Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၅.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာဓါတ်ငွေ့ယာယီဖြတ်တောက်မည်ဖြစ်၍ ထိုင်းတွင်ရေအားလျှပ်စစ်ပို့ထုတ်ရန် စီစဉ်

(Bernama News မှ 23 February 2013 ရက်စွဲပါ “Myanmar’s gas supply cut prompts more hydropower production in Thailand ” သတင်းကို ဘာသာပြန်ဆိုပါသည်။)

  1. မြန်မာနယ်စပ်အနီး တရုတ်တပ်မတော်တပ်ဖွဲ့များလေ့ကျင့်

(New York Times မှ 22 February 2013 ရက်စွဲပါ “Chinese army units train by Burma border” သတင်းကို ဘာသာပြန်ဆိုပါသည်။)

  1.  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အသွားနှစ်ဖက်ပါသောဓါးဖြစ်သည်

(24 February 2013 ရက်စွဲပါ Bangkok Post မှ ခေါင်းကြီးပိုင်းဖြစ်သော Foreign investment a double-edged sword ကိုဘာသာပြန်ဆိုပါသည်)

                                   ***********************************************************************

ဘာသာပြန်သတင်းများ

မြန်မာဓါတ်ငွေ့ယာယီဖြတ်တောက်မည်ဖြစ်၍ ထိုင်းတွင်ရေအားလျှပ်စစ်ပို့ထုတ်ရန် စီစဉ်

(Bernama News မှ 23 February 2013 ရက်စွဲပါ “Myanmar’s gas supply cut prompts more hydropower production in Thailand ” သတင်းကို ဘာသာပြန်ဆိုပါသည်။)

Photo Credit by Online

မြန်မာနိုင်ငံဖက်မှ ဓါတ်ငွေ့စီမံကိန်းများ၏ ထုတ်လပ်တင်ပို့မှု အခြေစိုက်စခန်းများ ပြုပြင်ထိန်းသိမ်းရေး အတွက် ဧပြီ ၅ မှ ၁၄ အထိဓါတ်ငွေ့တင်ပို့မှုရပ်ဆိုင်းရန် အတည်ပြုလိုက်ခြင်းကြောင့် ဓါတ်ငွေ့လောင်စာသုံး လျှပ်စစ်ဓါတ်အားပြတ်တောက်မှုကို ခံသာစေရန်နှင့် အမျိုးသားစွမ်းအင်လုံခြုံမှုကို ထိန်းသိမ်းရန်အတွက် ထိုင်း လျှပ်စစ်ဓါတ်အားအာဏာပိုင်အဖွဲ့ EGAT က ရေအားလျှပ်စစ်ထုတ်လုပ်မှုကို တိုးမြှင့်ရန် နိုင်ငံအနောက်ပိုင်း ရေလှောင်တမံများမှ ရေပိုလွှတ်ပေးတော့မည်ဟု ထိုင်း TNA သတင်းဌာနက ထုတ်ပြန်ကြေညာထားသည်။

ဧပြီ ၅ မှ ၁၄ အထိ ၁၀ ရက်တာ ရေအားလျှပ်စစ်တိုးမြှင့်ထုတ်လုပ်ရန်အတွက် ဗာဂျီရာလောင်ကွန်း ရေလှောင်တမံမှ တစ်ရက်လျှင် ရေကုဗမီတာ ၃၅ သန်းထုတ်လွှတ်ပေးမည်ဖြစ်ရာ၊ ပုံမှန်အခြေအနေ နေ့စဉ် ဆည်ရေလွှတ်မှုပမာဏထက် ကုဗမီတာ ၆ သန်းပိုများလာလိမ့်မည်ဟု EGAT ၏ ရေအားလျှပ်စစ်ဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှူး ကစ်တီတန်ချရောင်က သတင်းထောက်များအား သောကြာနေ့တွင် ပြောကြားသည်။

EGAT လက်ထောက်အုပ်ချုပ်ရေးမှူးက “လက်ရှိတွင် စုစုပေါင်းသိုလှောင်နိုင်စွမ်း ပမာဏ၏ ၇၄ ရာခိုင်နှုန်းခန့်ရှိနေသော ရေလှောင်တမံအတွက် ယခုအစီအစဉ်ကြောင့် မည်သည့်ပြဿနာမှ မရှိကြောင်း ဆည်ရေကို ဖြေးဖြေးမှန်မှန်လွှတ်ပေးမည်ဖြစ်သော်လည်း ဆည်ရေလွှတ်လမ်းကြောင်း တစ်လျှောက် ရေတိုက်စားမှုများကို ကြိုတင်သတိထားကာကွယ်ရန်အတွက် အနိမ့်ပိုင်းရှိနေထိုင်သူများ၊ အိမ်များအနေဖြင့် ပိုင်ဆိုင်သောပစ္စည်းများကို အမြင့်ပိုင်းသို့ ရွှေ့ပြောင်းထားကြရန်လိုအပ်ကြောင်း” သတိပေးပြောကြား ထားသည်။

  ***********************************************************************

မြန်မာနယ်စပ်အနီး တရုတ်တပ်မတော်တပ်ဖွဲ့များလေ့ကျင့်

(New York Times မှ 22 February 2013 ရက်စွဲပါ “Chinese army units train by Burma border” သတင်းကို ဘာသာပြန်ဆိုပါသည်။)

တရုတ်ပြည်အနောက်တောင်ပိုင်းသို့ ကချင်ပြည်တွင်းစစ်ပြန့်ပွားလာနိုင်သည်ဟု မျှော်လင့်ရသော မြန်မာနိုင်ငံနှင့် နယ်စပ်အနီးတွင် တရုတ် တပ်ရင်းတပ်ဖွဲ့များ အပြင်းအထန်လေ့ကျင့်မှုပြုလုပ်နေကြကြောင်း တရားဝင်တရုတ်မီဒီယာက သောကြာနေ့တွင် ထုတ်ပြန်သောသတင်းများအရ သိရှိရသည်။

တရုတ်စစ်တပ်လေ့ကျင့်မှုပြုလုပ်နေသော နေရာသည် ကချင်ပြည်နယ်နှင့် နယ်စပ်ခြင်းထိစပ်နေသော ယူနန်ပြည်နယ်တောင်တန်းများပေါ်တွင် ဖြစ်ပြီး၊ နယ်စပ်တစ်ဖက် မြန်မာနိုင်ငံဖက်တွင် မြန်မာအစိုးရတပ်နှင့် ကချင်သူပုန်များ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

၎င်းတိုက်ပွဲများသည် ဒီဇင်ဘာလကုန်တွင် အရှိန်မြင့်ပြင်းထန်လာခဲ့ပြီး တရုတ်နယ်မြေအတွင်းသို့ အမြောက်ဆံများ ကျရောက်ပေါက်ကွဲခဲ့သည်ဟု တရုတ်တာဝန်ရှိသူများနှင့် သတင်းဌာနများက ထုတ်ပြန် ကြေညာခဲ့ကြသည်။ ခရစ်ယာန်ဘာသာအများစု ကိုးကွယ်သော ကချင်တိုင်းရင်းသားများ သည်လည်း ယူနန် ပြည်နယ်ဖက်ရှိ မိသားစု၊ ဆွေမျိုးတို့၏ နေအိမ်များနှင့် ဟိုတယ်များသို့ စတင်ရွှေ့ပြောင်းနေထိုင် လျက်ရှိသည်။

ပြီးခဲ့သောလအတွင်း မြန်မာအစိုးရက ကေအိုင်အေနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် အပစ်ရပ်စဲ ကြောင်း ကြေညာခဲ့သော်လည်း ထိုနောက်ပိုင်းရက်များတွင် မြန်မာ့တပ်မတော်က ဆက်လက်တိုက်ခိုက်နေ သည်ဟု ၎င်းနယ်မြေရောက် နိုင်ငံခြားသားများက သတင်းပေးပို့သည်။

              ယူနန်ပြည်နယ်တွင် စစ်ရေးလေ့ကျင့်နေခြင်း၏ ရည်မှန်းချက်သည် တရုတ်တပ်မတော်တပ်ဖွဲ့များ တိုက်ပွဲဝင်နိုင်ရန်နှင့် အောင်ပွဲရရန် ဖြစ်သည်ဟုနိုင်ငံပိုင် Xinhua သတင်းဌာနက ကြာသာပတေးနေ့တွင် သတင်းထုတ်ပြန်သည်။

ယခုလတွင် စတင်သော စစ်ရေးလေ့ကျင့်မှုသည် နယ်ခြားစောင့်တပ်များ အမှန်တစ်ကယ်တိုက်ပွဲဝင် နိုင်အောင်ပြင်ဆင်ရေးကို အဓိကထားပြီး အထူးသဖြင့် ဆိုးဝါးသောရာသီဥတုတွင် ချီတက်ခြင်းနှင့် ဆက်သွယ်ရေးအချက်ပြမှုများ ပျောက်နေသော နယ်မြေများတွင် လုပ်ဆောင်ခြင်းတို့ကို လေ့ကျင့်လျက်ရှိသည် ဟု Xinhua သတင်းက ဆိုသည်။

ယူနန်ပြည်နယ်၏ တောတောင်ထူထပ်သော မြေမျက်နှာသွင်ပြင်သည် အထူးစပယ်ရှယ်စိန်ခေါ်မှုများ ရှိနေပြီး၊ တရုတ်တပ်ဖွဲ့များအနေဖြင့် တောထဲ၊ တောင်ထဲ၊ မိုးထဲ၊ ရေထဲ၌ တိုက်ပွဲဝင်ရန် လေ့ကျင့်မှုများ ပြုလုပ် နေကြသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။ အချို့တပ်များကလည်း နယ်စပ်တစ်လျှောက် ဆက်သွယ်ရေးစခန်းများ တည်ဆောက်နေကြသည်ဟု သိရှိရသည်။

မကြာသေးမှီကပင် ယူနန်ပြည်နယ်စစ်ဖက်တာဝန်ရှိသူများက အဆိုပါနယ်မြေတွင် ကွပ်ကဲရေးဌာနချုပ် တစ်ခုထူထောင်ခဲ့သည်။ နယ်စပ်တစ်ဖက်ခြမ်း ကချင်ပြည်နယ်မှ တိုက်ပွဲများသည် ကေအိုင်အေဌာနချုပ် ရုံးစိုက်ရာ လိုင်ဇာမြို့ကို ဦးတည်လျက်ရှိသည်။ တရုတ်နိုင်ငံ ခေါင်းဆောင်များက တရုတ်တပ်မတော်သည် တိုက်ပွဲဝင်ရန်ပြင်ဆင်ထားသင့်ပြီး ၊ ခေတ်မှီတိုးတက်မှုဖြင့် ရှေ့ဆက်ရန်အားတက်သရော လုပ်ဆောင်ရမည်ဟု ယေဘူယျသဘော ထုတ်ဖော်ပြောဆိုထားပါသည်။

ကွန်မြူနစ်ပါတီခေါင်းဆောင်သစ် ဇီဂျင်းပင်သည်မနှစ်က တရုတ်ပြည်တောင်ပိုင်း စစ်တပ်နှင့်ရေတပ် စခန်းများသို့ သွားရောက်ခဲ့ပြီး တပ်မတော် အင်အားရှိဖို့လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်ဆောင်းရာသီတွင် မြန်မာစစ်တပ်သည် လိုင်ဇာဌာနချုပ် (သို့) အနီးတဝိုက်စခန်းများကို သိမ်းပိုက်ရန်အတွက် ထိုးစစ်ဆင်ဖိအား ပေးခဲ့သည်။ မြန်မာအစိုးရစစ်တပ်နှင့် ကေအိုင်အေတပ်ဖွဲ့တို့သည် ၂၀၁၁ ဇွန်လတွင် ပြန်လည်တိုက်ခိုက်ခြင်းမပြုမှီ ၁၇ နှစ်ကြာအောင် အပစ်ရပ်စဲ ထားခဲ့ကြဘူးသည်။

ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သူ လက်ရှိသမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ အာဏာရှင်နိုင်ငံရေး စနစ်အတွင်းသို့ ဒီမိုကရေစီလုပ်ထုံး လုပ်နည်းများကို မိတ်ဆက်ပေးရန် ကြိုးစားလျက်ရှိသည်။

သို့သော်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကချင်ကဲ့သို့သော တိုင်းရင်းသားများ၏ တောင်းဆိုချက်များကို မြန်မာအစိုးရက အလေးအနက်စဉ်းစားပေးမှာလားဟူသော သံသယများ ထွက်ပေါ်လာ စေပါသည်။

*******************************************************************

 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အသွားနှစ်ဖက်ပါသောဓါးဖြစ်သည်

(24 February 2013 ရက်စွဲပါ Bangkok Post မှ ခေါင်းကြီးပိုင်းဖြစ်သော Foreign investment a double-edged sword ကိုဘာသာပြန်ဆိုပါသည်)

Photo Credit by Online

ကြာသာပတေးနေ့ကထုတ်ပြန်သော အစီရင်ခံစာတစ်ခု၏ တွေ့ရှိချက်အရ မြန်မာနိုင်ငံတိုင်းရင်းသား ဒေသများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်ခြင်းသည် ပတ်ဝန်းကျင်ပျက်စီးမှုနှင့် ပဋိပက္ခများ ပိုမိုဆိုးဝါး စေကြောင်း၊ ဖြစ်လာပါကလည်း မည်သူမျှအံ့သြလိမ့်မည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။ သမိုင်းကြောင်း တစ်လျှောက်နှင့် ကမ္ဘာကြီး၏ သမိုင်းတစ်လျှောက်အရ ပိုမိုတိုးတက်ဖွံ့ဖြိုးသော နိုင်ငံများက ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများမှ သယံဇာတများကိုရယူရန်ကြိုးစားခြင်းသည် မူရင်းနေထိုင်သူပြည်သူများနှင့် ပဋိပက္ခပိုမိုဆိုးရွားစေ ပြီး ပတ်ဝန်းကျင်ပျက်စီးမှုကို ဖြစ်စေကြောင်း တွေ့ရှိရပါသည်။ Transnational Institute and the Burma (Myanmar) Center Netherland အဖွဲ့မှ အစီရင်ခံစာဖြစ်သော “တရားမျှတမှုမရှိခြင်းများ တိုးတက်လာခြင်း-မြန်မာ့နယ်စပ်များမှ ဒေသတွင်းရင်းနှီးမြှုပ်နှံမှုများ” သည် နိုင်ငံခြားကော်ပိုရေးရှင်းများနှင့် ဗဟိုအစိုးရသည် ငြိမ်းချမ်းရေးမြှင့်တင်နိုင်ရန် မြန်မာနိုင်ငံမှ တိုင်းရင်းသားအုပ်စုများ၏ အကျိုးစီးပွားနှင့် လိုလားချက်များကို ထည့်သွင်းစဉ်းစားပေးရမည်ဟု အချိန်မှီသတိပေးသည့်တာဝန်ကို ထမ်းဆောင်ပါသည်။ ကောင်းမွန်သော စီးပွားရေးဝန်းကျင်ကို ဖော်ပြခြင်းမဟုတ်ပေ။

အစီရင်ခံစာတွင်ဖော်ပြထားသည်မှာ “မြန်မာနိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရာတွင် သယံဇာတကြွယ်ဝ ပြီး ပဋိပက္ခများဖြစ်ပွားလျက်ရှိသော တိုင်းရင်းသားနယ်စပ်များမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ပြည်တွင်းနိုင် ငံရေးနှင့် ထပ်တူအရေးကြီးပါသည်” ဟု ဆိုပါသည်။ ထိုကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများသည် အချို့ကိစ္စများတွင် ဒေသခံများ၏ မကျေနပ်မှုများကိုဆွပေးသလိုဖြစ်ပြီး၊ တိုင်းရင်းသားပဋိပက္ခများကိုလည်း နှိုးဆွပေးတက် ပါသည်။ “မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများလုပ်ဆောင်သော စီမံကိန်းများနှင့်တိုက်ရိုက်ဆက်နွယ်သော တိုင်းရင်းသား ပဋိပက္ခအချို့ဖြစ်ပေါ်နေပါသည်” ။ ထိုင်း နှင့်တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင်အကြီးဆုံးရင်းနှီးမြှုပ်နှံသူ များဖြစ်နေသည်မှာ ဓလေ့ထုံးစံ လိုဖြစ်နေပါပြီ။ အစီရင်ခံစာတွင် ၎င်းတို့နယ်စပ်ဒေသများတွင် ခေါင်းပုံဖြတ်နေမှု ကို ထုတ်ပြထားရာ “သဘာဝသယံဇာတများကို ဈေးနည်းနည်းပေး၍ ထုတ်ယူသွားရာ အမြတ်ကြီးကြီးရကြပြီး ထိုဒေသတွင် ပြန်လည်ရင်းနှီးမြှုပ်နှံမှု အလွန်နည်းသည်” ဟုဆိုထားပါသည်။

(၁၇) နှစ်ကြာ အပစ်အခတ်ရပ်စဲထားသောဗဟိုအစိုးရနှင့် ကချင်တပ် (KIA) ကြား ရန်သူသဖွယ် ပြန်လည်ဖြစ်ပွားလာရသော အကြောင်းရင်းမှာ ကချင်ပြည်နယ်မှ တရုတ်၏ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ တရားမျှတမှုမရှိဟု ခံစားရသောကြောင့် ဖြစ်ပါသည်။ မြစ်ဆုံ ရေလှောင်တမံစီမံကိန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြမှုများကြောင့် ၂၀၁၁ ခုနှစ်စက်တင်ဘာလတွင် ရပ်ဆိုင်းခဲ့ပြီး တာပိန်ရေလှောင်တမံ မှာလည်း  ပိတ်ထားခဲ့ရပါသည်။ တရုတ်တို့၏ ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်းများသည် ပဋိပက္ခဖြစ်နေသော နေရာ အနီးရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းသွားပါသည်။

တရုတ်သည် ပဋိပက္ခများနှင့် ပတ်သက်၍ တိုက်ရိုက်အကျိုးစီးပွားလျက်ရှိနေပါသည်။ အကြောင်း တစ်ခုမှာ ပဋိပက္ခများသည် နယ်စပ်ကိုဖြတ်၍ တရုတ်နိုင်ငံအတွင်းသို့ ထောင်ပေါင်းများစွာသော ဒုက္ခသည်များ ကို ဝင်ရောက်စေပါသည်။

တရုတ်သည် ရိုးရာကိုဖျက်၍ မြန်မာအစိုးရနှင့် ကချင်သူပုန်များကြား ညှိနှိုင်းမှုတွင် ကြားဝင်ညှိပေးရန် အဆိုပြုခဲ့ရာ အသိအမှတ်ပြုထိုက်ပါသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ ကတရုတ်နိုင်ငံ ရွှေလီတွင်ကျင်းပသော ဆွေးနွေးပွဲသည် အောင်မြင်စွာကျင်းပနိုင်ပြီး အပြုသဘောဆောင်သည်ဟု နှစ်ဖက်စလုံးက သတင်းထုတ်ပြန် ခဲ့ကြပါသည်။ တရုတ်သည် ၎င်း၏အကျိုးစီးပွားကြောင့် နှစ်ဖက်စလုံးကို ပြန်လည်ပေါင်းစည်းစေလိုသည့် သဘောရှိပါသည်။ ယခုလောလောဆယ် အခြေအနေ၌လက်နက်ပိုမိုပြည့်စုံစွာ တပ်ဆင်ထားသော မြန်မာ့ တပ်မတော်သည် ကချင်ပြည်နယ်တွင် အောင်ပွဲရရန်နီးစပ်နေပုံရရာ ငြိမ်းချမ်းရေးအတွက် အာမခံချက် မရှိပေ။ မကြာခဏတွေ့ရှိချက်များအရ နေရာအနှံတွင်ရှိနေသော မြေအောက်သူပုန်များကို နှိမ်နှင်းရန်မှာ စစ်တပ် နဘေးရှိ သူပုန်တပ်ကိုနှိမ်နှင်းရခြင်းထက် ပိုမိုခက်ခဲပါသည်။ ကချင်ပြည်နယ်နှင့် အခြားတိုင်းရင်းသားဒေသ များတွင် စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် လိုအပ်နေသောအချက်မှာ ပဋိပက္ခနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု များအတွက် ဖြစ်လာနိုင်သည့်ပေးဆပ်ရမှုများကို တရားမျှတစွာ အကဲဖြတ်ရေး ဖြစ်ပါသည်။ မည်သည့် ကြီးမားသောစီမံကိန်းကိုမဆို လုပ်ငန်းမစတင်မီ အကဲဖြတ်မှုလုပ်ရန်လိုပါသည်။

စင်စစ်တွေးရသော် အဆိုပါလုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်ရမည့်သူ၊ အာမခံရမည့်သူမှာ မြန်မာအစိုးရကိုယ်တိုင်ဖြစ်သင့်ပါသည်။ သို့သော် ပြီးခဲ့သည့်အပတ်ကထုန်ပြန်သော အဆိုပါအစီရင်ခံစာတွင် “တိုင်းပြည်သည် နိုင်ငံခြား သို့မဟုတ် ပြည်တွင်းမှလုပ်ဆောင်သောစီမံကိန်းများမှ ရရှိမည့်ဝင်ငွေများကို စီမံခန့်ခွဲ နိုင်စွမ်းရှိသည့် အုပ်ချုပ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ စွမ်းရည်များ ဖွံ့ဖြိုးလာခြင်း မရှိသေးခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။ အဆိုပါ ကိစ္စမှာအစိုးရအတွက်လည်းကောင်း၊ လွှတ်တော်အတွက် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အတိုက်အခံပါတီမှ လည်းကောင်း ဦးစား ပေးလုပ်ဆောင်သင့် သည်မှာ ထင်ရှားနေပါသည်။”

အခက်အခဲ၏ အစိတ်အပိုင်းတစ်ခုမှာ မြန်မာနိုင်ငံသည် ဗမာတိုင်းရင်းသားကြီးစိုးသော ဗဟိုအစိုးရက သာချုပ်ကိုင်သည့် တိုင်းရင်းသားများ၏ လျော့ရဲရဲဖက်ဒရယ်နိုင်ငံတစ်ခုအဆင့်ထက် ဘယ်သောအခါကမျှ မပို သောကြောင့် ဖြစ်ပါသည်။ တိုင်းရင်းသားအုပ်စုများသည်လည်း ဗဟိုအစိုးရ၏ စီရင်မှုအောက်သို့ မိမိတို့၏ ဒေသများကို သွတ်သွင်းလိုက်ခြင်းအား ရုတ်တရက်လက်ခံလိုခြင်းမရှိဆိုသည်မှာလည်း အံ့သြဖွယ်မဟုတ်ပေ။

ယခုအခါ ဦးသိန်းစိန်အစိုးရ၊အတိုက်အခံနှင့် တိုင်းရင်းသားခေါင်းဆောင်အများစုသည် စုစည်းသော ပြည်ထောင်စုအတွက် ကြိုးပမ်းလျက်ရှိရာ ၎င်းတို့၏ သဘာဝသယံဇာတများကို ကိုယ်ပိုင်စီမံခွင့် အထိုက် အလျောက် အဆင့်ထိ တိုင်းရင်းသားအုပ်စုများကိုပေးရန် မရှိမဖြစ်လိုအပ်လှပါသည်။

ဖွံ့ဖြိုးတိုးတက်မှုနှင့် အခြေခံအဆောက်အဦးစီမံကိန်းများသည် မြန်မာနိုင်ငံသစ်၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် လိုအပ်လှသည် ဖြစ်ပါသည်။ သို့သော် သေချာစွာ စဉ်းစားတွေးခေါ်၍ ဆက်စပ် ပတ်သက်သော အဖွဲ့များအားလုံး အပြည့်အဝပါဝင်မှုမရှိလျှင် ၎င်းတို့သည် ဆန့်ကျင်ဖက်ရလာဒ်ကိုသာ ဆောင်ကျဉ်းလာလိမ့်မည် ဖြစ်ပါသည်။

*********************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment