Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၂၂.၂.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အရှိန်အဟုန်ကောင်းလာ

(The Straits Times မှ 23 Feb 2013 ရက်စွဲပါ Myanmar Peace Process Gathers Pace ကိုဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အရှိန်အဟုန်ကောင်းလာ

(The Straits Times မှ 23 Feb 2013 ရက်စွဲပါ Myanmar Peace Process Gathers Pace ကိုဘာသာပြန်ဆိုသည်)

Photo Credit by Online

မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) အကြားနောက်ထပ်တစ်ကြိမ် ဆွေးနွေးပွဲကို လာမည့် ရက်သတ္တပတ်များအတွင်း တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင်ပင် ပြန်လည်ကျင်းပနိုင်ဖွယ်ရှိရာ နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ ရရှိသော ဒေါ်လာသန်းပေါင်းများစွာဖြင့် ကျောထောက် နောက်ခံပြုခြင်းခံရသော မြန်မာ့ငြိမ်းချမ်းဖြစ်စဉ်သည် ယခုအခါ တိုးတက်မှုအရှိန်အတော်ပင်ရရှိလာပြီဟု ဆိုရပါမည်။

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ကချင်အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းများ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီးနောက် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ယခုလို အရှိန်ရလာခြင်းဖြစ်သည်။

တိုင်းရင်းသားအဖွဲ့အစည်းအတော်များများက ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်ရန် စိတ်ဆန္ဒထက်သန်နေကြခြင်းကြောင့် ယခုကဲ့သို့ အရှိန်အဟုန်ရလာခြင်းဖြစ်သည်ဟူသောအချက်မှာမှန်သော်လည်း အမှန်တကယ်တွင် တိုင်းရင်းသားများအပေါ် အတိုက်အခံအဖြစ်မရှုမြင်ဘဲ မိတ်ဖက်များအဖြစ်ရှုမြင်သည့် မြန်မာအစိုးရသစ်၏ သဘောထားများ ပြောင်းလဲခဲ့ခြင်းက အဓိကအခရာကျကြောင်း ချင်းမိုင်တက္ကသိုလ်၊ မြန်မာတိုင်းရင်းသားများလေ့လာရေးစင်တာမှ သုတေသီ Mr Paul Keenan ကပြောကြားသည်။

“(အစိုးရရဲ့) အဲဒီသဘောထားက ကစားကွင်းကိုပြောင်းလဲပစ်လိုက်တာ။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကဆိုလျှင် ဒါမျိုးတစ်ခါမှ မကြားဖူးခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) က ထုတ်ပြန်သော ပူးတွဲကြေညာချက်အရ နောက်ထပ်တစ်ကြိမ် ဆွေးနွေးပွဲ ကို ၂ နှစ်လအတွင်းကျင်းပရန်ရှိကြောင်း သိရသည်

UNFC နှင့် သမ္မတဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့အဖွဲ့အကြား လေးရက်တာတရားဝင် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း၊ ဆွေးနွေးပွဲကာလအတွင်း ဦးအောင်မင်းတို့ အဖွဲ့သည် လက်နက်ကိုင်အင်အား ၆၀၀ ခန့်ရှိသည့် ABSDF အဖွဲ့အပါအဝင် ထိုင်းနိုင်ငံအခြေစိုက် ကေအိုင်အို ခေါင်းဆောင်များနှင့်လည်း အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အနည်းဆုံး ၁၄ ခုနှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် မြန်မာအစိုးရဘက်မှ ကြိုးပမ်းမှုသည် ကြုံတောင့်ကြုံခဲကိစ္စဖြစ်သည်။ မြန်မာအစိုးရသည် ယနေ့အချိန်တွင် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အနည်းဆုံး ၁၂ ဖွဲ့ကျော်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရယူထားနိုင်ပြီဖြစ်သည်။

ရွှေလီမြို့တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြုလုပ်သော ဆွေးနွေးမှုများတွင် အစိုးရနှင့် ကေအိုင်အိုမှ စေ့စပ်ညှိနှိုင်းရေး သမားများအနေဖြင့် ၎င်းတို့သည် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုအောက်ရှိ စာမျက်နှာတစ်ခုတည်းပေါ်တွင် ရှိနေသည်ဟူသော အချက်ကို မမျှော်လင့်ဘဲတွေ့ရှိခဲ့ကြသည်။

ပထမပိုင်းတွင် တရုတ်ပြည်ဘက်က ကြားဝင်ဆောင်ရွက်ပေးရန် ကမ်းလှမ်းချက်ကို မြန်မာအစိုးရက ပယ်ချလိုက်သည်။ ထို့နောက် ဆွေးနွေးပွဲအပြီး ကြေညာချက်ထုတ်ပြန်ရာတွင် တရုတ်ဘက်က ထည့်သွင်းဖော်ပြစေလိုသော “အပစ်အခတ် ရပ်စဲရေး” ဟူသည့်အသုံးအနှုန်းကို ထည့်သွင်းအသုံးမပြုခြင်းအားဖြင့် မြန်မာအစိုးရက ကချင်တို့ကို ကျောထောက်နောက်ခံ ပေးခဲ့သည်။

“အပစ်အခတ်ရပ်စဲရေး” ဟူသည့် အသုံးအနှုန်းကို အသုံးမပြုဘဲနေရန် သဘောတူညီကြခြင်းမှာ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်အတွက် လုပ်ဆောင်ပေးခဲ့သော အပြုအမူကောင်းတစ်ရပ်ပင်ဖြစ်သည်။ အကယ်၍ နှစ်ဖက်သဘောတူညီချက်ကို “အပစ်အခတ်ရပ်စဲမှု” အဖြစ်ဖော်ပြမည်ဆိုပါက ဗိုလ်ချုပ်ဂွမ်မော်အနေဖြင့် ကချင်တို့ဘက်တွင် မျက်နှာပျက်ရဖွယ်ရှိသည်။ ဗိုလ်ချုပ်ဂွမ်မော်သည် သဘောထားပျော့ပျောင်းပြီး တိုးတက်ရေးဝါဒီ တစ်ဦးအဖြစ် ရှုမြင်ခံထားရပြီး မြန်မာအစိုးရက ၎င်းနှင့်သာ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လိုသည်။

“လူသားချင်းစာနာထောက်ထားမှု” ဟူသော အသုံးအနှုန်းကို အသုံးမပြုရန် တရုတ်နိုင်ငံဘက်က အဆိုပြုခဲ့သည့်တိုင် ကြေညာချက်တွင် ထည့်သွင်းခဲ့သည်။

စာသားအသုံးအနှုန်းများနှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခဲ့ရမှုကိုကြည့်လျှင် ငြိမ်းချမ်းရေးဆွေးနွေးမှု၏ ရှုပ်ထွေး နက်နဲသော သဘောတရားများကိုတွေ့နိုင်သည်။ သို့သော် မြန်မာအစိုးရက ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရာတွင် အရေးတကြီး ဖြစ်နေသည်ကိုတွေ့ရသည်။

လာမည့် ရွေးကောက်ပွဲကျင်းပမည့် ၂၀၁၅ ခုနှစ် မတိုင်မီအထိ အဆိုပါငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော် လုပ်ကိုင်ရန် အချိန်ရှိပါကြောင်း အစိုးရအဖွဲ့မဟုတ်သည့် Myanmar Egress ၏ ဥက္ကဋ္ဌ ဦးတင်မောင်သန်းက ပြောကြားသည်။ Myanmar Egress သည် ယမန်နှစ်က တည်ထောင်ခဲ့သည့် မြန်မာငြိမ်းချမ်းရေးစင်တာ(Myanmar Peace Center) နှင့်လက်တွဲလုပ်ကိုင်နေသည့်  အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

အဆိုပါ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတရာထူးရရှိရန် ကြိုးပမ်းလာမည်ဟု မျှော်လင့်ရသည်။ လေ့လာဆန်းစစ်သူများအဆိုအရ တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ရှိမှုသည် ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲတစ်ရပ်ပေါ် ထွန်းရေးအတွက် မရှိမဖြစ်လိုအပ်သည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို နိုင်ငံတကာအလှူရှင်များအဖွဲ့က ကျော်ထောက်နောက်ခံပေး ပံ့ပိုးထားခြင်းဖြစ်သည်။ ယင်းအလှူရှင်များအဖွဲ့တွင် နော်ဝေ၊ ကုလသမဂ္ဂ၊ သြစတြေးလျ၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် ဂျပန်နီပွန် ဖောင်ဒေးရှင်းတို့ ပါဝင်သည်။

 

******************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment