Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ရခိုင်ပြည်နယ်ပဋိပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင် သတင်စားရှင်းပွဲကျင်းပ
  1. ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးများတွေ့ဆုံ၍ တည်ဆဲဥပဒေပောာင်းများပြင်ဆင်ရန် ဆွေးနွေးမည်
  2. မြန်မာနိုင်ငံ၌ ပထမဦးဆုံးအဖြစ် မေဒေးနေ့ အခမ်းအနားကျင်းပမည်
  3. တိုက်ပွဲဖြစ်ပွားနေမှုများကို ရပ်တန့်ပေးရန် SSPP/SSA နှင့် SNLD တောင်းဆို

ရခိုင်ပြည်နယ်ပဋိပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင် သတင်စားရှင်းပွဲကျင်းပ

Photo Credit by YC

ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခများနှင့်ပတ်သတ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဧပြီလ (၂၉) ရက်နေ့ နေ့လယ်(၂)နာရီတွင် Myanmar Peace Center ၌ ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များဖြစ်သော ဒေါက်တာကျော်ရင်လှိုင်၊ ဦးကိုကိုကြီး ၊ ဦးသူရ ၊ ဒေါက်တာဒေါ်ရင်ရင်နွယ်နှင့် ဦးအောင်နိုင်ဦး တို့မှ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် စပ်လျဉ်း၍ အစီရင်ခံစာဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်ချက်များကို ရှင်းလင်းပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခများဖြစ်ပွားရခြင်း အကြောင်းရင်းနှင့် အနာဂါတ်တွင် ထိုကဲ့သို့သော ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် လုပ်ဆောင်ရမည့်အချက်များကို သိရှိနိုင်ရန်အတွက် နိုင်ငံတော်သမ္မတ၏ တာဝန်ပေးချက်အရ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်သို့ (၁၀)ကြိမ်ခန့် သွားရောက်ကာ ဒေသခံများ၏ အကူအညီဖြင့် သတင်းအချက်အလက်များစုဆောင်းခြင်း၊ ဒေသခံအယောက် (၂၀၀၀) ကျော်အား (ရခိုင်လူမျိုး ၁၂၀၀ဦး၊ ဘဂါင်္လီလူမျိုး ၈၀၀ဦး) တွေ့ဆုံမေးမြန်းခြင်းများကို မတ်လကုန်အထိ ပြုလုပ်ခဲ့ပြီး သတင်းအချက်အလက်များကို အချိန်ယူစုဆောင်းကာ တိကျခိုင်မာသော အစီရင်ခံစာတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာကျော်ရင်လှိုင်မှ ပြောကြားခဲ့သည်။

ကော်မရှင်နေဖြင့် ရခိုင်ပြည်နယ်ပဋိပက္ခများနှင့် ပတ်သက်သည့် အကြံပြုချက်များပါရှိသော ကြားဖြတ် အစီရင်ခံစာတစ်စောင်ကို နိုဝင်ဘာလတွင် နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့သည်ဟုဆိုသည်။  ထိုသို့ တင်သွင်းခဲ့ရာတွင်လည်း အစီရင်ခံစာကို လွတ်လပ်စွာရေးသားနိုင်ခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှလည်း အကူအညီများပေးခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပန်းတိုင်းသို့ လျှောက်လမ်းရာတွင် ခက်ခဲကြမ်းတမ်းမှုများရှိခဲ့ပြီး (၁၀)စုနှစ်နှင့် ချီနေသော ပြဿနာများမှာ နိုင်ငံ၏ ကဏ္ဍအသီးသီးတွင်ရှိနေခဲ့ကာ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်သော နိုင်ငံတိုင်းတွင် အဆိုပါပြဿနာများကို ကြုံတွေ့ရစမြဲဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်သားများအဖွဲ့မှ ဦးကိုကိုကြီးက ပြောကြားခဲ့သည်။

နိုင်ငံတစ်ခုပြန်လည်တည်ဆောက်ရာတွင် လူမျိုးရေးနှင့် ဘာသာရေးသည် လွန်စွာအရေးကြီးသောကဏ္ဍတွင်ပါ ဝင်နေသောကြောင့် ကော်မရှင်နေဖြင့် အစီရင်ခံစာတင်သွင်းရာတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သော အကြံပြုချက်များကို ဦးစားပေးဖော်ပြထားပြီး လူမှုရေး၊ စီးပွားရေး အကြံပြုချက်များကို အခန်း (၁၂) ခွဲကာ ဖော်ပြထားကြောင်းနှင့် ကော်မရှင်၏ အဓိကလုပ်ငန်းတာဝန်မှာ အချက်အလက်များစုဆောင်းခြင်း၊ နိုင်ငံသားတိုင်း တန်းတူအခွင့်ရေးရရှိစေရန်အတွက် လူမှုရေး သဟဇာတဖြစ်စေမည့် နည်းလမ်းများကို  အကြံပြုခြင်းတို့ ဖြစ်ကြောင်း ၎င်းမှ ထပ်မံပြောကြားခဲ့သည်။

သို့သော်လည်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးကာ အကြံပြုရန်အတွက်သာဖြစ်ပြီး စီမံခွင့်အာဏာမရှိဘဲ သက်ဆိုင်ရာအဖွဲ့အစည်းများမှသာ အကြံပြုချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ပြည်တွင်း၊ပြည်ပမီဒီယာများနှင့် အဖွဲ့အစည်းများမှ အပြုသဘောဆောင်သော ပူးပေါင်း ဆောင်ရွက်မှုများကို လိုအပ်ကြောင်း ဒေါက်တာကျော်ရင်လှိုင်က ဖြည့်စွက်ပြောကြားခဲ့သည်။

YC


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးများတွေ့ဆုံ၍ တည်ဆဲဥပဒေပောာင်းများ ပြင်ဆင်ရန်ဆွေးနွေးမည်

လက်ရှိ မြန်မာနိုင်ငံအတွင်း ပြဋ္ဌာန်းထားရှိသည့် ခေတ်ကာလနှင့် လိုက်လျောညီထွေမှုမရှိတော့သော ဥပဒေပောာင်း များအား ပြန်လည်ပြင်ဆင်နိုင်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လွှတ်တော်ရေးရာကော်မတီများ၊ ပြည်ထောင်စု ဝန်ကြီးများမှ ဧပြီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုလွှတ်တော်ရုံးခွဲ၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဈေးကွက်စီးပွားရေး စနစ်ကိုကျင့်သုံး ဆောင်ရွက်လျက်ရှိသည့်အတွက် ယခင်အစိုးရလက်ထက်ကတည်းက ပြဋ္ဌာန်းထားရှိသော ခေတ်နှင့် လျော်ညီမှုမရှိတော့သည့် တည်ဆဲဥပဒေပောာင်းများ၊ လုပ်ထုံးလုပ်နည်းပောာင်းများကို ပြန်လည်ပြင်ဆင်နိုင်ရန် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လိုအပ်ချက်များစွာရှိနေသေးသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်နိုင်ရေးအတွက် ၂၀၁၃ မတ်လ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းရေး တိုက်တွန်းကြောင်းအဆိုကို အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့သည်။

YC


မြန်မာနိုင်ငံ၌ ပထမဦးဆုံးအဖြစ် မေဒေးနေ့ အခမ်းအနားကျင်းပမည်

မေလ ၁ ရက်နေ့တွင်ကျရောက်မည့် (၁၂၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့(မေဒေး) အခမ်းအနားကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် မန္တလေးတိုင်းဒေသကြီး ပုလိပ်မြို့နယ်၌ လွတ်လပ်သော အလုပ်သမား သမဂ္ဂနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးဆောင်၍  ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အလုပ်သမားတစ်ယောက်၏ အခြေခံလုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များအတွက် တင်ပြသွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်တွင်းရှိ အလုပ်သမားများအနေဖြင့် အလုပ်သမားဥပဒေပိုင်း ဆိုင်ရာများကို သိရှိလာနိုင်ရန်နှင့် အလုပ်သမားအချင်းချင်းကြား ယုံကြည်မှုများရှိလာနိုင်စေရန် အတွက်ဖြစ်ကြောင်း မြစ်ငယ်မီးရထားတွဲပြင်စက်ရုံအလုပ်သမားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် အဆိုပါ အခမ်းအနားတွင် လက်ရှိ မြန်မာနိုင်ငံအတွင်း အလုပ်သမားများ၏ တွေ့ကြုံနေရသော အခက်အခဲ၊ အကြပ်အတည်းများ ပြေလည်နိုင်စေရန် တက်ရောက်လာသည့် အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားခေါင်းဆောင်များ၊ အလုပ်သမား ကိုယ်စားလှယ်များထံမှ အချက်အလက်များစုစည်း၍ နိုင်ငံတော်သမ္မတထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း အလုပ်သမားရေးရာကော်မတီအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်တွင်းရှိ စက်မှုဇုန်များ၊ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်နှင့် အလုပ်သမားကြား လုပ်ခလစာ၊ အချိန်ပိုကြေးနည်းပါးခြင်းနှင့် အလုပ်ပိတ်ရက်မပေးမှုများအတွက် အငြင်းပွားမှုဆိုင်ရာပြဿနာများ ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံအနှံ့အပြားတွင်လည်း ဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ဧပြီလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ကွန်ဗင်းရှင်းစင်တာ၌ အလုပ်သမားသမဂ္ဂညီလာခံအား ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါညီလာခံတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပမည့် အလုပ်သမားသမဂ္ဂညီလာခံသို့တက်ရောက်မည့် ကိုယ်စားလှယ်နှစ်ဦးရွေးချယ်ရာတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

YC


တိုက်ပွဲဖြစ်ပွားနေမှုများကို ရပ်တန့်ပေးရန် SSPP/SSA နှင့် SNLD တောင်းဆို

အစိုးရ၏ တပ်မတော်မှ စစ်အင်အားတိုးချဲ့ကာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များထိန်းချုပ်ရာ နယ်မြေဒေသများသို့ ဝင်ရောက်လျက်ရှိနေသည့်အတွက် တိုက်ပွဲများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မ တော် (SSPP/SSA) နှင့်ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SLND) တို့မှ ဧပြီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော ဝမ်ဟိုင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါကြေညာချက်တွင် နိုင်ငံတော်အစိုးရမှ ပြည်တွင်းငြိမ်းချမ်းရေးရရှိနိုင်စေရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်နေသော်လည်း အစိုးရတပ်မတော်မှ တပ်အင်အားတိုးချဲ့၍ တိုင်းရင်းသားအဖွဲ့များ ထိန်းချုပ်ဒေသများသို့ ဝင်ရောက် နေသည့်အတွက် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် စစ်အင်အားတိုးချဲ့၍ တိုင်းရင်းသားအဖွဲ့များ ထိန်းချုပ်ရာနယ်မြေများသို့ ဝင်ရောက်နေမှုကို အမြန်ဆုံးရပ်တန့်ပေးရန် အဆိုပါကြေညာချက်တွင် တောင်းဆိုထားကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများတွင် အင်အားသုံးဖြေရှင်းသည့် လမ်းစဉ်ကိုဖျက်သိမ်းကာ နိုင်ငံရေးစားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာပါက ရေရှည်တည်တံခိုင်မာသည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်မှ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အထောက်အကူပြု ဖြစ်စေနိုင်သည့်အတွက် ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးရန် တောင်းဆိုကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရှမ်းပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲထားသောအဖွဲ့များနှင့် တပ်မတော်တို့အကြား မကြာခဏ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များပိုမိုများပြားလာပြီး တပ်မတော်ဘက်မှ စစ်ရေးအရှိန်မြှင့်လာနိုင်သည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိကြောင်း ရှမ်းပြည်နယ် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)ဝမ်ဟိုင်းဌာနချုပ်မှ အမည်မဖော်လိုသူ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

SSPP/SSA ၊ RCSS/SSA နှင့်တပ်မတော်ကြား  တိုက်ပွဲများဖြစ်ပွားနေခြင်းကို သမ္မတထံ စာရေးသားပေးပို့ ထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသည့်အပြင် ထိုကဲ့သို့ တိုက်ပွဲ များဆက်လက်ဖြစ်ပွားနေခြင်းကို ဖြေရှင်းရန် နိုင်ငံရေးစားပွဲဝိုင်းတွင် တွေ့ဆုံညှိနှိုင်းကာ အဖြေရှာရမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားခဲ့သည်။

အစိုးရ တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးဖြစ်သည့် SSPP/SSA တပ်များအကြား ၂၀၁၃ ခုနှစ် မတ်လ ၂၈ ရက်နှင့် ဧပြီလ ၁၅ ရက်နေ့များတွင် တန့်ယန်းမြို့နယ်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့သော်လည်း ကာကွယ်ရေးဝန်ကြီး ဌာနမှ တစ်စုံတစ်ရာထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

YC


 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment