Transparency Myanmar

transparency.myanmar@gmail.com

CURRENT AFFAIR
Document CURRENT AFFAIR

Snapshot of the item below:
CURRENT AFFAIR

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေးသတင်းများ

  1. လက်ပံတောင်းတောင်အစီရင်ခံစာအပေါ် မူတည်၍ အကောင်အထည်ဖော်မည့် ကော်မတီဖွဲ့စည်း
  2. လက်ပံတောင်းတောင်စီမံကိန်း ဆက်လက်ဆောင်ရွက်ရန်ကော်မရှင်၏ အကြံပြုချက်ပါဝင်သော အစီရင်ခံစာထုတ်ပြန်  
  3. အစိုးရနှင့် KIO ငြိမ်းချမ်းရေးဆွေးနွေးပွဲ စစ်ဘက်ခေါင်းဆောင်များတက်ရောက်
  4. မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်အသင်းတွင် Black List စာရင်းဝင်သူများပါဝင်မှုမရှိရန် ပြန်လည်စိစစ်မည်

လက်ပံတောင်းတောင်အစီရင်ခံစာအပေါ် မူတည်၍ အကောင်အထည်ဖော်မည့် ကော်မတီဖွဲ့စည်း

နိုင်ငံတော်သမ္မတရုံးမှ တရုတ်ဝမ်ပေါင် ကုမ္ပဏီနှင့် စီးပွားရေးဦးပိုင်လီမီတက်တို့မှ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အဖွဲ့ဝင် (၁၅)ဦး ပါဝင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း အမိန့်ကြေငြာစာအမှတ်(၂၈/၂၀၁၃)ကို မတ်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့်ကော်မတီတွင် ဥက္ကဋ္ဌအဖြစ်ဦးလှထွန်း(နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး)က တာဝန်ယူ၍ဒုတိယ ဥက္ကဋ္ဌများအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် စစ်ရေးချုပ်ရုံး၊ စစ်ရေးချုပ်ရုံးမှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့မှတာဝန်ယူကာ အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ သတ္တုတွင်း ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်အောင်၊ သာသနာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးဝင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအုန်းသန်း၊ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမျိုးအောင်၊ သတ္တုတွင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဝင်းထိန်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဒေါက်တာအောင်ထွန်းသက်၊ မြန်မာ့စီးပွားရေးဦးပိုင် လီမီတက်မှ စီမံကိန်းဒါရိုက်တာ ဦးမောင်မောင်တင့်၊ မြန်မာဝမ်ပေါင် ကုမ္ပဏီ MD Mr.Geng Yi တို့အား ခန့်အပ်ခဲ့ပြီး အတွင်းရေးမှူး နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် သမ္မတရုံးဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီးဦးသန့်ရှင်းနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ဝန်ကြီးချုပ် ဦးတင်မြင့်တို့အား ခန့်အပ်ခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းစစ်ရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို မတ်လ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

YC

 


လက်ပံတောင်းတောင်စီမံကိန်း ဆက်လက်ဆောင်ရွက်ရန် ကော်မရှင်၏ အကြံပြုချက်ပါဝင်သော အစီရင်ခံစာ ထုတ် ပြန်ကြေညာ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် တရုတ်ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်တို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတွင် အားနည်းချက်များ ရှိသော်လည်း အဆိုပါ အားနည်းချက်များကို ပြင်ဆင်၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက်သင့်ကြောင်း ကော်မရှင်၏ အကြံပြုချက်ပါဝင်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပြီးသတ် အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်

ထို့ပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာမှ သိမ်းဆည်းသည့် မြေများအတွက် လျော်ကြေး ပေးရာတွင် ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် ဝန်ထမ်းအချို့၏ဆက်ဆံရေး မပြေပြစ်မှုများနှင့် အဆိုပါဒေသအတွင်းရှိ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုများကြောင့် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ရပြီး ပြင်ပအဖွဲ့အစည်းများ ရောက်ရှိလာသည့် အချိန်တွင် ဆန္ဒပြမှုများမှာ ပိုမိုအရှိန်မြင့်မားလာခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဒေသခံများမှ ဆန္ဒပြခြင်းနှင့် သပိတ်စခန်းများ ဖွင့်လှစ်၍ ဆန္ဒထုတ်ဖော်မှုများအား အာဏာပိုင်အဖွဲ့အစည်းများမှ ၂၀၁၂ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက်ဖြိုခွင်းခဲ့သည့် ကိစ္စရပ်နှင့် ပတ်သက်၍ အစီရင်ခံစာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖြိုခွဲသည့်ဖြစ်စဉ်တွင် ဖော့စဖောရပ်ဓာတ်ပါဝင်သည့် မီးခိုးဗုံးများကို အသုံးပြု ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့အသုံးပြုရာတွင် ကြိုတင်စမ်းသပ်ခြင်းများ မရှိခဲ့သည့်အတွက် သုံးစွဲမှုကြောင့်မမျှော်မှန်း မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရပာန်းသံဃာနှင့် လူပုဂ္ဂိုလ်အချို့တွင် ရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းစာချုပ်အား ပြန်လည်ပြင်ဆင်ချုပ်ဆို၍ ဆက်လက်လုပ်ကိုင်စေရန်ခွင့်ပြု သင့်သည့်အပြင် အဆိုပါ ကြေးနီစီမံကိန်းမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်း ဖြစ်သည့်အတွက် စီမံကိန်းဖျက်သိမ်းလိုက်ပါက တရုတ်နိုင်ငံနှင့် နိုင်ငံတကာဆက်ဆံရေး ပျက်ပြားစေနိုင်သည့် အတွက် အခက်အခဲများစွာ ပေါ်ပေါက်လာနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

YC


အစိုးရနှင့် KIO ငြိမ်းချမ်းရေးဆွေးနွေးပွဲ စစ်ဘက်ခေါင်းဆောင်များတက်ရောက်

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIO/KIA တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ်လ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတယ်၌် ကျင်းပပြုလုပ်ခဲ့ပြီး နှစ်ဖက် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိသည်အထိ ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်ရန် သဘောတူညီမှုအား အစည်းအဝေးမှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပထမဆုံးအနေဖြင့် အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအချက်အနေဖြင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးစေလိုပြီး နောက်ဆုံးအနေဖြင့် ယုံကြည်မှုကို ထိထိရောက်ရောက် တည်ဆောက်စေချင်ကြောင်း KIO ဒုတိယဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ ကပြောကြားခဲ့သည်။

ယခုအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နှစ်ဖက်စစ်ခေါင်းဆောင်များ ကိုယ်တိုင် တက်ရောက်လာသည့်အတွက် အပစ်အခတ် ရပ်စဲရေးနှင့် တပ်နေရာချထားရေး သဘောတူညီချက်များမှာ အလားအလာ ပိုမိုအားကောင်း လာနိုင်သည့်အပြင် ထာဝရငြိမ်းချမ်းရေးအတွက် ဖော်ဆောင်နိုင်မည်ဟု ထင်မြင်မိကြောင်း မြန်မာ့နိုင်ငံ ရေးလေ့လာသူ ဦးကျော်လင်းဦးက သုံးသပ် ပြောကြားခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌဦးအောင်မင်းနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ အထူးစစ်ဆင်ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး KIO/KIA ဘက်မှ အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်နှင့် KIA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်အက်စ်ဂွမ်မော် နှင့် အဖွဲ့ဝင် ၈ ဦးတို့ပါဝင်ခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရ အဖွဲ့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA တို့သည် ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့၌် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး ထပ်မံတွေ့ဆုံညှိနှိုင်းရန် အချက်အပါအဝင် သဘောတူညီချက် ၅ ချက်ကို နှစ်ဖက်သဘောတူ ထုတ်ပြန်ကြေညာခဲ့သည်။

YC


မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်အသင်းတွင် Black List စာရင်းဝင်သူများပါဝင်မှုမရှိရန် ပြန်လည် စိစစ်မည်

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင် အသင်းချုပ်တွင် အမေရိကန်အစိုးရမှ Black List စာရင်းသွင်းထားသည့် လုပ်ငန်းရှင်များ ပါဝင်မှုမရှိနိုင်စေရန် သတ္တုတွင်းဝန်ကြီးဌာနမှ ပြန်လည်စီစစ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ တင်သွင်း သည့်  အမေရိကန်ပြည်ထောင်စုမှ စီးပွားရေးပိတ်ဆို့မှုများအားဖြေလျော့ပေးခဲ့ရာတွင် ကျောက်စိမ်းနှင့် ကျောက်မျက်ထွက်ကုန်များ ပါဝင်မှုမရှိဘဲ ချန်လှန်ထားခြင်းများအပေါ် လုံးဝဖြေလျော့ပေးရေးအတွက် အမေရိကန်အစိုးရသို့ တောင်းဆိုပေးပါရန် ပြည်ထောင်စု အစိုးရအားတိုက်တွန်းကြောင်း အဆိုအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယခင်အစိုးရ လက်ထက်ကပင် လက်ရှိအစိုးရသစ်လက်ထက်ထိတိုင် အာဏာပိုင်များနှင့်ပူးပေါင်း၍ ချမ်းသာကြွယ်ဝလျက် ရှိသော ခရိုနီအချို့အား အမေရိကန်နိုင်ငံမှ Black List စာရင်းသွင်းထားခဲ့သော်လည်း ၎င်းတို့မှ မြန်မာနိုင်ငံကျောက်မျက် အသင်းချုပ်တွင် တာဝန်ယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည့်အတွက် အမေရိကန်နိုင်ငံမှ ကျောက်မျက်တင်ပို့ရေး ဥပဒေကို ဆက်လက် ကန့်သတ်ထားခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်တွင် ဗဟိုအလုပ်အမှုဆောင်များအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ပုဂ္ဂိုလ်များမှာ ကျောက်မျက်ရတနာ အသင်းသားများက သင်းလုံကျွတ်အစည်း အဝေးပြုလုပ်၍ အများ ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်ခဲ့သူများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ် လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့် အတွက် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU)နိုင်ငံတို့မှ ဖြေလျော့မှုများအဖြစ် လက်နက်တင်ပို့ ရောင်းချခြင်းများနှင့် ကျောက်မျက်တင်ပို့မှုများမှအပ ကျန်ပို့ကုန်တင်ပို့မှုများ ကို ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

YC


 

                  


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment