Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို ဖြေရှင်းရန် မြန်မာကို အင်ဒိုနီးရှားသမ္မတ တိုက်တွန်း

(Reuters မှ 23 April 2013 ရက်စွဲပါ Indonesian President urges Myanmar to address Muslim violence သတင်းကို ဘာသာပြန်ဆိုသည်)

  1. သွားရမည့်ခရီး ဝေးလွန်းသော မြန်မာနိုင်ငံ

(The Telegraph မှ 22 April 2013 ရက်စွဲပါ Burma has far to go သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)


မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို ဖြေရှင်းရန် မြန်မာကို အင်ဒိုနီးရှားသမ္မတ တိုက်တွန်း

(Reuters မှ 23 April 2013 ရက်စွဲပါ Indonesian President urges Myanmar to address Muslim violence သတင်းကို ဘာသာပြန်ဆိုသည်)

photo credit by presidentoffice.gov.mm

ကမ္ဘာ့လူသိများ မူဆလင်နိုင်ငံ အင်ဒိုနီးရှား၏ သမ္မတက မူဆလင်များအပေါ် ဗုဒ္ဓဘာသာဝင်များ ဦးဆောင်အကြမ်းဖက်နေမှုကို ဖြေရှင်းရန် မြန်မာအစိုးရကို တိုက်တွန်းမည်ဖြစ်ကြောင်း၊ ထိုအကြမ်းဖက်မှုသည် ဒေသတွင်းနေရာတကာမှ မူဆလင်များအတွက် ပြဿနာများဖြစ်စေနိုင်ကြောင်း အင်္ဂါနေ့တွင် ပြောကြားသည်။

မူဆလင်ဆန့်ကျင်ရေးဂယက်ကို နှိုးဆွပေးလိုက်သော မိတ္ထီလာမြို့မှ အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ရသည့် အကြမ်းဖက်ဖြစ်စဉ်အပြီး တစ်လခန့်အကြာတွင် ဆူဆီနိုဘမ်ဘန်း ယူဒိုယိုနို၏ မြန်မာခရီးစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

“တကယ်လို့ ဖြစ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းနဲ့ မဖြေရှင်းဘူးဆိုရင် အကျိုးဆက်က မြန်မာနိုင်ငံအတွက် မကောင်းသလို မူဆလင်လူများစုနေထိုင်တဲ့ အင်ဒိုနီးရှားအတွက်လည်း ကောင်းမှာမဟုတ်ဘူး”ဟု စင်္ကာပူတွင်ပြုလုပ်သော Thomson Reuters Newsmaker event တွင် ယူဒိုယိုနိုက ပြောကြားသည်။

အခြေအနေဆိုးသော မိတ္ထီလာနှင့် အလယ်ပိုင်းမြို့များတွင် အာဏာပိုင်များက မာရှယ်လောထုတ်ပြန်ကာ တပ်ဖြန့် ထားသဖြင့် ယခုအခါ အခြေအနေပြန်လည်ငြိမ်သက်လာပြီဖြစ်သည်။ ၎င်းဖြစ်ရပ်များတွင် အကြမ်းဖက်မှုများကို ရဲတပ်ဖွဲ့က လျစ်လျူရှုထားခဲ့ရာ စနစ်တကျ စီစဉ်ထားခြင်းဖြစ်ကြောင်းကို Reuters သတင်းဌာန၏ လေ့လာဆန်းစစ်မှုများက ပြသနေသည်။

“ဒီပြဿနာကို မြန်မာနိုင်ငံက တွေးတွေးဆဆဆီလျော်မှန်ကန်စွာ ဖြေရှင်းပြီး တင်းမာမှုတွေကို တားဆီးလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံကို ကူညီဖို့ အင်ဒိုနီးရှားက အဆင်သင့်ရှိနေပါတယ်” ဟု ယူဒိုယိုနိုက ဆိုပါသည်။

အင်ဒိုသမ္မတသည် မြန်မာခရီးစဉ်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ဆန်စပါးကုန်သွယ်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း၊ HRW က လူမျိုးတုန်းသန့်စင်မှုဟု တနင်္လာနေ့ အစီရင်ခံစာတွင် စွပ်စွဲထားသော မနှစ်က အကြမ်းဖက်အဓိကရုဏ်း ဖြစ်ပွားရာ ရခိုင်ပြည်နယ်သို့လည်း သွားရောက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

“မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ လူမျိုးရေးတင်းမာမှုလိုမျိုး အခြားစိန်ခေါ်မှုတွေလည်း ရှိနေပါတယ်”ဟု ယူဒိုယိုနိုက ပြောကြားသည်။

မနှစ်က ရခိုင်ပြည်နယ်က အဓိကရုဏ်းတွင် အနည်းဆုံး လူ ၁၁၀ ခန့် သေဆုံးခဲ့ရပြီး လူပေါင်း ၁၂၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ရိုဟင်ဂျာများက မြန်မာနိုင်ငံတွင် သူတို့နေထိုင်ခဲ့သည်မှာ ရာစုနှစ်ချီနေပြီဟု စောဒကတက်ကြသော်လည်း မြန်မာအစိုးရက ရခိုင်ပြည်နယ်မှ ခန့်မှန်းခြေ ရိုဟင်ဂျာ ၈၀၀,၀၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ရွှေ့ပြောင်းလာသူများဟု သတ်မှတ်ထားကာ နိုင်ငံသားခံယူခွင့်ကို ပယ်ချထားသည်။ ဘင်္ဂလားဒေ့ရှ်ကလည်း ၁၉၉၂ နောက်ပိုင်းတွင် ရိုဟင်ဂျာများကို ဒုက္ခသည်အဆင့်အတန်းပေးရန် ငြင်းဆန်ခဲ့သည်။

မနှစ်က အကြမ်းဖက်အဓိကရုဏ်းကြောင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာထောင်ပေါင်းများစွာသည် စက်လှေများဖြင့် ပင်လယ်ဖြတ်ကူးကာ အင်ဒိုနီးရှားအပါအဝင် အရှေ့တောင်အာရှနိုင်ငံများသို့ ဦးတည်ထွက်ပြေးလျှက်ရှိသည်။ ထိုအကျိုးဆက်ကြောင့် ပြီးခဲ့သောလက အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် မြန်မာနှင့် ရိုဟင်ဂျာများ အငြင်းပွားသတ်ဖြတ်မှုဖြစ်ပွားခဲ့ရသည်။

ယူဒိုယိုနိုက “အင်ဒိုနီးရှားသည် မြန်မာခေါင်းဆောင်များနှင့် အမြဲထိတွေ့ဆက်ဆံခဲ့သော သမိုင်းကြောင်းရှိခဲ့ကြောင်း၊ မြန်မာတို့၏ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ်ကိုလည်း ဆက်လက်လုပ်ဆောင်ရန် အားပေးနေကြောင်း၊ သို့ဆိုပါက အရေးယူပိတ်ဆို့မှုများကြောင့် နိုင်ငံထိခိုက်နစ်နာရန် မရှိတော့ကြောင်း” ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်က စစ်အုပ်ချုပ်ရေးအဆုံးသတ်ပြီးနောက်ပိုင်း ဒီမိုကရေစီပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ဥရောပသမဂ္ဂ အိးယူကလည်း အရေးယူပိတ်ဆို့မှုများကို တနင်္လာနေ့က ရုတ်သိမ်းပေးလိုက်ပြီဖြစ်သည်။

“အခုအချိန်မှာ ပြောင်းလဲသွားပြီဖြစ်တဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့ခေါင်းဆောင်တွေ များစွာလာရောက်လည်ပတ်နေကြပါပြီ။ ကျွန်တော်လည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းရေး၊ နိုင်ငံတည်ဆောက်ရေး၊ ဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးလေးစားရေးလုပ်ငန်းစဉ်တွေကို ထောက်ခံအားပေးဖို့အတွက် မြန်မာနိုင်ငံကို ဒီကနေ့သွားမှာပါ”ဟု အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုက ပြောကြားသွားသည်။


သွားရမည့်ခရီး ဝေးလွန်းသော မြန်မာနိုင်ငံ

(The Telegraph မှ 22 April 2013 ရက်စွဲပါ Burma has far to go သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

သင်၏ ယုံကြည်စိတ်ချရမှုသိက္ခာသည် အများတောင်းဆိုသော အစီအစဉ်များ လုပ်ဆောင်ခြင်းပေါ်တွင် မူတည်နေသည် ဟူသောအချက်မှာ ဒီပလိုမေစီထိရောက်မှုနှင့် ပတ်သက်သည့် သံမဏိစည်းမျဉ်းတစ်ခုပင် ဖြစ်သည်။

အီးယူနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံအပေါ် လက်နက်ကုန်သွယ်မှုမှလွဲ၍ ကျန်ပိတ်ဆို့မှုများအားလုံး တရားဝင်ရုတ်သိမ်းပေးခြင်းဖြင့် အထက်ပါသင်ခန်းစာကို မနေ့က လျစ်လျူရှုလိုက်ကြပြီဖြစ်သည်။

ထိုသို့ဆောင်ရွက်ရန်အတွက် သမ္မတဦးသိန်းစိန်အစိုးရသည် စည်းကမ်းချက် ၄ ချက်နှင့် ကိုက်ညီမှသာ ဖြစ်လိမ့်မည်ဟု ထိုဝန်ကြီးများက မနှစ်က ပြောခဲ့ကြသည်။

မြန်မာအစိုးရသည် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးခြင်း၊ နိုင်ငံတစ်လွှား ကယ်ဆယ်ရေး အကူအညီဖြန့်ဖြူးရန် ခွင့်ပြုခြင်း၊ ရိုဟင်ဂျာဟုခေါ်သော မူဆလင်များ၏ လူမှုဘဝနှင့် အဆင့်ကို မြှင့်တင်ပေးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။

အမှန်တကယ်တွင်မူ အဆိုပါစည်းကမ်းချက်များ တစ်ခုမှ ပြည့်မှီခဲ့ခြင်း မရှိပါ။ ဗုဒဘာသာဘုန်းတော်ကြီးများက အများအားဖြင့် ဦးဆောင်လေ့ရှိသော လူမျိုးရေးနှိပ်ကွပ်မှုများ၏ ပစ်မှတ်ဖြစ်နေသည့် ရိုဟင်ဂျာမူဆလင်များအား ဆက်လက်ခွဲခြားဆက်ဆံနေခြင်းမှာ အထင်ရှားဆုံး ပြယုဂ်တစ်ခုဖြစ်သည်။ နောက်ဆုံးရရှိသော ကြောက်မက်ဖွယ် ဖြစ်ရပ်မှန် ရုပ်သံမှတ်တမ်းတွင် ပြီးခဲ့သောလက မိတ္ထီလာမြို့၌ မူဆလင်များ အကြမ်းဖက်ရိုက်နှက်ခံရ၊ နေအိမ်နှင့် ဆိုင်များ မီးရှို့ဖျက်ဆီးခံနေရချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ရပ်ကြည့်နေသော ပုံရိပ်များကို တွေ့မြင်ရပါသည်။

ယခုကဲ့သို့ သွေးစွန်းသော ဖြစ်ရပ်များ ဖုံးမရ ဖိမရပေါ်ထွက်လာချိန်မျိုးတွင် sanction များရုတ်သိမ်းပေးရန် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိဂ်က သဘောတူလိုက်ခြင်းမှာ အလွန်အမင်း စိတ်အနှောက်အယှက် ဖြစ်စရာကောင်းပါသည်။

မြန်မာအစိုးရက စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးကာ နိုင်ငံရေးလှုပ်ရှားခွင့် ပြုပေးခဲ့ခြင်းပင်ဖြစ်သည်။

သို့သော် မြန်မာအစိုးရ၏ စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများအတွက် အသိအမှတ်ပြု တုန့်ပြန်ပေးရသော မုန်လာဥနှင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်အောင် ထိန်းကျောင်းပေးရသော ကြိမ်လုံးတို့အကြား ဟန်ချက်မှန်အောင် ထိန်းရသည့်ကိစ္စမှာ အင်အားကြီးနိုင်ငံများအဖို့ အမြဲတစေ ခက်ခဲလေ့ ရှိပါသည်။

မည်သို့ပင်ဖြစ်စေ ယခုအခါ ဝီလျံဟိဂ်နှင့် အပေါင်းအပါ အီးယူဝန်ကြီးများထံတွင် ကြိမ်လုံးများ မရှိတော့ခြင်းမှာ အန္တရာယ်တစ်ခု ဖြစ်နေပါသည်။ သူတို့ကိုယ်တိုင် ရွေးချယ်စရာမရှိအောင် လုပ်သလိုဖြစ်သွားပြီး အရာရာမှာ မြန်မာအစိုးရ၏ စိတ်ရင်းစေတနာပေါ်တွင်သာ မူတည်နေပါတော့သည်။

အကယ်၍ မြန်မာတို့၏ ပြုပြင်ပြောင်းလဲမှုများ ရပ်ဆိုင်းသွားမည်ဆိုပါက အီးယူဝန်ကြီးများ၏ ယခုဆုံးဖြတ်ချက်သည် ကြီးမားသောအမှား ကျူးလွန်မိခြင်းဖြစ်ကြောင်းကို သမိုင်းက အဆုံးအဖြတ်ပေးသွားပါလိမ့်မည်။

မြန်မာပြည်တွင်းမှ အကဲခတ်သူများကမူ မြန်မာ့နွေဦးသည် နှေးကွေးသော်လည်း ရပ်တန့်ဖွယ်မရှိဟု ဆိုကြသည်။ အကြောင်းမှာ နောက်ကွယ်မှ အာဏာရှင်အဖို့ ပြုပြင်ပြောင်းလဲရေးမှလွဲ၍ အခြားရွေးစရာ မရှိတော့သောကြောင့်ဖြစ်သည်ဟု သူတို့က မှတ်ချက်ပေးကြသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment