Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ပို့ကုန်တိုးမြှင့်ရေး အမျိုးသားပို့ကုန်မဟာဗျူဟာ ချမှတ်မည်
  2. ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် တွေ့ဆုံ ဆွေးနွေးပွဲ သဘောတူညီချက်များရရှိ
  3. မြန်မာနိုင်ငံအား အာရှဖွံဖြိုးတိုးတက်ရေးဖိုရမ်မှ အဖွဲ့ဝင်အဖြစ် လက်ခံ
  4. မိတ္ထီလာဖြစ်စဉ်ကို ဆောင်ရွက်ရပါက တရားဥပဒေစိုးမိုးရေးကော်မရှင်ဥက္ကဋ္ဌအနေဖြင့်သာ ဆောင်ရွက်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ပို့ကုန်တိုးမြှင့်ရေး အမျိုးသားပို့ကုန်မဟာဗျူဟာ ချမှတ်မည်

ပို့ကုန်တိုးမြှင့်ရေးအတွက် ယခုနှစ်မှစတင်ကာ အမျိုးသားပို့ကုန်မဟာဗျုဟာတစ်ခုကို ချမှတ်ကာ ကုန်ပစ္စည်း တင်ပို့ခြင်းကို ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှစတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ငါးနှစ်စီမံကိန်းဖြစ်ကြောင်း ပို့ကုန် ညွှန်ကြားရေးမှူးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင့်သွင်က ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို ရေးဆွဲနိုင်ရန်အတွက် ကုလအဖွဲ့အစည်းနှင့် မြန်မာအစိုးရဌာနတို့အကြား လာမည့် ဧပြီလအတွင်း ဆွေးနွေးသွားမည်ဖြစ်ပြီး ပို့ကုန်ဦးစားပေး သတ်မှတ်ခြင်းများ ထည့်သွင်းကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုနှင့်ပတ်သက်ပြီး မူဝါဒတိတိကျကျ မရှိခြင်းသည် ပြဿနာတစ်ရပ်ဖြစ်ပြီး ပို့ကုန် လုပ်ငန်းများ တိုးတက်လျှင်မြန်အောင် စီမံဆောင်ရွက်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောကြား ခဲ့သည်။

ယခုကဲ့သို့ အမျိုးသားပို့ကုန်မဟာဗျူဟာရေးဆွဲခြင်းသည် ယခင်နှစ်က သမ္မတဦးသိန်းစိန်နှင့် ကုလအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ရေးအတွက် ကုလမှ အကူညီပေးရန် သမ္မတက တောင်းဆိုခဲ့မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကုလအဖွဲ့အစည်းဖြစ်သည့် နိုင်ငံတကာကုန်သွယ်မှုကော်မတီနှင့် မြန်မာအစိုးရတို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ယခုနှစ်ဇွန်လအတွင်းကျင်းပမည့် တရုတ်နိုင်ငံ ကူမင်းကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံမှ မြန်မာ့ပို့ကုန်များကန့်သတ်ထားမှုကို တရားဝင်တင်ပို့ခွင့်ရရှိနိုင်ရေးအတွက် စီးပွားကူးသန်းဝန်ကြီးဌာနနှင့်  တရုတ်အာဏာ ပိုင်တို့အကြား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပို့ကုန်ညွှန်ကြားရေးမှူးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင့်သွင်က ပြောကြားခဲ့ကြောင်း သိရသည်။

၂၀၁၂ - ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၈ ဒသမ ၄ ဘီလီယံခန့် တင်ပို့ထားပြီး ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်က ၈ ဒသမ ၅ ဘီလီယံတင်ပို့နိုင်ခဲ့ကာ ပို့ကန်အများစုမှာ ကောက်ပဲသီးနှံများဖြစ်ပြီး အဓိကကုန်သွယ် ဖက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့ခြင်းဖြစ်ကြောင်း စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

YC


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်များရရှိ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO တို့သည် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (Myanmar Peace Center) ၌ မတ်လ ၂၂ နှင့် ၂၃ ရက်နေ့တို့တွင်ဆွေးနွေးခဲ့ပြီး အချက်ကိုးချက်ကို သဘောတူညီခဲ့ ကြကြောင်းသိရှိရသည်။

အဆိုပါ သဘောတူညီခဲ့သော အချက်များတွင် ပစ်ခတ်တိုက်ခတ်မှု ရပ်ဆိုင်းရေးကိစ္စ၊ ဆက်ဆံရေးနှင့် စီးပွားရေးရုံး များကိစ္စ၊ စစ်သည်တော်ကျင့်ဝတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိနိုင်ရေးကိစ္စ၊ ကယ်ဆယ်ရေး၊ လူမှုရေး၊ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေမြှုပ်မိုင်းများ ရှင်းလင်းရေးကဏ္ဍ၊ လူငယ်၊ အမျိုးသမီးနှင့် အလုပ်သမားကဏ္ဍ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု စသော အချက် ကိုးချက်ကို သဘောတူညီခဲ့ကြပြီး အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ယခု တွေ့ဆုံဆွေးနွေးပွဲသည် ပြည်ထောင်စုအဆင့်ဖြစ်သော်လည်း မပြီးဆုံးသေးဘဲ သဘောတူညီခဲ့သော အချက် များကို ဆက်လက်အကောင်အထည်ဖော်ရန် တွေ့ဆုံဆွေးနွေးမှုများ ဆကလက်ပြုလုပ်မည်ဖြစ်ပြီး လာမည့် ဧပြီ ၁၀ ရက် မတိုင်မီ ပြုလုပ်သွားမည့် UNFC နှင့် ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲတွင်  PNLO အနေဖြင့် ဆက်လက် ပါဝင်သွားမည် ဖြစ်ကြောင်း PNLO အထွေထွေ အတွင်းရေးမှူး ဦးခွန်မြင့်ထွန်းက ပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဦးအုန်းမြင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ အပါအ၀င် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ နော်ဝေ၊ ဂျပန် စသည့် နိုင်ငံများမှ လေ့လာ စောင့်ကြည့်သူများလည်း တက်ရောက်ခွင့်ပြုခဲ့ပြီး တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်အချို့လည်း တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။

ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်သည် ၂၀၀၉ ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်သော ပအိုဝ်း အမျိုးသား ညီလာခံ၌ ပအိုဝ်းတော်လှန်ရေး အင်အားစုများကို စုပေါင်းပြီး ပြန်လည်ဖွဲ့စည်းထားသော လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်ကြောင်းသိရပြီး ပြည်နယ်အဆင့် ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် သြဂုတ်လ အတွင်းက ပြုလုပ်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ကြောင်း သိရသည်။

YC


မြန်မာနိုင်ငံအား အာရှဖွံဖြိုးတိုးတက်ရေးဖိုရမ်မှ အဖွဲ့ဝင်အဖြစ် လက်ခံ

မြန်မာနိုင်ငံအား အာရှဖွံဖြိုးတိုးတက်ရေးဖိုရမ် ( Asia Trade Promotion Forum ) မှ အဖွဲ့ဝင်အဖြစ် လက်ခံ လိုက်ပြီ ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ယခုအခါကုန်သွယ်မှုအခန်းကဏ္ဍအား မြှင့်တင်၍ ပိုမိုကျယ်ပြန်စွာ လုပ်ဆောင်နိုင်တော့မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးတင့်သွင်က မတ် ၂၀ ရက်နေ့ က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ATPF သည် ၁၉၈၇ ခုနှစ်မှစ၍ အာရှတိုက်အတွင်းတွင်ရှိသော နိုင်ငံအသီးသီးမှ ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်ဖွဲ့စည်းထားသောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယင်းအဖွဲ့အစည်းထဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ရန် ကြိုးစားခဲ့ရာတွင် မတ်လ ၆၊ ၇၊ ၈ နေ့ရက်များတွင် ပြုလုပ်သော ATPF CEO အစည်းအဝေး၌ မြန်မာနိုင်ငံကို ၂၄ နိုင်ငံမြောက်အဖွဲ့ဝင် အဖြစ် လက်ခံခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ATPF အဖွဲ့အစည်းတွင် အဖွဲ့ဝင်ဖြစ်ခွင့်ရရှိခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှု မြှင့်တင်ရေး ကိစ္စရပ်များတွင် စီးပွားရေးတောင့်တင်းခိုင်မာသောအဖွဲ့ဝင်နိုင်ငံများနှင့် အတူညှိနှိုင်းဆွေးနွေးကာ ဈေးကွက်ရှာဖွေသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများထံမှ အကူအညီများရယူကာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးတင့်သွင်က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအဖွဲ့တွင် အဖွဲ့ဝင်ခြင်းအားဖြင့် မြန်မာနိုင်ငံကုန်သွယ်မှုဆိုင်ရာ နိုင်ငံတကာဆက်ဆံမှုများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်မည့်ဖြစ်ပြီး အဓိကကုန်သွယ်မှုပြုလုပ်မည့် နိုင်ငံ ၁၀ နိုင်ငံတွင် ကိုယ်စားလှယ် များခန့်အပ်သွားမည်ဖြစ်ဖြစ်ကာ အဆိုပါ ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ ကုန်သွယ်မှုမြှင့်မားရေး အတွက် သတင်းအချက်အလက်ရှာဖွေခြင်း၊ ဈေးကွက်ထိုးဖောက်ရေးအတွက် တစ်ဖက်နှင့်တစ်ဖက် ညှိနှိုင်း ဆောင်ရွက်ပေးခြင်းအပါအဝင် နိုင်ငံတကာဆက်ဆံရေးများအား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

ATPF ၏ မြန်မာနိုင်ငံရုံးအား ဧပြီလ ၁ ရက်နေ့မှစတင်ကာ နေပြည်တော်နှင့် ရန်ကုန်မြို့ကြီးများတွင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

YC


မိတ္ထီလာဖြစ်စဉ်ကို ဆောင်ရွက်ရပါက တရားဥပဒေစိုးမိုးရေးကော်မရှင်ဥက္ကဋ္ဌအနေဖြင့်သာ ဆောင်ရွက်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသောဖြစ်စဉ်နှင့် ပတ်သက်၍ ဆောင်ရွက်ရပါက တရားဥပဒေစိုးမိုးရေး ကော်မရှင်ဥက္ကဋ္ဌ အနေဖြင့်သာ ဆောင်ရွက်လိုကြောင်းဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အစည်းအဝေးများပြီးဆုံးသော မတ်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား တရားဥပဒေစိုးမိုးရေးရှုထောင့်ကသာ ဆောင်ရွက်ရွက်ရမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေး ကော်မရှင် ဥက္ကဋ္ဌအနေဖြင့်သာ ဆောင်ရွက်လိုသော်လည်း အုပ်ချုပ်ရေးပိုင်းမှ တာဝန်ယူဆောင်ရွက်နေသည်များကို အောင်မြင် စေရန်အတွက် အချိန်ပေးချင်ပြီး အုပ်ချုပ်ရေးပိုင်းမှ ဆောင်ရွက်ချက်များ အောင်မြင် သွားပါကလည်း ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မတ်လ ၂၀ ရက်နေ့တွင် ရွှေအရောင်းအဝယ် ပြုလုပ်ရာမှတစ်ဆင့် ဘာသာရေး၊ လူမျိုးရေးပြဿနာ တစ်ခုဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာမှ ပုဒ်မ - ၁၄၄ ထုတ်ပြန်ကာ ပြဿနာများကို ထိန်းသိမ်းရန် ဆောင်ရွက်လျှက်ရှိပြီး မတ်လ ၂၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးမှ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ မလှိုင် စသောမြို့နယ်များတွင် အရေးပေါ်ထုတ်ပြန်ချက်များ ထုတ်ခဲ့ထားကြောင်းသိရ သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသော တရားဥပဒေစိုမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေပြီး ၊ NLD ပါတီတွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားကာ နိုင်ငံတကာ၏အသိမှတ်ပြုခြင်း ခံထားရသော ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် မကြာခဏဖြစ်ပေါ် လေ့ရှိသော နိုင်ငံရေး၊ လူမှုရေးပြဿနာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ကိုင်တွယ်ဖြေရှင်းပေးရန် ပြည်သူများက လိုလားလျှက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားသော ကိစ္စသည် မြို့နယ်တစ်ခုအတွက်သာ မစဉ်းစားဘဲ တစ်နိုင်ငံလုံးအတိုင်း အတာအထိ စဉ်းစားသင့်ပြီး မိတ္ထီလာမြို့မှ စတင်သောမီးပွားကို တခြားနေရာများသို့ မကူးစက်စေရန် ပြည်သူများနှင့် မီဒီယာများက ဝိုင်းဝန်း ထိမ်းသိမ်းရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သိရှိရသည်။

YC


 

 

 

 

 

 

 

 

 

 

 

        

 

 

 

   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment