Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. မတည်မငြိမ်မှုများက ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရှားကျော်ကြားမှုကို မှတ်ကျောက်တိုက်

(ဘင်္ဂလားဒေ့ရှ်သတင်းစာ The Daily Star မှ 22 April 2013 ရက်စွဲပါ Unrest tests iconic status of Suu Kyi ကိုဘာသာပြန်ဆိုသည်)

  1. အိုင်တီနှင့် စိုက်ပျိုးရေးကဏ္ဍတွင် မြန်မာကို အိန္ဒိယကူညီမည်

(Hindustan Times မှ 22 April 2013 ရက်စွဲပါ “India to help Myanmar in IT and farm sector”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရန်ကုန်ဆိပ်ကမ်းတွင် ဆိပ်ခံ ၁၄ ခု ထပ်မံတည်ဆောက်ရန် မြန်မာစီစဉ်

(Bernama News မှ 22 April 2013 ရက်စွဲပါ Myanmar to build 14 more jetties at Yangon Port သတင်းကို ဘာသာပြန်ဆိုသည်)


မတည်မငြိမ်မှုများက ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရှားကျော်ကြားမှုကို မှတ်ကျောက်တိုက်

(ဘင်္ဂလားဒေ့ရှ်သတင်းစာ The Daily Star မှ 22 April 2013 ရက်စွဲပါ Unrest tests iconic status of Suu Kyi ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် မွတ်စလင်များအပေါ် ဖိနှိပ်တိုက်ခိုက်မှုများပြုလုပ်နေသည့် လုပ်ရပ်များကို ဒေါ်အောင်ဆန်းစုကြည် က ကန့်ကွက်ရှုတ်ချမှုများမပြုလုပ်ဘဲနေခြင်းကြောင့် ကမ္ဘာတစ်ဝန်းရှိ လူ့အခွင့်အရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူများအကြား ၎င်း၏ ဂုဏ်သိက္ခာနှင့် နာမည်ကျော်ကြားမှုမှေးမှိန်လာသော်လည်း ပြည်တွင်းမှ မဲပေးထောက်ခံလျက်ရှိသူများအကြား ပြောင်းလဲမှု တစ်စုံတရာမရှိကြောင်း လေ့လာစောင့်ကြည့်သူများကဆိုသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့တွင် ဘာသာရေးအဓိကရုဏ်းများဖြစ်ပေါ်ခဲ့ပြီး တစ်လခန့်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်က မွတ်စလင်များကို စာနာထောက်ထားကြောင်းထုတ်ဖော်ပြောဆိုလာသည်။ ယင်းမိတ္ထီလာ ဆူပူ အကြမ်းဖက်မှုတွင် မွတ်စလင်များမှာ အဓိကပစ်မှတ်ထားခံခဲ့ရပြီး ဗလီများနှင့် နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့သည်။ သို့တိုင်အောင် မြန်မာနိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းမျှသာရှိသော မွတ်စလင်များအား တိုက်ခိုက်မှုများကို ဒေါ်အောင်ဆန်း စုကြည်က ရှင်းရှင်းလင်းလင်းပြစ်တင်ဝေဖန်မှုမပြုခဲ့ပေ။

၂၀၁၂ ခုနှစ်တွင် ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာမွတ်စလင်များအကြား ဆူပူအကြမ်းဖက်တိုက်ခိုက်မှု များဖြစ်ပွားပြီး လူပေါင်း ၁၈၀ ခန့်သေဆုံးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေကို လေးစားလိုက်နာ ရမည်ဟုသာ သွယ်ဝိုက်ပြောဆိုခဲ့သည်။

“သူတို့ဟာ တစ်နေရာရာနဲ့ သက်ဆိုင်မှုရှိတယ်ဆိုတဲ့ ခံစားချက်မျိုးမရှိကြဘူး။ သူတို့ဟာ ကျွန်မတို့နိုင်ငံနဲ့ သက်ဆိုင်မှု မရှိဘူးဆိုတာမျိုးအလုပ်ခံရတော့ ရှင်တို့လည်းသူတို့အတွက် စိတ်မကောင်းဖြစ်ကြတာပေါ့။ ပြည်သူတွေက သူတို့ကို အသိအမှတ်ပြုဖို့ စိတ်ဝင်စားမှုမရှိဘူးဆိုရင် ကျွန်မစိတ်မကောင်းပါဘူး” ဟု နှစ်ပေါင်းများစွာ လွတ်လပ်မှုနှင့် ဒီမိုကရေစီရေး အတွက် တိုက်ပွဲဝင်ခဲ့သူ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မွတ်စလင်များ ဖိနှိပ်တိုက်ခိုက်ခံရမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ထင်မြင်သုံးသပ်ချက်နှင့်ပတ်သက်၍ လူ့အခွင့်အရေးဆော်သြသူ အဖွဲ့အစည်းများက စိတ်တိုင်းမကျဖြစ်လျက်ရှိသည်။ အကြောင်းမှာ သူမသည် မြန်မာစစ်အစိုးရကို နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့သူ ဒီမိုကရေစီချန်ပီယံပုဂ္ဂိုလ်တစ်ဦးဖြစ်နေသောကြောင့်ပင်။

ရိုဟင်ဂျာလူမျိုးစုများမှာလည်း ဒေါ်အောင်ဆန်းစုကြည်၏ ထင်မြင်သုံးသပ်ချက်များကြောင့် စိတ်ဓာတ်ကျဆင်း လျက်ရှိသည်။ လူ့အခွင့်အရေးအဖွဲ့အစည်းများကမူ မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် ရိုဟင်ဂျာများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများကို မသိကျိုးနွံပြုခြင်း သို့မဟုတ် ခွင့်ပြုပေးခြင်းတို့ပြုလုပ်ခဲ့ကြသည်ဟု စွပ်စွဲပြောဆိုကြသည်။

ရိုဟင်ဂျာများကို ကိုယ်စားပြုသော အမျိုးသားဒီမိုကရေစီဖွံ့ဖြိုးရေးပါတီမှ အပ္ပဒူတာဟေးက ရိုဟင်ဂျာများအပေါ် အကြမ်းဖက်တိုက်ခိုက်သည့်ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြားဝင်ဖြေရှင်းသင့်ကြောင်း၊ အကြောင်းမှာ သူမသည် လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သလို ဒီမိုကရေစီပြယုဂ်တစ်ခုဖြစ်နေ၍ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။ သို့သော် ၎င်းက ဒေါ်အောင်ဆန်းစုကြည်ကို ပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုမှုမပြုလုပ်ပေ။ အကြောင်းမှာ သူမသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိလိမ့်မည်ဟု ဟောကိန်းထုတ်ခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ခေါင်းဆောင်ဖြစ်နေပြီး မြန်မာနိုင်ငံ၏ သမ္မတဖြစ်လာမည့် အလားအလာများ ရှိနေသောကြောင့်ဖြစ်သည်။


အိုင်တီနှင့် စိုက်ပျိုးရေးကဏ္ဍတွင် မြန်မာကို အိန္ဒိယကူညီမည်

(Hindustan Times မှ 22 April 2013 ရက်စွဲပါ “India to help Myanmar in IT and farm sector”သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံသည် ၎င်း၏ တစ်ခုတည်းသော အရှေ့တောင်အာရှအိမ်နီးချင်း မြန်မာနိုင်ငံ၏ စွမ်းရည်တည်ဆောက်ခြင်း (Capacity Building) လုပ်ငန်းတွင် အစွမ်းကုန် ပါဝင်ကြိုးပမ်းတော့မည်ဖြစ်သည်။ သတင်းနည်းပညာ IT ကျွမ်းကျင်မှုအဆင့် တိုးတက်ရေးနှင့် လယ်ယာစိုက်ပျိုးရေးတို့သည် အိန္ဒိယနိုင်ငံက ဦးစားပေးရည်မှန်းထားသော သော့ချက်နယ်ပယ်များဖြစ်သည်။

အိန္ဒိယ၏ အားထုတ်မှုများမှာ Myanmar Institute of Information Technology (MIIT) တည်ထောင်ရာတွင်လည်း ပါဝင်လျှက်ရှိသည်။

အလားတူပါဝင်နေသော လုပ်ငန်းတစ်ခုမှာ ကျွမ်းကျင်မှုအဆင့် တိုးတက်ရေးဖြစ်ပြီး ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ အကြံပေး အမ်အက်စ်စွမ်မီနာသန်က ဦးဆောင်နေသည်။ နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်နေသည့် နောက်ထပ်ကဏ္ဍတစ်ခုမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် Cardamom ဟင်းခတ်အမွှေးအကြိုင် စိုက်ပျိုးထုတ်လုပ်ရေးပင် ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဂေါဒန်မူခိုပါဒရေသည် capacity building စီမံကိန်းများ အကောင်အထည် ဖော်ရာတွင် အခြားသူများထက် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

မူခိုပါဒရေသည် မြန်မာနိုင်ငံသို့ မဟာဗျူဟာမြောက် အရေးကြီးသော တာဝန်ခန့်အပ်ခြင်းမခံရမီ အာဖဂန်နစ္စတန် တွင် အလွန်အောင်မြင်သော မှတ်တမ်းရှိခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒီမ်ုကရေစီသို့ ဦးတည်ကာ လမ်းလျှောက်သင်စခြေလှမ်းများဖြင့် ရွေ့နေပြီး အိန္ဒိယနိုင်ငံက များများစားစား ရင်းနှီးမြှုပ်နှံနေသည့် ယခုလိုအရေးပါသော အခြေအနေမျိုးတွင် မူခိုပါဒရေက အရေးကြီးသော တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။

ကျွမ်းကျင်မှုအဆင့်မြှင့်တင်ရေးသည် အိန္ဒိယ-မြန်မာ ဆက်ဆံရေးတွင် အရေးကြီးသောနေရာ၌ ပါဝင်နေသည်။

ယခုအခါ India-Myanmar Industrial Training Center ကို ပခုက္ကူမြို့တွင် ထူထောင်ဖွင့်လှစ်ထားပြီး မြင်းခြံမြို့တွင် ဒုတိယစင်တာဖွင့်ရန် စီစဉ်ထားသည်။

အိန္ဒိယက စတင်အကူအညီပေးနေသော အခြားကဏ္ဍ အစီအစဉ်များမှာ Myanmar-India Center of English Language (MICELT)၊ Myanmar-India Entrepreneurship Development Center (MIEDC)၊ India-Myanmar Center for Enhancement of IT Skills (IMCEITS) တို့ဖြစ်သည်။


ရန်ကုန်ဆိပ်ကမ်းတွင် ဆိပ်ခံ ၁၄ ခု ထပ်မံတည်ဆောက်ရန် မြန်မာစီစဉ်

(Bernama News မှ 22 April 2013 ရက်စွဲပါ Myanmar to build 14 more jetties at Yangon Port သတင်းကို ဘာသာပြန်ဆိုသည်)

photo credit by online

မြန်မာဆိပ်ကမ်းအာဏာပိုင်အဖွဲ့သည် ကုန်စည်ဝန်ဆောင်မှုကို နှစ်ဆတိုးမြှင့်ကိုင်တွယ်ရန်အတွက် လက်ရှိ ဆိပ်ခံတံတား ၁၈ ခု အပြင် နောက်ထပ် ဆိပ်ခံတံတား ၁၄ ခု ထပ်မံတည်ဆောက်တော့မည်ဟု တရားဝင်သတင်းများကို ကိုးကား၍ Xinhua က ဖော်ပြထားသည်။

အစိုးရ၏ ဆိပ်ကမ်းဖွံ့ဖြိုးရေးစီမံကိန်းအရ တည်ဆောက်မည့် ဆိပ်ခံ ၁၄ ခုအနက် ၇ ခုကို ဖက်စပ်ဖြစ်စေ၊ နိုင်ငံခြားအထောက်အပံ့နှင့် ဖြစ်စေ တည်ဆောက်ရန် စီစဉ်နေသည်ဟု ပို့ဆောင်ရေးဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းတို့ စတင်လည်ပတ်ပြီးနောက်တွင် အရှေ့တောင်အာရှ၌ မြန်မာဆိပ်ကမ်းများ ပိုမိုအရေးပါလာလိမ့်မည်ဟု ဦးဥာဏ်ထွန်းအောင်က ဆိုပါသည်။

ရန်ကုန်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်လုပ်ငန်း၏ ၈၅ % ကို ကိုင်တွယ်လျှက်ရှိရာ ဆိပ်ခံ တည်ဆောက်မှု ၂၅ % ကို အစိုးရက တာဝန်ယူမည်ဖြစ်ပြီး ကျန် ၇၅ % ကို ပုဂလိက ကုမဏီများက တာဝန်ယူကြမည်ဟု သိရှိရသည်။

မြန်မာအာဏာပိုင်များသည် ရန်ကုန်ဆိပ်ကမ်းမှ ဆိပ်ခံတံတားများအား မကြာသေးမီက ပုဂလိကပိုင် ပြုလုပ်ရာတွင် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်သို့ ကျပ်ငွေ ၃၀ ဘီလီယံ ( ဒေါ်လာ ၃၄.၈၉ သန်း) ဖြင့် ရောင်းချထား ပြီးဖြစ်သည်။

ပုဂလိကပိုင်ပြုလုပ်ခဲ့သော ဗိုလ်အောင်ကျော်ဆိပ်ကမ်းသည် ၄.၇၃ ဟက်တာ ကျယ်ဝန်းပြီး စားအုန်းဆီနှင့် အထွေထွေကုန်စည် ကွန်တိန်နာများ ကိုင်တွယ်လျှက်ရှိသော အဓိကဆိပ်ခံ ၅ ခုအနက်မှ တစ်ခုဖြစ်သည်ဟု သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment