Transparency Myanmar

transparency.myanmar@gmail.com

ON INTERNATIONAL MEDIA (2)
Document ON INTERNATIONAL MEDIA (2)

Snapshot of the item below:
ON INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ

  1. မြန်မာတွင် နည်းပညာ ထရိန်နင်စင်တာများဖွင့်ရန် Cisco စီစဉ်

(Associated Press မှ 7 Mar 2013 ရက်စွဲပါ “Cisco to set up tech training centers in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရခိုင်ပြဿနာ ပျံ့နှံ့မည့်အန္တရာယ်သည် မြန်မာပြုပြင်ပြောင်းလဲရေးကို ထိခိုက်နိုင်ကြောင်း ကုလသမဂ္ဂ ပြောကြား

( 7 March 2013 ရက်စွဲပါ AlertNet မှ Retuters ၏ Rakhine crisis risk spread, endangering Myanmar reforms – UN ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနှင့်ဗီယက်နမ်တွင် ကာကွယ်ရေးပစ္စည်းအရောင်းအဝယ် ကောင်းအောင်ရုရှားကြိုးပမ်း

(HIS News မှ 7 March 2013 ရက်စွဲပါ “Russia increases defense industrial presence in Myanmar, Vietnam ” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာကုမ္ပဏီများအား နိုင်ငံခြားငွေလဲကောင်တာ ဖွင့်ခွင့်ပြု

(7 march 2013 ရက်စွဲပါ Business Times မှ Myanmar allows companies forex counters ကို ဘာသာပြန်ဆိုပါသည်)


မြန်မာတွင် နည်းပညာ ထရိန်နင်စင်တာများဖွင့်ရန် Cisco စီစဉ်

(Associated Press မှ 7 Mar 2013 ရက်စွဲပါ “Cisco to set up tech training centers in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

ကမ္ဘာပေါ်တွင် ဆက်သွယ်မှုအနည်းဆုံး နေရာတစ်ခုဖြစ်သော မြန်မာနိုင်ငံသို့ နိုင်ငံတကာ နည်းပညာကုမ္ပဏီများ စတင် ဝင်ရောက်လာပြီဖြစ်၍ Cisco System ကလည်း မြန်မာနိုင်ငံတွင် Network Training center နှစ်ခုဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

ယခင်က သော့ခလောက်သံချေး တက်လောက်အောင် တံခါးပိတ်ထားခဲ့ပြီး ယခု မြန်မြန်ဆန်ဆန် တံခါးဖွင့်နေသောမြန်မာ နိုင်ငံသို့ Cisco၊ Google၊ Intel၊ HP၊ Microsoft ကုမ္ပဏီများမှ အမှုဆောင်များပါဝင်သော USAID စပွန်ဆာ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာခဲ့ပြီးနောက် ကြာသပတေးနေ့တွင် ၎င်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ ဆဲလ်ဖုန်းသုံးစွဲမှုအဆင့်သည် မြောက်ကိုရီးယားထက်ပင် နိမ့်နေသည်။ သို့သော် ယခင်က ဝန်ကြီး ဌာနနှင့် ခရိုနီကုမ္ပဏီများ လက်ဝါးကြီးအုပ်ထားခဲ့သော တယ်လီဖုန်းစီးပွားရေးခွင်ကို အစိုးရက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက် ရှိသည်။ နိုင်ငံတစ်လွှား တယ်လီကွမ်းကန်ထရိုက် လိုင်စင်နှစ်ခုအတွက် အဆိုပြုလွှာ တင်ထားကြသော ကမ္ဘာတစ်လွှား ကုမ္ပဏီ ၉၁ ခု၏လျှောက်လွှာများကို အစိုးရက စဉ်းစားသုံးသပ်နေပါသည်။ ပြိုင်ဆိုင်မှု ကြီးမားလာခြင်းကြောင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီတွင် လက်ရှိ ဒေါ်လာ ၃၀၀ မှ ၅၀၀ ကြားဈေးပေါက်နေသော SIM ကဒ်ဈေးနှုန်းကို သိသိသာသာ လျှော့ချပေးနိုင်တော့မည်ပာု မျှော်လင့် ရသည်။

USAID နည်းပညာ ကိုယ်စားလှယ်အဖွဲ့သည် နည်းပညာဆိုင်ရာ ပညာရေးကဏ္ဍကို အားပေးရန်ရည်ရွယ်ကာ ရောက်ရှိ လာခြင်း ဖြစ်သော်လည်း စီးပွားရေးထိတွေ့ဆက်ဆံရေးအတွက်ပါ ခြေလှမ်းချခဲ့ကြခြင်းဖြစ်သည်။

“Google ပာာ မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ အခွင့်အလမ်းတွေကြောင့် သာမကပဲ၊ အလားအလာကောင်းတဲ့ လက်တွဲဖော်တွေနဲ့တွေ့ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပာာ Online လေ့လာသင်ယူနိုင်မှု တိုးတက်လာစေဖို့ ရည်ရွယ်တာပါ။ Google ပာာ တော်တော်ကြီး မြန်မြန်ဆန်ဆန် ခြေလှမ်းကျဲနေတာကို ခင်ဗျားတို့တွေ့လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကုမ္ပဏီတွေ အားလုံး ဒီအတိုင်းပါပဲ”ပာု မြန်မာနိုင်ငံသို့ ပထမဆုံးခရီးထွက်လာသူ USAID ဥက္ကဋ္ဌ ရာဂျစ်ရှားက ပြောကြားသည်။

ဝါရှင်တန်က မြန်မာအစိုးရအပေါ် ချမှတ်ထားသော Sanctions ပိတ်ဆို့မှုများ ဆိုင်းငံ့ပေးလိုက်ပြီးနောက် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၌ USAID ကလုပ်ငန်းပြန်စခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ဒီမို ကရေစီ၊ လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေး အစီအစဉ်များအတွက် ဒေါ်လာ ၁၇၁ သန်းကူညီရန် USAID က ကတိပြုခဲ့သည်။ မြန်မာနိုင်ငံ ပိုမိုပြုပြင် ပြောင်းလဲလာသည်နှင့်အမျှ ငွေကြေးပိုမိုကူညီသွားရန် USAID က ကတိပြုခဲ့သည်။ မြန်မာနိုင်ငံ ပိုမိုပြုပြင် ပြောင်းလဲ လာသည်နှင့်အမျှ ငွေကြေးပိုမိုကူညီသွားရန် USAID အေဂျင်စီက စီစဉ်ထားသည်။


ရခိုင်ပြဿနာ ပျံ့နှံ့မည့်အန္တရာယ်သည် မြန်မာပြုပြင်ပြောင်းလဲရေးကို ထိခိုက်နိုင်ကြောင်း ကုလသမဂ္ဂ ပြောကြား

( 7 March 2013 ရက်စွဲပါ AlertNet မှ Retuters ၏ Rakhine crisis risk spread, endangering Myanmar reforms – UN ကို ဘာသာပြန်ဆိုသည်)

                                        Photo Credit: Yahoo News

မြန်မာနိုင်ငံတွင် ယမန်နှစ်က စတင်ဖြစ်ပွားသော ရခိုင်ပြည်နယ်မှ ပြဿနာများသည် ဆက်လက်ပျံ့နှံ့ကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများအတွက် အန္တရာယ်ရှိလာနိုင်သည့် အခြေနေတွင်ရှိကြောင်း ကုသမဂ္ဂစုံစမ်း စစ်ဆေးသူတစ်ဦးက ကြာသပတေး နေ့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ကျန်ရှိသည့် အကျဉ်းသား (၂၅၀) ကို ပြန်လွှတ်ပေးသင့်ကြောင်း၊ ရဲများက နှိပ်စက်မှုရပ်တန့်ကာ တိုင်းရင်းသား ပဋိပက္ခများ၏ အရင်းမြစ်ကို ကိုင်ကွယ်ဖြေရှင်းရန် Tomas Ojea Quintana ကပြောပါသည်။

“ထိပ်ပိုင်းကချပေးလိုက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အောက်ခြေက အကောင်အထည်ဖော်ရာမှ ကြီးမားတဲ့ ကွာဟချက်များ ရှိနေဆဲ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီသို့ တင်သွင်းသော အစီရင်ခံစာတွင် ၎င်းကဖော်ပြထားပါသည်။

“ရခိုင်ပြည်နယ်မှ ပြဿနာသည် အလေးအနက်ထားရမည့် ပြဿနာဖြစ်ပြီး တိုင်းပြည်၏ အခြားအစိတ်အပိုင်းများသို့ ပြန့်နှံ့နိုင်သည့် ခြိမ်းခြောက်မှုရှိပြီး၊ တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အားနည်းစေနိုင်သည့် အလားအလာရှိပါ သည်” ဟု ၎င်းကဆိုပါသည်။

Quintana သည်ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ငါးရက်တာသွားရောက်ခဲ့ရာ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်မှ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများ၏ နေရာများသို့လည်း သွားရောက်ခဲ့ပါသည်။

“မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဟာ မှန်ကန်တဲ့လမ်းကြောင်းမှာ ဆက်လက် လုပ်ဆောင်နေပေမဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးခွဲခြားဆက်ဆံခြင်းနဲ့ ကချင်ပြည်နယ်က ပဋိပက္ခဖြစ်စဉ်မှာ လူ့အခွင့်ရေးချိုးဖောက်မှုများ စတဲ့ ကိုင်တွယ်ဖြေရှင်းဖို့ကျန်နေသေးတဲ့ အရေးကြီးတဲ့ လူ့အခွင့်ရေး ကိစ္စတွေ ကျန်နေပါသေးတယ်” ဟု ၎င်းကပြောပါသည်။

“အစိုးရကနောက်ဆုံး ထိန်းချုပ်ထားနိုင်ပြီဆိုပေမဲ့ မူဆလင်များနဲ့ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းတွေဟာ ပြင်းထန်တဲ့ ဖြစ်ရပ် တွေရဲ့ အကျိုးဆက်တွေ ဆက်လက်ခံစားနေရဆဲဖြစ်ပါတယ်” ဟု ၎င်းကပြောပါသည်။

မူဆလင်များပေါ်တွင် ပြင်းထန်စွာ နှိပ်ကွက်ခဲ့သော နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်သော နစက မှာဖျက်သိမ်းသင့်ပါသည်။

Quintana ကလူဦးရေ ရှစ်သိန်းခန့်ရှိသော မူဆလင် ရိုဟင်ဂျာများအပေါ် ခွဲခြားဆက်ဆံမှုမှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေခြင်း အတွက် စိုးရိမ်ကြောင်းပြောခဲ့ပြီး ခွဲခြားဆက်ဆံသည့် ဥပဒေများဖယ်ရှားရန် ပြောခဲ့ပါသည်။

မြန်မာအစိုးရက ရိုဟင်ဂျာများသည် ဘင်္ဂလားဒေရှ့်မှ တရားမဝင် ဝင်ရောက်လာသူများဖြစ်၍ နိုင်ငံသားများအဖြစ် မဆက်ဆံနိုင်ကြောင်း ဆိုပါသည်။ ဘင်္ဂလားဒေရှ့်ကလည်း နိုင်ငံသားပေးရန် ငြင်းဆိုခဲ့သည်။

ရိုဟင်ဂျာ လူုကြီးများနှင့် ကလေးများ အများစုပါဝင်သည့် လူ (၁၁၀၀) ခန့် ထိန်းသိမ်းထားသည်ဟု သတင်းများ ရရှိသည်ဟု ကုလသမဂ္ဂကိုယ်စားလှယ်က ပြောပါသည်။ ၎င်းတို့အပေါ် မှားယွင်းနှိပ်စက်ခြင်းမပြုရန် အာဏာပိုင်များအား တိုက်တွန်း ထားပါသည်။

မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးလက်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ရာမှ ပိုမို၍ တံခါးပွင့်လာသော်လည်း ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြုမှုများတွင် ပါဝင်ပါက အဖမ်းခံရနိုင်မှု ရှိနေဆဲဖြစ်သဖြင့် ဥပဒေကို ပြင်ဆင်ရန် တောင်းဆိုခဲ့ပါသည်။

တရားစီရင်ရေးတွင် လွတ်လပ်မှုရှိကြောင်း၊ ဖွံဖြိုးတိုးတက်မှုအတွက် သက်သေပြစရာ မတွေ့ရှိသေးကြောင်း ၎င်းက ဆိုပါသည်။

ဦးသိန်းစိန်၏အရပ်သား အစိုးရသည် စစ်အစိုးရ၏ ကျုးလွန်မှုများကို ကိုင်တွယ်ရမည်ဖြစ်ပြီး ကျုးလွန်သူများကို တရားရုံး သို့ တင်ပို့ရမည် ဖြစ်ပါသည်။ “ တရားမျှတမှုသေချာပြီး တာဝန်ယူမှုနှင့် အမှန်တရားအတွက် သေချာမှုများမှာ မြန်မာနိုင်ငံ၏ ပြုပြင်

ပြောင်းလဲမှုအစီစဉ်တွင် ကျန်ရှိနေသေးသော အစိတ်ပိုင်းများဖြစ်ပါသည်။

Quintana က အင်တာနက်အသုံးပြုမှု ပိုမိုလွတ်လပ်လာခြင်းနှင့် အကျဉ်းထောင်များသို့ ကြက်ခြေနီမှ ဝင်ရောက်ခွင့် ပြန်လည်ပေးခဲ့ခြင်းအတွက် ကြိုဆိုခဲ့ပါသည်။

ကချင်ပြည်နယ်ရှိ ပဋိပက္ခမှာ ပြီးခဲ့သည့်လများအတွင်း အရှိန်မြင့်လာရာ စစ်တပ်မှလေကြောင်းပါဝါနှင့် လက်နက်ကြီးများ ဖြင့် လိုင်ဇာကို တိုက်ခိုက်ခြင်းများရှိကြောင်း ၎င်းကပြောသည်။

အရပ်သားများအား တိုက်ခိုက်ခြင်း၊ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးမှုနှင့် ထိန်းသိမ်းမှု၊ အမျိုးသမီးများ အား အဓမ္မပြုခြင်းများနှင့် ပတ်သက်သောစွပ်စွဲမှုများ တွေ့နေဆဲဖြစ်သည်ဟု ၎င်းကဆိုပါသည်။

KIA နှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသော ကျချင်လူမျိုးများအား ဖမ်းဆီးခြင်းနှင့် နှိပ်စက်ခြင်းများ ရှိပါသည်။

အာဏာပိုင်များအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့်ညှိနှိုင်းရန်၊ ကချင်ပြည်နယ်တွင် အရပ်သားများကို ကာကွယ်ရန် ၎င်းက ပြောပါသည်။ “ နိုင်ငံရေးအရ အဖြေရှာမှုဖြင့် ပဋိပက္ခ၏အရင်းအမြစ်များကို ရှာဖွေကိုင်တွယ်ရန်နှင့် တိုင်းရင်းသား အုပ်စုများနှင့်ဆိုင်သော ကိစ္စများကို ကိုင်တွယ်ဖြေရှင်းပေးသင့်ပါသည်” ဟု ဖော်ပြထားသည်။


မြန်မာနှင့်ဗီယက်နမ်တွင် ကာကွယ်ရေးပစ္စည်းအရောင်းအဝယ် ကောင်းအောင်ရုရှားကြိုးပမ်း

(HIS News မှ 7 March 2013 ရက်စွဲပါ “Russia increases defense industrial presence in Myanmar, Vietnam ” သတင်းကို ဘာသာပြန်ဆိုပါသည်)

                                        Photo Credit: Online

အရှေ့တောင်အာရှ အာဏာရှင်တိုင်းပြည် တစ်ဖြစ်လဲ နိုင်ငံနှစ်ခုနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် လိုသည့် မော်စကို၏ ကြိုးပမ်းမှုအစီအစဉ်များအရ​ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူးသည် မတ် ၄-၆ တွင် မြန်မာနှင့် ဗီယက်နမ် နိုင်ငံများသို့ သွားရောက်ခဲ့ပါသည်။

ရုရှားသည် ပြီးခဲ့သော ဆယ်စုနှစ်တစ်လျှောက်လုံး မြန်မာနှင့်ဗီယက်နမ်တို့၏ ကြွယ်ဝသော ကမ်းလွန် ဓါတ်ငွေ့သိုက် ဝင်ငွေများဖြင့် လက်နက်ပစ္စည်း အရောင်းအဝယ်ပြုလုပ်ကာ နှစ်နိုင်ငံစလုံး၏ အဓိကစစ်လက်နက် ပစ္စည်း ထောက်ပံ့သူအဖြစ် ရပ်တည်ခဲ့သည်။

မြန်မာနှင့် ဗီယက်နမ်နှစ်နိုင်ငံမှ အစိုးရသတင်းဌာန ထုတ်ပြန်ချက်များ၊ တရားဝင်ကြေညာချက်များတွင် ရုရှား ကာကွယ်ရေးဝန်ကြီး ခရီးစဉ်အတွင်း အလားအလာကောင်းသော ကာကွယ်ရေးပစ္စည်း အရောင်းအဝယ် သဘောတူညီမှုများ ရရှိကြောင်း ဖော်ပြခြင်းမရှိသော်လည်း ရုရှားနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေလိုသည့် ရည်ရွယ်ချက် ရှိကြောင်း အသီးသီးဖော်ပြခဲ့ကြသည်။

နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံရောက် ပထမဆုံး ရုရှားကာကွယ်ရေး ဝန်ကြီးအဖြစ် နေပြည်တော်သို့ ဆာဂျီရှိုဂူးရောက် ရှိစဉ်အတွင်း မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နှစ်နိုင်ငံကာကွယ်ရေး၊ ကုန်သွယ် ရေး၊ စီးပွားရေး ကဏ္ဍများတွင် ဆက်ဆံမှုများမြှင့်တင်ရေးကို ဆွေးနွေးခဲ့ကြသည်ဟု အစိုးရ အာဘော်သတင်းစာ New Light of Myanmar က သတင်းဖော်ပြခဲ့ပါသည်။

နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ သတ္တုတွင်း၊ လူ့စွမ်းဆောင်ရည်တည်ဆောက်မှု သိပ္ပံနှင့် နည်းပညာ စသောကဏ္ဍများတွင် ဆက်ဆံမှုများတိုးမြှင့်ကြရန် သဘောတူခဲ့ကြပြီးနောက် နှစ်လအကြာတွင် မြန်မာနိုင်ငံသို့ ဆာဂျီရှိုဂူး ရောက်ရှိ လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သောနှစ်ပေါင်း ၂၀ အာဏာရှင် အုပ်စိုးမှုကာလအတွင်း အနောက်အုပ်စုများ၏ လက်နက် အရောင်းအဝယ်ပိတ်ဆို့မှု ခံခဲ့ရခြင်းကြောင့် တရုတ်နှင့်ရုရှား လက်နက်ပစ္စည်းများကို အားကိုးအားထား ပြုခဲ့ရသော်လည်း တရုတ် စစ်လက်နက် ပစ္စည်းများကို မြန်မာစစ်ဖက်ခေါင်းဆောင်များ မနှစ်သက်ခဲ့ကြပေ။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ယခုထက်ပိုမို ပီပြင်ခိုင်မာလာပါက အနောက်အုပ်စု၏ လက်နက် အရောင်းအဝယ်ပိတ်ဆို့မှု ပွင့်သွားတော့မည်ဖြစ်ရာ ရုရှားတို့က လက်ဦးမှုရယူရန် အားထုတ်နေသည်ဟု အကဲခတ်လေ့လာသူများ က ပြောကြားသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်သို့ နျူကလီးယား ဓါတ်အားပေးစက်ရုံရောင်းချပေးရန် သဘောတူညီမှုရရှိ ထားသော ရုရှားသည် မြန်မာနှင့် ဗီယက်နမ်အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများကိုလည်း စည်းရုံးရန် ကြိုးစားနေသည်ဟု လေ့လာသူများက မှတ်ချက် ပေးသည်။


 

မြန်မာကုမ္ပဏီများအား နိုင်ငံခြားငွေလဲကောင်တာ ဖွင့်ခွင့်ပြု

(7 march 2013 ရက်စွဲပါ Business Times မှ Myanmar allows companies forex counters ကို ဘာသာပြန်ဆိုပါသည်)

                                                Photo Credit:  Myanmar Times

မြန်မာနိုင်ငံဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာများကို ပုဂ္ဂလိကဘဏ်များမှ လုပ်ကိုင် နေသည့်အပြင် ပုဂ္ဂလိကကုမ္ပဏီ သုံးခုအား ဖွင့်လှစ်ခွင့်ပြုခဲ့သည်ဟု တရုတ်၏ Xinhua သတင်းအေဂျင်စီက ကြာသာပတေးနေ့က တရားဝင် မီဒီယာ၏ သတင်းအားကိုးကား၍ ဖော်ပြခဲ့ပါသည်။

လောလောဆယ်အားဖြင့် ၂၀၁၁ ခုနှစ်ကတည်းကစ၍ ပုဂ္ဂလိကဘဏ် (၁၈) ခုအား နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာ (၂၁၂) ခု ဖွင့်ခွင့်ပေးခဲ့ပါသည်။

အဆိုပါပုဂ္ဂလိကဘဏ်များသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လမှစ၍ နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာများဖွင့်၍ အမေရိကန် ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာနှင့်  FEC များကို လဲလှယ်ပေးပါသည်။

ပုဂ္ဂလိကဘဏ် ဝန်ဆောင်မှုများတွင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ၊ ဟိုတယ်များ၊ ခရီးသွားကုမ္ပဏီများ၊ လေကြောင်း လိုင်းများနှင့် တစ်ဦးချင်းအတွက် နိုင်ငံခြားငွေ စာရင်းဖွင့်ခြင်း၊ စာရင်းလွှဲပြောင်းရောင်းဝယ်ခြင်းများ ပါဝင်ပါသည်။

ပို့ကုန်လုပ်ငန်းရှင်များသည် ၎င်းတို့၏ LC ဖြင့် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခွင့်ရပါသည်။

သို့သော် အဆိုပါပုဂ္ဂလိဘဏ်များတွင် အစိုးရဌာနများ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ဖက်စပ်လုပ်ကိုင်သောလုပ်ငန်းများ၊ သံရုံးများနှင့် သံတမန်များသည် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခွင့်မရှိပဲ နိုင်ငံပိုင် နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)တို့တွင်သာ စာရင်းဖွင့်ခွင့် ပြုပါသည်။

အဆိုပါဘဏ်များသည် ငွေလဲလှယ်ရေး ကောင်တာများကို လေဆိပ်၊ ဟော်တယ်များ၊ ဈေးဝယ်စင်တာများနှင့် ကမ္ဘာလှည့် ခရီးသည်များ သွားရောက်တက်သည့် နေရာများတွင် ဖွင့်လှစ်ထားပါသည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ မြန်မာအစိုးရသည် နိုင်ငံခြားငွေလဲလှယ်မှု ထိန်းချုပ်ထားမှုကို ဖြေလျော့ပေး ခဲ့ရာ အမေရိကန်ဒေါ်လာ(၁၀၀၀၀)ထိ မြန်မာငွေနှင့် လဲလှယ်ခြင်းအား အထောက်အထားမလိုဘဲ လဲလှယ်ခွင့်ပြုခဲ့ပါသည်။

မှောင်ခိုဈေးကွက်တွင် ငွေလဲလှယ်မှုပပျောက်ရန် ရည်ရွယ်သော နောက်ဆုံးထုတ်ပြန်သည့် စည်းမျဉ်းများသည် မြန်မာ လူမျိုးများအတွက်ရော နိုင်ငံခြားသားများအတွက်ပါ အကြုံးဝင်ပါသည်။

ထို့အပြင် CB ဘဏ်၊ ကမ္ဘောဇဘဏ်၊ AGD ဘဏ်နှင့် ဧရာဝတီဘဏ် တို့အား စင်္ကာပူ၊ ထိုင်း နှင့် မလေးရှားတွင် အလုပ် လုပ်နေသော မြန်မာလုပ်သားများထံမှ နေအိမ်သို့ပြန်ပို့ငွေများကို ငွေလွှဲခွင့်ပြုခဲ့ပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် (၁၉) ခုနှင့် နိုင်ငံပိုင်ဘဏ် သုံးခုရှိပါသည်။

တချိန်တည်းမှာပင် အမေရိကန်အခြေစိုက် Western Union သည် ယခုနှစ် ဇန်နဝါရီလမှစ၍ ပြည်တွင်း ပုဂ္ဂလိကဘဏ် (၇)ခုနှင့် ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

နောက်ဆုံးတိုးတက်မှုမှာ အမေရိကန်သည် ယခုနှစ်ဖေဖော်ဝါရီလက မြန်မာဘဏ်လေးခုနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်ရန် အခွင့်အာဏာပေးခဲ့ပါသည်။

အမေရိကန် ငွေကြေးစနစ်ဖြင့် ထိတွေ့ လုပ်ဆောင်ခွင့်ပြုခဲ့သော မြန်မာဘဏ်လေးခုမှာ နိုင်ငံပိုင်မြန်မာစီးပွားရေး ဘဏ်၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်နှင့် ပုဂ္ဂလိကပိုင်အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်(AGD)၊ ဧရာဝတီဘဏ်တို့ ဖြစ်ပါသည်။


 

 

                   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment