Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒေသခံပြည်သူများတွေ့ဆုံမည်
  2. TELKOM နှင့် MTN မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ကျပ်ဘီလီယံ ၁၀၀ ရင်းနှီးမြုပ်နှံမည်
  1. မြန်မာတပ်မတော်တာဝန်ရှိသူများနှင့် KNU တပ်မှူးများ ဧပြီနောက်ဆုံးပတ်အတွင်းတွေ့ဆုံမည်
  2. ယခုဘဏ္ဍာနှစ်တွင် အခွန်ငွေ ကျပ်သန်းပေါင်း ၂ ဒသမ ၆ သန်းကျော် ရရှိရန်လျာထား

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒေသခံပြည်သူများတွေ့ဆုံမည်

ပြည်တွင်းရှိ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒေသခံပြည်သူများ၏ လိုလားချက်များကို အစိုးရထံတောင်းဆို၍ ငြိမ်းချမ်းရေးသဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆိုနိုင်ရန် ဒေသခံပြည်သူများ နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ တို့မှ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိသော်လည်း အဆိုပါဆွေးနွေးမှုများတွင် ဒေသခံပြည်သူများပါဝင်မှု အားနည်းလျက်ရှိသည့်အတွက် မေလကုန်မှစတင်၍ တောင်ကြီးမြို့နှင့် အခြားမြို့နယ်များတွင် ရှမ်းပြည်နယ် ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)တို့မှ ရှမ်းလူထုနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် အပတ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှလည်း ကယားပြည်နယ်သေခံပြည်သူများနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ညီညွှတ်သော တိုင်းရင်းသားလူမျိုးဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့ဝင်ပါတီတစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီ အနေဖြင့်လည်း လာမည့်မေလအတွင်း မွန်ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ ဒေသခံပြည်သူတို့၏ ဆန္ဒသဘောထားများကို ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လျက် ရှိသည့်နည်းတူ အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်တွင်းရှိတိုင်းရင်းသား လက်နက်ကိုင်(၁၁)ဖွဲ့ အနက် (၁၀)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပြီး ကချင်လွတ်မြောက်ရေး တပ်မတော်(KIO)နှင့်မူ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA)နှင့် အစိုးရတပ်မတော်တို့မှာ လက်ရှိအချိန်ထိတိုင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

YC


TELKOM နှင့် MTN မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ကျပ်ဘီလီယံ ၁၀၀ ရင်းနှီးမြုပ်နှံမည်

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၏ နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ရန် အင်ဒိုနီးရှားနိုင်ငံမှ (TELKOM) နှင့် မြန်မာနိုင်ငံမှ(MTN) ကုမ္ပဏီတို့မှ ပူးပေါင်း၍ ကျပ်ငွေ ဘီလီယံ ၁၀၀ ရင်နှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုသည် မြန်မာ့နိုင်ငံ၏ တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက်များအတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံများတည်ဆောက်ခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်နည်းပညာ ဆိုင်ရာလုပ်ငန်းများတွင် လုပ်ကိုင်ကြမည်ဖြစ်ပြီး ကနေဦးအနေဖြင့် ကျပ်ငွေ ၁၀ ဘီလီယံခန့်ဖြင့် လုပ်ငန်းစတင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးကွန်ရက် အများပိုင်ကုမ္ပဏီလီမိတက် (MTN)မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလာရောက် ပြုလုပ်သည့် နိုင်ငံများအနက် မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၌ စင်ကာပူ၊ အိန္ဒိယနိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ တယ်လီဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သော PT. Telekomunikasi Indonesia, Tbk. (TEL–KOM) ကလည်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

TELKOM နှင့် MTN တို့၏ မဟာဗျူဟာကျသော စီးပွားဘက်ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဆိုင်ရာ သတင်းနှင့်နည်းပညာကဏ္ဍဆိုင်ရာများအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်ကြောင်း MTN ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး  ဦးကျော်တင့်ဆွေက ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါကုမ္ပဏီများ၏ လုပ်ငန်းစဉ်စီမံကိန်းများတွင် 3G, 4G မိုဘိုင်းဖုန်းများ အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးခြင်း၊ ရုပ်သံအစီစဉ်များထုတ်လွှင့်ခြင်း၊ နိုင်ငံတကာဖုန်းခေါ်ဆိုခြင်း စသည့်ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးကွန်ရက် အများပိုင်ကုမ္ပဏီလီမိတက်မှလည်း ရှယ်ယာရှင်များအတွက် ရှယ်ယာတစ်စုလျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် ထည့်ဝင်နိုင်ရန် ခေါ်ယူလျှက်ရှိကြောင်း သိရှိရသည်။

YC


မြန်မာတပ်မတော်တာဝန်ရှိသူများနှင့် KNU တပ်မှူးများ ဧပြီနောက်ဆုံးပတ်အတွင်းတွေ့ဆုံမည်

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ တပ်မှူးများနှင့် မြန်မာ့တပ်မတော်မှတာဝန်ရှိသူများမှ နှစ်ဖက်တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဧပြီလ နောက်ဆုံးပတ် အတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး လာမည့်မေလဆန်းပိုင်းတွင် ပြုလုပ်မည့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် အပြီးသတ်အတည်ပြုသွားမည် ဖြစ်ကြောင်း KNU မှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုတွေ့ဆုံမည့် အဆိုပါဆွေးနွေးပွဲတွင် နှစ်ဖက်တပ်များနေရာချထားရေးကိစ္စရပ်များအပြင် ယခင်ဆွေးနွေးပွဲများတွင် အတည်ပြုနိုင်ခြင်းမရှိသေးသည့် ခေါင်းစဉ်ငယ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)အဖွဲ့တို့သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ ပဏာမသဘောတူညီချက်(၇)ချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်တွင် တပ်မတော်နှင့် KNU/KNLA တို့အကြား လက်ရှိတည်ရှိနေသော ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းရန်၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီဝင်များကို မဲလ(Mela)၊ ထို့ကော်ကိုး(Tokawco) နေရာတို့တွင် အခြေပြုနေထိုင်ရန်၊ နှစ်ဖက်ဆက်ဆံ ဆွေးနွေးနိုင်ရန် ဆက်ဆံရေးစခန်းများ ထားရှိပြီး ၎င်းရုံးများကို ဘားအံ၊ မြ၀တီ၊ ဘုရားသုံးဆူ၊ ကော့ကရိတ်၊ မောတောင်၊ ကော့သောင်းတို့တွင်ထားရှိရန်၊ နယ်မြေ ကျော်လွန် လက်နက်ကိုင်ဆောင် သွားလာမှုကို နှစ်ဖက်ကြိုတင်ညှိနှိုင်းပြီး ဆောင်ရွက်ရန်၊ နယ်မြေအေးချမ်းဖွံ့ဖြိုးရေး၊ တပ်ဖွဲ့ဝင်များ အခြေချနေထိုင် စားသောက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရသည်အထိ ဆက်လက်ဆွေးနွေးရန်၊ တစ်ဖက်နိုင်ငံ၌ ရောက်ရှိနေသော တိုင်းရင်းသားတို့ ပြန်လည်ဝင်ရောက် နေထိုင်မည့် နေရာတွင် ၎င်းတို့၏ ဘက်စုံ ဖွံ့ဖြိုးရေးကို အလျင်အမြန်ဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံတော်မှခွင့်ပြု၍ ကိုယ်ထူကိုယ်ထလုပ်ဆောင်ခွင့်ကို ပံ့ပိုးသွားရန်စသည့် အချက်များပါဝင်ကြောင်း သိရသည်။

YC


ယခုဘဏ္ဍာနှစ်တွင် အခွန်ငွေ ကျပ်သန်းပေါင်း ၂ ဒသမ ၆ သန်းကျော် ရရှိရန်လျာထား

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်၊ မူလခန့်မှန်းခြေစာရင်းတွင် နိုင်ငံတော်၏ အခွန်ရငွေပမာဏ ကျပ်သန်းပေါင်း ၂၆၇၀၃၇၇ ရရှိရန်လျာထားကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

မြန်မာနိုင်ငံတွင် အခွန်ရငွေနှင့် ဂျီဒီပီသည် အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ကွာပာလျက်ပင်ရှိနေသေးပြီး မြန်မာနိုင်ငံ၏ အခွန်ရငွေနှင့် ဂျီဒီပီအချိုးသည် ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းသာရှိသည့်အတွက် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းအထက်တွင်သာရှိကြောင်း အခွန်နှင့်ပတ်သတ်ပြီး လေ့လာသူများ၏ ပြောကြားချက်အရ သိရှိ ရသည်။

အစိုးရ၏စုစုပေါင်းရငွေစာရင်း၌ အခွန်မှရရှိသောဝင်ငွေရာခိုင်နှုန်းမှာ ယခင်နှစ်များထက် တိုးတက်လာသော်လည်း မြန်မာနိုင်ငံ၏ အခွန်ရငွေပမာဏကို ဂျီဒီပီနှင့် အချိုးချပါက လွန်စွာနည်းပါးနေသောကြောင်း ဦးဟန်ထွန်း(အခွန်)က ပြောကြားခဲ့သည်။

၂၀၁၂ - ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေစာရင်းအရ နိုင်ငံတော်၏ အခွန်ရငွေပမာဏ ကျပ်သန်းပေါင်း ၁၉၄၆၀၇၆ ဖြစ်ပြီး စုစုပေါင်းရငွေ ကျပ်သန်းပေါင်း ၁၂၇၇၄၅၂၀ ဖြစ်သည့်အတွက် အခွန်ရငွေနှင့်စုစုပေါင်းရငွေအချိုးမှာ ၁၅ ဒသမ ၂၃ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်သစ် မူလခန့်မှန်းခြေစာရင်းတွင် အခွန်ရငွေပမာဏ ကျပ်သန်းပေါင်း ၂၆၇၀၃၃၇ ရရှိရန်လျးထားပြီး စုစုပေါင်းရငွေ ကျပ်သန်းပေါင်း ၁၃၈၀၅၃၈၇ ရှိလာမည်ဖြစ်သည့်အတွက် အခွန်ရငွေနှင့် စုစုပေါင်းရငွေအချိုး ၁၉ ဒသမ ၃၄ ရာခိုင်နှုန်းမြင့်မားလာနိုင်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရှိရသည်။

အစိုးရသို့အခွန်ထမ်းဆောင်ရာတွင် တရားဝင်အခွန်တိမ်းရှောင်ခွင့်ရရှိထားသည့် ကုမ္ပဏီများ ယခင်ကရှိခဲ့ရာမှ ယခုမရှိတော့ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သော်လည်း ၀န်ကြီးဌာနအချို့မှာ နိုင်ငံတော်သို့ သန်းပေါင်း ၁၇၆၄၇၆ ဒသမ ၁၆၈ ပေးသွင်းရန် ကျန်ရှိနေသေးကြောင်း သိရသည်။

YC


 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment