိုသည် မှာလည်း ဝန်ကြီးများအပေါ်တွင် မူတည်ပေမည်။ ဝန်ကြီးသစ်များအနေဖြင့်လည်း မိမိတို့ရောက်ရာကဏ္ဍတွင် အကောင်းဆုံး ပြုပြင်ပြောင်းလဲမှု ပြုဖို့ လို မည်ဖြစ်သည်။ မိမိတို့နှင့်အတူ အယူအဆသစ်များကို မိမိတို့ တာဝန်ထမ်းဆောင်ရမည့် ဝန်ကြီးဌာနသို့ သယ်ဆောင်သွားပြီး ဌာန၏ လိုအချက်များကို လက်ရှိအစိုးရ၏ မူဝါဒနှင့်ညီအောင် ပြုပြင်ပြောင်းလဲရေးတွင် သမ္မတနှင့်အတူ လိုက်နိုင်အောင် ကြိုးစားဖို့လည်း အထူးလိုအပ်လှသည်။

နေရာပြောင်းရွေ့ထမ်းဆောင်ရသော ဝန်ကြီးများအနေဖြင့်လည်း ယခင်နေရာဟောင်းကို လွမ်းဆွတ်မနေဘဲ နေရာသစ်တွင် အကောင်းဆုံးဖြစ် အောင်၊ မိမိတို့၏ မူလအားနည်းချက်များ၊ အမူအကျင့်ဟောင်းများကို ယနေ့မှစ၍ ပြုပြင်ဖို့လိုသည်။

ကျောင်းဆရာဘိန်းရှူခြင်းသည် မသင့်တော်သကဲ့သို့ ဒီမိုကရေစီနိုင်ငံသစ်တွင် ဒီမိုကရေစီနှင့် မလျောညီသော အမူအကျင့်များ လက်ကိုင်ထား ခြင်းသည် မသင့်လျော်ပါ။ ထို့အတူပင် ဒီမိုကရေစီအုပ်ချုပ်ရေးကို ကိုယ်စားပြုပါဝင်နေပါလျက် ဒီမိုကရေစီနှင့် မလျော်ညီသော စိတ်နေစိတ်ထား ပြုမူ ဆောင်ရွက်မှုများကို လက်ကိုင်ထားလျှင်မူ ပြုပြင်ပြောင်းလဲရေး ခရီးတွင်မည်မဟုတ်သလို ရာထူးမှ ဖယ်ရှားခံရဖို့သာ ရှိပေလိမ့်မည်ဖြစ်သည်။

ဝန်ကြီးဌာနများသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနများဖြစ်ပေသည်။ ထို့အတွက်ကြောင့် ပြည်သူနှင့် အများဆုံး ဆက်ဆံရသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတစ်နည်းနည်းဖြင့် ပြည်သူများသည် ဝန်ကြီးဌာနများနှင့် ဆက်ဆံကြရသည်။ သို့ရာတွင် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်နှစ်ခုနီးပါး ဖြစ်လာခဲ့သည်မှာ ဝန်ကြီးဌာနများသည် တစ်ခါဆက်ဆံ ဆယ်ခါလန်ပုံစံမျိုး ဖြစ်နေရသည်။ အစိုးရရုံးများနှင့် ဆက်ဆံရလျှင် အရင် ဆုံး ငွေသံ၊ ကြေးသံ အရင်ဆုံးကြရသည်။ ငွေမပါလျှင် မပြီးသည့်သဘော ရှိခဲ့သည်။ အဆိုပါကိစ္စရပ်များကို ဖြေရှင်းရေးကိစ္စမှာလည်း သိမ်မွေ့ခက်ခဲလှ သည့် ကိစ္စများဖြစ်သည်။ ဝန်ကြီးများအနေဖြင့် အဆိုပါကိစ္စကို မည်ကဲ့သို့ ဖြေရှင်းကြမည်ဆိုသည်မှာလည်း ပဟေဠိသဖွယ် ရှိနေသေးပေသည်။

ငြိမ်းချမ်ရေးကိစ္စတွင် အစိုးရက အပစ်အခတ်ရပ်ဖို့ ကြိုးပမ်းသည်။ သို့သော် စစ်တပ်က အပစ်အခတ်မရပ်သေး၊ ထိုသဘောအတိုင်းပင် နိုင်ငံ တော်သမ္မတက ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီ၊ အောက်ပိုင်းဌာနများကမူ ယခင်ကအနေအထားအတိုင်း တုန့်တုန့်မျှမလုပ်သေးလျှင် မည်သို့ရှိမည် နည်း၊ ပြည်သူအယုံအကြည်မဲ့ဖို့သာ ဖြစ်ပေလိမ့်မည်။ ဤအချက်ကလည်း ဝန်ကြီးများအနေဖြင့် ပြင်ဖို့လိုမည့်အချက်ပင် ဖြစ်သည်။

ထို့အတွက်ကြောင့် မိမိတို့အစိုးရအဖွဲ့၏ မျက်နှာနှင့် ပြည်သူ၏မျက်နှာကို ထောက်ထားငဲ့ညှာသောအားဖြင့် ပြုပြင်ပြောင်းလဲမှုကို ဆက်လက် ဆောင်ရွက်ဖို့ လိုမည်ဖြစ်သည်။ မြန်မာပြည်၏ ဗျူရိုကရေစီယန္တရားသည် အားအင်ချိနဲ့နေဆဲဖြစ်သည်။ အဆိုပါယန္တရား အားကောင်းပြီး စွမ်းရည်ရှိအောင် လုပ်ဆောင်ရန်မှာ ဝန်ကြီးများ၏ ဦးဆောင်မှုအပေါ်တွင် မူတည်မည်ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုသည် အရုဏ်ဦးပင် ရှိသေးသည် ဖြစ်ရာ ရှေ့လျှောက်တွင် ခရီးကြမ်းများလည်း ရှိနေသေးသလို ချောက်ကမ်းပါးများကလည်း ရှိနေသည်။ ထိုသို့သော အခြေအနေတွင် မည်သို့မည်ပုံ ဖြတ်သန်းမည်ဆိုသည့်ကိစ္စ၊ ပြည်သူများ၏ လူမှုစီးပွားဘဝအထွေထွေ စသော အကြောင်းအချက်များကလည်း မေးခွန်းထုတ်စရာအခြေအနေတွင် ရှိနေ သေးရာ မည်သို့ဖြေရှင်းမည်ဆိုသည်ကို ဝိုင်းဝန်းစဉ်းစားဖို့လည်း လိုပေလိမ့်မည်။

ဝန်ကြီးများတွင် မိမိတို့တာဝန်ယူရမည့် ဌာန၊ ကဏ္ဍအတွက် ကိုယ်ပိုင်(Agenda) ရှိချင်မှ ရှိမည်ဖြစ်သည်။ ယခင်ကလို “လိုအပ်သည်များ မှာကြားရုံ” ဖြင့်တော့ အကြောင်းထူးမည်မဟုတ်သောကြောင့် ဝန်ကြီးဌာနအလိုက် အခက်အခဲများ၊ စိန်ခေါ်မှုများကို ဝန်ထမ်းများနှင့် ပူးပေါင်းအဖြေရှာ ပြီး မည်သို့ပြုပြင်ရမည်ကို အမြန်ဆုံး အဖြေထုတ်ပြီး လက်တွေ့ဖော်ဆောင်ဖို့ အထူးလိုအပ်လာပြီလည်း ဖြစ်သည်။

မည်သို့ပဲဖြစ်ဖြစ် ဝန်ကြီးသစ်များရော နေရာပြောင်းခန့်အပ်ခံရသည့် ဝန်ကြီးများပါ သေချာသည့်အချက်မှာ ဌာနသစ် နေရာသစ်နှင့် အသားကျ ဦးမည်မဟုတ်ရာ မည်သို့ဖြေရှင်းမည်ဆိုသည့်ကိစ္စမှာ သမ္မတအလိုကျလုပ်ရုံဖြင့် မပြီးမြောက်နိုင်ဘဲ မိမိလက်အောက် လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများနှင့် ပူးပေါင်းအဖြေရှာမှသာ တွေ့နိုင်မည်ဖြစ်ပြီး ထိုသို့မလုပ်နိုင်သ၍ ရွှေပြည်တော်မျှော်တိုင်းဝေးနေမည်သာ ဖြစ်ပါကြောင်း အကြံပြုလိုက်ရပေသည်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

­၂၉.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. တောင်ပြုန်း ဆိုင်ခန်းငှါးရမ်းခ ဆယ်ဆဈေးမြင့်လို့ ပွဲမစည်ဟုဆို
  2. မန္တလေး ပြည်ခိုင်ဖြိုး ရံပုံငွေစရင်း သိန်းနှစ်သောင်းကျော်ကွာဟ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ခုံရုံးအဖွဲ့အား စွပ်စွဲပြစ်တင်ရန် ပြည်သူ့လွှတ်တော်၌ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ဖွဲ့စည်း
  1. KNU နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ တတိယအကြိမ် တွေ့ဆုံမည့်ရက် ပြောင်းလဲ
  2. ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်အား ရာထူးမှ နုတ်ထွက်ခွင့်ပြု

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

တောင်ပြုန်း ဆိုင်ခန်းငှါးရမ်းခ ဆယ်ဆဈေးမြင့်လို့ ပွဲမစည်ဟုဆို

တောင်ပြုန်းပွဲဆိုင်ခန်းလေလံကို လုပ်ငန်းရှင်တစ်ဦးတစ်ယောက်က အာဏာရှိသူများပေါင်းကာ လက်ဝါးကြီးအုပ်ဆွဲလိုက်၍ ဆိုင်ခန်းတစ်ခန်းကို ဆယ်ဆခန့်တက်သွားပြီး ပွဲစည်ကားမှုလျော့ကျသွားကြောင်း နတ်ထိမ်းတစ်ဦးက ပြောကြားသည်။

ဆိုင်ခန်းတစ်ခန်းကို ယခင်က လေးသောင်းမှ ခြောက်သောင်းကြားသာ ပေးရသော်လည်း ယခုနှစ်တွင် လေသိန်းအထိ ဖြစ်၍ ဂေါပကလူကြီး များနှင့် သက်ဆိုင်ရာသို့တင်ပြခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်း မြန်မာ့ရိုးရာဘုရားပွဲများကို လုပ်ငန်းရှင်တစ်ဦးက လက်ဝါးကြီး အုပ် ကိုယ်ကျိုးအတွက် အသုံးချသွားကြောင်း နတ်ထိမ်းတစ်ဦးက ပြောကြားသည်။

”ကိုယ်တော်ကြီး ကိုယ်တော်လေးတို့ ကိုင်ပါစေတော်”ဟု နတ်ထိမ်တစ်ဦးက ဆိုသည်။

ယခုနှစ် ဘုရားပွဲလုပ်ငန်းဆယ်မျိုး အတွက် ဂေါပကအဖွဲ့သည် ကျပ်သိန်းပေါင်း ၃၅၇၄သိန်း ရရှိခဲ့ပြီး ဦးစိုးလွင်ဆိုသူတစ်ဦးတည်းမှ ဈေးကြီး၊ ညောင်ပင်ဝိုင်း၊ အိမ်သာနှင့် လျှပ်စစ်ပေးဝေခြင်းကို လက်ဝါးကြီးအုပ် လေလံအောင်သွားကြောင်း ဂေါပကအဖွဲ့မှ စုံစမ်းသိရှိရသည်။

ယခုနှစ်ကျင်းပသည့် တောင်ပြုန်းပွဲ ဈေးဆိုင်ခန်းလေလံများ မြင့်လွန်း၍ ဆိုင်ခန်းဖွင့်သူ နည်းပါးလွန်းပြီး ခါတိုင်းနှစ်များ လောက် စည်ကားမှု မရှိကြောင်း ဆယ်နှစ်ပွဲဈေးသည်တစ်ဦးက ပြောကြားသည်။

နှစ်စဉ် ဝါခေါင်လဆန်းတွင် ကျင်းပလေ့ရှိသည့် တောင်ပြုန်းပွဲတွင် ရွှေပန်း၊ ဈေးကြီး၊ ဈေးလေး၊ ဇာတ်ရုံ၁၊ ဇာတ်ရုံ ၂၊ ရုပ် ရှင်၊ ညောင်ပင်ဝိုင်း၊ ရေ၊ အိမ်သာ၊ လျှတ်စစ်မီးလုပ်ငန်းများအတွက် ဘုရားဂေါပကမှ လေလံပစ်လေ့ရှိပြီး လေလံဈေး အလွန်အမင်းမြင့်မှုကြောင့် လေလံအောင် လုပ်ငန်းရှင် များမှ ဆိုင်ခန်းခများကို တွက်ခြေကိုက်ရန် တိုးမြင့်လိုက်၍ ပွဲစည်ကား မှုလျှော့ကျနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

MP

-------------------------------------------------------------------------------------------------------------------------

မန္တလေး ပြည်ခိုင်ဖြိုး ရံပုံငွေစရင်း သိန်းနှစ်သောင်းကျော်ကွာဟ

ရန်ကုန် သြဂုတ် ၂၅။

ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံခိုင်ရေးဖွံ့ဖြိုးရေးပါတီကို ဗဟိုမှ ရံပုံငွေ ကျပ်သိန်း သုံးသောင်းကျော် ချထားပေးရာ စာရင်းမှန်ကန်စွာမပြနိင်ပဲ သိန်းနှစ်သောင်းကျော် အသုံးစရိတ်ပြထားကြောင်း ပါတီခေါင်းဆောင်တစ်ဦးက ပြောကြား သည်။

ယင်းကဲ့သို့ ကျပ်သိန်းနှစ်သောင်းကျော် ကွာဟမှုကြောင့် မန္တလေးတိုင်းဒေသကြီး ကြံခိုင်ရေးပါတီတာဝန်ခံ စက်မှုဝန်ကြီးဟောင်း ဦးအောင် သောင်းမှ စိတ်ဆိုးဒေါသထွက်ပြီး ဘဏ်စာအုပ်များသိမ်းသွားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

တပ်မတော်အစိုးလက်ထက် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရှိ စီပွားရေးလုပ်ငန်းများကို အသင်းအနေဖြင့် လုပ်ကိုင်ခဲ့ကြောင်း ပါတီအဖြစ် အသွင်ပြောင်းပြီးနောက် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ စီပွားရေးလုပ်ငန်းအဖြစ် အမည်ခံကာ  လုပ်ကိုင်စေကြောင်း ဦးအောင်သောင်းအနေဖြင့် အသင်းအမည်မခံဘဲ နယူးဒေးစက်သုံးဆီဆိုင်များဖွင့်ကာ အယ်ပိုင်း ဒေါက်တာစိုင်းစံထွန်းကို လုပ်ကိုင်စေကြောင်း ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦး က ပြောကြားသည်။

တပ်မတော်ပိုင်တဲ့ ဓါတ်ဆီဆိုင်များမှာ မြ၀တီဆိုင်အနေဖြင့် ဖွင့်ထားပြီး နယူးဒေးဆီဆိုင်မှာ ပြည်ခိုင်ဖြိုးပါတီ ပိုင်ဆိုင်မှုများဖြစ်သည်ဟု ၎င်းက ဆိုသည်။

MP

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ခုံရုံးအဖွဲ့အား စွပ်စွဲပြစ်တင်ရန် ပြည်သူ့လွှတ်တော်၌ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ဖွဲ့စည်း

သြဂုတ်လ ၂၉ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး၌ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့အား စွပ်စွဲပြစ်တင်မှုများ ပြုလုပ် ရန်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့အား အဖွဲ့ဝင် ၁၅ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

"ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ကို ဒီကနေ့ သြဂုတ်လ ၂၉ရက်နေ့မှာပဲ ဖွဲ့လိုက်တာပါ။ ဒီအဖွဲ့မှာ နန္ဒကျော်စွာက ဥက္ကဋ္ဌအဖြစ် တာဝန် ယူပြီး သူအပါအဝင် အဖွဲ့ဝင် ၁၅ဦးနဲ့ ဖွဲ့လိုက်တာပါ။ ဒီနေ့ လွှတ်တော်ကျင်းပပြီးတာနဲ့ ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က စတင်စစ်ဆေးမှုတွေ ပြုလုပ်တော့မှာပါ"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ယင်းသို့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့အား ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ နန္ဒကျော်စွာမှ အဖွဲ့ဥက္ကဋ္ဌတာဝန်အဖြစ် တာဝန်ယူ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရှိရပြီး ယင်းအဖွဲ့သည် ဖွဲ့စည်းလိုက်ပြီးဖြစ်သည့်အချိန်မှစ၍ ပြည်သူ့လွှတ်တော်အစည်းအဝေး ပြီးဆုံးသည့်အချိန်၌ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့အား စွပ်စွဲပြစ်တင်ရန် စတင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

"မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ဒီခုံရုံးအဖွဲ့ရဲ့ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ခဲ့တဲ့အတွက် အမျိုးသားလွှတ်တော်မှာ ခုံရုံး အဖွဲ့ကို စွပ်စွဲပြစ်တင်ရန်အဆိုကို တင်သွင်းပြီး အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ရာက ထောက်ခံမဲ ၁၆၃မဲနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဒီအဆိုကို အတည်ပြုပြီး ပြည်သူ့လွှတ်တော်က ဆက်လက်ဆောင်ရွက်ပါဆိုတဲ့ သဝဏ်လွှာကို ပြည်သူ့လွှတော်ကို ပေးပို့လိုက် ပါတယ်။ အဲဒါကြောင့် ဒီစုံစမ်းစစ် ဆေးရေးကော်မရှင်အဖွဲ့ကို ဖွဲ့လိုက်တာပါ"ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ထို့ပြင် အဆိုပါ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့အား ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များအား ဖောက် ဖျက်ကျူးလွန်ခဲ့သည့်အတွက် စွပ်စွဲပြစ်တင်ရန်အဆိုအား သြဂုတ်လ ၂၈ရက်နေ့၌ ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေး၌ ဆန္ဒမဲ ကောက်ခံရာ ထောက်ခံမဲ ၁၆၃မဲဖြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ အတည်ပြု၍ ပြည်သူ့လွှတ်တော်မှ ဆက်လက်ဆောင်ရွက်ပေးရန် ဆိုသည့် သဝဏ်လွှာအား ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့သောကြောင့် ယင်းစုံစမ်းစစ်ဆေးရေးကော်မရှင်အား ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

"အခု အမျိုးသားလွှတ်တော်က ထောက်ခံမဲ ၁၆၃မဲနဲ့ အတည်ပြုပြီး ပြည်သူ့လွှတ်တော်ကို ဆက်လက်လုပ်ဆောင်ပါဆိုပြီး သဝဏ်လွှာ ပေးပို့ လိုက်တော့ ပြည်သူ့လွှတော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သဝဏ်လွှာဖတ်ပြပြီး ခုံရုံးအဖွဲ့ကို စွပ်စွဲပြစ်တင်ဖို့အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဖွဲ့လိုက်ပြီဆိုကထည်းက စွပ်စွဲပြစ်တင်ခံရတဲ့ အဖွဲ့ကတစ်ဦးက လာပြီး အစစ် ဆေးခံရမှာဖြစ်တယ်။ ပြီးရင် ဒီကိစ္စကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး ပြည်ထောင်စုလွှတ်တော်က သုံးပုံနှစ်ပုံ ထောက်ခံမဲရရင် စွပ်စွဲခံရတဲ့အဖွဲ့ က ရာထူးကနေ နှုတ်ထွက်ပေးရမှာပါ"ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။

ထို့ပြင် ယင်းခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ရန်အဆိုနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့် ဖေက တင်သွင်းခဲ့ခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော်ရှိ တပ်မတော်သားကိုယ်စားလှယ် ၆ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆ဦးတို့က ဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ATM

-------------------------------------------------------------------------------------------------------------------------

KNU နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ တတိယအကြိမ် တွေ့ဆုံမည့်ရက် ပြောင်းလဲ

စက်တင်ဘာလ ၃ရက်နေ့နှင့် ၄ရက်နေ့ နှစ်ရက်ကြာ ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)နှင့် မြန်မာ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီအဖွဲ့တို့ တတိယအကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးနှင့် တပ်များ နေရာရွှေ့ ပြောင်းရေးနှင့် ပတ်သက်၍ အချက် ၂ချက်အား ထည့်သွင်းဆွေးနွေးရန်ရှိကြောင်း အစိုးရငြိမ်းချမ်းရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရ သည်။

ယင်းသို့ တတိယအကြိမ်မြောက် စက်တင်ဘာလဆန်းပိုင်း၌ တွေ့ဆုံဆွေးနွေးမှုအား ယခင်အချိန်က သြဂုတ်လ ၂၇ရက်နှင့် ၂၉ရက်နေ့တို့တွင် တွေ့ဆုံမှုပြုလုပ်မည်ဟု စီစဉ်ခဲ့သော်လည်း အစိုးရငြိမ်းချမ်းရေးကော်မတီအဖွဲ့မှ ဆိုင်းငံ့မှုများ ပြုလုပ်သောကြောင့် KNU နှင့် အစိုးရငြိမ်းချမ်းရေး ကော်မတီအဖွဲ့တို့ တွေ့ဆုံမှုအား ယခုကဲ့သို့ ပြန်လည်သတ်မှတ်ခြင်းဖြစ် ကြောင်း သိရှိရသည်။

"ဒီ တတိယအကြိမ် နှစ်ဖက်တွေ့ဆုံမှုမှာ အပစ်အခတ်ရပ်စဲရေးနဲ့ဆိုင်တဲ့ မူကြမ်းတွေကို အဓိက ဆွေးနွေးသွားမှာပါ။ ပြီးတော့ KNU ဘက်က လည်း ပြည်သူလူထုဘဝ လုံခြုံရေးကိစ္စကို အာမခံဖို့ဆိုတာ ပါဝင်တဲ့ အချက် ၂ချက်ကို ဆွေးနွေးမှာ ဖြစ်ပါတယ်"ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။

ထို့နောက် ယင်းသို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုနှင့် ပတ်သက်၍ ပြည်ထောင်စုဆင့်အဖြစ် ပြီးခဲ့သည့် ဧပြီလထဲ၌ ရန်ကုန်မြို့ရှိ စီဒိုးနား ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပြီး ယခုထပ်မံတွေ့ဆုံမှု၌ ပြည်သူလူထုဘဝလုံခြုံရေး အာမခံကိစ္စနှင့် သက်ဆိုင်သည့် အချက် ၂ချက်အား အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း KNU အဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ATM

-------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်အား ရာထူးမှ နုတ်ထွက်ခွင့်ပြု

နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တစ်ဦးတို့အား ရာထူးမှ နုတ် ထွက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(က)တို့အရ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်နှင့် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဦးဇော်မင်းတို့အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံ တော်သမ္မတရုံးမှ အမိန့်အမှတ်(၂၃/၂၀၁၂)ကို ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၅၊ ပုဒ်မခွဲ(ခ)နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(က)တို့အရ ပြည်ထောင်စု စာရင်း စစ်ချုပ် ဦးလွန်းမောင်အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ်(၂၄/၂၀၁၂)ကိုထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ဃ) ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉)တို့အရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းအား သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန် ပေးအပ်လိုက်ကြောင်း အမိန့်အမှတ်(၂၅/၂၀၁၂)ကိုထုတ်ပြန်ကြေညာခဲ့သည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အခိုင်အမာဆုံးဖြတ်ချက်တွေကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက အသေအချာ စောင့်ကြည့်နေပါတယ်။ တစ်ဖက်ကြည့်ရင် အဲဒီအောင်မြင် မှုဟာ မြန်မာနိုင်ငံအတွက် စမ်းသပ်ချက်တစ်ရပ်ဖြစ်ပြီး တစ်ခြားတစ်ဖက်ကကြည့်မယ်ဆိုရင် တပ်မတော်မှာ စစ်မှုထမ်းနေတဲ့ ၁၈နှစ်အောက်ကလေး ငယ်တွေ အားလုံးကို တစ်ခါတည်းနဲ့အပြီး တပ်မတော်မှ နှုတ်ထွက်ခွင့်ပေးဖို့အတွက် အခွင့်အလမ်းတစ်ရပ်လည်း ဖြစ်ပါတယ်”

သြဂုတ် ၂၉ရက်နေ့ထုတ် သတင်းသစ်ဂျာနယ် အတွဲ (၁) အမှတ် (၂၃) တွင်ပါရှိသည့် “ကလေးတွေစစ်မှုထမ်းစေတဲ့ကိစ္စ မြန်မာ့တပ်မတော်ကို ကုလ သမဂ္ဂက စာရင်းမှပယ်”သတင်းမှ ယူနီဆပ်ဖ်(မြန်မာ)၏ ဌာနေကိုယ်စားလှယ် မစ္စတာ ရာမက်ရှ်ရှရသာ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------

“နည်းနည်းတော့ လူမှန်နေရာမှန် ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ အပြောင်းအလဲကတော့ ကောင်းသောအပြောင်းအလဲလို့ ယူဆပါတယ်။ ဒါပေမယ့် ဒီထက်မကတော့ ပြောင်းလဲဖို့ လိုအပ်တာပေါ့။ ကျွန်တော်တို့ အဓိကမျှော်လင့်တာက လူတွေပြောင်းလဲတာထက် မူတွေပြောင်းလဲဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဝန်ကြီးပိုင်းတွေ မှာကျွနတော်အားရပါတယ်။ ပညာရှင်တွေပါတယ်။ ညွှန်ချုပ်အဖြစ် အကြာကြီး လုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေ။ တကယ့်ကို ကျွမ်းကျင်ပြီး သား။ ဒါကိုတော့ လက်ကမ်းကြိုဆိုပါတယ်ဗျ”

သြဂုတ်၂၉ရက်ထုတ် Popular News ဂျာနယ် အတွဲ (၄) အမှတ် (၃၄)တွင်ပါရှိသည့် “ပြည်သူတို့မြင်သော အစိုးရအဖွဲ့အပြောင်းအလဲ”မှ ဦးအောင်လှ ထွန်း (ရိုက်တာသတင်းဌာန)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------

“တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ လုပ်ရမယ့် ကိစ္စတော်တော်များများကိုလည်း ပြည်ထောင်စုလွှတ်တော်မှာ တင်နေကြတယ်။ အဲဒီမှာက တစ် နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ အရေးကြီးကိစ္စတွေကိုပဲ လုပ်ရမှာ။ အခုဟာက ကျွန်တော်တို့ဒေသမှာ ဆေးရုံမရှိလို့၊ လမ်းမကောင်းလို့၊ ရေချိုးခန်းမရှိလို့၊ အိမ် သာမရှိလို့ဆိုတာမျိုးတွေ၊ ဒါအဓိပ္ပာယ်မရှိဘူး”

သြဂုတ်၂၉ရက်ထုတ် Popular News ဂျာနယ် အတွဲ (၄) အမှတ် (၃၄) တွင်ပါရှိသည့်“ပြည်သူ့အသံနှင့် အမှန်တရား လွှတ်တော်တွင်းညံပြီလား” သ တင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစောမြင့်သန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive